2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
တက္ကသိုလ်စိန်တင်ရဲ့တက္ကသိုလ်စိန်တင် (၅၃)

မင်းဘူးမြို့က ကလေးဘဝ
    မောင်စိန်တင်ကလေး၏ မင်းဘူး မြို့တွင် ကြုံတွေ့ခဲ့ရသည်များ ဆက် ၍ပြောချင်ပါသေး၏။
ဒေါ်တင့်စိန်
    မင်းဘူးမြို့၊ အစိုးရအထက်တန်း ကျောင်း၊ ပဉ္စမတန်းတွင် မောင်စိန်တင်၏ မြန်မာစာ စာစီစာကုံးများကို တော်ဟု အမြဲ အမှတ်ပေး အားပေးခဲ့ သော ဆရာမ ဒေါ်တင့်စိန်အကြောင်း ရေးသားချင်ပါသေး၏။ ချောမောလှပ ၍၊ အမြဲပင် ပြုံးပြုံးရွှင်ရွှင်မြင် ရသော ဆရာမ မှာ နေ့စဉ် နှင်းဆီပန်းနီနီတစ် ပွင့်ကို ခေါင်းတွင်ပန်မြဲဖြစ်သည်။ ဖြူ ဝင်းသောအသား၊ ပြုံးရွှင်သော မျက်နှာ၊ ချောမော လှပသော ရုပ်ဆင်းသွင်ပြင်နှင့် ဦးခေါင်းဆံပင်တွင် ပန်ဆင်လိုက်သော နှင်းဆီပန်းနီနီမှာ အလွန်ပင်မဟာဆန်၍ တင့်တယ်ရှုမောဖွယ်ဖြစ် ပါချေ ၏။ ထို့ပြင် မည်သည့်အခါမျှ တပည့်များကို ဆူပူကြိမ်းမောင်းအပြစ်တင်ပြောဆိုခြင်းမရှိ။ မသင့်တော်သည့် အရာကိုတွေ့လျှင် ၊ မြင် လျှင် ညင်ညင်သာသာ ပြောဆိုဆုံးမလေ့ရှိသော အလယ်တန်းပြဆရာမဒေါ်တင့်စိန်ကို တပည့်ကျောင်း သူ၊ ကျောင်း သား တိုင်းက ပင် ချစ်ခင်လေးစားလျက်ရှိကြပေသည်။

နှစ်ပေါင်းနှစ်ဆယ်ကျော်
    ပြောရဦးမည်။ အဲသည့်ကျေးဇူး ရှင် ဆရာမ ဒေါ်တင့်စိန်နှင့် တပည့် မောင်စိန်တင်တို့သည် ၁၉၇၅ ခုနှစ် ဆိုကြပါ စို့။ နောင်နှစ်ပေါင်းနှစ်ဆယ် ကျော်အကြာတွင် ဒုတိယအကြိမ်ပြန် လည်တွေ့ဆုံ ဂါရဝပြုခွင့်ကြုံခဲ့ပြန်ပါ သည်။ ထိုအခါတွင် တပည့်မောင်စိန် တင်ကလေးမှာ တက္ကသိုလ်စိန်တင် အဖြစ် တိုင်းပြည်က အသိအမှတ်ပြု သော သမိုင်း၊ နိုင်ငံရေး အတ္ထုပ္ပတ္တိ ရေး စာရေးဆရာဖြစ်နေပါပြီ။ ဆရာမ ဒေါ်တင့်စိန်မှာလည်း ထိုအခါ၌ မဟာ ဝိဇ္ဇာဘွဲ့ရရှိပြီး ရန်ကုန်တက္ကသိုလ် သမိုင်းဌာနတွင် ကထိက ရာထူးဖြင့် တင့်တင့်တယ်တယ် ခန့်ထယ်စွာ နိုင်ငံတာဝန်ကို ထမ်းဆောင်နေပါပြီ။

