ကျွန်တော်ပလက်ဖောင်း စာအုပ်ရောင်းသမား (အပိုင်း-၈)
ညဘက်ပွဲဈေးရောင်းပြီး မနက် ခုနစ်နာရီ၊ ရှစ်နာရီလောက် ကျွန်တော် တို့ စာအုပ်သည်တွေ အိပ်ရာကထပြီး ချက်ပြုတ် စားသောက်ကြပါတယ်။ တချို့လူနည်းတဲ့စာအုပ်သည်ကတော့ တကူးတကမချက်တော့ဘူး။ ဝယ် စားတယ်၊ စားသောက်ပြီး အရောင်း အဝယ်မရှိတဲ့ မနက်အချိန် နားချိန် ပေါ့။ စာအုပ်သည်တွေ တစ်ဆိုင်နဲ့ တစ်ဆိုင်ကူးလာပြီး အလ္လာပ သလ္လာပ ပြော တဲ့အချိန်ပေါ့။
ကြုံလို့ပြောရဦးမယ်။ အဲဒီ အချိန်က ဗိုလ်ချုပ်ကြီး ဦးတင်ဦး (ယခု NLD ဒုဥက္ကဋ္ဌ)ဟာလဲ မနက် စောစောလမ်းလျှောက်ထွက်ပြီး အပြန် မှာ ကျွန်တော်တို့စာအုပ်ဆိုင်မှာ ဝင်နား၊ အပန်းဖြေရင်းနဲ့ အလ္လာပ သလ္လာပ ပြောလေ့ရှိတယ်။ ဦးတင်ဦး က ဘုန်းကြီးဆောင်း တဲ့ ထီးမျိုးဆောင်းတယ်။ ဆိုင်ထဲဝင်လာပြီး သူ့ ထီးကြီးကို ဘေးမှာချပြီး ပက်လက် ကုလားထိုင်ပေါ်မှာထိုင်ပြီး အပန်းဖြေ တယ်။ သူ့ရှေ့မှာ ကျွန်တော်နဲ့ စာအုပ်ကူရောင်းပေးတဲ့ ကိုအောင်သန်း က ထမင်းပန်းကန်ကြီး ကိုင်ပြီး ခေါက်တုံ့ ခေါက်ပြန် လျှောက်နေ တာ တွေ့တော့ ဦးတင်ဦးက-
''ဟေ့လူ ဘာလိုက်ရှာနေတာ လဲ''
''ဆားပုလင်းရှာနေတာပါ ဗိုလ်ချုပ်'' လို့ပြောတော့ ဦးတင်ဦးက အုတ်တံတိုင်းပေါ်တင်ထားတဲ့ ဆားပုလင်းကို လက်ညှိုးထိုးပြပြီး-
''ဟိုမှာလေ ဆားပုလင်း၊ ခင်ဗျားမတွေ့ဘူးလား''
ခဏလာတဲ့ ဧည့်သည်ကတောင် ဆားပုလင်းထားတဲ့နေရာကို တန်းပြီးမြင်တယ်။ အိမ်ရှင်က ကိုယ်ထားတဲ့နေရာ ကိုယ်ပြန် ရှာနေရတယ် လေ။ နောက် အလ္လာပသလ္လာပ ပြော ရင်း ဗိုလ်ချုပ်က -
''ကိုနေဝင်း ခင်ဗျားနာမည်က နေ့သင့်၊ နာမ်သင့် မှည့်ထားတာ လား''
ကျွန်တော်တို့ စာအုပ်သမား ကိုနေဝင်းကို ဗိုလ်ချုပ်က မေးနေခြင်း ဖြစ်ပါတယ်။
''နေ့သင့်၊ နာမ်သင့်ပါ'' လို့ ပြောတော့ ဦးတင်ဦးက ''ကျွန်တော် တို့ ဥက္ကဋ္ဌကြီးကတော့ နေ့သင့် နာမ် သင့်မဟုတ်ဘူးဗျာ့။ ဗုဒ္ဓဟူးသား'' လို့ ပြောပါတယ်။
