သူတို့ရဲ့ ကြယ်သစ်သီး
ကျွန်မတို့ငယ်ငယ်က အိမ်မှာဧည်သည်တွေရောက်နေရင် မေမေက ကိုကိုနဲ့ကျွန်မတို့ကို ရွှေတောင်ကြားရှိ မေမေရဲ့အမေ ဘွားဘွားကြီးအိမ်ကို ကစားဖို့ပို့ထားလိုက်ပါတယ်။ ဒါဆို ကိုကိုနဲ့ ကျွန်မတို့က အကြိုက်ပဲပေါ့။ ဘွားဘွားကြီးအိမ်က ခြံကလည်း ကျယ်တဲ့အပြင် တောင်ကုန်းပေါ်မှာ ဆောက်ထားတာဆိုတော့ ကျွန်မတို့ ကလေးတွေအတွက် ပြေးတက်လိုက် ဆင်းလိုက် နဲ့ ပြေးလို့လွှားလို့ကစားလို့ သိပ်ကောင်း တာပါ။
ကျွန်မက ကိုကိုနဲ့ကစားတာ ထက် ဘွားဘွားကြီးပြင်ဆင်ထားတဲ့ စားစရာသောက်စရာတွေ စားရတာကို ပိုကြိုက်ပါတယ်။ အစားအသောက်တွေကတော့တော်တော်စုံတာကို ကျွန်မမှတ်မိနေပါသေးတယ်။ ကစားရာကမောမောနဲ့တက်လာပြီး ဘွားဘွားကြီး အသင့်လှီးထားပေးတဲ့ စောင်းလျားသီးကို စားလိုက်ရတယ်။ ဘယ်လိုအရသာရှိမှန်းမသိပါဘူး။
အရည်ကလည်းရွှမ်း၊ ချိုကလည်း ချိုမို့ ပန်းကန်ထဲကို ဘွားဘွားကြီး အရန်သင့် စိပ်ပြီးထည့်ထားပေးတဲ့ စောင်းလျားသီးတွေက ခဏလေးနဲ့ ကုန်သွားတော့တာပါပဲ။ ဘွားဘွားကြီး က ကုန်သွားတဲ့အခါ ထပ်လှီးပြီး ကျွေးပြန်ပါတယ်။ ခြံထဲမှာအပင်ရှိ တာကြောင့် ကျွန်မတို့မောင်နှမနှစ် ယောက် ကြိုက်သလောက်စားနိုင်ကြ တာပေါ့။ ကျွန်မတို့အားပါးတရ စားတာကို ကြည့်ပြီး ဘွားဘွားကြီး တစ်ယောက် ပြုံးနေတတ်တာပါ။
ကျွန်မသာ စောင်းလျားသီး ကြိုက်တာ မဟုတ်ပါဘူး။ မေမေ လည်း ကြိုက်တယ်ထင်ပါရဲ့။ ကျွန်မ တို့အိမ်အပြန်မှာ ဘွားဘွားကြီးက မေမေ့အတွက် စောင်းလျားသီးပေါ်ချိန် ဆိုရင် အမြဲထည့်ပေးလိုက်ပါတယ်။ မေမေက ကျွန်မတို့အိမ်ပြန်ရောက်သွား တာနဲ့ အသီးတွေထဲက ကြိုက်ရာရွေး ပြီး ရေဆေး၊ သေသေချာချာလှီးပြီး ရေခဲသေတ္တာထဲမှာထည့်စားလေ့ရှိတာကို တွေ့ရပါတယ်။
မေမေက ဘွားဘွားကြီးခြံက စောင်းလျားသီးက ကောင်းကြောင်း၊ အလုံးလည်းကြီးပြီးချိုကြောင်း၊ ဘယ် ကနဲ့မှမတူကြောင်း အမြဲပြောတတ်ပါတယ်။ ကျွန်မလည်း ဘွားဘွားကြီးခြံက စောင်းလျားသီးမှလွဲပြီး မစားခဲ့ဖူးပါဘူး။ ဘွားဘွားကြီး ဆုံးသွားပြီးနောက် လည်း ကျွန်မတို့ အဲဒီခြံထဲက စောင်းလျားသီးပဲ စားနေရတာပါ။
မေမေက စောင်းလျားသီးပေါ် ချိန်ဆိုရင် အိမ်ကလူလွှတ်ပြီး ခူးခိုင်း တာရှိသလို၊ ဘွားဘွားကြီးခြံက ပို့ခိုင်းတဲ့အခါလည်း ရှိပါသေး တယ်။ ကျွန်မကြီးလာတော့ ငယ်ငယ်ကလို စောင်းလျားသီး သိပ်မစားဖြစ်တော့ပါ ဘူး။ မေမေကတော့ စောင်းလျားသီး ကြိုက်တာမို့ လှီးပြီးအရင်လိုပဲ ရေခဲ သေတ္တာထဲထည့်ပြီးမှ စားတာကို တွေ့နေရပါတယ်။
မေမေက စောင်းလျားသီး တော် တော်ကြိုက်တယ်ထင်ပါရဲ့။ ဘွားဘွား ကြီးခြံက အသီးမရှိခဲ့ရင် အိမ်မှာ အတူ နေတဲ့ အန်တီဈေး သွားတဲ့အခါ မှာတာ ကိုကြားနေရပါတယ်။
