တုံရွာက ရိုးရာချည်ထည်လုပ်ငန်း
တုံကျေးရွာ ချည်ထည်လုပ်ငန်း သည် နှစ်ပေါင်းများစွာကပင် သားစဉ် မြေးဆက် လက်ဆင့်ကမ်း လုပ်ကိုင် ခဲ့ကြပါသည်။ ယခင်က ဝင်ငွေများ သည့် စိုက်ပျိုးသီးနှံအများအပြား မရှိ ခဲ့ခြင်းကြောင့် ချည်ထည်လုပ်ငန်းကို သာ အဓိက လုပ်ကိုင်ခဲ့ကြပါသည်။ အိမ်တိုင်းနီးပါး တစ်နှစ်ပတ်လုံး တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ကြပါသည်။ နောက်ပိုင်းတွင် ဝင်ငွေကောင်းသည့် စိုက်ပျိုးသီးနှံများကို စိုက်ပျိုးလုပ် ကိုင် သူ များပြားလာခြင်း၊ ပြည်ပမှ အရောင်အသွေးစုံသည့် အဝတ် အထည်များ ထိုးဖောက်ဝင်ရောက် လာခြင်း၊ ဒေသခံမျိုးဆက်သစ်များ အနေဖြင့် ချည်ထည်လုပ်ငန်းအပေါ် စိတ်ဝင်စားလုပ်ကိုင်လိုမှု လျော့နည်း လာခြင်းကြောင့် ချည်ထည်လုပ်ငန်း လုပ်ကိုင်သူ အရေအတွက်မှာ သိသိ သာသာ နည်းပါးလာခဲ့သည်။ ယခု လက်ရှိတွင် ချည်ထည်လုပ်ငန်းလုပ် ကိုင်မှုအခြေအနေမှာ လုပ်ငန်းရှင် သုံး ဦးနှင့် ရက်ကန်းစင် ၂ဝ၊ လုပ်သား ဦးရေ ၅ဝ ခန့်သာ ပါဝင်လျက်ရှိပါ သည်။
ချည်ထည်လုပ်ငန်းအများစုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်း ကြီးမြို့နယ်၊ တုံ၊ ရွာသစ်၊ အလယ် တော၊ ထန်းတောကြီး၊ သဲကောကြီး နှင့် လယ်တီကျေးရွာများတွင် တည်ရှိ ပါသည်။ ထိုကျေးရွာအားလုံးသည် ညောင်ပင်ကြီး၊ ဆားလင်းကြီး မော် တော်ကားလမ်း၏ အရှေ့ဘက်၊ ချင်း တွင်းမြစ်၏ အနောက်ဘက် မြစ်ရေဝင် ဒေသတွင် တည်ရှိပါသည်။ မုံရွာမြို့ ၏ တစ်ဘက်ဆိပ်ကမ်းဖြစ်သော ညောင်ပင်ကြီးမှ သုံးမိုင်အတွင်းသာ ကွာဝေးပါသည်။ တုံနှင့် အလယ် တော ကျေးရွာတွင် လုပ်ငန်းရှင်များ နှင့် လုပ်သားများ အခြားကျေးရွာ များတွင် လုပ်သားများပျံ့နှံ့နေထိုင် ကြပါသည်။ ချည်ထည်လုပ်ငန်းအား လုံးအတွက် ဆေးဆိုးခြင်းလုပ်ငန်းကို တုံကျေးရွာတွင်သာ တစ်ဦးတည်း လုပ်ကိုင်ပါသည်။ ဆေးဆိုးခြင်း၊ ချည်ထည်ရက်လုပ်ခြင်းနှင့် အထည် ချုပ်ခြင်း အားလုံးမှာ မိသားစုပိုင် လုပ်ငန်းများဖြစ်သည်။ လုပ်ငန်းရှင် များမှ လုပ်ငန်းသုံး ပစ္စည်းများ ကြိုတင် ထုတ်ပေးပြီး အထည်စ အဆင့်ကုန်ချော၊ ချုပ်ပြီး အထည် အဆင့်ကုန်ချော လက်ခံခြင်းများကို လုပ်ကိုင်ကြပါသည်။ လုပ်သားများ မှာ လက်ခစားစနစ်ဖြင့် လုပ်ကိုင်ကြ ပါသည်။
