2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ကျွန်တော်ပလက်ဖောင်းစာအုပ်ရောင်းသမား(အပိုင်း-၆)

၁၉၇၉ ခု မျဉ်းစောင်း ၁၈၊ဂဠုန်စီမံချက်။
    အဲဒီစီမံချက်ကာလမှာ ရန်ကုန် မြို့လယ် ခြောက်မြို့နယ်အတွင်း လမ်း ဘေးဈေးသည်တွေ ဈေးရောင်းခွင့် မပြုဘူး။ လမ်းမ ကြီးသာမက လမ်း ကြားအတွင်းမှာပါ ရောင်းခွင့်မပြုပါ ဘူး။ ဈေးသည်က လမ်းကြားထဲဝင် ပြေးရင်လည်း လမ်းကြားထဲအထိ လိုက်ဖမ်းတယ်။ အရင့်အရင်ကဆို အဖမ်းအဆီးများရင် လမ်းကြားထဲ ဝင်ပြီး ရှောင်လို့ရတယ်။ အခုမရတော့ ဘူး။ ဈေးသည်ပြေး တဲ့နောက်ကို ထက်ကြပ်လိုက်ဖမ်းပါတော့တယ်။ ဈေးသည်က နီးရာတိုက်လှေကား ပေါ်တက်ပြေး ရင်လဲ လှေကားပေါ် အထိ လိုက်ဖမ်းတယ်။ သူရတင်ဖေရဲ့ ဂဠုန်စီမံချက်ဟာ တော်တော်ကြမ်း တာပဲ။
    တချို့က ပုဇွန်တောင်ဘက် ပြောင်းပြီး ရောင်းတယ်။ တချို့က တခြားအလုပ်ပြောင်းပြီး လုပ်ကြ တယ်။ လမ်းဘေးဈေးသည်တွေ သရောကြီးခိုင်းတဲ့နှစ်ပါပဲ။ ကျွန် တော်တို့စာအုပ်သည်တွေ မြို့ထဲလာ ပေမယ့် ဈေးခင်းလို့မရပါဘူး။ ဟို ယောင်ယောင်သည်   ယောင်ယောင်နဲ့ အချိန်ကုန် လက်ဖက်ရည်ဆိုင်ထိုင်၊ ဟိုနေရာမတ်တတ်၊ သည်နေရာမတ်တတ်နဲ့ တစ်နေ့သာကုန်သွားရော ဘာမှဝင်ငွေမရှိဘူး။ လမ်းစရိတ်ကုန် လက်ဖက်ရည်ဖိုးကုန်တာသာ အဖတ် တင်တာပါပဲ။ ဒါနဲ့ ဗိုလ်ချုပ်လမ်း မီးရထားရုံးကြီးရဲ့ရှေ့ ပန်းစံပယ် လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့-
    ''လာဗျာ ကိုဖုန်းကျော် ကျွန် တော်တို့ကို လက်ဖက်ရည်တိုက်ပါ ဦး''လို့ မောင်မောင်က ကိုဖုန်းကျော် ကို ပြောလိုက်တယ်။
    ''ဟေ့ကောင်။ ငါမှာ ပိုက်ဆံ နည်းနည်းပဲပါတယ်''
    ''လိုတာ ကျွန်တော်တို့ဝိုင်းပြီး စိုက်မှာပေါ့ဗျာ။ မလောက်ရင်လဲ အမေ ရိကန်စနစ်ပေါ့''
    ကိုဖုန်းကျော်ရယ်၊ မောင်မောင် ရယ်၊ ပီတာရယ်၊ ကိုကြည်အောင် ရယ်၊ ကိုသီဝရယ်၊ ကျွန်တော်ရယ် အားလုံး ပန်းစံပယ် လက်ဖက်ရည် ဆိုင်ထဲဝင်ထိုင်ပြီး စကားဝိုင်းဖွဲ့ဖြစ် ကြတယ်။
