စည်းကမ်းကြီးပုံခြင်း တူကြတဲ့၊ ဖေဖေနဲ့ဦးလေးဗိုလ်ဇင်ယော် -၂
ရန်ကုန် မင်္ဂလာဆောင်တွေမှာ သတို့သားနဲ့ သတို့သမီး မင်္ဂလာ ဆောင်ခန်းမထဲလာဖို့ အခါတော်ပေး ချိန်ကို စောင့်ကြရပါတယ်။ အဲဒီနေ့ကတော့ ကိုမြင့်ဇင်နဲ့ကျွန်မတို့ ကျွန်မတို့ အဖေတွေရဲ့စည်းကမ်းကြီးပုံတွေကို ပြောခွင့်၊ ဖလှယ်ခွင့်ရတာကို ကျွန်မကျေးဇူး တင်မိသွားတယ်။
ကိုမြင့်ဇင်က သူငယ်ငယ်က သောကြာနေ့ကို ကောင်းကောင်း မှတ်မိတယ်လို့ ပြောပါတယ်။ ဦးလေး ဗိုလ်ဇင်ယော်က အလုပ်တာဝန်နဲ့ အနယ်နယ်အရပ်ရပ်ရှိ သစ်တောတွေကို သွားရောက်စစ်ဆေးနေရသူပါ။ ဒါပေမယ့် ရန်ကုန်အိမ်မှာ ရှိခဲ့ ရင်တော့ သောကြာနေ့မှာ သားသမီးခုနစ်ယောက်စလုံးကို တစ်ဦးချင်းစီ ငယ် ငယ်က ရေချိုးပေးခဲ့တာကို ကိုမြင့်ဇင်က အခု အထိ မှတ်မိကြောင်း ပြောပါတယ်။
ကလေးတွေကို ရေချိုးပြီးတဲ့အခါ လျှော်ပြီးသားအဝတ်အသစ်တွေကို ဝတ်ပေးခဲ့တယ်။ ရေချိုးပြီးတဲ့အခါ သန့်သန့်ပြန့်ပြန့်နေ ကြရတယ်။ အင်္ကျီ အဝတ် အစားကြေမွသွားတာ၊ တွန့်လိမ်သွားတာတွေ့ခဲ့ရင် အဆူခံခဲ့ ရတယ်။ အဖေက ရေချိုးပြီးရင် သန့် ပြန့်စွာ နေစေချင်တာကြောင့် အဆူခံ ရတာဆိုတာကို ကျွန်မသိရပါတယ်။
ရေချိုးပေးတဲ့အခါမှာလဲ သေသေချာချာ ချေးညှော်တွေ စင်အောင် ရေချိုးပေးမယ်လို့ ကျွန်မထင်ပါတယ်။ ဒါကြောင့်လဲ ရေချိုး ပြီးတဲ့ အခါမှာ သိပ်မဆော့စေတာဖြစ်နိုင်ပါတယ်။
ဒါကို နားထောင်ရင်း ရဲဘော် သုံးကျိပ်ဝင်များ စစ်သင်တန်းတက်စဉ် က အေးအေးဆေးဆေး ရေချိုးဖို့ အချိန်အခါရတာ နည်းကြောင်း၊ အချိန်ရတဲ့အခါမှာ ဇိမ်ယူရေချိုးတတ်ကြောင်းကို ကျွန်မသိခဲ့ရတယ်။ တိုကျိုမြို့ကိုရောက်သွားပြီး ဟိုတယ် မှာနေရတဲ့အခါရေကန်ထဲ အချိန်ယူ ချိုးကြတာလဲရှိပါသေးတယ်။ ဒီလို အခါမျိုးဆိုရင် အသန့်အပြန့်ကြိုက် တဲ့ ဗိုလ်ဇင်ယော်ကတော့ အကြိုက် တွေ့နေလိမ့်မယ်လို့ ကျွန်မထင်မိပါ တယ်။
ကိုမြင့်ဇင်က သူ့ရဲ့ဖေဖေရေကို စည်းကမ်းတကျချိုးပေးခဲ့တာကို မှတ်မိသလို ကျွန်မကတော့ ဖေဖေ ကျွန်မတို့ကို အချိန်မှန်မှန် ထမင်းစားပွဲအရောက်ထိုင်ခိုင်းခဲ့တာကို မှတ်မိနေခဲ့တယ်။ ကျွန်မတို့ ငယ်စဉ် က ဖေဖေက တော်တော့ကို အလုပ် များပုံပေါ်ပါတယ်။ အိမ်မှာသိပ်မရှိလှပါဘူး။
