လာမည့် ဘဏ္ဍာရေးနှစ်မှစ၍ ရခိုင်ရေပြင် ငါးဖမ်းလုပ်ကွက် လေလံစနစ်ဖျက်သိမ်း
လာမည့် ဘဏ္ဍာရေးနှစ် ၂ဝ၁၃-၂ဝ၁၄ မှစ၍ ရခိုင်ပြည်နယ် အတွင်း မြစ်ချောင်းအင်းအိုင် ပင်လယ်ပြင် ကမ်းနီးရေပြင်များအား ငါးဖမ်း လုပ်ကွက်များ အပိုင်းလိုက်သတ်မှတ်ကာ နှစ်စဉ် လေလံတင်နေမှုကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရသည်။
ကျင်းပပြီးစီးခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမအကြိမ် ပဉ္စမနေ့တွင် မြေပုံမဲဆန္ဒနယ်မှ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကိုကိုနိုင်က ရခိုင်ပြည်နယ်အတွင်း ငါးဖမ်းလုပ်ကွက်များ သတ်မှတ်ပြီး ပင်လယ်၊ မြစ်ချောင်း၊ အင်းအိုင်များကို လေလံတင်နေခြင်း သည် ရခိုင် ပြည်သူများအတွက် အထူးဒုက္ခရောက်စေသည့်အတွက် ယင်းအား ရခိုင် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် စဉ်းစားပေး လိုကြောင်း အဆိုကို တင် သွင်းခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ထောက်ခံသဖြင့် ယင်း နေ့တွင် ယင်းအဆို ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''အခုလို လေလံစနစ်ကို ပယ်ဖျက်လိုက်တာ ရခိုင်လူထု အတွက် အကျိုးရှိတာကြောင့် ကျွန်တော်တို့က ဝမ်းသာပါတယ်။ ဒီလေ လံစနစ်ကြောင့် ရခိုင်လူထုတွေဟာ အထူးနစ်နာခဲ့ရတယ်။ တစ်နှစ် တစ်နှစ်ကို သိန်းပေါင်း လေး၊ ငါးထောင် အလိုလိုပေး သွင်းနေကြ ရတယ်။ မြစ်တွေ ချောင်းတွေမှာ လွတ်လပ်စွာ ငါးဖမ်းလို့မရ ဖြစ်ခဲ့ကြရတယ်။ဒီစနစ်ကြောင့် လူထုတစ်ရပ်လုံး ဒုက္ခရောက်ခဲ့ကြရ တယ်'' ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ မြစ်ချောင်းအင်းအိုင်ကမ်းနီး ပင်လယ်ပြင်များအား ငါးဖမ်းလုပ်ကွက်များ သတ်မှတ်ကာ လေလံပေးသောစနစ်ကို ၁၉၈၈ ခုနှစ်စစ်တပ်အစိုးရအာဏာရရှိလာသည့်အချိန်မှ စတင်ကျင့်သုံးလာခဲ့ခြင်းဖြစ်ပြီး ယင်းစနစ်ကြောင့် ငါးဖမ်းသမားများ အနေဖြင့်ရေပြင် တစ်ခုခု တွင် ငါးဖမ်းလိုပါက ငါးဖမ်းလှေအလိုက်ဖြစ်စေ၊ ပိုက်ကွန်တစ်ခုစီ အလိုက် ဖြစ်စေ လေလံ ရရှိသူ စီးပွားရေးသမားများ ထံ ငွေပေးသွင်းပြီးမှ ငါးဖမ်းခွင့် ရခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ မြစ်ချောင်း အင်းအိုင် ပင်လယ်ပြင် လေလံစနစ် ကြောင့် ရေပြင်ကိုမှီပြီး လုပ်ကိုင်စားသောက်နေကြသော ဒေသခံ ရခိုင် ပြည်သူများမှာ ဆင်းရဲတွင်းနက်နေခဲ့ရသည့်အတွက် ရခိုင်ပြည်နယ်သည် စစ်အစိုးရလက်အောက်တွင် မြန်မာနိုင်ငံ၌ ဒုတိယ အဆင်းရဲဆုံးပြည်နယ် အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ဆြာကု