လုပ်ငန်းသုံးရန် ချည်များကို မန္တလေး စက်မှုဇုန်မှ ပြည်တွင်းဖြစ် ချည်များကို အသုံးပြုပါသည်။ မုံရွာ မြို့မှ အဓိက ဝယ်ယူပြီး ချည်အလေး ချိန် သုံးပိဿာရှိ ချည်ထုပ် နှစ်ထုပ် လျှင် ကျပ် ၁၁ဝဝဝ နှုန်းဖြင့် ဝယ်ယူ ကြရပါသည်။ အချို့လုပ်ငန်းရှင်များ က သုံးပိဿာ ချည်ထုပ် ၁၂ ထုပ် ပါ ချည်ဘေ တစ်ဘေလျှင် ကျပ် ၁၂ဝဝဝဝ နှုန်းဖြင့် ဝယ်ယူ၍ လုပ် သားများသို့ ဖြန့်ဖြူးမှုများလည်း ရှိပါ သည်။ သုံးပိဿာရှိ ချည်ထုပ် တစ်ထုပ်လျှင် ချည်လိမ် ၁၈ လိမ် ပါရှိပါသည်။ ချည်များကို သုံးရက် ခန့် ရေစိမ်ပြီး အလိုရှိရာ အရောင် ရရန်အတွက် ဆေးဆိုးလုပ်ငန်းသို့ အပ်ကြရပါသည်။ ဆေးဆိုးခအဖြစ် ချည်လိမ်တစ်လိမ်လျှင် ကျပ် ၁၆ဝ ဝန်းကျင် ကုန်ကျပါသည်။ ဆေးဆိုး လုပ်ငန်းလုပ်ကိုင်သူမှာ တစ်ဦးတည်း သာရှိသဖြင့် လုပ်ငန်းတွင်ကျယ်သော လများဖြစ်သည့် တန်ခူးလမှ တော်သ လင်းလအတွင်း ချည်ဆေးဆိုးပါက သုံးရက်ခန့်ကြာတတ်ပါသည်။ ကျန် လများတွင်မူ မနက်အပ်ညနေယူ စနစ် ဖြစ်ပါသည်။ ဆိုးဆေးအရောင် အဖြစ် ခရမ်းပြာ၊ အစိမ်း၊ ချော်၊ ရှား ညို၊ မီးခိုးစိမ်းအရောင်များကို အသုံး ပြုကြပါသည်။ ဆိုးဆေးအဆီများကို မုံရွာနှင့် မန္တလေးမြို့များမှ ဝယ်ယူ ကြပြီး ဓာတုဗေဒ ဆေးများဖြင့် ရော စပ်အသုံးပြုကြပါသည်။ ဆေးဆိုး လုပ်ငန်းအတွက် လိုအပ်သော ထင်း များကို လက်ပန်တောင်းတောင် အနောက်ဘက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချသည်ကို တစ်နှစ် စာ ဝယ်ယူသိုလှောင်လေ့ရှိပါသည်။ သုံးပေခန့်အရှည်ရှိ ထင်းချောင်း အသေး နွားလှည်းတစ်စီးလျှင် ကျပ် ၅ဝဝဝ နှုန်းဖြင့် ဝယ်ယူကြရပါ သည်။ ဆေးဆိုးပြီးချည်လိမ်များကို ရေဆေး၊ ရေညှစ်၍အပ်နှံထားသူများ က ပြန်လည်ရွေးယူရပါသည်။ ထို့ နောက် ထမင်းပျော့ဖြင့် ချည်စာ နင်း ခြင်း၊ ချည်နေလှန်းခြင်း၊ ချည်စာရှင်း ခြင်း၊ ယောက်လုံးနှင့် ရဟတ်များ ကို အသုံးပြုကာ ချည်ချခြင်း၊ ချည် ရှည်ခြင်းများ အဆင့်ဆင့်ပြုလုပ်၍ ရက်ကန်းစင်သို့ ပို့ကြရပါသည်။ ချည်ထည်လုပ်ငန်းရှင်တစ်ဦးလျှင် ရက်ကန်းစင် ၂ဝ စင်ခန့်စီမှ တစ်စင် အတွက် တစ်ကြိမ်လျှင် ချည်ထုပ် နှစ်ထုပ်နှင့် ဆေးဆိုးခ ကျပ် ၆ဝဝဝ စီယူ၍ ဆယ်ရက်ခန့်အကြာတွင် အထည်စ လာအပ်မှုကို လက်ခံခြင်း များလည်းရှိပါသည်။ ရက်ကန်းလုပ် သားများမှာ ချည်ထုပ် နှစ်ထုပ် ရက် လုပ်ခြင်းအတွက် လက်ခကျပ် ၁ဝဝဝဝ ဝန်းကျင် ရရှိကြပါသည်။ ချည်ထည်လုပ်ငန်းရှင် တစ်ဦးလျှင် တစ်လအတွင်း ချည်ထုပ် ဘေ ခုနစ် ဘေ၊ ရှစ်ဘေခန့်အထိ အသုံးပြုကြ ပါသည်။ အချို့လုပ်သားများမှာ လုပ် ငန်းရှင်ထံမှ ချည်ထုပ်ယူ၍ အင်္ကျီ၊ တဘက်၊ လက်သုတ်ပုဝါချုပ်လုပ် ရက်လုပ်ပြီးမှ လုပ်ငန်းရှင်ထံ အပ်နှံ ကြပါသည်။ လုပ်ငန်းရှင်အချို့သည် ထုတ်ကုန် အရည်အသွေးထိန်းသိမ်း သည့်အနေဖြင့် အင်္ကျီချုပ်ရန် အတွက် အဆင်သင့် အစကိုက်ပြီးမှ လုပ် သားများအား လက်ခစားချုပ်စေပါ သည်။ အင်္ကျီတစ်ထည်ချုပ်ခ သက် သက် ကျပ် ၂၅ဝ ဖြစ်ပါသည်။ တုံ ကျေးရွာချည်ထည်လုပ်ငန်းမှ လက် သုတ်ပုဝါ ကြမ်း၊ တဘက်၊ စောင် များရက်လုပ်ခြင်းအပြင် ယခု နောက် ပိုင်းတွင် လက်ရှည်အင်္ကျီ အမျိုး အစားများကိုသာ အများအပြား ချုပ် လုပ်လျက်ရှိပါသည်။
ချည်ထည်လုပ်ငန်းတစ်မျိုး တည်းကိုသာ ဇောက်ချလုပ်ကိုင်သူ အနည်းငယ်သာရှိပြီး အများစုမှာ တောင်သူလုပ်ငန်းကို အဓိက ထား၍ တွဲဖက်လုပ်ကိုင်ကြပါသည်။ ချည် ထည်လုပ်ငန်းအား အချိန်ပြည့်နီးပါး လုပ်ကိုင်သူမှာ ငါးဦးခန့်သာရှိပြီး အခြားသူများသည် ဝင်ငွေ အလွယ် တကူရသည့် နေ့စား၊ ကျပန်း၊ ဈေး ရောင်းခြင်းနှင့် စိုက်ပျိုးရေး အလုပ် များကို ဦးစားပေး ဝင်ရောက်လုပ် ကိုင်မှုရှိကြောင်းတွေ့ရပါသည်။ မိုး တွင်းနှင့် သီးနှံစိုက်ချိန်၊ သိမ်းချိန် များတွင် ချည်ထည်လုပ်ငန်းအား ခေတ္တရပ်နားထားမှုများလည်း ရှိပါ သည်။ လုပ်ငန်းရှင်များသည် အင်္ကျီ ချည်ထည်ထုတ်လုပ်မှု အများဆုံးဖြစ် ပြီး လုပ်သားတစ်ဦးချင်းစီအနေဖြင့် တစ်ဘက်နှင့် လက်သုတ်ပုဝါရက် လုပ်မှုမှာ အများဆုံးဖြစ်ကြောင်း တွေ့ရပါသည်။
ချည်ထည်လုပ်ငန်း လုပ်ကိုင်မှုမှ ရရှိသော ဝင်ငွေကို လေ့လာရာတွင် လူတစ်ဦး သို့မဟုတ် မိသားစု တစ်စု အတွက် တစ်လလျှင် ကျပ် ၁ဝဝဝဝ မှ ကျပ် ၂ဝဝဝဝ အတွင်း ရရှိသူ မှာ အများဆုံးဖြစ်ပြီး ထိုသူများမှာ အခြားတွဲဖက်လုပ်ငန်းလုပ်ကိုင်သူများ ဖြစ်ပါသည်။ ချည်ထည်လုပ်ငန်းကို အဓိက လုပ်ကိုင်သူများသည် တစ်လ ပျမ်းမျှ ဝင်ငွေ ကျပ် ၆ဝဝဝဝ အထက် တွင်ရှိပါသည်။ အထည်အမျိုးအစား အလိုက် လက်ကား အရောင်းဆိုင် များသို့ သွင်းဈေးနှုန်းများမှာ လက်သုတ်ပုဝါ တစ်ထည်လျှင် ကျပ် ၂ဝဝ မှ ၂၃ဝ၊ တဘက် တစ်ထည် လျှင် ကျပ် ၇ဝဝ မှ ကျပ် ၂ဝဝဝ၊ လက်ရှည်အင်္ကျီ တစ်ထည်လျှင် ကျပ် ၂၂ဝဝ နှင့် စောင်တစ်ထည်လျှင် ကျပ် ၃၇ဝဝ ဝန်းကျင်ဖြစ်ပါသည်။