အိုဘယ့်အနော်ရထာပဲ
    ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလတွင် တပည့် တက္ကသိုလ်စိန်တင်သည် အိုဘယ့်အနော်ရထာ စာအုပ်ရေးပြီး လိုအပ်သော ပုဂံညောင်ဦးရှိ သမိုင်းဝင် ဓာတ်ပုံများရိုက်ကူးလေ့လာရန် ပုဂံသို့ သွားရန်ရှိ၏။ ပုဂံညောင်ဦးသို့ ခရီး ထွက်ခါနီးတွင် လေးစားခင်မင်သော ငယ်ဆရာမ ဒေါ်တင့်စိန်ကို ရန်ကုန် တက္ကသိုလ်သို့ တက္ကသိုလ်စိန်တင် ဂါရ ဝပြုသွားနှုတ်ဆက်ရင်း ''ဘာများညွှန် ကြားအကြံပေး ပါဦးမည်လဲ''ဟု မေး မြန်းမိသည်။ ဆရာမကပြောလေ၏။ ''မောင်စိန်တင်က တိုင်းပြည်ရဲ့အသိ အမှတ်ပြု စာရေးဆရာဖြစ်နေပြီ။ ဆရာမတို့က ဘာမှထပ်ပြီး ညွှန်ကြား ဖို့မရှိပါဘူး။ လိုအပ်သမျှကိုသာ ရှာဖွေ သုတေသနပြုနိုင်ပါစေကွယ်''

မင်းဘူးမြို့သူ
    အသက်အရွယ် ၅ဝတန်းရောက် သော်လည်း ချောတုန်း၊ လှတုန်း မင်း ဘူးမြို့သူ ဆရာမ ဒေါ်တင့်စိန်က ပြုံး၍ပြောလေသည်။ တပည့်မောင်စိန် တင်သည် ပုဂံညောင်ဦးမြို့ရောက်ခဲ့စဉ် တွင် တည်းခိုနေစဉ် ''မောင်တို့ကြား ကုန်လော့၊ မယ်တို့ကြား ကုန်လော့၊  ရှေးဖျားပုဂံမြေမှာဖြင့်'' အစချီသော ဆရာကြီးဇော်ဂျီ၏ ရှေးခေတ်ပုဂံပြည် ကဗျာကလေးများရေးသားထားသော ပုဂံ အမှတ်တရ Post Card  ကတ်ပြား လှလှကလေးများကို ဆရာမဒေါ်တင့် စိန်ထံ စာတိုက်က အမှတ်တရပေးခဲ့ ၏။ ၁၉၇၆ ခုနှစ်တွင် ချင်းတွင်းစာအုပ်တိုက်မှ အိုဘယ့်အနော်ရထာ စာအုပ်ထုတ်ဝေသောအခါ ငယ်ဆရာ မ ကျေးဇူးရှင်၊ သမိုင်းဌာန ကထိက ဒေါ်တင့်စိန် သို့ တပည့်၏ ကန်တော့ လက်ဆောင်ဟု ရေးသားပြီး လက် မှတ်ထိုး လက်ဆောင်ပေးခဲ့သည်။ ယခုအခါတွင် အသက် ၆ဝ ကျော် အချိန်။ ဆရာမဒေါ်တင့်စိန် ကွယ်လွန် ရှာပြီ။ ကျေးဇူးရှင်ဆရာမကို ဤစာစု ဖြင့် တပည့်မောင်စိန်တင် ကန်တော့ ပါ၏။