    အဲဒီပန်းစံပယ် လက်ဖက်ရည် ဆိုင်ရှေ့ပလက်ဖောင်းက ဖိုးသင်းနိုင် ညနေတိုင်းဆိုင်ထွက်နေကျနေရာ။ အခုတော့ ဖိုးသင်းနိုင် ကိုလည်း ဆိုင် ထွက်တာမတွေ့။ ဖိုးသင်းနိုင်ဆိုင် ထွက်ရင် သူ့ဘေးမှာလာထိုင်ပြီး စကားပြောလေ့ရှိတဲ့ စာရေးဆရာ ဦးအောင်သင်း ကိုလည်း မတွေ့ရတော့ ဘူး။ ဖိုးသင်းနိုင်ထွက်နေကျနေရာမှာ ဗလာ။ ဘယ်သူမှထွက်လို့မရ။
ကိုဖုန်းကျော် ။  ။ မောင်မောင်ရေ ဒီတစ်ခါတော့ စီမံချက်ကတော်တော် ကြမ်းတယ်ကွာ''
မောင်မောင် ။ ။ ဒါစီမံချက်မဟုတ် ဖူးဗျ။ လမ်းဘေးဈေးသည်ကို အစိုးရက အရည်အချင်းစစ်စာမေးပွဲကျင်းပနေ တာ၊ တောင့်မခံနိုင်တဲ့ လူက တခြား အလုပ်ပြောင်းလုပ်ပေါ့ဗျာ။
ကိုဖုန်းကျော် ။ ။ ဟာ- တခြား အလုပ်ပြောင်းလုပ်ရအောင် စာအုပ် သည်က စာအုပ်ကလွဲပြီး တခြားဘာ လုပ်တတ်လို့လဲ။
မောင်မောင် ။ ။ ရပ်ကွက်ထဲမှာ ကုန်စုံဆိုင်တည်မှာပေါ့။
    ထိုသို့ပြောနေကြရင်း လက်ဖက် ရည်ဆိုင်ထဲကို စာအုပ်အဟောင်း သမား ကိုဝင်းမောင် ရောက်လာပါ တယ်။
မောင်မောင် ။ ။ လာ- လာ ကိုဝင်း မောင်။ ဒီမှာ ကုန်စုံဆိုင်တည်ဖို့ ကျွန်တော်တို့ ကိုဖုန်းကျော်တို့ တိုင်ပင်နေတုန်း။
ကိုဝင်းမောင် ။ ။ အုပ်စုများလှချည့် လား။ လက်ဖက်ရည်က ဘယ်သူ ဒကာလဲဗျ။
ကိုဖုန်းကျော် ။ ။ နောက်ဆုံး ရောက်လာတာ ခင်ဗျားဆိုတော့ ဒကာက ခင်ဗျားပဲပေါ့။
ကိုဝင်းမောင် ။ ။ မလုပ်ပါနဲ့ဗျာ၊ အခုတောင်ရန်ကုန်ထဲလာတာ အမျိုး သမီးဆီက ကားခတောင်းပြီး ထွက် လာခဲ့တာ။ ကျွန်တော့်မှာ ကားခပဲ ပါပါတယ်။ ခုနက ဘယ်သူလဲဗျ ကုန်စုံဆိုင်တည်မယ်ပြောတာ။ အသံ ကြားလိုက်ပါတယ်။
ပီတာ ။ ။ (မောင်မောင်ကို လက် ညှိုးထိုးပြပြီး) ဒီလူလေ ဒီလူ။
ကိုဝင်းမောင် ။ ။ မင်းက ဘယ် လောက်အရင်းအနှီးရှိလို့လဲ။ ဒို့စာအုပ် လို တစ်ပဲခြောက်ပြားနဲ့ လုပ်လို့ရ တယ်ထင်လို့ လား မောင်မောင်။ ပြီး တော့ ရပ်ကွက်ဆိုတော့ အကြွေးက ကျဦးမှာ။ မင်းအကြွေးပေးနိုင်လို့ လား။ မင်းက ဘယ်လောက်ချမ်းသာ လို့လဲ။ ငါတို့ အခုစာအုပ်ရောင်းတာ က မြို့ထဲမှာဆိုတော့ လက်ငင်းရ တယ်လေ။
    မောင်မောင် တွေဝေသွားတယ်။ ကိုကြည့်အောင်က ရေနွေးကြမ်း တစ်ခွက်မော့ချပြီး-
ကိုကြည်အောင် ။ ။ ခင်ဗျားတို့ အလကား အရည်မရ အဖတ်မရ လေ ထဲတိုက်ဆောက်နေကြတယ်။ လက် တွေ့ကျကျပြောကြ။
