2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၁၄ ကြိမ်မြောက် အင်္ဂလိပ်ဘာသာ သင်ကြားရေး နှီးနှောဖလှယ်ပွဲတွင် ဦးဆောင်ဆွေးနွေးမည့် မြန်မာနိုင်ငံသား အင်္ဂလိပ် ဘာသာ သင်ကြားရေး ပညာရှင်များအား ဖိတ်ခေါ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ကျိုးအန်းလိုင် ကွယ်လွန်ခြင်း (ဖြစ်စဉ် အစ-အဆုံး -၁၉)

သူနာပြုဆရာမ နှစ်ဦးက ကျိုး အန်းလိုင်ကို နှစ်ဖက်တွဲပြီး ခန်းမ ထဲကိုလာခဲ့ပါတယ်။ ရှေ့တန်း အလယ်တည့်တည့်မှာ ရပ်လိုက်ကြ ပါတယ်။ ကျိုးအန်းလိုင်ရဲ့ အခြေ အနေကို သိရှိပြီးဖြစ်ကြတဲ့ လူတွေ အားလုံးရဲ့ စိတ်ခံစားမှုတွေကတော့ ဗလောင်ဆန်နေကြ ပါတယ်။ ဝမ်းသာခြင်းလား။ ဝမ်းနည်းခြင်းလား မရှင်းပါ။
    ဓာတ်ပုံဆရာက ကင်မရာကို သေသေချာချာချိန်၊ အကွာအဝေးနေရာ သေချာယူ၊ မီးအလင်းအမှောင်သေချာညှိပြီး ခလုတ်ကို လေး၊ ငါး၊ ခြောက်ချက်လောက် နှိပ်လိုက်ပါတယ်။ ကျိုးအန်းလိုင်က ကျွန်တော် တို့အားလုံးကို သေချာစိုက်ကြည့်ပြီး ရယ်ပါတယ်။ ပြီးတော့ ပြောပါ တယ်။
    ''ဓာတ်ပုံရိုက်တာတော့ ရိုက်ပေါ့ကွာ။ ဒါပေမယ့်နောက်တော့ ငါ့မျက်နှာနေရာ ကြက်ခြေခတ်တော့ မခတ်ကြနဲ့ပေါ့ကွာနော်'' တဲ့။ အဲဒီ စကားကြောင့် ကျွန်တော်တို့အားလုံး ပြုံးရယ်နေကြတဲ့မျက်နှာတွေ  မပြုံးမရယ်နိုင်ကြတော့ပါ။ စိတ်ထဲမှာ လည်း အတိုင်း မသိ လေးလံသွားခဲ့ ကြပါတော့တယ်။ ကျိုးအန်းလိုင်ဟာ ပါတီအပေါ်နဲ့တိုင်းပြည်ရဲ့အနာဂတ်အပေါ်၊ ကျွန်တော်တို့အားလုံးရဲ့ တစ်ယောက်ချင်းအပေါ်မှာ နိုင်ငံရေးလှိုင်းတံပိုးအတွင်း သူ့ရဲ့သဘောထားက စိုးရိမ်ပူပန်ခြင်းမရှိခဲ့တာမျိုးလုံးဝ မရှိခဲ့ပါဘူး။ စိုးရိမ် ပူပန် ခဲ့တာချည်းပဲ။ ဘာကြောင့်လဲဆိုတော့ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းမှာ ထူးခြားတဲ့လုပ်ဆောင်မှုတစ်မျိုး  ထွန်းကားခဲ့လို့ ပါ။ ခေါင်းဆောင်ကြီးထဲက ဘယ်သူဘယ်ဝါကို အပြုတ်ဖြုတ်ချလိုက်ပြီဆိုတာနဲ့ မိမိတို့ လက်ထဲမှာကျန်ရှိနေတဲ့ စာအုပ်စာတမ်း ဓာတ်ပုံတွေထဲမှာ အဖြုတ်ချခံထားရတဲ့ ပုဂ္ဂိုလ်ရဲ့ နာမည်နဲ့ ဓာတ်ပုံတွေ ကို ကြက်ခြေခတ်ပစ်လိုက်ရပါတယ်။  မိမိနဲ့ အဲဒီအဖြုတ်ချခံ ပုဂ္ဂိုလ် ဘာမှမပတ်သက်၊ သူနဲ့ယတိပြတ်ခဲ့ပြီးဖြစ်တယ်။ မျဉ်းတားထားပြီးဖြစ်တယ် လို့ဖော်ပြတဲ့သဘော။ တစ်နည်းပြောရ ရင် နိုင်ငံရေးအရ ဒီပုဂ္ဂိုလ်ကို ရန်သူအဖြစ် သတ်မှတ်တဲ့သဘောနဲ့ မိမိကိုယ်ကိုယ် အကာအကွယ်ယူ လိုက်တဲ့သဘောပါပဲ။