စာအုပ်အဟောင်းသမားတွေရဲ့ အကြောင်းကိုပြောရင် ခေတ်နှစ်ခေတ် ခွဲခြားပြောမှဖြစ်ပါမယ်။ ပထမပိုင်း ခေတ်က လူတွေကတော့ ကိုဝင်းတင်၊ ရွှေကျွန်းသောင်းကျော်စာပေ ကိုကျော်၊ ဝင်းညီနောင်စာပေ ဦးစိန်ဝင်း၊ ကိုဝင်း စိန်၊ ကိုတင်မောင်ဝင်း၊ ဦးစိန်၊ ဦးနီ၊ ကိုနေဝင်း၊ ကိုထွန်းညိမ်း၊ ကိုထွန်းရင် ကြီး၊ ကိုဝင်းမောင်၊ ကိုဖုန်းကျော်၊ မောင်မောင်၊ ကိုသီဝ၊ ကိုထွန်းရီ၊ ပြည် ရွှေဘိုကိုသန်းလှိုင်၊ ဘကြီးအောင်ခေါ် ကိုထွန်းလင်း၊ ကိုဋ္ဌေးသွင်၊ ကိုတင် အေး၊ ကိုကြိုင်ထွန်း၊ ကဗျာဆရာ ကြည်တင်ဦး၊ ဇော်စာပေကိုခင်မောင် စိန်၊ ရန်ကုန်စာပေကိုသန်းနိုင်၊ ကိုစိုး မြင့်သိန်း၊ ကိုအုန်းစော၊ ကိုလှဝင်း၊ ဦးစိုးမြင့်၊ စာပုလွေကိုဦး၊ အို- အများ ကြီး၊ အများကြီး။
သူတို့ကို ကျွန်တော်က ကွန်ဆာဗေးတစ်တွေလို့ ကင်ပွန်းတပ်ချင် တယ်။ ဘာကြောင့်လဲဆိုရင် ဝါသနာ နဲ့သမားရိုးကျ အတိုင်း ရောင်းကြတာ ကိုး။
၈၈ နောက်ပိုင်းကာလကျတော့ ပညာတတ်လူငယ်တွေ အများအပြား စာအုပ်အဟောင်းလောကကို ဝင်ရောက်လာကြတာ ကိုတွေ့ရတယ်။ သူတို့ကိုတော့ လစ်ဘရယ်ပြောရ မလား။ ပရိုဂရက်ဆစ်ပြောရမလား တောင်မသိတော့ဘူး။
အရင်တုန်းက လူတွေက စာပေ ကိုဝါသနာအလျောက် ရောင်းချကြတယ်။ ကိုယ်ဖတ်ချင်တဲ့ စာအုပ် ချွေဂွေဗားရာတို့၊ ကက်စ ထရိုတို့လို စာအုပ်မျိုးရရင် အိမ်ပြန်သယ်ပြီး သိမ်း ထားလိုက်သေးတယ်။ နှမြောလို့ မရောင်းဘူးတဲ့။ ဖတ်ဦးမယ်တဲ့။
ပထမပိုင်းကာလဖြစ်တဲ့ ၁၉၇ဝ-၈ဝ လောက်အထိ ဆယ်စုနှစ်အတွင်း မှာ များသောအားဖြင့် လက်ဝဲဘက် ယိမ်းတဲ့ စာပေတွေအတော်များများ အရောင်းရသွက်ပါတယ်
အက်ဂါစနိုး- Edgar Snow ရဲ့ တရုတ်ပြည်နဲ့ပတ်သက်တဲ့ စာအုပ် မျိုးတွေကို ဘာသာပြန်ထားတဲ့ တရုတ်ပြည်ပေါ် မှကြယ်နီ၊ တောင် များက တောင်ဘက်မှ ပင်လယ်များ ၏မြောက်ဘက်သို့ စတဲ့စာအုပ်တွေ။ ဒီရေမြင့်သစ်၊ ဘဝချင်းမတူသည့် တရုတ်ပြည် စတဲ့စာအုပ်မျိုးတွေပေါ့။ မောရစ်ကွန်ဖို့ရဲ့ အနုပဋိလောမရုပ် ဝါဒစာအုပ်မျိုးတွေ၊ နောက်ပြီး ဟစ် တလာ၊ ကက်စထရို၊ ချေဂွေဗားရား၊ ငုယင်ဗန်ထရွိုင်း၊ ဂျူလီယက်ဖူးချစ် စတဲ့စာအုပ်မျိုးတွေပေါ့။