    ဒီမှာ ကျုပ်တို့လမ်းဘေးဈေး သည်ဆိုတာ လုံးဝကိုမပျောက်နိုင်ဘူး ဗျ။ ပုလင်းရှိရင် ဘူးဆို့ရှိတယ်။ ပလက်ဖောင်းရှိနေသမျှ လမ်းဘေးဈေး သည်ဆိုတာရှိနေမှာပဲ။ မတရာသားတွေဗျ။ နောက်ပြီး ဟိုသီချင်းကြား ဖူးတယ်မဟုတ်လား။ ကိုတင်လှိုင် ဆိုတဲ့ သီချင်းလေ။
မောင်မောင် ။ ။ ဘာသီချင်းလဲဗျ၊ ခင်ဗျားဟာက မဆီမဆိုင်။
ကိုကြည်အောင် ။ ။ ယောက်ျားမှာ လဲအသည်းနဲ့လေကွာ။
မောင်မောင် ။ ။ ယောက်ျားမှာလဲ အသည်းနဲ့ အဲဒါဘာဖြစ်သလဲ။
ကိုကြည်အောင် ။ ။ ရဲမှာလဲ ပါးစပ်နဲ့ပေါ့။ ငါနဲ့ခင်တဲ့ ရဲတစ်ယောက်က ပြောတယ်။ ကျွန်တော့်လခကတဲ့၊ မိန်းမကိုအကုန် အပ်တာတောင် ကလေးကျောင်းစရိတ် ဘာစရိတ်နဲ့ ဆိုတော့လဝက်ပဲခံတယ်တဲ့။ ကျန်တဲ့လဝက်စာကို ကိုယ့်ဘာသာကို အကြံအဖန်နဲ့ရှာစားရတာတဲ့။ ခင်ဗျားတို့ဆီက လိုင်းကြေးကောက်၊ ထမင်းဆိုကိုယ်နဲ့သိတဲ့ လမ်းဘေး ထမင်းဆိုင် မှာ ဝင်စား၊ လက်ဖက်ရည်ဆိုလဲ ဒီ အတိုင်းပေါ့တဲ့။
    ဟုတ်ပါတယ်။ အောက်ခြေဝန် ထမ်းရဲများဟာ တစ်ခါတလေ ကျွန် တော်တို့က မထွက်ရဲလို့ လမ်းဘေး မှာအခြေအနေကြည့်ပြီး ထိုင်စောင့်နေတဲ့အခါ ကျွန်တော်တို့ကို လာညှိတတ်ပါတယ်။ ရဲဘော်တို့ဈေးထွက်ချင်ပါသလား။ ဒီနေ့ကားက ညနေ နှစ်ချက်ကျော်ရင်မလာတော့ဘူး သိမ်းသွားပြီ။ ခင်ဗျားတို့နည်းနည်းပါးပါး ဘေးမှာကပ်ထွက်ပေါ့ဆိုပြီး တစ်ဆိုင် နှစ်ကျပ်၊ သုံးကျပ်စုပြီး ပေးရပါ တယ်။
ကိုကြည်အောင် ။ ။ ဒါ့ကြောင့် ငါပြောတယ်မဟုတ်လား။ အောက် ခြေဝန်ထမ်းတွေက ငါ့ဝမ်းပူစာမနေ သာတော့ အစမှာတော့ ငါတို့မြန်မာ ပြည်ရေတက်ငါးစင်ရိုင်းလိုပ ဆိုတာ လို ကြမ်းတတ်တာပဲ။ နောက်ကျ တော့ တဖြည်းဖြည်း ရော့တိရော့ရဲ ဖြစ်လာပြီး ငါတို့ဈေးထွက်လို့ရမှာပါ ကွာ။ မပူပါနဲ့။
    ဒီမှာ ငါဆက်ပြောဦးမယ် ငါ့ စကားမပြီးသေးဘူး။ အစိုးရအဆက် ဆက်သာ ပြောင်းချင်ပြောင်း၊ ပျောက် ချင်ပျောက်သွားမယ်၊ ပလက်ဖောင်း ဈေးသည်မပျောက်ဖူးမှတ်ထား။
ပီတာ ။ ။ ခင်ဗျားဟာက အနှောင့် မလွတ် အသွားမလွတ် စကားနောက် တရားပါ။