ဆရာသိန်း
    ရေးလက်စနှင့် မင်းဘူးမြို့တွင် ပညာသင်ကြားခဲ့စဉ်က ကြုံခဲ့ရသော ကျေးဇူးရှင် ဆရာတစ်ဦး၊ နှစ်ဦး၊ သုံး လေးဦးကို တင်ပြရေး သားချင်ပါသေး ၏။ ယခင်တစ်ပတ်က ဖော်ပြခဲ့သော ဆရာကြီး ဆရာသိန်းအကြောင်းက စတင်ပြောချင်ပါသည်။ ဆရာသိန်းမှာ ရခိုင်တိုင်းရင်းသားဟု ထင်ပါသည်။ ခါးတွင် ပုဆိုးကို အမြဲခါးပတ်ပတ် ထားသည်။
    ဆံပင်နက်နက်ထူထူ ဥပဓိရုပ် အလွန်ခန့်သည်။ အသားဖြူသည်။ စာသင်နေလျှင် မာန်နှင့်ဋ္ဌာန်နှင့် အသံ ကျယ်ကျယ် သင်သည်။ တစ်ကြိမ်တွင် စာသင်နေသော ဆရာသိန်းကို တပည့်မောင်စိန်တင် စူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။ ဆရာသိန်းက ''ဟုတ်တယ် မဟုတ်လား'' ဟု မေး လိုက်သည်ကို တပည့်များက ''ဟုတ် ပါတယ်''ဟု ပြန်ဖြေကြသည်။ ဆရာသိန်းသည် တပည့်မောင်စိန်တင် မျက်နှာကိုမြင်၏။ ဟုတ်ပါတယ်ဟုပြန်ပြောသူတွေအသံထဲမှာ စိန်တင့်အသံမကြားရ။ ဆရာသိန်း နည်းနည်းတော့ ဒေါပွသွား သည်ထင်ပါရဲ့။ ဆရာသိန်းက စိန်တင်ကို မျက်နှာသို့ လက်ညှိုးထိုးပြီး ပြောလိုက်သည်မှာဤသို့။
    ''စိန်တင်၊ အိမ်က ကြက်မ ဥမှ ဥပါ့မလား စဉ်းစားနေသလား''
    ''ဝါး...ဟား...ဟား''

ထိတ်လန့်၍ရယ်
    ဆရာသိန်း၏ အော်ပြောသံကို ကြားရသောအခါ ကျောင်းသား၊ ကျောင်းသူတွေ ဝါးခနဲရယ်မောကြ ၏။ စိန်တင်လည်း ထိတ်လန့် သွားပြီး ရောနှော၍ရယ်မိရှာသည်။ ဟုတ်ပါရဲ့နော်။ ဘာဖြစ်လို့များ ဆရာသိန်း မျက်နှာကြည့်နေပြီး ဆရာကမေးခွန်း ထုတ်တာ ဟုတ်ပါတယ် မဖြေမိပါ လိမ့်။ ညံ့တဲ့စိန်တင်။
    ဆရာသိန်းသည် ၁၉၆ဝ ပြည့် လွန်၊ နှစ်တစ်နှစ်တွင် ရန်ကုန်မြို့၌ နာဖျားမကျန်းဖြစ်ကာ ကွယ်လွန်ရှာသည်။ တပည့်မောင်စိန်တင် သည် ကျေးဇူးရှင် ငယ်ဆရာ ဆရာသိန်းကို ဦးခိုက်ကန်တော့ရန်အတွက် ရန်ကုန် မြို့၊ ကြံတောသုသာန်သို့ ရောက်ခဲ့ သေးသည်။ ဆရာသိန်း ကွယ်လွန်စဉ် က ရာထူးတိုးမြှင့်၍ မြို့နယ်ပညာရေး မှူးဖြစ်နေပြီ။ ဆရာသိန်းသည် ငယ်စဉ် က တင်းနစ်ဘောလုံးကစား သူ၊ အား ကစားသမားဖြစ်၏။ စိန်တင်၏ဖခင် ဆရာညွန့်နှင့် တင်းနစ်ဘောလုံးကစား ကြသည်ကို မြင်ဖူးသည်။ ကျေးဇူးရှင် ဆရာသိန်း မည်သည့်ရောဂါဖြင့် အသက်အရွယ်သိပ်မကြီးမီ ကွယ်လွန်ရှာပါလိမ့်။ မသိရှိရပါ။ စေတနာ သဒ္ဓါ မေတ္တာ ကြီးမားသောကျေးဇူးရှင် ဆရာသိန်းကို ဤစာစုဖြင့်ပင် အမှတ် တရ ကန်တော့ရပါ၏။