ဒါပေမယ့် ကိုကိုနဲ့ ကျွန်မကို ဖေဖေက ထမင်းစားချိန်တိုင်းမှာ အမီ ထမင်းစားပွဲမှာရှိရမယ်လို့ စည်းကမ်းလုပ်ထားပါတယ်။ ထမင်းစားပွဲမှာ လာထိုင်ရမယ်ဆိုရာမှာလဲ ရောက်ပြီး ရော မလုပ်ရပါဘူး။ ရေမိုးချိုး အဝတ် အစားသန့်သန့်ပြန့်ပြန့် လဲလှယ်ပြီးမှ ထမင်းစားပွဲမှာ လာထိုင်ခွင့်ပြုပါ တယ်။ မနက် ကျောင်းမသွားခင် ကော်ဖီချိန်၊ ကျောင်းအားရက်မှာ နေ့လယ် ထမင်းစားချိန်နဲ့ ညနေ ထမင်းစားချိန်တို့မှာ ထမင်းစားပွဲမှာ ရောက်နေရပါတယ်။ ဖေဖေကတော့ အလုပ်များတဲ့အထဲက တစ်ချိန်ချိန်မှာတော့ ကျွန်မတို့နဲ့ အတူ စားခဲ့ကြပါတယ်။
ဖေဖေနယ်ထွက်တာမျိုး၊ နိုင်ငံ ရပ်ခြားသွားရတာမျိုးရှိခဲ့ရင်လဲ ဒီစည်း ကမ်းကို မဖျက်ရပါဘူး။ မေမေက ဦးဆောင်ပြီး ထမင်းဝိုင်းမှာ ရှိခဲ့ပါ တယ်။ နောက်ညီမငယ်ယုမွေးလာ တော့လဲ ဒီစည်းကမ်းအတိုင်းပါပဲ။
ကျွန်မတို့ အဖေတွေ စည်းကမ်း ကြီးကြောင်း ပြောနေကြရင်း ကိုမြင့် ဇင်က မုန့်ဖိုးငွေကိုလဲ စည်းကမ်းနဲ့ သုံးစွဲစေကြောင်းစပြောပါ တယ်။ ကိုမြင့်ဇင်က သူကျောင်းနေစဉ်က တစ်လကို မုန့်ဖိုး ၁၅ ကျပ် ရကြောင်း၊ ဒါကို စည်းကမ်းတကျ သုံးရကြောင်း၊ မုန့်ဖိုးက ဘယ် အချိန် ရောက်ရောက် ၁၅ ကျပ်သာရခဲ့ ကြောင်း ပြောပြပါတယ်။ (တစ်ကျပ် = ပြား ၁ဝဝ၊ ၂၅ ပြား =တစ်မတ်၊ မုန့်ဟင်းခါး တစ်ပွဲရသည့်အချိန်)
ကျွန်မကတော့ အတန်းလိုက် မုန့်ဖိုးရခဲ့ပါတယ်။ ကျွန်မလေးတန်းရောက်တော့ တစ်လမုန့်ဖိုး လေးကျပ် ရခဲ့ပါတယ်။ မုန့်ဖိုး စရတော့ တော် တော့်ကို ပျော်သွားပါတယ်။ တကယ် တော့ ကျောင်းသွားရင် အိမ်က မုန့်လဲ ထည့်ပေးပါတယ်။ အဝတ် အစား ကစားစရာလဲ ဖေဖေ မေမေတို့က ကြည့်ပြီးဝယ်ပေးခဲ့တာပါ။ အဝတ် အစား၊ ကစားစရာက အစ လျှံပယ် ဝယ်ပေးတာ မဟုတ်ပါဘူး။ လိုသလောက် သာ ဝယ်ပေးခဲ့တာဖြစ်ပါတယ်။
မေမေက ကိုကိုနဲ့ ကျွန်မတို့ ကို စုဘူးတစ်ခုစီ ဝယ်ပေးခဲ့ပါတယ်။ ကျွန်မ လစဉ်ရတဲ့မုန့်ဖိုးကို စုဘူးထဲ အမြဲထည့်ပြီး အကြွေစေ့ ထည့်တဲ့အခါမှာ ချလွမ်ဆိုတဲ့အသံကြားလိုက်ရရင် သိပ်ကိုသဘောကျခဲ့တယ်။ ကျွန်မလေးတန်းအောင်တော့မေမေက စုဘူးဖောက် ပြီး ကျွန်မကိုလက်စွပ်လေး လုပ်ပေးခဲ့တယ်။
ကျွန်မ ငါးတန်းရောက်တော့ လစဉ် ငါးကျပ်ရပါတယ်။ နှစ်စဉ် တစ်ကျပ်တိုးပြီးပေးတော့ ကျွန်မ ၁ဝ တန်းရောက်တဲ့နှစ်မှာ တစ်ဆယ် ကျပ်ရခဲ့ပါတယ်။ ကျွန်မ ဆယ်တန်း အောင်တော့ ၉၉ ကျပ်ပေးရတဲ့ ရွှေ ဆွဲကြိုး တစ်ကုံးဝယ်လို့ရခဲ့ပါတယ်။