ကိုကြည်အောင် ။ ။ အနှောင့်မလွတ် အသွားမလွတ်ပြောတာ မဟုတ်ဘူးကွ။ ငါက လက်တွေ့ကျကျ ပြောတာ။ မင်တို့လို စိတ်ကူးယဉ်သမားမဟုတ်။ လေဖြူးဖြူးနဲ့ညောင်ဦးမျှော်တဲ့လူစား မဟုတ်ဘူး။ မင်းတို့ကြည့်လေ။ လမ်းဘေးဈေးသည်ကို ဟိုအရင်ပဝေသဏီကတည်းကဖမ်းလာတာ။ ဦးသိန်းဖေမြင့်ရေးတဲ့ တတိယတန်းမှာ တစ်နေရာဝတ္ထုကိုဖတ်ကြည့်။ လွတ်လပ်ရေး ရပြီးခါစ ဦးနုလက်ထက်၊ မုန့်ဟင်းခါးသည်ကို မြင်းစီးပုလိပ်နဲ့ ဖမ်းတာမဟုတ်လား။ မုန့်ဟင်းခါး အိုးတွေမှောက်လို့လေ။ အခု ဦးနု အစိုး ရမရှိတော့ဘူး။ လမ်းဘေးဈေးသည်ရှိ နေတယ်လေ။ အခု မ.ဆ.လခေတ်။
ကိုဖုန်းကျော် ။ ။ တော်တော့ ဟေ့ ကောင်၊ ဆက်မပြောနဲ့တော့။ ငါတို့ ကြောက်လာပြီ။
ကိုကြည်အောင် ။ ။ ဘာလို့တော် ရမှာလဲ။ ငါ့စကားက မကုန်သေးဘူး ပြောရဦးမယ်။
ကိုသီဝ ။ ။ ကဲ-တော်ကြတော့၊ ကိုကြည်အောင်ပြောမယ့်စကား ငါသိ တယ်။ ငါပြောပြမယ်။ သူတစ်ခါက ငါ့ကိုပြောဖူးတယ်။ ဟုတ်တယ် မဟုတ်လား။ ကိုကြည်အောင် ခင်ဗျား ကျွန်တော့်ကိုပြောတာလေ လမ်းဘေး
ဈေးသည်ဆိုတာ ကိုးနဝင်းနှစ်ခါ တောင်ကျေတယ်ဆို။ ဘာတဲ့ လမ်း ဘေးဆိုတာ နေ့သင့်နံသင့်တွက်ရင် ကိုးဂဏန်းရ တယ်။ ဈေး သည်ဆိုတာ လဲ ကိုးဂဏန်းပဲရတယ်မဟုတ်လား။ ၉ ဂဏန်းနှစ်ခါကျေလို့ ကိုးနဝင်း ကျေတော့ လမ်းဘေးဈေးသည်ကို ဘယ်သူမှ တားလို့ ဆီးလို့မရဘူးဆို။
    ''ကဲ-ကဲ- ခင်ဗျားတို့ ကိုး ဂဏန်းတွေ၊ ဗေဒင်တွေ၊ ယတြာ အသာထားတော့။ ရေနွေးကြမ်းအိုး တွေ  လည်းကုန်လှပြီ၊ ကိုဖုန်းကျော် လက်ဖက်ရည်ဖိုးရှင်းပေးလိုက်''လို့ မောင်မောင်ကစကားဝိုင်းကို သိမ်းခိုင်း လိုက်တယ်။
    ဒီလိုနဲ့စာအုပ်သမားအုပ်စု လက် ဖက်ရည်ဆိုင်ကနေ အပြင်ဘက်ကို ထွက်လာကြတယ်။ ပလက်ဖောင်း ပေါ်မှာကတော့ ရှင်းလို့။ ဈေးသည် တစ်ဦးတလေမှမတွေ့ရ။ ဒါနဲ့ ကျွန်တော်တို့ စာအုပ်သမားတစ်စု ဘယ်မှသွားစရာ မရှိတာနဲ့ ကုန်းလမ်း ပို့ဆောင်ရေးရုံး အောက်မှာထိုင်ကြ တယ်။ ထိုင်ပြီးတော့ ခဏအကြာ မောင်မောင်က စကားစတယ်။