အဲဒီစာအုပ်မျိုးတွေကို ဝယ်သူ သာမက စာအုပ်ရောင်းတဲ့ စာအုပ် သမားတွေကပါ ဖတ်ကြ၊ မှတ်ကြ လေ့လာကြပါတယ်။ ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါများလာတော့ အဲဒီအချိန်က စာအုပ်သမားတွေမှာ ဘာဖြစ်လာသ လဲဆိုတော့ လူတန်းစားစိတ်ဝင်လာ တယ်။ ပစ္စည်းမဲ့ ဒေါသစိတ်ဝင်လာ တယ်။ ကိုယ့်အပေါ်အထက်စည်းက လာတဲ့သူဆိုရင် မုန်းတတ်တယ်။ ဘု ဘောက်ပြောလွှတ်လား လွှတ်ရဲ့။
ပြောရဦးမယ်။ တစ်ခါက ပန်းဆိုးတန်းလမ်းမပေါ် စာအုပ်တန်းရှေ့ အရောက် ကားကစက်ပျက်ပြီး ရပ်သွားလို့ ကားပိုင် ရှင်မောင်းသူက ကျွန် တော်တို့ကို လှမ်းပြီး ဆရာတို့တစ် ဆိတ်လောက် ကူညီပါဆိုပြီး ကားကို တွန်းပေးဖို့ ချိုချိုသာသာပဲပြောပါ တယ်။ ကျွန်တော်တို့က ဝိုင်းပြီး တွန်းပေးပါတယ်။ လူမှုရေးကိုး။ တချို့စာအုပ်သမား(လက်ဝဲစာပေတွေ ဖတ်ထားတဲ့သူမျိုးက) ကားတောင် စီးနိုင်ဝယ်နိုင်သေးတာ ကိုယ့်ဘာသာ လူငှားပြီးတွန်းပေါ့ကွလို့ပြောပြီး ထိုင် ရာကမထဘူး။ တွန်းမပေးဘူး။ ရန်ကုန်ဘူတာကြီး ဘယ်နားမှာလဲလို့ လာမေးရင် မျက်နှာကြောတင်းတဲ့လူ ဆို မသိဘူးလို့ ပြောလိုက်တာပါပဲ။
နောက်လူသစ်တွေကျတော့ စာအုပ်ကိုရောင်းကုန်ပစ္စည်း တစ်ခုအဖြစ် သဘောထား ရောင်းတယ်။ မြတ်ရင် ရောင်းတယ်။ ဒါပဲ။
အရင်တုန်းက စာအုပ်သည်တွေ က ဝယ်သူကိုယ့်ဆိုင်မှာ စာအုပ်လာ မေးလို့ အဲဒီစာအုပ်ကိုယ့်ဆီမှာ မရှိရင် ရှိတဲ့ ဆိုင်ကိုလက်ညှိုးထိုးပြပြီး ဟိုဆိုင်မှာသွားဝယ်လို့ပြောလိုက်တာပဲ။
နောက်လူသစ်တွေကျတော့ အဲဒီ လိုမဟုတ်ဘူး။ ဝယ်သူလာမေးတဲ့ စာအုပ်ကိုယ့်မှာမရှိရင် ခဏနေဦးလို့ ဝယ်သူကို သူ့ဆိုင်မှာထား၊ ရှိတဲ့ဆိုင် ကစာအုပ်ကိုသွားယူပြီး ဈေးအဆ မတန်အမြတ်ရအောင် ရောင်းတယ်။ ကျွန်တော့်ဆရာ ကိုဝင်းမောင်ပြောတဲ့ ငွေ ၃ဝဝ ကျပ်နဲ့ ခေါင်းထဲဝင်အထိ ဆိုတာ ခုခေတ်မှာ ပုံပြင်ဖြစ်သွားပါပြီ။