ဆရာဦးစံမြင့်
    ဆရာသိန်းနှင့်အတူ ကြည်ဖြူ ခင်မင်လေးစားရသော အခြားဆရာ တစ်ဦးမှာ ဆရာဦးစံမြင့်ဖြစ်လေသည်။ ဆရာဦးစံမြင့်လည်း တပည့်များအပေါ် တွင် ခင်မင်ကြင်နာစွာ ဆက်ဆံပြော ဆို စာပေသင်ကြားသူဖြစ်ပါ၏။ ဆရာ ဦးစံမြင့်စာသင်လျှင် ကျောက်သင်ပုန်း ကြီးတွင် ရေးသားသင်ပြစရာကုန်လျှင် တပည့်များ၏ စာသင်ခုံများအကြား လျှောက်လာပြီးလျှင် စာသင်ခုံတစ်ခု တွင် တင်ပါးလွှဲ ထိုင်၍ စာအုပ်ကိုကိုင် ကာ သင်၏။ ဆရာဦးစံမြင့် တစ်ကြိမ် တစ်ခါက ပြောခဲ့ဖူးသည်မှာ ဤသို့။
မိုးမှောင်၊ သန်းခေါင်
    ''တို့များ ကျောင်းသားဘဝ တုန်းက ကျောင်းမှာ ဆရာကြီးက ကြိမ်လုံးနှစ်လုံးဆောင်ထားတယ်ကွ။ ကြိမ်လုံးတစ်လုံးရဲ့နာမည်က မိုးမှောင် တဲ့။ နောက်ကြိမ်လုံးတစ်လုံးရဲ့ နာ မည်က သန်းခေါင်တဲ့။ ကြိမ်လုံးနှစ် လုံးကို ဆရာကြီးက ကျောင်းရုံးခန်း ဘီရိုထဲမှာ ထားတယ်။ တပည့် တစ် ယောက်ကို အပြစ်ဒဏ်ပေးဖို့ ကြိမ်လုံး နဲ့ဆော်တော့မယ်ဆိုရင် ဆရာကြီးက တပည့်မိုက်ကို လက်ပိုက်ရပ်စေပြီး တော့ မေးခွန်းထုတ်တယ်''
    ''ကဲ-တပည့်။ တပည့်ကို ကြိမ်ရိုက်ဒဏ်ပေးရတော့မယ်။ ကြိမ် လုံးနှစ်လုံးထဲက မိုးမှောင်ကိုကြိုက်သ လာ၊ သန်းခေါင်ကို ကြိုက်သလား ပြော''
    ''အဲဒီအချိန်မှာ ကြိမ်အရိုက်ခံရ မယ့် တပည့်က ကြောက်ကြောက် လန့်လန့်နဲ့ မိုးမှောင်နဲ့ရိုက်ပါ၊ ဒါမှ မဟုတ် သန်းခေါင်နဲ့ ရိုက်ပါလို့ ပြောလို့ ကတော့ ဘီရိုထဲက ထုတ်လာတဲ့ ကြိမ်လုံးဆွဲယူပြီး ဆော်တော့တာပဲကွ။ မိုးမှောင်ဆိုတဲ့ ကြိမ်လုံးက သေးသေး သွယ်သွယ်။ ဒီကြိမ်နဲ့ရိုက်ရင် ကြိမ်က အသားထဲစူးနစ်သွားပြီး တအား နာ တာပဲကွ။ အဲ-သန်းခေါင်ဆိုတဲ့ ကြိမ် လုံးကတော့ ခပ်တုတ်တုတ်ပဲ။ ဒီ ကြိမ်နဲ့ရိုက်ရင်လည်း ကြိမ်လုံးက တုတ်တော့ ဘယ်လိုရိုက်ရိုက် နာတာ ပါပဲကွ''

အကျဉ်းခံသီပေါ
    ဆရာဦးစံမြင့်ပြောပြသော မိုး မှောင်နှင့် သန်းခေါင်ကြိမ်လုံးနှစ်လုံး ကို နမူနာတင်၍ နောင်အခါတွင် တက္ကသိုလ်စိန်တင်ရေးသား ဘာသာ ပြန်စာအုပ် အကျဉ်းခံသီပေါတွင် အမှာ စာရေးရာ၌ ထည့်သွင်းရေးဖူးလေ၏။

တက္ကသိုလ်ဝင်တန်းအောင်
    တက္ကသိုလ်စိန်တင် မင်းဘူးမြို့ အစိုးရအထက်တန်းကျောင်းမှ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်ခဲ့ ၏။ ထို့နောက်တွင် ရန်ကုန်၌ ကျင် လည်ရင်း ငယ်ဆရာများနှင့် ပြန်မ တွေ့ဖြစ်ပါ။ မိုက်မဲလှသော စိန်တင်ပဲ။ ဆရာဦးစံမြင့်အကြောင်း နိဂုံးမချုပ်မီ ဆရာပြောပြဖူးသူတစ်ဦး အကြောင်း ပြောပြချင်သေးသည်။

နာမည်မေ့နပြီ
    ''တို့ငယ်ငယ် ကျောင်းနေစဉ် မှာ တစ်နှစ်တစ်ခါ ရောက်လာတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိခဲ့ဖူးတယ်။ သူ့နာမည် က ဦး...တဲ့။ (ဆရာပြောသော နာမည်ကို မေ့နေပြီ)။
    သူက တစ်နှစ်မှာတစ်ခေါက် မင်းဘူးမြို့ကို ရောက်ရောက်လာ တယ်။ သူရောက်လာတဲ့အခါ ဒီမင်းဘူးအထက်တန်းကျောင်းကြီး ကို ဆယ်ပတ်ပတ်ပြီး လမ်းလျှောက် တယ်။ ဒီကျောင်းတော်ကြီးရဲ့ ကျေးဇူးကြောင့် ဆယ်တန်းအောင်ခဲ့ ပြီး ယခုဘွဲ့ရ၊ နိုင်ငံဝန်ထမ်း ခွင့်ရတာ တဲ့။ ပြောပြတယ်။ အစိုးရအမှုထမ်း အဖြစ် ဘယ်မြို့ရောက်နေနေ၊ နှစ်စဉ် လာနေကျအချိန်ကျရင် မင်းဘူးမြို့ကို သူရောက် လာခဲ့တာပဲ။ အဲဒီလို သူ ရောက်လာတဲ့အခါတိုင်း ဒီမင်းဘူး အထက်တန်းကျောင်းကြီးကို ဆယ် ခေါက်ပတ်ပြီး လမ်းလျှောက် တယ်။ ကျောင်းတော်ကြီးရဲ့ ကျေးဇူးကို အထူးသိမြင်မှတ်တမ်းတင်တဲ့သူပေါ့ ကွာ''

စံနမူနာတင်သင့်
    ဆရာဦးစံမြင့်ထံက မှတ်မိခဲ့ရ သော မင်းဘူးမြို့ ကျောင်းတော်ကြီး ကို ကျေးဇူးဆပ် အမှတ်တရရှိနေသူ ပုဂ္ဂိုလ်ကြီး အကြောင်း မှာ နှောင်းလူတို့ စံနမူနာတင်လောက်စရာပင်။ ကဲ၊ သည်တော့ မေးချင်ပါပြီ။ စိန်တင် ကော မင်းဘူးမြို့က ဆယ်တန်းအောင်ခဲ့တဲ့ အထက်တန်းကျောင်းကြီး ကို ဘယ်လိုများကျေးဇူးဆပ်ခဲ့ဖူးပါ သလဲ။ ရှက်ရှက်နှင့်ပြောပါရစေ။ မှတ် မှတ်သားသား ရှိထားရအောင် ဘယ် သို့သော ကျေးဇူးဆပ် ဆောင်ရွက်မှု မျိုးမှ မပြုခဲ့သေးဘဲ အသက်ပဲ ၇ဝ တန်းကျော်ခဲ့ပါပြီကောခင်ဗျာ။ နာပါ့ ကွာ။ ဖိုးစိန်တင်ရာ။