    ဟိုတလောက သင်္ဃန်းကျွန်း ၁၆ ကွေ့ စက္ကူဆိုင်ရောက်တော့ ဆိုင်ရှင်ကိုသိန်းအောင်က ပြောတယ်။ ကိုဖုန်းကျော်ဟာ သူ အထမ်းသမား ဘဝကတည်းက သူ့ဆီမှာ စာအုပ် ဝယ်နေကျဖောက်သည်တဲ့။ ဟုတ် လား ကိုဖုန်း။ အခု ကိုသိန်းအောင်က ချမ်းသာနေပြီလေ။ အိမ်က နှစ်လုံး။ ကားကနှစ်စီး၊ သူ့ လုပ်ငန်းကြီးကလဲ အကြီးကြီးပဲ၊ သင်္ဃန်းကျွန်း၊ တောင် ဥက္ကလာပ၊ သုဝဏ္ဏတစ်ခွင်လုံးကို အုပ်စီးထားတာ။ ကိုဖုန်းကျော် ခင်ဗျားကတော့ အခုထိ လမ်းဘေးမှာ ပဲ။ ဟား... ဟား... ဟား...။
    ဟုတ်လည်းဟုတ်ပါတယ်။ ဘယ် သူဘယ်လိုပဲ အခြေအနေပြောင်း ပြောင်း ကိုဖုန်းကျော်ကတော့ သံလွင် ကတော့စီးမြဲပင်ဆိုတာလို မူလအတိုင်း ပါပဲ။ စာအုပ်အဟောင်းသမားဘဝ ကိုး။ စာအုပ်အဟောင်းရောင်းတဲ့သူ ကို ဘယ်သူမှ အထင်မကြီးဘူး။ တခြားသူတွေ အထင်မကြီးတာ ထား လိုက်ဦး။ ကိုယ့်အိမ်သူသက်ထား ဇနီးမယားကတောင် အထင်မကြီး ပါဘူး။ တခြားရုံးအလုပ်သမား ဇနီး မယားတွေက ကျွန်မယောက်ျားက ဘယ်ရုံးမှာလုပ်တယ်၊ ရာထူးက ဘာ ဘာစာရေး၊ ရုံးအုပ် စသဖြင့် ထုတ်ဖော်ကြွားဝါလေ့ရှိကြပေမယ့် စာအုပ်သည် ရဲ့မယားကတော့ ကျွန်မယောက်ျား လမ်းဘေးမှာ စာအုပ်သွားရောင်းတယ် လို့ ဘယ်ပြောပါ့မလဲ။ အလုပ်သွား တယ်။ မြို့ထဲသွားတယ်လို့သာ ပြော လေ့ရှိတယ်။
ကိုမောင်မောင် ။ ။ ငါတို့ကိုကွာ ဝယ်သူတွေက အထင်သေးတယ်။ အာဝါဒါးတွေလို့များ ထင်နေသလား မသိဘူး။ ဟိုတစ်နေ့က အင်္ဂလိပ်စာ အုပ်တစ်အုပ်ကို ဝယ်သူကလာကိုင် တော့ ငါက အဲဒါဝိသုဒ္ဓိမဂ်လို့ပြော တာ ဝယ်သူကမင်းဖတ်တတ်လို့လား တဲ့။ ငါကလဲ သောက်မြင်ကတ်ကတ် နဲ့ ဖတ်တတ်တာပေါ့ဗျ။ အဲဒီစာအုပ် က သီဟိုက ထုတ်တာလို့ပြောလိုက် တယ်။ Path of Purity  စာအုပ်လေ ဗျာ။ သူက ငါတို့လမ်းဘေးက ကောင်တွေ ဘာမှနားမလည်ဘူး အချောင်ရမလားလို့ထင်နေတာ။
ကိုဖုန်းကျော် ။ ။ အေးကွ၊ လူတွေ က ဒို့လမ်းဘေးကျတော့ ဆစ်လိုက် တာ၊ တိုက်ပေါ်ကဆိုင်တွေကျတော့ မဆစ်ရဲဘူး။ ဟိုနေ့က ၃၇ လမ်းမှာ ရောင်းတဲ့ ကိုရန်သိမ်းရဲ့ အင်္ဂလိပ်စာ အုပ်အထူကြီးတစ်အုပ်ကို ကိုရန်သိမ်း က ၁ဝဝဝ ပြောတာ ဝယ်သူက ၁၅ဝ ဆစ်တယ်။ ဒါနဲ့ကိုရန်သိမ်းက ၁၅ဝ တော့ပေးမနေပါနဲ့တော့ဗျာ အလကား သာ ယူသွားပါ။ ပိုက်ဆံတစ်ပြားမှ မပေးနဲ့။ ကျွန်တော်လှူလိုက်မယ်လို့ ရွတ်ပြီးပေးတော့ ဝယ်သူကမယူရဲ ဘူး၊ ဆိုင်ကထွက်သွားတယ်။ ကိုရန် သိမ်းကနောက်က အတင်းလိုက်ပေး တော့ ဝယ်သူ ထွက်ပြေးသွားတယ် လေ။