ဒါကြောင့် စီးပွားရေးအရ ပြောမယ်ဆိုရင် ရှေ့လူကို နောက်လူက ကျော်တက်တာပေါ့။ ကားလေးက ကားကြီး ကိုကျော်တက်တာလေ။
လူဟောင်းတွေထဲမှာလဲ လုပ်သက်ကကြာပေမယ့် ခရီးသာတွင် ရွာစဉ်မသိဆိုတဲ့စကားလို ဘယ်လို စာအုပ်မျိုးရှားပြီး၊ ဘယ်လိုစာအုပ် မျိုးကပေါမှန်းမသိတဲ့ တုံးတဲ့လူတွေ လဲ ဒုနဲ့ဒေး။ ဟိုနေ့က အဟောင်းသမားတစ်ယောက် ကျွန်တော့်ဆီ စာအုပ်လာရောင်းရင်း ပြောတာက စွယ်စုံ ကျမ်းအတွဲ-၁၄၊ သာကေတကုလား ဆိုင်မှာတွေ့တယ်ဗျာ။ ဆိုင်ရှင်က အလေးချိန်နဲ့ မရောင်းဘူး။ အဲဒီစာအုပ်ကို ၃ဝဝဝ ကျပ်ပေးရမယ်ဆိုလို့ ဈေးများတာနဲ့ ကျွန်တော်မဝယ်ခဲ့ တော့ဘူးတဲ့။
စွယ်စုံကျမ်း ၁၅ တွဲရှိတဲ့အနက် နောက်ဆုံးအတွဲဖြစ်တဲ့ ၁၄ နဲ့ ၁၅ ဟာ အရှားဆုံးပဲ။ ၁၄ တစ်အုပ်ကို ဖြစ်ဖြစ်၊ ၁၅ တစ်အုပ်ကိုဖြစ်ဖြစ် စာအုပ်အဟောင်းဆိုင်တွေက ၁ဝဝဝဝ ကျပ်အထိပေးဝယ်တယ်။ ရှားတွဲကိုး။ ဒါကိုသူက လေ့လာမထားတော့ မသိဘူးပေါ့။ အဲဒီလူမျိုးကို နောက်တက်လာတဲ့ ခြေသွက်လက်သွက်လူ ငယ်တွေက ကျော်တက်သွားမှာပေါ့။
အရင်ခေတ်တုန်းက စာအုပ် အဟောင်းဆို လမ်းဘေးမှာပဲဝယ်လို့ ရတယ်။ အသစ်ရောင်းတဲ့ တိုက်ဆိုင် ကြီးတွေက အဟောင်းကိုစိတ်မဝင်စားဘူး။
အခုနောက်ပိုင်း ခေတ်ကျတော့ အသစ်ရောင်းတဲ့ တိုက်ဆိုင်ကြီးတွေကပါ အဟောင်းစာအုပ်တွေ တင်ရောင်းလာတယ်။ စာပေလောက၊ ပညာရွှေတောင်၊ အမေ့အိမ်အသစ် ဆိုင်တွေကိုကြည့်ပါ။ အဟောင်းလဲ ဝယ်လို့ရတယ်လေ။
နောက်စာအုပ်တိုက်အသစ်၊ ထုတ်ဝေသူ အသစ်တွေကလဲ အခု အခါ မှိုလိုပေါ်ထွက်လာတယ်။ တူဒေး၊ စိတ်ကူးချိုချို၊ ရာပြည့်၊ ပညာရွှေတောင်၊ အမေ့အိမ်၊ ပါရမီ စုံလို့ ပါပဲ။
ဒါဟာ ကျွန်တော်တို့ လမ်းဘေး စာအုပ်အဟောင်းသမားရဲ့ ဈေးကွက် ကိုအင်အားကြီးတဲ့သူက ဝင်လုသွားတာပဲ။ လောကမှာ ဒါက မဆန်းပါဘူး။
ရေထဲမှာ ငါးကလေးကို ငါးကြီးက စားပြီး အသက်ရှင်နေတယ်။ ကုန်းပေါ်မှာ သမင်ကိုကျားကစားပြီး အသက်ရှင်နေတယ်။ လူ့လောကကြီး မှာလဲ လူသေးသေးကို လူကြီးကြီးက ဝါးမျိုးပြီးအသက်ရှင်နေတာပဲ။