''စောင်းလျားသီး အချိုဝယ်လာနော်။ အချဉ်တော့ဝယ်မလာနဲ့။ အချဉ်က အစိမ်းစားလို့ ကောင်းတာမဟုတ်ဘူး''လို့ ပြောနေသံ ကိုကြားမှ စောင်းလျားသီးအချဉ်နဲ့ အချိုရှိမှန်း ကျွန်မသိရပါတယ်။
အရင်တုန်းကတော့ ဘွားဘွား ကြီးခြံထွက်ပဲ စားနေရတော့ အချိုပဲ ရှိတယ်လို့ ကျွန်မက ထင်မိခဲ့တာကိုး။ တစ်နေ့ဈေးက အပြန် မှာ အန်တီစောင်းလျားသီးဝယ်လာတာကိုတွေ့ရပါတယ်။ အန်တီဈေးခြင်းချလိုက်တာနဲ့ မေမေက မှည့်မှည့်လေးတွေရွေး ၊ ရေဆေး၊ ထုံးစံအတိုင်း လှီးပြီးရေခဲ သေတ္တာထဲထည့်ထားလိုက်တာပါ။ နောက်မှ အေးအေးလေးအချိုစားမယ် လို့ ပြောသံကြားရပါတယ်။
ထမင်းစားပြီး အချိုထုတ်စား တော့မှ စောင်းလျားသီးက ချဉ်နေတာ ကိုး။ အချိုဝယ်လာဖို့မှာတာ အချဉ်ဖြစ် နေတာကြောင့် အန်တီ့ကို မေမေက ပြောတော့တာပါပဲ။ အန်တီက ဈေးသည်က အချိုဆိုပြီးပြောရောင်းလိုက်ကြောင်း၊ မြည်းလည်း မမြည်းကြည့် ရတော့ ချဉ်မှန်းမသိခဲ့ရကြောင်း ရှင်းပြ ပါတယ်။
မေမေက ချဉ်တာကြောင့် ကျွန်မ တို့ကို ငါးပိရည်နဲ့တို့စားခိုင်းပါတယ်။ အိမ်မှာက မရမ်းသီး၊ သရက်သီးတွေတောင်တို့စားကြတော့ ဒါလည်းစား ကောင်းမှာပဲဆိုပြီး ကျွန်မစမ်းစား ကြည့်ပါတယ်။ ကြိုက်တတ်သူတွေ တော့မသိပါဘူး။ ကျွန်မအတွက်ကတော့ ဘယ်လိုမှ စားမကောင်းပါဘူး။ အရည်များလွန်းလို့ထင်ပါရဲ့။ အတို့ အမြှုပ်လုပ်စားလို့မကောင်းဘူးလို့ ကျွန်မထင်ပါတယ်။
အိမ်မှာ စောင်းလျားသီးတွေ ရှိနေတာနဲ့ပဲ ကျွန်မ ငါးပိစိမ်းစားနဲ့ စောင်းလျားသီးငါးပိချက် ချက်ကြည့် လိုက်တယ်။ အိုးချခါနီး နံနံပင်နဲ့ ငရုတ်သီးစိမ်းထည့်လိုက်ပြီး စား ကြည့်တော့ ငါးပိချက်က စားကောင်း တာတွေ့ရတယ်။ ကျန်အိမ်သားတွေ ကလည်း တစ်မျိုးလေးစားကောင်း သားပဲလို့ ပြောကြပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံအိမ်မှာ စောင်းလျားသီး ငါးပိချက် ချက်စားဖြစ် သွားပြန်တယ်။
အခုတော့ အိမ်နီးနားချင်းတွေ အိမ်မှာ စောင်းလျားသီးပင် ရှိတာ ကြောင့် ကဆုန်လလောက်ကစပြီး စောင်းလျားသီးစားနေ ရပါပြီ။ စောင်းလျားသီးရတဲ့အခါမှာ ပထမတော့ ကျွန်မနဲ့ ညီမလေးယုတို့က လှီးပြီး မေမေ့လိုပဲ ရေခဲသေတ္တာထဲ အအေး ထည့်ပြီး စားဖြစ်ကြပါတယ်။ အလုံးတွေကကြီးတော့ တစ်ယောက်ကို တစ်လုံးနှစ်လုံးလောက်ပဲ စားနိုင်တာပါ။ ဒါကြောင့်ဘယ်လိုများ လုပ်စား ကြရင်ကောင်းမလဲလို့ ကျွန်မတွေးနေ မိတယ်။
နောက်မကြာခင်မှာပဲ စကားစပ် မိတာနဲ့ ကျွန်မသူငယ်ချင်းတစ် ယောက်က ကျွန်မတို့ခြံထဲမှာ သရက် သီးတွေရှိတာ ယိုထိုးစား ပါလား။ နည်းပေးမယ်။ ထိုးပြီးကြာကြာထား စားလို့ရတယ် လို့ပြောပါတယ်။ တကယ်တော့ ကျွန်မတို့အိမ်မှာက ကြာကြာထားစား ကြမှာမဟုတ်ပါဘူး။ ယိုထိုးပြီးတာနဲ့ မြန်မြန်ကုန်မှာပါ။ သရက်သီးယိုထိုးတတ်တော့လည်း ဘုရားဆွမ်းတော်တင်ရတာပေါ့လို့ သူငယ်ချင်းကို ကျွန်မနည်းတောင်း လိုက်ပါတယ်။