မောင်မောင် ။ ။ အေးဗျ၊ ဝယ်သူတွေ က ကျွန်တော်တို့ကို ထမင်းငတ်လို့ စာအုပ်ရောင်းနေတယ်များ မှတ်နေသ လားမသိဘူး။
ကိုဖုန်းကျော် ။ ။ မင်းကပြောလိုက် ပါလားကွ။ ကျွန်တော်တို့က ထမင်း ငတ်လို့ စာအုပ်ရောင်းနေတာမဟုတ် ဘူး၊ စာအုပ်ရောင်းလို့ ထမင်းငတ် တာလို့။
    ဟုတ်ပါတယ်။ ကျွန်တော်တို့ လမ်းဘေးစာအုပ်သည်ရဲ့ အနေ အထားက လူတကာ အထင်အမြင် သေးစရာပါ။ လမ်းဘေးရောက်နေ တာကိုး။ ကျွန်တော်တို့ လမ်းဘေးရဲ့ အောက်မှာရေမြောင်းပဲ ကျန်ပါတော့ တယ်။ အောက်ဆုံးအဆင့်။ လမ်းပေါ် မှာ လျှောက်သွားနေတဲ့ သူတွေထဲမှာ လည်း အမျိုးမျိုးအစားစားရှိပါတယ်။ ကိုယ့်ထက်တော်တဲ့သူ၊ ကိုယ်ထက် ညံ့တဲ့သူ၊ အို-စုံလို့ပေါ့။
    ကျွန်တော်တို့ စာအုပ်အဟောင်း လုပ်ငန်းဟာ တခြားလုပ်ငန်းသမား တွေလိုမဟုတ်ဘူး။ စာအုပ်သည် အိမ်ထောင် အကြီးအကဲသေရင် သူ့ရဲ့ မျိုးဆက်ဖြစ်တဲ့ သားသမီးမိန်းမက အမွေဆက်ခံပြီး ဒီလုပ်ငန်းကို လုပ်လို့ မရဘူး။ စာအုပ်ဆိုတော့ စာတတ်မှ ဖြစ်တာ။ ပညာတတ်မှဖြစ်တာ၊ ပညာတတ်ဦးတော့ စာလေးပေလေး ဝါသနာပါမှဖြစ်တာ။ ဝါသနာပါဦးတော့ ဈေးကွက် နားလည်မှဖြစ်တာ။ ငရုတ်သီးကြက်သွန်ရောင်းတဲ့ လုပ် ငန်းတော့ သားသမီးမိန်းမတွေဆက် ပြီး လုပ်သွားလို့ ရတယ်။ အနေ အထားက မတူဘူး။ ဒါ့ကြောင့် ခွေး သေရင်သာရေ မရ၊ စာရေးသေရင် အမွေမရ ဆိုတာလို စာအုပ်သည်သေ ရင် နောက်ပိုင်းက မိန်းမသားတွေ ကစဥ့်ကလျားဖြစ်တာများပါတယ်။ ဒါတောင် စာအုပ်အဟောင်းသမားတွေကို မတရားအမြတ်စားတယ်။ ဝိသမလောဘသားတွေ၊ အရင်းတစ် ကျပ်လောက်ရှိတဲ့ စာအုပ်ကို တစ် ဆယ်ရောင်းတယ် ဘာညာဆိုပြီး အပြစ်တင်ချင်ကြသေး တယ်။ တခြား သူကို မပြောနဲ့။ စာပေသမားဖြစ်တဲ့ စာရေးဆရာ ဘသက်ဆွေကတောင် လမ်းဘေးစာအုပ်အဟောင်းတွေ ဈေး ကြီးတယ်ဆိုပြီး မှုခင်းစုံမဂ္ဂဇင်းမှာ သူ့ အလှည့်ကိုယ့်အလှည့် ဝတ္ထုတစ်ပုဒ် ရေးပြီး ညည်းတွားဖူးတယ်။
(ဆက်လက်ဖော်ပြပါမည်)

မောင်သန်းလှိုင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.