    ဇူလိုင်လ ၁ ရက်နေ့ စုပေါင်း ဓာတ်ပုံရိုက်တာဟာ ကျိုးအန်းလိုင် အဖို့ သူ့ဘဝ သက်တမ်းမှာ နောက်ဆုံး အကြိမ် စုပေါင်းဓာတ်ပုံ ရိုက်ခြင်းပဲဖြစ်တယ်။
    မေလကနေ စက်တင်ဘာလ အထိ ကျွန်တော်တို့က ကျိုးအန်း လိုင်ကို ဖေးကူတွဲပြီး လမ်းလျှောက် လေ့ကျင့်ခန်းလေး လုပ်ပေးနိုင်ပါသေးတယ်။ အဲဒီအချိန်ကဆိုရင် သူနဲ့ကျွန်တော်တို့စကားပြောဆိုဆွေးနွေးခဲ့တဲ့ အချိန်ကလေးပဲဖြစ်ပါတယ်။ မေလ နေ့ တစ်နေ့မှာ မော်စီတုန်းက ခေါ်ဆိုတဲ့သူ့အတွက် နောက်ဆုံးအကြိမ်  ဗဟိုနိုင်ငံရေးဗျူရို အစည်းအဝေး တက်ခဲ့တဲ့နေ့ ပဲပေါ့။ နောက် တစ်နေ့ လမ်းလျှောက်တဲ့အခါမှာ သူ့နံဘေး ကနေ ဖေးမပေးနေတဲ့ ဆရာဝန်ကို ကောက်ကာငင်ကာ မေးခွန်းထုတ် လိုက်တယ်။
    ''မင်းတို့ မှန်မှန်ပြောကြစမ်း ကွာ။ ငါ့အနေနဲ့ နောက်ထပ် ဘယ် အထိ တောင့်ခံနိုင်သေးသလဲ''
    အားလုံး ငိုင်ကျသွားကြပါတယ်။ ဘယ်သူမှ ဘာမှ မပြောနိုင်။  အဖြေမရှိခြင်းသည် အကောင်းဆုံး။
    ကျိုးအန်းလိုင်က အကြည့်ကို တခြားဘက်လှည့်လိုက်တယ်။ ကောင်းကင်ကို မော့ပြီးစိုက်ကြည့်နေတယ်။   မရဏနိုင်ငံက သေမင်းကို စိုက်ကြည့်နေတာနဲ့တူနေမလား။ ကောင်းကင်ဘုံမှာ ရောက်နှင့်နေခဲ့တဲ့ ကားလ်မတ်ခ်ကို ရှာနေသလို ပုံမျိုး။  ရုတ်တရက်သူက တည်တည်ငြိမ်ငြိမ် နဲ့ရယ်ပြီးပြောလိုက်တယ်။
    ''လူ့ဘဝဆိုတာ ဒီလို နေ့တစ် နေ့ရှိစမြဲပဲလေ။ ကွန်မြူနစ်ပါတီဆိုတာ ရုပ်ကျကျကြည့်ရမှာပဲလေ''
    ''ကျွန်တော်တို့ ဘယ်လို လုပ်ပြီး ပြောရမှာလဲခင်ဗျာ''
    ဆရာဝန့် မျက်လုံးထဲက မျက်ရည်တွေ လက်ခနဲဖြစ်သွားပြီး
    ''ဝန်ကြီးချုပ်ရယ် ကျွန်တော်တို့ကို ဘယ်လိုများ ပြောခိုင်းပါလိမ့် ဗျာ''
    ကျိုးအန်းလိုင် တည်ငြိမ်မြဲ တည်တည်ငြိမ်ငြိမ်နဲ့ပြုံးနေခဲ့ပါတယ်။  ခေါင်းတညိတ်ညိတ်လုပ်ပြီး တစ်ခွန်း ချင်းဖြည်းဖြည်း ချင်း ပြောလိုက်ပါတယ်။
    ''တောင်းပန်ပါတယ်ကွာ။မပြောပါနဲ့တော့''
