2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၁၄ ကြိမ်မြောက် အင်္ဂလိပ်ဘာသာ သင်ကြားရေး နှီးနှောဖလှယ်ပွဲတွင် ဦးဆောင်ဆွေးနွေးမည့် မြန်မာနိုင်ငံသား အင်္ဂလိပ် ဘာသာ သင်ကြားရေး ပညာရှင်များအား ဖိတ်ခေါ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ဂျီအီး၊ ကိုကာ၊ ကက်တာပီလာ၊ ဂိုးမန်းနဲ့ အမေရိကန်-မြန်မာ စီးပွားရေးမှာ ပူးပေါင်းဆောင်ရွက်ရေးအလားအလာ

မြန်မာနိုင်ငံကနိုင်ငံရေးအပြောင်းအလဲတွေကို တုံ့ပြန်တဲ့အနေနဲ့အမေရိကန်ပြည်ထောင်စုကအရေးယူဒဏ်ခတ်မှုတွေ ကို လျှော့ပေါ့ပြီး ရင်းနှီးမြှုပ်နှံမှုတွေ၊ ဘဏ္ဍာရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပေးလိုက်တဲ့အတွက် အခုအခါ အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ လမ်းစတွေလည်း ပွင့်လာပါတယ်။ ဒါပေမယ့်လည်း ဝင်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေ က မြန်မာလူထု အတွက် လက်တွေ့မှာ ထိရောက်တဲ့အထောက်အပံ့တွေ ရော ဖြစ်လာပါ့မလားလို့ သံသယတွေ နဲ့ မေးခွန်းတွေလည်း ထုတ်နေကြ တာပါ။ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ အတွက် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ခွင့်လိုင်စင်တွေကို ထုတ်ပေးသွားမယ်လို့ သမ္မတ ဘားရက်အိုဘားမားက ကြေညာလိုက်ပြီးနောက် အမေရိကန်လုပ်ငန်းတွေ စတင်ဝင်ရောက် လာနေကြပါပြီ။ အမေရိကန် ကုမ္ပဏီတစ်ခုအဖြစ် General Electric GE  ကုမ္ပဏီက ပထမဆုံးလုပ်ငန်းတစ်ခုအဖြစ် အစပျိုးတဲ့အနေ နဲ့ မြန်မာနိုင်ငံက Sale Lion  ကုမ္ပဏီနဲ့ဖက်စပ်ပြီး အမေရိကန်ဒေါ်လာ ၂ သန်းဖိုးလောက်ရှိမယ့် ဆေးဖက်ဆိုင်ရာ ပစ္စည်းတွေ ကို ရောင်းချဖို့လက်မှတ်ရေးထိုးလိုက်ပါတယ်။ GE, Coca Cola, Caterpillar, Goldman Sachs စတဲ့ ထင်ရှားတဲ့ ကုမ္ပဏီကြီးတွေ အပါအဝင် အမေရိကန်လုပ်ငန်း ၃၇ ခုက ထိပ်တန်းစီးပွားရေးသမားပေါင်း ၇ဝ လောက်ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံ ကို ရောက်နေတဲ့ ခရီးစဉ်အတွင်း သဘောတူညီချက်ရရှိလိုက်ကြတာပါ။
    အမေရိကန်ပြည်ထောင်စု နိုင်ငံတကာမဟာဗျူဟာ လေ့လာရေးဌာနက ကျွမ်းကျင်သူ Ernest Bower  ကတော့ ၁၉၉ဝ ပြည့်လွန်နှစ်တွေကစလို့ စီးပွားရေးအဆက်အဆံတွေ ပြတ်တောက်နေတဲ့ အမေရိကန်လုပ်ငန်းတွေ အတွက်တော့ အစိုးရရဲ့ မူဝါဒသစ်က အခွင့်အလမ်းကောင်းတွေ ဖန်တီးပေး လိုက်တာလို့ ပြောပါတယ်။ ပြုပြင်ပြောင်းလဲရေးအတွက် စီးပွားရေးအရှိန် အဟုန် မပျက်စေဖို့ လုပ်ဆောင်ပေးခြင်းအားဖြင့် ကျွန်တော်တို့အနေနဲ့ အကျိုးကျေးဇူးတွေ ခံစားရပါတယ်။ အခုလည်း နောက်ပြန်ဆုတ်ဖို့ မစဉ်းစားပဲ ပြုပြင်ပြောင်းလဲရေးလမ်းကို ဆက်လျှောက်သွားကြမှာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံ မှာ လုပ်ကိုင်ခြင်းအားဖြင့် ဖွံ့ဖြိုး တိုးတက်မှုအကျိုးကို ခံစားရမှာဖြစ်သလို၊ စံတန်ဖိုးတွေကိုလည်း မျှဝေနိုင်ပြီး ပီပြင်တဲ့အုပ်ချုပ်ရေးနဲ့ ထင်သာမြင်သာရှိဖို့ ပညာရေးနဲ့လူမှုအဖွဲ့အစည်း တိုးတက် ရေးအတွက် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။
    အမေရိကန်အစိုးရကတော့ မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကို အားပေးဖို့ ရည်ရွယ်ပြီး ဒဏ်ခတ် မှုတွေ လျှော့ပေါ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောထားတာပါ။ ဒါပေမယ့်လည်း နှစ်ပေါင်းများစွာ စစ်တပ်နဲ့ သူတို့နဲ့နီးစပ်သူ အသိုင်းအဝိုင်း ကသာ လက်ဝါးကြီးအုပ်ထားတဲ့ စီးပွားရေး စနစ်က လမ်းခွဲထွက်လာဖို့ ခြေလှမ်းပြင်လာတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာ သက်တမ်းနုနယ်လှသေးတာမို့ အမေရိကန်ရဲ့ မူဝါဒတွေက လက်တွေ့ မှာ အထောက်အကူဖြစ်၊ မဖြစ်ဆိုတာကတော့ အသေ အချာပြောနိုင်ဖို့ မလွယ် သေးဘူးလို့ မြန်မာ့စီးပွားရေးအခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က ပါမောက္ခရှောင်တာနဲလ် Sean Turnell က သုံးသပ်ပါတယ်။ ''မြန်မာနိုင်ငံမှာ တကယ့်အပြောင်း အလဲတွေ ဖြစ်စေချင်ကြတဲ့ စီးပွားရေးသမားတွေရှိပါတယ်။ ဒီလူတွေအနေနဲ့ စီးပွားရေး လုပ်ငန်းတွေကို လက်တွေ့ကျကျလုပ် ကိုင်ပြီး၊ အောင်မြင်မှုရနိုင်မယ့် အခြေအနေ တွေကိုလည်း နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ တိုင်းပြည်စီးပွားရေးမှာ ပံ့ပိုးချင်ကြပါတယ်။ ဒါကြောင့်လည်း အပြောင်းအလဲလိုလားတဲ့ စီးပွားရေးသမားတွေ အစိုးရတွင်းက ပြုပြင်ပြောင်းလဲရေးသမားတွေအတွက်တော့ ကုန်သွယ်မှုတွေ၊ ထိတွေ့ဆက်ဆံမှု တွေက ပြုပြင်ပြောင်းလဲရေးတွေမှာ အထောက်အကူဖြစ်လာနိုင်ပါတယ်။ သမ္မတဦးသိန်းစိန် ကတော့ အမေရိကန်-မြန်မာစီးပွားရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုထားတာပါ။