ငွေကြေးဆင်းရဲတဲ့သူ၊ အတတ် ပညာနိမ့်တဲ့သူဆိုရင် ခံရမှာပါပဲ။ ကြည့်လေ အရင်တုန်းက မိန်းကလေးတွေက ကုလားဆိုင်မှာ လျှောက်လွှာအဟောင်းတွေပိဿာချိန်နဲ့ဝယ်၊ စာအိတ်ကပ်၊ သိမ်ကြီးဈေးမှာသွားသွင်းပြီးအသက်မွေး ဝမ်းကျောင်းပြု တယ်။ အခု ပလတ်စတစ်အိတ်တွေ ပေါ်လာတော့ သူတို့အလုပ်မရှိတော့ဘူး။ ဒီအတိုင်းပဲ ကုလားထိုင်တွေ စားပွဲတွေကို စက်ရုံတွေ က ပလတ် စတစ်နဲ့ကော်နဲ့ထုတ်တယ်။ လက်သမားတွေ၊ သစ်သားခုံ စားပွဲမလုပ် ရတော့ဘူး။ အလုပ်ပါးသွားပြီ။ သင်အူကြိုးအစား ပလတ်စတစ်ကြိုး၊ ကြိမ်ဆွဲခြင်းအစား ပလတ်စတစ်ဆွဲ ခြင်း၊ သင်ဖြူးဖျာအစား၊ ပလတ်စတစ် ဖျာ အို-အစုံပါပဲ။ နည်းပညာနိမ့်တဲ့ သူတွေ၊ ငွေမရှိတဲ့သူတွေခံရတာ။
အရင်တုန်းကဆို စက္ကူအဟောင်းဟာ ထုပ်ပိုးပစ္စည်း၊ ငရုတ် သီး၊ ကြက်သွန်ထုပ်တာ၊ အလွန်ဆုံး သုံးမှဆေးလိပ်ခုံမှာ အစီခံ။
ဟော- အခု စက္ကူကြိတ်စက် Recycling တွေပေါ်လာတော့ ပိဿာ ချိန်ထောင်သောင်းချီပြီး အရည်ဖျော် ပစ်တာ။ ကျွန်တော် တို့ ရောင်းချနေ တဲ့ ရှားပါးစာအုပ်တွေ အဲဒီအထဲ အကုန်ပါသွားပြီ။ ဦးထွန်းငြိမ်းစာအုပ် ကလဲ စက္ကူပျော့ဖတ်ဖြစ် သွားပြီ။ ဒေါက်တာဘဟန်လည်း စက္ကူပျော့ ဖတ်ဖြစ်သွားပြီ။ ဦးဟုတ်စိန်ရဲ့ ပါဠိမြန်မာအဘိဓာန်ရော ဘာမို့လို့လဲ။ ကိုလံဘိုစီမံကိန်း စာအုပ်တွေ၊ ဂျပန် ခေတ် ဒေါက်တာဘမော် လက်ထက် က မှတ်တမ်းတွေ အားလုံးပျော့ဖတ် ဖြစ်ကုန်ပြီ။ နှမြောစရာ။
သာပေါင်းစက္ကူစက်လို ဝါးကို ကြိတ်တာကတော့ ကုန်ထုတ်လုပ်မှု ဆိုတာမှန်ပါရဲ့။ ဒါပေမယ့် စာအုပ်စာတန်းကို စက္ကူပြန်ကြိတ်တာက ကုန်ထုတ်လုပ်မှုမှ ဟုတ်ရဲ့လား။ ဘေး ထွက်ဆိုးကျိုးတွေ အများကြီးပါ။