မျက်စိကွယ်ရှာ

    စိတ်မကောင်းစရာ သတင်းတစ် ရပ်မှာ မောင်စိန်တင်တို့၏ ငယ်ဆရာ ဦးစံမြင့်မှာ အငြိမ်းစားယူပြီးမှလား၊ မယူသေးမီလား မသိပါ။ မျက်စိနှစ် လုံး လုံးလုံးကြီးကွယ်သွားသည်တဲ့။ ကြားရသိရ၏။ ယခုတော့ ကွယ်လွန် ရှာပါပြီ။ ဆရာဦးစံမြင့်မှာ မမြသိန်း ဆိုသော သမီးလိမ္မာကလေး တစ်ဦးရှိ တာသတိရသေးသည်။ ၂ဝဝ၃ ခုနှစ် က မင်းဘူးမြို့သို့ခေတ္တပြန်ရောက်စဉ်က ဆရာ့သတင်း မပေးခဲ့ရ၍ နောင် တဖြစ်မိပါသေးသည်။ ငယ်ဆရာ ကျေးဇူးရှင် ဆရာဦးစံမြင့်ကို ဤစာစု နှင့်ပင် ဦးတင်ရှိခိုးကန်တော့လိုက်ပါ သည် ဆရာ။

ထပ်ပြီးဖတ်ကြပါ
    သြော်၊ ယခင်ရေးပြီးသားစာစု တွင်ပါဝင်ပြီးပြီလား၊ မပါသေးဘူး လား မမှတ်မိပါ။ ရေးပြီးသားဆိုလျှင် လည်း ထပ်ပြီးဖတ်ကြ ပါတော့ ခင်ဗျ။
    တက္ကသိုလ်စိန်တင်၏ တက္က သိုလ်စိန်တင် စာအုပ်မှာ တစ်နေ့တွင် ပေါင်းချုပ်ထုတ်ဝေသည့်အခါ အပို အလို တည်းဖြတ်ပါမည်။ ယခုတော့ ပြောချင်တာကလေးရေးပါရစေဦး။

ပန်းချီနည်းပြ
    မင်းဘူးမြို့သို့ရောက်ပြီး တစ်နှစ် ပင်မကြာသေးပါ။ ညောင်ဦးမြို့က အဖေဆရာညွန့်သည် မင်းဘူးသို့လိုက် လာပြီး ပထမတွင် အမေ့ညီမ ဒေါ်ပြုံး ၏ခင်ပွန်းဖြစ်သူ ဦးပွင့်၏ ပွဲရုံ၌အလုပ် ဝင်သည်။ နောက်တော့ မင်းဘူးမြို့ အစိုးရအထက်တန်းကျောင်းတွင် အလယ်တန်းပြ ဆရာတာဝန်ဖြင့် ပန်းချီနည်းပြအရပ်အခေါ် ပုံဆွဲဆရာ အဖြစ် တာဝန်ယူရလေသည်။ မင်းဘူး မြို့၊ အစိုးရ အထက်တန်းကျောင်းတွင် အဖေအလုပ်ဝင်ပြီ။

ရွှေစက်တော်လေ
    မကြာမီ တပို့တွဲလပြည့်နေ့သို့ ရောက်လေသည်။ မင်းဘူးမြို့တွင် တပို့တွဲလပြည့်ခါနီး တိုက်ခတ်သော ဆောင်းလေ ကို ရွှေစက်တော်လေဟု ခေါ်ကြသည်။ နှစ်စဉ် တပို့တွဲလပြည့် နေ့မှစ၍ တပေါင်းလပြည့်ကျော် တန်ခူးလသင်္ကြန်ချိန်နီးသည်အထိ မန်းစက်တော်ရာဘုရားပွဲ ကျင်းပမြဲ ဖြစ်ပေသည်။ မန်းစက်တော်ရာ ဘုရား မှာ မင်းဘူးမြို့နှင့် မိုင် ၃ဝ ခန့်ဝေးကွာ လှပေရာ လမ်းတစ်ဝက်ကို ကားဖြင့် သွား၍ နောက်လမ်းတစ်ဝက်ကို နွား လှည်းဖြင့်ဖြစ်စေ၊ ခြေကျင်ဖြစ်စေ သွား ကြရပေသည်။ ယခုအခါတွင် မင်းဘူးမြို့မှ မန်းစက်တော်ဘုရားအထိ ကားများဖြင့် နေ့ချင်းပြန်သွားနိုင်ကြ ပေပြီ။ ထိုနှစ်က မောင်စိန်တင်တို့ မိဘများက မင်းဘူး မန်းစက်တော်သို့ ဘုရားဖူးပို့မည့်ဟုသိရ၍ ပျော်ရ၏။
    ဘုရားဖူးသွားမည့်နေ့တွင် မင်း ဘူးမြို့မှ နံနက် ၆ နာရီခန့်တွင် ကား များဖြင့် ထွက်ကြလေသည်။ မောင်စိန် တင်တို့ မိသားစု၌ အဖေဆရာညွန့်၊ အမေစု၊ မမဝင်းဝင်းကြည်၊ မောင် စိန်တင်၊ ခင်ဌေးလှ၊ ခင်စန်းလှနှင့် မီးဖွားပြီးစ သုံးလေးလသားကလေး ညီငယ်လေး မောင်ဝမ်းမြင့်ပါလာလေ သည်။