ဖေဖေက ကျွန်မတို့ကိုငွေကြေးတန်ဖိုးသိစေဖို့ အထူးညွှန်ကြား ပြီးသင်ပေးခဲ့တာပါ။ လစဉ်မုန့်ဖိုး ကုန်သွားခဲ့ရင် ထပ်တောင်းခွင့်မရှိ ပါဘူး။ နောက်လ မုန့်ဖိုးရမယ့် အချိန် အထိ ကျွန်မတို့ စောင့်ခဲ့ကြရတယ်။
ကျွန်မက ကျွန်မမုန့်ဖိုးထဲမှ ဆူးလေဘုရားလမ်းရှိ အင်းဝစာအုပ် ဆိုင် Ava House မှ ကြိုက်တဲ့အင်္ဂလိပ် ရုပ်ပြစာအုပ်တွေကို ဝယ် ဖတ်ပါ တယ်။ ကိုကိုကတော့ သူကြိုက်တဲ့ ကစားစရာ ဝယ်တတ်ပြီး ကျောင်းမှာ မုန့်ဝယ်စားတတ်ပါတယ်။ တစ်ခါ တလေ ကျွန်မတို့မောင်နှမနှစ်ယောက်က လမကုန်ခင်မုန့်ဖိုးကုန်သွားတဲ့အခါလဲ ရှိပါသေးတယ်။ ကျွန်မတို့ နောက်လ မုန့်ဖိုးကြိုတောာင်းလို့ မရတာ သိထားတာကြောင့် လိုချင်တဲ့ငွေကို ကျွန်မတို့ရဲ့ ခွန်အားလေးတွေနဲ့ ဖေဖေလုပ်ခိုင်းတဲ့ အလုပ်ကိုလုပ်ခဲ့ကြ ရပါတယ်။
အဲဒီအခါဆိုရင် ဖေဖေ က ကိုကိုနဲ့ ကျွန်မတို့ကို ဧည့်ခန်းနဲ့ ထမင်းစားခန်းကို ကြမ်းတိုက်ခိုင်းပါ တယ်။ ကျွန်မတို့ကို အဝတ်စ တစ်ယောက်တစ်စစီပေးပြီး ကျွန်မတို့ အလုပ်ပြီး သွားတဲ့အခါ ဖေဖေ က ကြမ်းပြင်ပြောင်၊ မပြောင် ကြည့်ပါ တယ်။ ဖေဖေကျေနပ်မှ မုန့်ဖိုးအဖြစ် အကြွေစေ့လေးတွေ ရတာပါ။
ဖေဖေက ကြမ်းပြောင်လက်နေတာကြိုက်တာကြောင့် ကိုကိုနဲ့ကျွန်မတို့က တစ်ယောက်တစ်လှည့်စီ အဝတ်ပေါ် တစ်ယောက် ကတက်ထိုင်၊ နောက်တစ်ယောက်ကဆွဲပြီး ကြမ်းတိုက်ခဲ့ကြတယ်။ ကြမ်းတိုက်ရင်းဆော့ကစားရတာကြောင့် ကျွန်မတို့ မောင်နှမနှစ်ယောက် အလုပ်လုပ်ရပေမယ့်ပျော်ခဲ့ရတဲ့အချိန်တွေပါ။ အားလုံးပြီးသွားရင်လဲ မုန့်ဖိုးရတာကြောင့် ပိုပျော်ကြ တာပေါ့။ တစ်ခါတလေတော့ ဖေဖေက ကျွန်မတို့ကို ခြံမြက်ခင်းထဲက မြက်ရိုင်းတွေကိုနုတ်ခိုင်းတာလဲ ရှိပါတယ်။ ကိုကိုက ငြိမ်ငြိမ်ကလေး ထိုင်မလုပ်ချင်တာကြောင့် ကျွန်မပဲ တစ်ယောက်တည်းကျန်ခဲ့တာပါ။ အလုပ်လုပ်မှ ငွေရတာဆိုတဲ့ ဖေဖေ့ရဲ့ သင်ကြားမှုကို ငယ်ငယ်ကတည်းက လက်တွေ့လုပ်ရင်း ကျွန်မတို့ သင်ခဲ့ကြရပါတယ်။
ကိုမြင့်ဇင်က သူတို့မှာမုန့်ဖိုးကအမြဲတမ်း တစ်သမတ်တည်း ၁၅ ကျပ်သာရခဲ့ကြောင်း စည်းကမ်းတကျလည်းသုံး တတ်လာရကြောင်းတွေကို ကျွန်မသိခဲ့ရပါတယ်။ တကယ်တော့ ကျွန်မတို့ဖခင်တွေက ကျွန်မတို့ တွေကို ငယ်စဉ်ကတည်းက ဘဝသင်ခန်းစာတွေ ပို့ချသွားခဲ့ကြတာပါ။ ဒီ ကျေးဇူးတွေက အဖိုးမဖြတ်နိုင်တာဖြစ်ပါတယ်။
ဒေါက်တာခင်လက်ျာ