    စစ်တပ်နဲ့ ဆက်နွယ်တဲ့လုပ်ငန်းတွေ၊ စစ်ဖက်ဆိုင်ရာလုပ်ငန်းတွေကလွဲလို့ ကဏ္ဍစုံမှာ အမေရိကန်ကုမ္ပဏီတွေကို လုပ်ကိုင် ခွင့်ပေး လိုက်တဲ့အပေါ်မှာတော့ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တွေနဲ့ တက်ြ<ွကလှုပ်ရှားသူတွေ ဝေဖန်နေကြတာ ပါ။ အထူးသဖြင့် လတ်တလောပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးရှိနေ ပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွယ်မှုတွေရှိခဲ့တယ်လို့ မကြာခဏ ပြောဆိုခံရတတ်တဲ့ စွမ်းအင်ထုတ်လုပ်မှုတွေမှာပါ လုပ်ကိုင်ခွင့်ပေးလိုက်တဲ့အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေကြတာပါ။ အမေရိကန်အစိုးရကတော့ ဒဏ်ခတ်မှု တွေလျှော့ပေးပြီး စီးပွားရေးလုပ်ကိုင် ခွင့်ပေးသွားမယ်ဆိုပေမယ့်လည်း ပွင့်လင်းမြင် သာမှုမရှိတာ၊ စစ်တပ်က တိုင်းပြည်စီးပွားရေးမှာ လွှမ်းမိုးနေတာတွေနဲ့ နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ဆုံးခန်းတိုင် မရောက်သေးတာတွေကို သတိမူဖို့လည်း မူဝါဒသစ်ကို ကြေညာ စဉ်မှာ သတိပေးထားတာပါ။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က ခွင့်ပြုလိုက်တဲ့ အထွေထွေလုပ်ပိုင်ခွင့်လိုင်စင်အမှတ် ၁၆ နဲ့ ၁၇ တို့အရ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ဘဏ္ဍာရေးဝန်ဆောင် မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို လုပ်ကိုင်ခွင့်ရကြတော့မှာဖြစ်ပေမယ့် လုပ်ငန်းတွေနဲ့ပတ်သက်လို့ အသေးစိတ်အစီရင်ခံတင်ပြဖို့ လည်း ပြဋ္ဌာန်းထားပါ တယ်။
    စီးပွားရေးပညာရှင်ပါမောက္ခရှောင်တာနဲလ်ကတော့ မူဝါဒသစ်ကြောင့် အမေရိကန်လုပ်ငန်းတွေ အရင်ကထက် တာဝန်ယူမှုတွေ ပိုရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ ''အစီရင်ခံဖို့ သတ်မှတ်ချက်ကို ထည့်သွင်းထားတာက ယေဘုယျအားဖြင့် ပွင့်လင်းမြင်သာ မှုတွေပိုပြီး ဖန်တီးပေးလာနိုင်တယ်လို့ ကျွန်တော်ယူဆပါတယ်။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ လုပ်ကိုင်ကြမယ့် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ အစီရင်ခံအကြောင်းကြားရမယ်ဆိုရင် ဘယ်လောက်ဝင်ငွေရနေလဲ တစ်ဘက်ကလုပ်ကိုင်နေတဲ့ သူတွေဟာ ဘယ်သူ တွေလဲဆိုတာမျိုးတွေလို အတွင်း ကျကျကိစ္စတွေကိုလည်း သိရနိုင်ပါတယ်''