    ကျိုးအန်းလိုင် ခုတင်ပေါ်က မထနိုင်တော့တဲ့အချိန်တွေမှာ ယဲ့ကျန့်ယင်းက နေ့စဉ်နေ့တိုင်းလာမြဲလာလေ့ရှိတာပါပဲ။ အထူးသဖြင့် တိုင်းပြည်ရေးရာကိစ္စကြီးကြီးကြုံတဲ့အခါမျိုးမှာ လာပြီးအစီရင်ခံညွှန်ကြားချက်ကြား နာလေ့ရှိပါတယ်။ သူကနေ့နေ့ညည တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာဝူကို ဆက်သွယ်ပြီး အကြိမ်ကြိမ်အခါခါ ညွှန်ကြားပါတယ်။ ''နည်းလမ်းတွေတော့ မရအရရှာပေးထားပါ။ တစ်ရက်ပဲ အသက်ပိုရှည်ရှည်နေရနေရ၊ တစ်နာရီတစ်မိနစ်ပဲဖြစ်ဖြစ် ပိုရှည်ရရှည်ရဗျာ။ ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ရှိ အစွမ်းကုန် ကြိုးစားပေးကြပါဗျာ''
    ကျိုအန်းလိုင်ကိုယ်တိုင်ကလည်း မိမိအသက်တစ်ရက်ပိုရှည်ရှည်နေရတဲ့ လေးနက်မှုကို သဘောပေါက်ထားပြီးပါပြီ။ (လေးဦးဂိုဏ်းရဲ့ အန္တရာယ်ကြီးမားနေတာကို သိပြီးနေ ချိန်ဖြစ်တာကြောင့်) ကျွန်တော်ယနေ့ တိုင်မှတ်မိနေပါသေးတယ်။ ကျိုး အန်းလိုင်သူ့ရောဂါနဲ့တိုက်ပွဲဝင်နေတုန်း သူ့ခမျာအစားအစာကို မနည်းမျိုချနေ ရတဲ့မြင်ကွင်းကိုပါပဲ။ သူဟာ တိုင်း ပြည်နဲ့ ပြည်သူတွေ ရဲ့ အိမ်ဦးနတ်ဖြစ်တယ်။ ပြည်သူတွေအတွက် စိတ်ပူပင်သောက ဖြစ်ခဲ့တာကျင့်သားပါနေခဲ့ပါပြီ။ ဒါကြောင့်လည်း သူက သူ့ကိုယ် သူပြောတဲ့အခါမျိုးမှာလည်း တခြားလူတွေကို ဖျောင်းဖျပြောဆိုတဲ့ လေသံမျိုးနဲ့ပဲ ပြောတတ်နေပါတယ်။
    ''လာကွာ...တို့တစ်တွေ ၃-၄လုပ်လောက် ပိုစားလိုက်ကြမယ်။ စားရင်းရေတွက်ကြတာပေါ့ကွာ...''
    သူက အားယူပြီး ထမင်းတစ် လုတ်မျိုချလိုက်ပါတယ်။ ပြီးရင်နှုတ်ကလိုက်ပြီး တစ်လို့ရွတ်ပါတယ်။ နောက်တစ်လုတ် အားယူမျိုချပြန်တယ်။ နှုတ်က နှစ်လို့လိုက်ဆိုပါတယ်။
    အဲဒီလိုရေတွက်ရင်း ထမင်းစားလာခဲ့တာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ရောက်လာတော့ နှစ်လို့ ရေတွက်ပြီး တဲ့နောက် နောက် ထပ်မျိုမချနိုင်တော့ဘူး။ အဲဒီကစပြီး သူအစားမဝင်တော့ ပါဘူး။