ကိုထွန်းရှိန်
    ကားနောက်တွင် ခိုစီးလာကြ သော လူပျိုကာလသားများထဲတွင် ဆယ်တန်းကျောင်းသား ကိုထွန်းရှိန် (နောင် ဘီအက်ဒီ သစ်တောဘွဲ့ရ)ကို မှတ်မိ၏။ လူငယ်တွေက သီချင်း တကြော်ကြော်အော်ဆိုလာကြသည်။ မင်းဘူးမြို့နှင့် ဆယ်မိုင်ကွာ စကုမြို့ ကိုကျော်လျှင် ကားသည် ဆည်တော် အထိ ဆက်မောင်းသည်။ မင်းဘူးမြို့ ပတ်ဝန်းကျင်မြို့များမှာ ဆည်ရေ သောက်လယ်များရှိ၍ စပါးများဖြစ် ထွန်းလေ၏။
မယားတစ်ခုလပ်ပါ
    ဆည်ရေသောက်လယ်ကွက်မှ ထွက်သော စကုဗျတ်အမည်ရှိ စပါး မှာ အလွန်စား၍ကောင်းသည်ဟု အဆိုရှိ၏။ သူတို့စကုက ဆိုကြမိန့် ကြသော စကားမှာ စပါးစကုဗျတ် မယားတစ်ခုလပ်တဲ့ဗျ။
    စကုဗျတ်စပါးကထွက်သော စကုဗျတ်ဆန်ကစား၍ ကောင်းသလို တစ်ခုလပ်မယားက ပေါင်းသင်း၍ ကောင်းသည်ဆိုပဲ။ ကြားဖူး တာရေးရ ခြင်းပါခင်ဗျ။ ဘယ်လောက်များ ပြော စကားမှန်သည် မမှန်သည်လည်း စာရေးဆရာမှာ အတွေ့အကြုံမရှိ၍  မသိပါ။ (တလွဲမထင်စေချင်၊ စကု ဗျတ်ဆန်မစားဖူးတာပြောတာ)
    စကုမြို့ကျော် ဆည်တော်စခန်း ရောက်တော့ ဆည်တော်သခင်မ နတ် နန်းဆိုတာရှိသည်။ လှည်းတွေ၊ ကား တွေ ဆည်တော်သခင်မ နတ်နန်းသို့ ဝင်၍ကန်တော့ကြရသည်တဲ့။ ဆည် တော်သခင်မ သမိုင်းသီးခြားရှိပါလိမ့် မည်။ စာရေးဆရာမသိပါ။
နွားလှည်းများဖြင့်
    ဆည်တော်မှ မန်းစက်တော် ဘုရားအထိကတော့ နွားလှည်းများ ငှားစီးကြရသည်။ လူကြီးတွေကဖြင့် သီချင်းတကြော်ကြော်ဖြင့် လှည်းပေါ် မှာပါလာသော အပျိုချောတွေကြား အောင် သီချင်းဆိုလာကြသည်။ သူတို့ လူပျိုလူလွတ်တွေ သီဆိုကြသော သီချင်းမှာ ယခုအခါ င်္ြ ရေဒီယိုများ ၌ ခေတ်စားနေတာ၊ မကြာခဏကြား ရပါ၏။ သီချင်းကဒီလို။
    ''ဟိုရှေ့က ကညာပျိုရယ် ရုပ် ဆင်းကချောလှတယ်။ တောရပ်နဲ့ မတော်ဘူးထင်တယ်။ မြို့ကိုသာ မောင်ခေါ်မယ်''တဲ့။ ဒါပဲ မှတ်မိ၏။
    ထိုစဉ်က မောင်စိန်တင်လည်း လူကြီးတွေနှင့်အတူ လမ်းဝင်လျှောက် သည်။ တောင်ဆင်း တောင်တက် တွေများလွန်းသဖြင့် ထိုစဉ်က ကားလမ်းမပေါက်သေးခြင်းပင်။ လမ်းလျှောက်ရင်းမောလာသော ၁၁ နှစ်သား မောင်စိန်တင် ဝတ် ထားသော ပြည်သူ့ရဲညွန့် ကာကီယူနီဖောင်း ဗိုလ်ချုပ်ဝတ်စုံမှာ ချွေးတွေရွှဲနေပြီ။ တစ်နေရာတွင် သင်္ဘောဆီးဖြူသီးတစ် လုံး ဘယ်လှည်းပေါ်က ကျနေသည် လဲမသိ။ ကောက်ရ၍ စားမိ၏။ ချဉ် ချဉ်ဖြုန်းဖြုန်းကလေး။ အမောပြေသွား တာ ယခုပင်ပြန်လည်သတိရမိပါ သေးတော့သည်။ ယခု မြောက်ဒဂုံ ခြံထဲတွင် သင်္ဘောဆီးဖြူပင်စိုက်ထား ရာ ရှင်မလားမသိသေးပါ။ ထားပါ။

ဗုဒ္ဓခြေတော်ရာနှစ်ဆူ
    ထိုစဉ်က ဆည်တော်မှ မန်းစက် တော်သို့သွားရာ မွန်းလွဲတစ်နာရီခန့် တွင် မန်းစက်တော် တဲတန်းလျား ကြီးများသို့ ရောက်၏။ အထက် စက်တော်ရာနှင့် အောက်စက်တော် ရာဟူ၍ ဗုဒ္ဓခြေတော်ရာအစစ်နှစ်ဆူ ရှိနေရာ အထက်စက်တော်ရာ မှာ စောင်းတန်း အမြင့်ကြီးက တက်ကြရ ၏။
    သို့သော် အထက်စက်တော်ရာ၌ ဗုဒ္ဓခြေတော်ရာအစစ်ကို မဖူးမြင်နိုင်။ ခြေတော်ရာကို ငုံ၍တည်ထားသော ရွှေစေတီကိုသာ ဖူးခွင့်ရ၏။ ဗုဒ္ဓမြတ်စွာဘုရား၊ သုနာပရန္တတိုင်းသို့ ကြွ ရောက်ခဲ့စဉ်ကပင် သစ္စဗန္ဓရသေ့ကြီး တောင်းပန်၍ ဗုဒ္ဓချမှတ်ပေး ခဲ့သော ခြေတော်ရာဟု သမိုင်းက ဖော်ပြလေ၏။

နမန္တာနဂါးမင်း
    အောက်စက်တော်ရာမှာကား မန်းချောင်းနံဘေး၌ နမန္တာနဂါးမင်းက ဗုဒ္ဓမြတ်စွာဘုရားအား ရှိခိုးဦးခိုက်၍ တောင်းပန်သောကြောင့် ချထားခဲ့သော ဗုဒ္ဓခြေတော်ရာအစစ် ရွှေသင်္ကန်းထု အထပ်ဖြင့် တင့်တယ်ကြည်ညိုဖွယ် ကောင်းလှပါပေ၏။
    မန်းစက်တော်ဘုရားပွဲကြီးမှာ ယခုအခါ ရက် ၆ဝ နီးပါးကျင်းပ၍ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ကြ၍ မန်းချောင်းရေကြည် ကြည်အေးအေးကို စိတ်တိုင်းကျချိုးရ သည့် အရသာမှာ မည်သည့်စည်းစိမ် နှင့်မျှ မလဲနိုင်ပါ။
တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.