ကျိုးအန်းလိုင် ကွယ်လွန်ခြင်း ဖြစ်စဉ် အစ-အဆုံး(၂၄)
၁၉၇၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်ကနေ ၇ ရက်နေ့ ကျိုးအန်းလိုင် မှာ အသက်ငွေ့ငွေ့သာ ကျန်တော့တဲ့ အချိန်ပါပဲ။ အဲဒီရက်တွေမှာ သူမေ့ မြောနေတာက များပါတယ်။ တစ်ခါ တစ်ရံ မျက်လုံးပွင့်လာပေမယ့် ဘာကို မှ အာရုံထားခြင်းမရှိတော့ပါဘူး။ ဘာမှ တုံ့ပြန်မှု မရှိတော့ပါဘူး။ သူ့မှာ အတွေးတွေရပ်တန့်သွားပြီနဲ့တူပါတယ်။ ကျွန်တော်တို့လည်း သူ့ကို အရေးကြီး သတင်းတွေဖတ်ပြတာ၊ စာရွက်စာ တမ်းတွေ ဖတ်ပြတဲ့အလုပ်ကို ရပ်တန့်လိုက်ရပါပြီ။
ဇန်နဝါရီလ ၇ ရက်နေ့မှာတော့ ကျွန်တော်တာဝန်ယူရတဲ့ ၂၄ နာရီ အတွင်းမှာ အချိန်ပြည့် ပကတိ တိတ် ဆိတ်နေခဲ့ပါတယ်။ လုပ်နေကျ ဆရာဝန်က လူနာကို အသက်ဆက် နေနိုင်အောင် အာဟာရသွင်းပေးတဲ့ ကုသမျိုးပဲလုပ်ပေးရတယ်။ တခြား ဘာကိစ္စ ကြီးကြီးမှ မရှိခဲ့ပါဘူး။ ဒေါက်တာချန်က အထူးစီမံထားတဲ့ အာဟာရရည်ကို ကျိုးအန်းလိုင်ရဲ့ အစာအိမ်တွင်း ထိုးသွင်းပေး တဲ့အချိန် မှာ ကျွန်တော်ဘေးနားကနေ တိတ်တိတ် ဆိတ်ဆိတ် ကြည့်နေခဲ့ပါ တယ်။ မျက်ရည်တွေကတော့ စီးကျ နေဆဲပါ။ လူနာခန်းထဲမှာ လုံးဝကို ငြိမ်သက် တိတ်ဆိတ်နေပါတယ်။ တိတ်ဆိတ် လွန်းနေပါတယ်။
ည ၁၁ နာရီမှာတော့ ကျိုးအန်း လိုင်က ရုတ်တရက် မျက်လုံးပွင့်လာ ပါတယ်။ အဲဒီလိုမျက်လုံးပွင့်နေတဲ့ အချိန်မျိုး အလွန်နည်းပါး လာပါပြီ။ မျက်လုံးတစ်ကြိမ် ပွင့်တဲ့အချိန်နဲ့ နောက်တစ်ကြိမ်ပွင့်တဲ့အချိန်တို့ရဲ့ ကွာဟချိန်ကလည်း တစ်ကြိမ်နဲ့တစ် ကြိမ် ကြားအချိန်တွေကလည်း ကွာ လှမ်းလာခဲ့ပါတယ်။
အားယူဖွင့်လိုက်တဲ့ မျက်လုံး များက စူးစိုက်မှုအား လျော့ရဲလှပါ တယ်။ ကျွန်တော်တို့ သူ့အနားတိုး ကပ်သွားကြပါတယ်။ အဆုံးမှာတော့ သူ့မျက်လုံးက လက်ခနဲတစ်ချက် အရောင်တောက်ပသွားတာ မြင်လိုက် ရပါတယ်။ အဲဒါဟာ ကျိုးအန်းလိုင် နောက် ဆုံးအကြိမ် မျက်လုံးတောက်ပ ခြင်းလည်းဖြစ်ပါတယ်။ သူက ကျွန်တော်တို့အထဲက ဒေါက်တာ ဝူကျဲ့ဖိန်ကို မှတ်မိသွားပါတယ်။