    ၁၃ ဂဏန်းက အနောက်တိုင်း အယူအဆအရ နိမိတ်ဆိုးဂဏန်းဖြစ်တယ်။ ၁၃ ဂဏန်းနဲ့ပတ်သက်ပြီး ကျိုးအန်းလိုင်က အမေရိကန်မိတ်ဆွေတွေကို ထူးဆန်းတဲ့အဓိပ္ပါယ်ဖွင့်ဆို ချက်ရှင်းပြခဲ့ဖူးပါတယ်။ အဲဒါကတော့ သမတနစ်ကဆင်တရုတ်ပြည် ကို အလည်အပတ်လာခဲ့တုန်းက ရှန်ဟဲကိုရောက်တဲ့အခါ ကြင်ကျန်းဟော်တယ်မှာနေရာချထားပေးခဲ့တဲ့အဖြစ်ပါ။ နစ်ကဆင် ဇနီးမောင်နှံကို ဟော်တယ်ရဲ့ ၁၅ ထပ်မှာ နေရာချ ထားပေးခဲ့ပြီး ကစ်ဆင်းဂျားက ၁၄ ထပ်မှာ၊ ရောဂျား(စ်)-ွ Rogers   နိုင်ငံ ခြားရေး ဝန်ကြီးနဲ့ သူ့အဖွဲ့သားတွေကို ၁၃ ထပ်မှာ နေရာချထားပေးခဲ့တယ်။
    ကျိုးအန်းလိုင်က နိုင်ငံခြားရေး ဝန်ကြီးရောဂျား(စ်)နဲ့ သွားရောက် တွေ့ဆုံတဲ့အခါမှာ ဓာတ်လှေကားက ၁၃ ဂဏန်းမှာ အနီပြလာ တဲ့အခါကျမှ  သူက အနောက်တိုင်းသားတွေ ၁၃ ဂဏန်းကို ရှောင်တတ်တယ်ဆိုတဲ့ အချက်ကို ပြေးသတိရမိတော့တယ်။ ထင်တဲ့အတိုင်းပဲ။ ကျိုးအန်းလိုင် ရောဂျား(စ်)တို့အခန်းထဲလည်းဝင်ရော အမေရိကန်အရာရှိတွေက ၁၃ ဂဏန်းနဲ့ ပတ်သက် ပြီး ဒေါဖောင်းနေကြတာနဲ့ပက်ပင်းတိုးနေပါတော့တယ်။ ကျိုးအန်းလိုင်နဲ့စကားပြောဆိုရယ်မော ကြတာတောင် ဟက်ဟက် ပက်ပက် မရှိကြဘဲ ဟန်ဆောင်ပန်ဆောင် လုပ်နေကြတာကို ထင်ထင်ရှားရှား မြင်သိနေရတယ်။
    ကျိုးအန်းလိုင်က အမေရိကန်ပင်ပေါင်အဖွဲ့လာပြီး ချစ်ကြည်ရေး ယှဉ်ပြိုင်ပွဲကစားသွားကြတဲ့အကြောင်း တွေ အားရပါး ရပြောနေရာက ရုတ် တရက် စကားဦးပြောင်းပြီး-
    ''တကယ့်ကို တောင်းပန်စရာကိစ္စတစ်ခုကို ကျွန်တော်တို့ သတိလစ်ဟင်းသွားခဲ့တယ်ဗျာ။ အနောက် နိုင်ငံတွေက ၁၃ ဂဏန်း ကို ရှောင်တတ်တဲ့ဓလေ့ကို ကျွန်တော်တို့ မစဉ်းစားခဲ့မိဘူးဗျာ။ ဒါပေမယ့်ဗျာ အခု ခင်ဗျားတို့ အရှေ့တိုင်းကိုရောက်လာခဲ့ပြီပဲဗျာ။ တရုတ်ပုံပြင်တစ်ပုဒ်ရှိတယ်ဗျ။ လူတစ်ယောက်က သရဲသိပ်ကြောက်တယ်။ တွေးမိလေလေ ကြောက်လေလေပဲ။ နောက်တော့ တဖြည်းဖြည်းနဲ့ သူသရဲမကြောက်တော့ဘူး။ ဒါနဲ့နေရာတိုင်းမှာ သူသရဲကိုလိုက်ရှာတယ်။ သရဲလည်း လုံးဝ ပေါ်မလာဘူး။ ပျောက် သွားတယ်။ အနောက်တိုင်းရဲ့ ၁၃ ဂဏန်းကလည်း တရုတ်သရဲသလိုပါပဲဗျာ''
    ဒီတော့မှ အမေရိကန် မိတ်ဆွေ တွေလည်း အားရပါးရ ရယ်နိုင်ကြတော့တယ်။ စိတ်ထဲက ၁၃ ကြောင့် ခံစားခဲ့တဲ့စိတ်တွေလည်း လွင့်စဉ်ပြေ ပျောက်သွားကြတယ်။
ဆက်လက်ဖော်ပြပါမည်။

မောင်မောင်လှိုင်(အပ်စိုက်ကု)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.