သံ၊ ဒန်၊ ကော်၊ ကြေးတွေလို စွန့်ပစ်ပစ္စည်းကို ကြိတ်တာက ပြဿ နာမရှိဘူး။ စာအုပ်ကို စက္ကူပြန်ကြိတ် တာကတော့ စဉ်းစားစရာပါ။ ဘာ့ ကြောင့်လဲဆိုရင် ရဲစခန်းက အမှုတွဲဖိုင် တွေပျောက်လို့ ရုံးကမှတ်တမ်းတွေ ပျောက်လို့ဆိုပြီး စော်ဘွားကြီးကုန်း စက္ကူဆိုင်တွေမှာ မကြာခဏလာရှာ တာကိုတွေ့ရတယ်။ ပြဿနာတက်တယ်။ ကျွန်တော်တို့ အဟောင်း စာအုပ်သမားတွေ အတွက် စက္ကူ ကြိတ်စက်ဟာ အန္တရာယ်ပါပဲ။ အခု လဲ ၁၉၈ဝ လောက်က စက္ကူကြိတ်စက်ပေါ်တာဆိုတော့ ရှားပါးစာအုပ် တွေ ကုန်သလောက်နီးပါး ရှိနေပါပြီ။ နှစ် ၃ဝ တောင် ကြာမှကိုး။
စက္ကူကြိတ်စက်၊ သံရည်ကြို စက်၊ ဒန်၊ ကော် စသဖြင့် အလုပ် တွေအကြောင်းကို လေ့လာကြည့်ရင် အားလုံးဟာ စွန့်ပစ် ပစ္စည်းဖြစ်တယ်။ ဒီလုပ်ငန်းကို မြန်မာလူမျိုးတွေက အစုတ်အပြတ်တွေဆိုပြီး အထင်သေး ကြတယ်။ အောက်တန်းစားအလုပ်လို့ ထင်ကြတယ်။ အမှန်က အဲဒီလူတွေက ကျွန်တော်တို့ မျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်နေတာကို ကျွန်တော်တို့ မြန်မာ လူမျိုးတွေ မသိဘူး။ မြန်မာလူမျိုးတွေက ဟန်ကြီးခွကျတွေ။ ကိုယ် မျက်ခုံးမွှေးပေါ်ကို ပုရွက်ဆိတ်တစ် ကောင်တက်နေတာကိုတော့သိတယ်။ သူတို့က ကိုယ်မျက်ခုံးမွှေးပေါ် ဆင် ကြီးတစ်ကောင်လုံးတက်နင်းတောင် သိမယ့်လူတွေမဟုတ်ဘူး။
ဟိုတစ်လောက ကျွန်တော် စော်ဘွားကြီးကုန်းစက္ကူဆိုင်ရောက်တယ်။ အဲဒီစက္ကူဆိုင်က စက္ကူတင်မကဘူး။ သံတိုသံစတွေပါ ဝယ်တယ်။ ကျွန် တော်အဲဒီဆိုင်မှာထိုင်နေတုန်း စော် ဘွားကြီးကုန်း စည်ပင်သာယာရုံးက စာရေးမတစ်ယောက်က အမှိုက်ခွန်ဆိုပြီး ဆိုင်ရှေ့မှာပုံထားတဲ့ သံတိုသံစ ပုံကြီးကို လက်ညှိုးထိုးပြီး ငွေ ၅ဝဝ ကျပ်တောင်းသွားတယ်။ အမှန်က ဆိုင်နယ်နိမိတ်ကကျော် ပြီး ရှေ့မှာ စုပုံထားတဲ့ပစ္စည်းအတွက် ဥပစာ ခွန်ကောက်တာပါ။ စာရေးမပြန်သွားတော့ ဆိုင်ရှင်က-