    ရင်းနှီးမြှုပ်နှံမှုတွေမှာ ပွင့်လင်းမြင်သာမှုတွေရှိစေဖို့အတွက် ဒေါ်လာငါး သိန်းနဲ့အထက် ရင်းနှီးမြှုပ်နှံမှုအသစ်တိုင်း အမေရိ ကန်နိုင် ငံခြားရေးဝန်ကြီးဌာန ကို စည်းကမ်းချက်တွေနဲ့အညီ သတင်းပို့အကြောင်းကြားရမှာဖြစ်ပါတယ်။ အထူးသဖြင့် အရင်စစ်အစိုး ရ အဆက်ဆက် နိုင်ငံခြားငွေရအောင် အဓိက ဖန်တီးပေးခဲ့သလို ပွင့်လင်းမြင်သာမှု မရှိဘူးလို့အများကမြင်နေကြတဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု မှန်သမျှကို ရက်ပေါင်းခြောက်ဆယ်အတွင်း အကြောင်းကြားဖို့လည်း အမေရိ ကန်အစိုးရရဲ့ မူဝါဒ သစ်က သတ်မှတ်ထားတာ ပါ။ ကိုကာကိုလာလာမယ်။ ကုန်ပစ္စည်းရောင်းချတဲ့ လုပ်ငန်းတွေ ဝင်လာရုံနဲ့တော့ စီးပွားရေး အတွက် အထောက်အကူမဖြစ်ဘူးလို့ မြင်သူတွေလည်းရှိပါတယ်။
    ဒါပေမယ့်လည်း ဒီမူဝါသစ်မှာ အားနည်းချက်တွေ၊ ဟာကွက်တွေရှိနေဆဲ ဖြစ်တယ်လို့ထောက်ပြသူက ထောက်ပြပါတယ်။ ''ကုမ္ပဏီတွေက အမေရိ ကန်အစိုးရကို သူတို့ဘယ်လို ရင်းနှီးမြှုပ်နှံမယ်၊ နောက်တစ်ခါ သူတို့အလုပ် သမားဆိုင်ရာ အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးဆိုင်ရာ စသည်ဖြင့် ပေါ်လစီတွေကဘာတွေရှိသလဲ၊ နောက်တစ်ခါမြေဝယ်မယ်ဆိုလို့ရှိ ရင် မြေဝယ်တဲ့အပေါ်မှာ ဘယ်ကဝယ်သလဲ၊ သက်ဆိုင်ရာမြေပိုင်ရှင်တွေကို ဘယ်လိုလျော်ကြေးပေးသလဲ စတာတွေကို ထုတ်ပြန်ကြေညာရမယ်၊ သတင်းပို့ ရမယ်လို့ပြောတယ်။ ဒါပေမယ့် အဲဒီမှာ ရုတ်တရက် ကြည့်ရင်တော့ကောင်းသလို ထင်ရ တာပေါ့နော်။ ဒီကုမ္ပဏီတွေက လွတ်လွတ် လပ်လပ်လုပ်လို့မရဘူးပေါ့။ ဒါပေမယ့် သူတို့ဒီလိုမျိုး အမေရိကန်အစိုးရ ကိုရော ပြည်သူတွေကိုရော ဘယ်လိုရင်းနှီးမြှုပ်နှံတယ်ဆိုတာကို အတိအကျပြန်လည် အစီရင်ခံရမယ်။ သို့သော် အားနည်းချက်က ဘာလဲဆိုတော့ အဲဒီလို အစီရင်မခံခဲ့ လို့ရှိရင် ဘာလုပ်မလဲ။ ဘယ်လိုအရေးယူမလဲဆိုတဲ့ ကန့်သတ်ချက်မပါဘူးဆို တဲ့ အခါ ကျတော့ ခုနကလို ဘယ်လောက်ပဲသတင်းပို့ရမယ်ပြောပြော အမေရိကန် ကုမ္ပဏီတစ်ခုက သတင်းမပို့ပဲနေလို့ရတယ်။ အဲဒီလို သတင်းမပို့တဲ့ အတွက် ကြောင့်လည်း အဲဒီအမေရိကန်ကုမ္ပဏီကို ဘာနဲ့မှအရေးယူလို့မရဘူး ဆိုတော့ အဲဒီလိုမျိုးပေါ့ဗျာ''
    နှစ်ပေါင်း ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကန်လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရလာတော့မယ့် မူဝါဒမှာ သတိထား စရာတွေအပြင် မြန်မာနိုင်ငံ ကိုယ်တိုင်ဝင်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို စီမံခန့်ခွဲဖို့ လိုအပ်ချက်တွေ လည်းရှိနေတယ်လို့ ဆန်းစစ်သူတွေမြင်ကြပါတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံ သူတွေ ခိုင်ခိုင်မာမာ အမြစ်တွယ်လာအောင် လုပ်ဖို့အတွက်ဆိုရင် ပြည်ပ တိုင်းပြည်တွေအပေါ်မှာသာ အားထားနေလို့မရပဲ မြန်မာနိုင်ငံကိုယ်တိုင် ပြင်ဆင် စရာတွေ အများအပြား ရှိနေ ဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရဲ့ ဒု-ဥက္ကဋ္ဌ ဦးလှမောင်ရွှေက မြင်ပါတယ်။ ''ကျွန်တော်တို့နိုင်ငံမှာကတော့ နည်းပညာနဲ့ အရင်းအနှီးအကန့်အသတ်က လည်း ရှိနေသေးတာကိုး။ အဲဒီတော့ ကျွန်တော်တို့ မစွမ်းဆောင်နိုင်တဲ့ အရင်းအနှီး၊ နည်းပညာတွေနဲ့လာတဲ့ ရင်းနှီးမြှုပ်နှံမှုကိုတော့ ကျွန်တော်တို့ တစ်နိုင်ငံတည်းတင်မဟုတ်ဘူးလေ။ တခြားနိုင်ငံတွေတရုတ်လိုမျိုး၊ ဗီယက်နမ် လိုမျိုးမှာ ဒီလိုမျိုးနဲ့ပဲ သူတို့စခဲ့ပြီး တိုးတက်အောင်လုပ်ကြရတာပါပဲ။ ကျွန်တော် တို့ဘက်ကတော့ ကျွန်တော်တို့ဒေသခံတွေ နိုင်ငံတကာကလာတဲ့ ရင်းနှီးမြှုပ် နှံတဲ့လူတွေများလာမယ့်ဟာမျိုးကိုလည်း ဒီ FDI Law ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဥပဒေမှာလည်း ပါလာလိမ့်မယ်လို့ အားလုံးကတော့ ယုံကြည်နေ တာပါပဲ''
    သမ္မတဦးသိန်းစိန်ကတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံရာမှာ နိုင်ငံသားတွေ အကျိုးစီးပွားနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမဖြစ်စေဖို့၊ တိုင်းပြည်ဂုဏ်သိက္ခာနဲ့ အချုပ်အခြာ မထိပါးစေဖို့သတိထားဆောင် ရွက်သွားမှာ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ အမေရိကန် စီးပွားရေးနှီးနှောဖလှယ်ပွဲ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပစဉ် ပြောဆိုသွားခဲ့ တာပါ။ Siem Reap မြို့က နှီးနှောဖလှယ်ပွဲအတွင်း အမေရိကန်လုပ်ငန်းကြီး တွေဖြစ်ကြတဲ့ GE, Coca Cola, Ford Motor, General Motors, Goldman Sachs, Google စတဲ့ ကုမ္ပဏီတွေက လုပ်ငန်းရှင်တွေနဲ့လည်း သမ္မတ ဦးသိန်းစိန်တွေ့ဆုံခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့လည်း ကတိပြုခဲ့ကြတာပါ။
    မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ် ပြီး ၁၉၈၈ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကိုတော့ ပြန်လည်ပြင်ဆင်ပြီး လွှတ်တော်မှာတင်သွင်းထားရာမှာ မကြာမီအတည်ပြုနိုင် လိမ့်မယ်လို့ မျှော်လင့်နေကြတာမို့ လည်း အမေရိကန်အပါအဝင် ပြည်ပလုပ်ငန်း တွေ ဝင်ရောက်လုပ်ကိုင်လာတာတွေလည်း ပိုမိုတွေ့မြင်လာရမယ့် အလား အလာ တွေလည်းရှိနေတာဖြစ်ကြောင်းပါ။

နေသူရိန်(မန်း)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.