လူထုစိန်ဝင်း (၁၉၄ဝ-၂ဝ၁၂)
ဆရာလူထုစိန်ဝင်းကို ၁၉၄ဝ ပြည့်နှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး မန္တလေး လဖုန်းအထိမ်းအမှတ်ကျောင်း- Memorial High School မန္တလေး တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် များတွင် ပညာဆည်းပူးခဲ့သည်။ ထို့နောက် ၁၉၆၄ ခုနှစ်တွင် လူထု သတင်းစာ၌ ဂျာနယ်လစ်တစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် လူထုသတင်းစာ ပိတ်သိမ်းခြင်းခံရပြီး ဆရာ လူထုစိန်ဝင်းနှင့် အယ်ဒီတာငါးဦး ဖမ်းဆီးခံခဲ့ရ သည်။ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားများသာ ထားရှိသော ကိုကိုးကျွန်းသို့ ပို့ဆောင်ခံခဲ့ရကာ ၁၉၇၁ ခုနှစ်တွင် အင်းစိန် ထောင်သို့ ပြန်လည်ပြောင်းရွှေ့ခံခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင် အကျဉ်းထောင်မှပြန်လည်လွတ်မြောက်ခဲ့ပြီး မကြာမီမှာပင် နောက်တစ်ကြိမ် ထောင်ဒဏ် ၄ နှစ်ကျခံခဲ့ရပြန်သည်။ အင်းစိန် အကျဉ်းထောင်တွင် ၃ နှစ်ကြာ သီးခြားထားရှိ ခြင်းခံခဲ့ရပြီးနောက် လေဖြတ်ရောဂါ ခံစားရပြီး ၁၉၈ဝ ပြည့်နှစ် တွင်ထောင် မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ ပြန်လည် လွတ်မြောက်ချိန်တွင် လေဖြတ်ပြီး ညာဘက်ကိုယ်တစ်ခြမ်းသေသွားရာမှ ဘယ် လက်ဖြင့် စာရေးကျင့်ပြီး စာပေ များကို ဆက်လက်ရေးသားခဲ့သည်။ ထို့နောက်နေအိမ်၌ပင် အင်္ဂလိပ်စကား ပြော သင်တန်း ဖွင့်လှစ်ခဲ့ပြီး စာပေရေးသားခြင်းနှင့် စာသင်ကြားခြင်းတို့ကို တွဲဖက်လုပ်ဆောင်ခဲ့ပါသည်။ မကွယ်လွန်မီအချိန်အထိ ကလောင်ခွဲ ၁၅ ခုဖြင့် ဆောင်းပါးများကို ရေးသားခဲ့သည်။ အထင်ရှားဆုံး ကလောင်ခွဲတစ်ခုမှာ ဝင်းဇော်ဖြစ်ပါသည်။ စာပေဖြတ်သန်းမှုအနေဖြင့် ၁၉၆၄ ခုနှစ်တွင် စောမိုခမ်း ပင်ကိုရေး အချစ်ဝတ္ထုထွက်ရှိခဲ့ပါသည်။ အဆိုပါ ခုနှစ်၌ပင် တောင်ဗီယက် နမ်မှ ငရဲခန်းများစာအုပ်ကို ဝင်းဇော်ကလောင်ဖြင့် ဘာသာပြန်ဆိုထုတ်ဝေခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် အလံမလှဲစတမ်း ဘာသာပြန်စာအုပ်ကို ဝင်းဇော် ကလောင်ဖြင့် ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပြီး ထိုစာအုပ်သည် ဆရာလူထုစိန်ဝင်း၏ အထင်ရှားဆုံးစာအုပ် ဖြစ်ခဲ့ပါသည်။ အလံမလှဲ စတမ်းစာအုပ်ကို ၁၉၇၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၂ ခုနှစ်တွင် တစ်ကြိမ် ထပ်မံထုတ်ဝေခဲ့ကြပါသည်။ ၁၉၉၆ ခုနှစ်တွင် ဝင်းဇော်အမည်ဖြင့်ပင် အဖြူနဲ့အဝါ ဘာသာပြန်စာအုပ် ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ရှက်စိတ် ဆောင်းပါးပေါင်းချုပ်စာအုပ် ထွက်ရှိခဲ့ပါသည်။ ၁၉၉၉ ခုနှစ်နောက်ပိုင်း ထွက်ရှိခဲ့သည့် စာအုပ်များမှာ လူထုစိန်ဝင်းကလောင်အမည်ဖြင့် ရေးသားသော စာအုပ်များဖြစ်ခဲ့ပြီး မော်ဒန်လက်ဖက်ရည်ပန်းကန်ထဲမှ မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ၊ လူငယ်နဲ့ အချစ်၊ အရှက်နဲ့တန်ဖိုး၊ စာနယ်ဇင်းအရေးအသားပုံစံသစ် အစရှိသောစာအုပ်များထွက်ရှိခဲ့ပါသည်။ ၂ဝဝ၃ ခုနှစ်တွင် သတင်းစာပညာ သောင်းပြောင်းထွေလာ စာအုပ်ထွက်ရှိခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်တွင် အစိုးရကမိဘလား၊ ပြည်သူကမိဘလား စာအုပ်သည် ရောင်းအကောင်းဆုံး စာအုပ် တစ်အုပ် ဖြစ်ခဲ့သည်။
ဆရာလူထုစိန်ဝင်းသည် မျက်မှောက်ခေတ် မြန်မာစာပေလောကတွင် စာအရေးနိုင်ဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားသူ ဖြစ်သည်။ မည်သည့်အကြောင်းအရာကိုမဆို နိုင်ငံရေးအသိကို အခြေခံထားပြီး စဉ်းစားသုံးသပ်ရန် တိုက်တွန်းပြောဆိုလေ့ ရှိသည့် ဆရာ လူထုစိန်ဝင်း၏စာများမှာလည်း နိုင်ငံရေးအသိ အခြေခံဖြင့်ချဉ်းကပ်ရေးသားခဲ့သော စာပေများဖြစ်ခဲ့သည်။ ထို့ပြင် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍သာမက လူမှုရေးနယ်ပယ်တွင် မှားယွင်းလွဲချော်နေသည့် အချက်များကို စာနယ်ဇင်းကျင့် ဝတ်နှင့်အညီ အမှန်တရား ဘက်မှ ရပ်တည်၍ အစဉ်တစိုက် ရေးသားခဲ့သူဖြစ်ပါသည်။
ဆရာလူထုစိန်ဝင်းသည် ပုံမှန်အားဖြင့် တစ်ရက်လျှင် ဆောင်းပါးနှစ်ပုဒ်နှုန်းဖြင့် ဆောင်းပါးများ နေ့စဉ် ရေးသားခဲ့ သည့် ဝါရင့်သတင်းစာဆရာကြီးဖြစ်ပါသည်။ အပတ်စဉ်ထုတ်ဂျာနယ်များတွင်ဆောင်းပါးများ ပုံမှန်ရေးသားလျက်ရှိသော ဆရာလူထုစိန်ဝင်း သည် ကျန်းမာရေးအခြေအနေကြောင့် ဆောင်းပါးရေးသားမှုများကို ၂ဝ၁၂ ခုနှစ်၊ ဧပြီလအတွင်းမှ စတင် ရပ်နားထားခဲ့ရပါသည်။ ဆရာလူထုစိန်ဝင်း(အသက် ၇၂ နှစ်)သည် ဇွန်လ ၁၇ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ရွှေဂုံတိုင် အထူးကုဆေးရုံကြီးသို့ ကျန်းမာရေး အခြေအနေကြောင့် တက်ရောက်ကုသမှုခံယူပြီး ည ၁၁ နာရီ မိနစ် ၃ဝ အချိန်တွင် နာတာရှည် အဆုတ်ရောဂါဖြင့်ကွယ်လွန်ခဲ့ ပါသည်။
(ဈာပနအခမ်းအနားတွင် ဝေငှသည့် လက်ကမ်းစာစောင်မှ)
(ဈာပနအခမ်းအနားတွင် ဝေငှသည့် လက်ကမ်းစာစောင်မှ)