''ခုန စာရေးမက ကျွန်တော်တို့ ပစ္စည်းကို အမှိုက်တဲ့။ ကျွန်တော်တို့က အဲဒါရွှေဗျ။ အဲဒီသံပုံကြီးက သိန်း ၁ဝဝ ကျော်တန်တာ သူတို့မသိဘူး။ မသိတာပဲကောင်းပါ တယ်။ သိရင်ပိုက်ဆံပိုတောင်းနေဦးမယ်''တဲ့။ ဟုတ်ပါတယ်။ အဟောင်းအမြင်း စွန့်ပစ် ပစ္စည်းတွေပြန်ကြိတ် တဲ့လုပ်ငန်းကို တောင်ကိုရီးယားမှာလဲလုပ်တယ်။ တရုတ်ပြည်မှာလဲလုပ် တယ်။ တရုတ်ပြည်မှာဆို အဲဒီစွန့်ပစ် ပစ္စည်း ဝယ်တဲ့လုပ်ငန်းလုပ်တဲ့ တရုတ်ပြည်မကြီးဟာ တရုတ်ပြည်ရဲ့ သန်းကြွယ်သူဋ္ဌေးစာရင်းဝင်ဖြစ်နေ တယ်တဲ့။ မြန်မာတွေက ဒါကို မလေ့လာဘူး။ စွန့်ပစ်ပစ္စည်း၊ စွန့်ပစ် ပစ္စည်းဆိုတော့ တစ်နည်းပြောရရင် အမှိုက်ပေါ့။ အမှိုက် ဆိုတော့ ဈေးချောင်ချောင်ဝယ် လို့ရတယ်လေ။ ဒါဟာ အဲဒီလုပ်ငန်းသမားတွေရဲ့ လျှို့ ဝှက်ချက်ပဲ။ ကဲ-ကျွန်တော်တို့ စာအုပ် အကြာင်းဆက်ကြစို့။ ကြိတ်စက် တွေပေါ်တာ နှစ် ၃ဝ လောက်ရှိလာလို့ ကျွန်တော်တို့ရောင်းတဲ့ ရှားပါး စာအုပ်တွေလဲ ကုန်ခန်းစပြုလာပြီ။ လမ်းဘေး စာအုပ်သမားက အသစ်ဆိုင်တွေမှာ မရှိတဲ့ ရှားပါးစာအုပ်ကို ရောင်းတာ။ ဒါမှကြိုက်ဈေးရမှာ။ အခုရှားပါးစာအုပ်က မရှိသလောက် ရှားလာပြီ။ 'ခံတက်ရွက်ကလေးတွေ ညှိုးချိန်တန်တော့ စိုးရိမ်ရန်မကင်း' ဆိုတဲ့ ဂရိတ်ဦးဖိုးစိန်ကြီးရဲ့ လွမ်း ချင်းကိုပဲ ဆိုရတော့မလား မသိဘူး။
ခံတက်ရွက်ကလေးတွေ ညှိုး ချိန်တန်တော့ ဆိုတာက ဇာတ်တော် ထဲမှာ ရသေ့ကြီးတစ်ပါးဟာ လူထွက် ပြီး မိန်းမယူတယ်။ ရသေ့လူထွက် ဆိုတော့ တခြားအသက်မွေးမှုပညာ မတတ်ဘူး။ ခံတက်ရွက်တွေ လိုက် ခူးပြီး ချဉ်ဖတ်လုပ်ရောင်းပြီး မိန်းမကို ရှာကျွေးတယ်။ ခံတက်ရွက်တွေဟာ ခူးရဖန်များတော့ ခံတက်နုတွေကုန် ခန်းသွားပြီး၊ အဲဒီမှာ အထက်က လွမ်းချင်းဆိုတော့တာပါပဲ။
ကဲ- ကျွန်တော်တို့ စာအုပ် စက္ကူဘက်ကို ပြန်လှည့်ကြည့်ကြစို့။ စက္ကူအဟောင်းဝယ်တဲ့လုပ်ငန်းကို ဟိုရှေးပဝေသဏီက ကုလားတွေစ လုပ်တာပါ။ ဘော်တယ်ကုလားဆိုတာ Bottle ဘော်တဲလ် ပုလင်း။ ကုလား တွေက ပုလင်းတွေပါဝယ်ရင်း ဘော် တယ်ကုလားလို့ခေါ်လာတာထင်ပါ တယ်။ ကုလားတွေအရင်းအနှီးနည်း တဲ့ အောက်ခြေသိမ်းအလုပ်ကို လွတ် လပ်ရေးပြီးခါစ မှာလုပ်တယ်။ မြန်မာ တွေတော်တော်နဲ့ မလုပ်ကြသေးဘူး။ နောက်အတန်ကြာမှ မြန်မာအနည်း ငယ်လိုက်လုပ်လာ တယ်။ မြန်မာ နဲ့ ကုလားဟာ မြန်မာအတော်များများ က အထမ်းသမားကုလား၊ တချို့က ရပ်ကွက်မှာဆိုင်ရှင်။ အခုတော့ မြန်မာ လူမျိုးတချို့လဲ စွန့်ပစ်ပစ္စည်း အဟောင်းဝယ်တဲ့လုပ်ငန်းကို စလုပ် လာတာတွေ့ရတယ်။ အထူးသဖြင့် သာကေတဘက်မှာပေါ့။ ဝမ်းသာစရာ ပါ။ အဲဒီအချိန်မှာ တရုတ်လူမျိုးက ဒီလုပ်ငန်းကို လှည့်မကြည့်ဘူး။ လုပ်ငန်းကသေးတာကိုး။ ဒါကြောင့် တရုတ်ဘော်တယ်ဆိုင်ဆိုတာ ရှိမှမရှိပဲ။ လုပ်ငန်းကခွင်သေးတာကိုး။ ၁၉၈ဝ ခုနှစ်ကျတော့ စက္ကူကြိတ် စက်တွေပေါ်လာတယ်။ လုပ်ငန်းခွင် ကကြီးလာပြီ။ တရုတ်က မျက်စိကျလာပြီ။ တရုတ်ကစီးပွားရေးကို လာဘ်မြင်တယ်။ အလုပ်လုပ်တယ်။ အရင်းအနှီးရှိတယ်။ ဒါကြောင့်မြန်မာ ပြည် မှာ တရုတ်သူတောင်းစားဆိုတာ ရှိမှမရှိဘဲ။ မြန်မာသူတောင်းစားနဲ့ ကုလားသူတောင်းစားသာရှိတာ။
စက္ကူလုပ်ငန်းက ကြီးလာပြီ။ တွင်ကျယ်လာပြီ။ ခွင်လည်းကျယ် လာပြီ။ အဲဒီမှာ ဒီလုပ်ငန်းထဲ တရုတ်ဝင်လာပြီ။ ဒီလုပ်ငန်းကို အစက ကုလား နဲ့ မြန်မာပဲလုပ်တာ။ အခုနောက်ဆုံးကျတော့ တရုတ်က ဒီလုပ်ငန်းထဲဝင်လာပြီ။
တရုတ်က နောက်ဆုံးမှဝင်လာ တယ်။ တကယ်ဆို နောက်ဆုံးဝင် လာတဲ့သူက နောက်ဆုံးမှာနေ၊ အောက်ဆုံးမှာနေပေါ့။ တရုတ်က မနေဘူးခင်ဗျ။ အပေါ်ဆုံးမှာနေမယ် တဲ့။ ဒီလိုနဲ့ တရုတ်က ၁၉၈ဝ ခုနှစ် မှာ စက္ကူကြိတ်စက်တွေထောင်ပြီး ဒီလုပ်ငန်းကြီး ရဲ့အပေါ်ဆုံးနေရာက ရအောင်လုပ်သွားတာကိုတွေ့ရပါတော့ တယ်။ စာဖတ်သူမိတ်ဆွေ။ လောက မှာ သင်ဟာ အကြောင်းကြောင်း ကြောင့် လုပ်ငန်းတစ်ခုမှာ နောက်ဆုံး မှဝင်လုပ်ရပေမယ့် ထိပ်ဆုံးကနေရ အောင်ကြိုးစားပါ။ ဒါပါပဲ။
စာအုပ်သည် မိတ်ဆွေများ၏
အမည်နာမများကိုနာမည်
အရင်းအတိုင်းဖော်ပြသည့်
အတွက် ထိခိုက်နစ်နာမှု
ရှိပါက စာဖတ်သူအကျိုး
အတွက် ခွင့်လွှတ်ပေးပါရန်
အနူးအညွတ်တောင်းပန်
ပါသည်။
မောင်သန်းလှိုင်
မောင်သန်းလှိုင်