ချည်ထည် လုပ်ငန်းရှင်များသည် ရက်လုပ်ပြီး အထည်စများနှင့် ချုပ် ပြီးအထည်များကို စုစည်း သိမ်းယူ ၍ မုံရွာမြို့ရှိ လက်ကား အဝယ်ဆိုင် များသို့ တစ်ပတ်တစ်ကြိမ် သွား ရောက် အပ်နှံရောင်းချကြပါသည်။ ထိုဆိုင်ကြီးများသည် လာအပ်သမျှ အထည်များကို ဝယ်ယူထားရှိပြီး လို အပ်သည့် အထည်အမျိုးအစားကို အော်ဒါမှာယူကြပါသည်။ ထိုဆိုင်ကြီး များမှာ မုံရွာမြို့ပေါ်နှင့် အနီးအနား ဘုရားပွဲများတွင် ဖြန့်ဖြူး ရောင်းချ ကြပါသည်။ ချည်ထည် ဖြန့်ဖြူးမှု အကောင်းဆုံးကာလမှာ ဘုရားပွဲ ရာ သီအချိန်တွင်ဖြစ်ကြောင်းသိရသည်။ ဈေးကွက်၏ တုံရွာချည်ထည် ကြိုက် နှစ်သက်ဝယ်ယူလိုမှုနှင့် မုံရွာမြို့ပေါ် ရှိ လက်ကားအရောင်းဆိုင်မှ ဝယ်ယူ လိုမှုကို ပြည့်မီသည်အထိ ထုတ်လုပ် မပေးနိုင်သေးကြောင်းလည်း သိရ သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဆား လင်းကြီးမြို့နယ် တုံကျေးရွာ ချည် ထည်လုပ်ငန်းနှင့်ပတ်သက်၍ လေ့ လာမှုများအား စိစစ်ကြည့်ရာတွင် ဈေးကွက်ဝယ်လိုအားရှိသော်လည်း အလုပ်အကိုင်နှင့် ဝင်ငွေအခြေအနေ အရ အခွင့်မသာခြင်း၊ နည်းပညာနှင့် အရောင်အသွေး အဆင်ဒီဇိုင်းအရ မြင့်မားတိုးတက် ဆန်းသစ်မှုမရှိခြင်း၊ အခြားအလုပ်အကိုင်များ၏ အားသာ ချက်ကြောင့် ခေတ်ပညာတတ် လူ ငယ်များပါဝင်လုပ်ကိုင်မှု မရှိခြင်း များကို တွေ့ရပါသည်။ ဒေသရိုးရာ ချည်ထည် လက်မှုလုပ်ငန်းအား မတိမ်ကော မပျောက်ပျက်အောင် ဝိုင်း ဝန်းထိန်းသိမ်းရန်နှင့် ဘွဲ့ရ ပညာ တတ်လူငယ်များ ပါဝင်ဦးဆောင်ကာ လုပ်ငန်း တိုးတက်အောင် ကြိုးစား သင့်ပါသည်။
ဤအခြေအနေများအား ဖြေရှင်း ရန်အတွက် ဒေသခံများကို ချည် ထည်လုပ်ငန်းနှင့် ပတ်သက်၍ လို အပ်သော အကူအညီများရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ဒေသခံ လူငယ် များအားလုံး ပညာတတ်မြောက်၍ အိမ်တွင်း လက်မှုလုပ်ငန်းအဆင့်မှ အဆင့်မြင့် စက်မှုလုပ်ငန်းအဆင့် အထိ တိုးချဲ့ မြှင့်တင်နိုင်ရန် အသိ ပညာ၊ အတတ်ပညာများ ပံ့ပိုးပေး ခြင်း၊ ရိုးရာ ချည်ထည်များ၏ ဈေး နှုန်းနှင့် လူတိုင်းအတွက် ရာသီမရွေး ဝတ်ဆင်ရန် သင့်လျော်မှုများကို စားသုံးသူများ သိရှိနားလည်နိုင်ရန် ဒေသဆိုင်ရာ အဖွဲ့အစည်း အသီးသီး မှ စီစဉ်ဆောင်ရွက်ပေးခြင်းများကို ပြု လုပ်ပေးသင့်ပါကြောင်း အကြံပြု ဖော်ပြအပ်ပါသည်။
လွင်ချန်ဖြိုး(နတ်မောက်)