သူငယ်ချင်းက သရက်သီးတင် မကဘူး၊ နာနတ်သီး၊ စောင်းလျားသီး တို့လည်း ထိုးစားကြည့်ပေါ့လို့ ပြောပါ သေးတယ်။ ဒါနဲ့တစ်နေ့တော့ အိမ်နီး ချင်းအိမ်ကိုသွားပြီး စောင်းလျားသီး တောင်းလိုက်ပါတယ်။ ကျွန်မတို့ ညီအစ်မနှစ်ယောက် ယိုထိုးကြည့်မယ် စိတ်ကူးမိလို့ပါပဲ။
စောင်းလျားသီးက သရက်သီးနဲ့ မတူပါဘူး။ အရည်တော်တော်ရွှမ်းတဲ့ အသီးမို့ ယိုထိုးလိုက်တဲ့အခါ အရည်တွေက ထိုးရင်း ထွက်ထွက်လာတော့တာပါပဲ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားပြီး နောက်ဆုံးအဖတ်တွေကိုဆယ်ထားလိုက်ပြီး အရည်ကိုကြို လိုက်ပါတယ်။ ခန်းခါနီးလောက် မှ အဖတ်တွေကို ပြန်ထည့်မွှေလိုက်တော့ အရည်စိုစိုလေးနဲ့စောင်းလျားသီးယိုတော့ဖြစ်သွား လို့ တော်သေးတာ ပေါ့။
မေမေဆွမ်းတော်တင်ဖို့ အန်တီ ဈေးကနေစောင်းလျားယို ဝယ်ပေး တတ်ပါတယ်။ ရောင်းတမ်းဆိုတော့ လည်း စောင်းလျားသီးက ရှည်ရှည် တောင့်တောင့် ခြောက်ခြောက်နဲ့ လှနေတာပါ။ ကျွန်မတို့အိမ်မှာ ယိုထိုးကြ တာကတော့ ရှည်ရှည်တွန့်လိမ်တွန့် လိမ်နဲ့ အမြင်မှာမလှပေမယ့် စား ကောင်းတယ်လို့တော့ ပြောရမယ်။
နောက်တော့ ညီမလေးယုက အကြံရပြီး အရင်ကလိုသကြားနဲ့ စောင်းလျားသီးကို ယိုမထိုးဘဲ ထန်း လျက်နဲ့ ထိုးကြည့်ပြန်ပါ တယ်။ ယု ကကျွန်မကို
''ထန်းလျက်နဲ့ဆို ဆေးဖက် ဝင်တာပေါ့ မမရဲ့။ ဒါမှ အရသာက လေးလေးနေမှာ''လို့ ပြောပါတော့ တယ်။ ယု ထန်းလျက်နဲ့ထိုး တာက လည်း တစ်မျိုးစားကောင်းနေပြန် တယ်။
ယုက ဆေးဖက်ဝင်တယ်ဆို တော့မှ ကျွန်မသတိရမိပါတယ်။ စောင်းလျားသီးဟာ သူ့ချည်းသက် သက်လည်း စားသင့်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ သူ့ထဲမှာက ဗီတာမင်စီနဲ့ antioxidant များတာကိုး။ ဗီတာ မင်စီပါတော့လည်း နာမကျန်းမှုကို ကာကွယ်ပေးတဲ့အပြင် ကိုယ်ခံအား ကိုအားပေးတာပါ။ ဒါပေမယ့် သူ့ထဲ မှာက antioxidant ပါတာကြောင့် ကျောက်ကပ် မကောင်း သူများဆိုရင် တော့ မစားသင့်ပါဘူး။ (ကျောက် ကပ်မှာ ကျောက်တည်သူ၊ ကျောက် ကပ်အလုပ်မလုပ် သူ၊ ကျောက်ကပ် ဆေးနေ ရသူများကိုဆိုလိုပါတယ်)
စောင်းလျားသီးကို ဈေးမှာရောင်း တာကို ကျွန်မသိပ်မတွေ့တတ်ပါဘူး။ တွေ့ခဲ့ရင်လည်း ခပ်စိမ်းစိမ်းလောက် သာ တွေ့တာများ ပါတယ်။ ကျွန်မတို့ က အဝါရောင်သန်းပြီး မှည့်တာကိုမှ စားကောင်းတာကြောင့် ဈေးမှာရှာပေ မယ့် မတွေ့ရပါဘူး။ ခြံတွေကရမှပဲ အမှည့်စားရတာပါ။
(ဆက်လက်ဖော်ပြပါမည်။)
ဒေါက်တာခင်လက်ျာ