ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်သတင်း
ပင်လယ်ရေကြောင်းပို့ကုန်
ပင်လယ်ရေကြောင်းကနေ ဇွန်လ ၁၈ ရက်နေ့က ၂၂ ရက်အတွင်း မတ်ပဲတန်ချိန် ၁၅၃ဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် လွန်ခဲ့တဲ့ တစ်ပတ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့သီတင်းနှစ်ပတ်ခန့်က ပြည်ပအဝယ် လျော့ကျခဲ့ရာက ယခုနောက်ပိုင်းမှာ ဝယ်လို အားကောင်းလာတဲ့အတွက် တင်ပို့မှုပြန်တက်လာတာဖြစ်ပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလဲ တင်ပို့မှု အားကောင်း လာနိုင်ပါ တယ်။ ပဲစင်းငုံတင်ပို့မှုဟာ လွန်ခဲ့တဲ့တစ်ပတ်ကတန်ချိန် ၁၄၅ဝဝ ကျော်ရှိခဲ့ရာက ယခုတစ်ပတ်မှာ တန်ချိန် ၁၁ဝဝဝ သာ တင်ပို့ခဲ့ရတဲ့ အတွက် အနည်းငယ်လျော့နည်းသွားခဲ့ပါတယ်။ လာမယ့်သီတင်းပတ်တွေ မှာတော့ တင်ပို့မှုဆက်လက်အားကောင်းနိုင်ပါတယ်။ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ တန် ၃ဝဝဝ အောက်မှ မှန်မှန်တင်ပို့နေရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ လဲ ပြည်ပဝယ်လက်အနည်းငယ်သာရှိတဲ့အတွက် အဲဒီပမာဏလောက်ပဲ တင်ပို့ရဖို့ရှိပါတယ်။
နယ်စပ်ပို့ကုန်
ဇွန်လ ၂ဝ ရက်ကနေ ၂၆ ရက်အတွင်း မြန်မာ-တရုတ် နယ်စပ်၊ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ပဲတီစိမ်း ၄၁၉၅ တန် တင်ပို့ခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်ထက် ၁၂၈၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်မှာ မြေပြင်ဈေးမြင့်တက်နေပေမယ့် တရုတ်နိုင်ငံဘက်ဈေးက ပြောင်းလဲမှုမရှိတာတွေ့ရပါတယ်။ ပဲယဉ်းတင်ပို့မှုက ၁၂၆၁ တန်ကျော် တင်ပို့ခဲ့ရတဲ့အတွက် လွန်ခဲ့တဲ့ တစ်ပတ်ထက် တန် ၉၉ဝ ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ် တာချီလိတ် ကနေ ဆန်စုစုပေါင်း ၉၄၅၇ တန်ကျော်နဲ့ ကောက်ညှင်းစပါး ၅၃၂ တန်၊ ကောက်ညှင်းငချိတ် ၆၃ တန် တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ကနေ ရေထွက်ကုန်တင်ပို့မှုဟာ ယခုတစ်ပတ်မှာ ၅၈၆ တန်ရှိတဲ့အတွက် လွန်ခဲ့တဲ့ တစ်ပတ်ထက် တန် ၁ဝဝ ကျော် ပိုမိုတင်ပို့လာနိုင်တာတွေ့ရပါတယ်။
နှမ်းပို့ကုန်
ဇွန်လ တတိယပတ်အတွင်း ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုဟာ တန် ၅၆ဝ ရှိပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ကူဝိတ်တို့ပဲ ဖြစ်ပါတယ်။ နှမ်းအသစ် မထွက်မီ လက်ကျန်နှမ်းတွေ တင်ပို့နေရတာဖြစ်လို့ လာမယ့် သီတင်း ပတ်တွေမှာလဲ ပမာဏအနည်းငယ်သာ တင်ပို့နိုင်စရာရှိပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁ဝ၅ မိုင်ကနေ ဇွန်လ တတိယ ပတ်အတွင်း နှမ်းရောင်စုံ ၁၁၁၅ တန် တင်ပို့ခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ထက် တန် ၂ဝဝ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ နှမ်း အရောင်အလိုက် တင်ပို့မှုကတော့ နှမ်းနက် ၂၂၆ တန်ကျော်၊ နှမ်းဖြူ ၇၅၈ တန်ကျော်နဲ့ နှမ်းဖြူအခွံချွတ် ၁၃၁ တန်ကျော် ဖြစ်ပါတယ်။
ပြောင်းပို့ကုန်
ဇွန်လ ၁၇ ရက်မှ ၂၃ ရက်အတွင်း ပင်လယ်ရေကြောင်းက စင်္ကာပူကို ပြောင်း ၁၂ တန်နဲ့ မလေးရှားကို ၂ တန်သာ တင်ပို့နိုင်ခဲ့ ပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ်တွေက တော့ ပြောင်းဖူးစေ့ ၆၅၄၂ တန် တင်ပို့ခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ထက် တန် ၁၂၉ဝ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်ပြောင်းဖူးစေ့ မြေပြင်ပေါက် ဈေးက ပြည်တွင်းနဲ့တစ်ဘက် တရုတ်နိုင်ငံဘက်မှာ လွန်ခဲ့တဲ့တစ်ပတ်က တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၇၁ သာရှိခဲ့ပေမယ့် ယခုတစ်ပတ်မှာ ၃၈၂ ဒေါ်လာ အထိ ရှိလာပါတယ်။
မောင်သုံးသပ်
Ref: Trade Net.com
မောင်သုံးသပ်