''ဒီမှာ ဘာအလုပ်မှမရှိပါဘူး'' ကျိုးအန်းလိုင်ရဲ့ အသံက အားနည်းလှ ပါတယ်။ အသံမျှင်းမျှင်းလေးနဲ့ ပြော ပြန်တယ်။
''ငါဒီမှာ...တစ်ယောက်ထဲ။ မင်း...မင်းတို့က ဆေးရုံတစ်ခုလုံး ကြည့်ရတာ...တခြားလူနာရဲဘော်တွေ ကို သွား... သွားစောင့်ရှောက်ပါ။ သူတို့...မင်းတို့ကို လိုအပ်တယ်'' ပြောပြီး သတိမေ့မြောသွားပြန်တယ်။ အဲဒါဟာ သူတစ်သက်တာမှာ နောက် ဆုံးအကြိမ် ပြောခဲ့တဲ့ စကားပါပဲ။
ဇန်နဝါရီလ ၈ ရက်နေ့ မနက် ၈ နာရီမှာ ကောင်းကျင့်ဖိန်က အချိန်မှန် ဂျူတီဝင်လာပါတယ်။ ကျွန်တော် လည်း ခါတိုင်းနေ့ ရက်တွေလိုပဲ တာဝန်လွှဲအပ်ခဲ့ပြီး ပြန်ဖို့ပြင်ဆင် လိုက်ပါတယ်။ တံခါးဝရောက်တော့ ခါတိုင်းလိုပဲ ကျွန်တော်တစ်သက်လုံး အမှုကြီး အမှုငယ် ထမ်းရွက်ပေးခဲ့တဲ့ ကျိုးအန်းလိုင်ကို တစ်ချက်လည်ပြန် ကြည့်လိုက်မိပါတယ်။ သြော်...သူ့ တစ်သက်မှာ အိပ်စက်အနား ယူခြင်း အလွန့်အလွန်နည်းပါးခဲ့ပါကလား။ အထူးသဖြင့် အခု ဒီဆယ်နှစ်ပိုင်းမှာ တစ်ပြည်လုံး ပွက်လောညံအောင် ဆူပူ ခဲ့တော့ သူ့ခမျာ တစ်ညကို ပျမ်းမျှ ၃ နာရီကြာအောင်တောင် မအိပ်ခဲ့ရရှာ ဘူး။ စိတ်ရောကိုယ်ပါ ဆိုတာ ဘာကို ဆိုလိုတာလဲ။ အသွေးရော အသားရော ပေးဆပ်တယ်ဆိုတာ ဘာလဲ။ မောရမှန်း ပန်းရမှန်းမသိဆိုတာ ဘာလဲ။ ဦးဆွေးဆံမြည့် တာဝန် ကျေပွန်တယ်ဆိုတာ ဘာလဲ။ သေတဲ့ တိုင်အောင် ဇွဲမလျှော့တမ်း အစွမ်း ကုန်လုပ်ဆောင် ခဲ့တယ်ဆိုတာ ဘာလဲ ဆိုတဲ့ အချက်တွေကို သိရှိနားလည် ချင်ရင် ကျိုးအန်းလိုင်အနားမှာ ခဏ နေဖူးလိုက်ရင် နားလည်သဘော ပေါက်ကြမှာပါ။
မျက်ရည်တွေ ခန်းခြောက်သွား ပြီဖြစ်တဲ့ ကျွန်တော့်မျက်လုံးအစုံထဲက မျက်ရည်တွေစိုစွတ်လာပြန် တယ်။ ခေါင်းကို အသာကလေး လှည့်၊ တံခါး ကို အသံမမြည်အောင်စေ့လိုက်ပြီး ဖြည်းဖြည်းချင်း နားနေခန်းရှိတဲ့ အပေါ်ထပ်ကို တစ်လှမ်းချင်းတက် လာခဲ့ပါတယ်။ အိပ်ရာပေါ် လှဲလိုက် လို့ တစ်နာရီမကြာပါဘူး။ အိပ်ပျော် သလိုလို မပျော်သလိုလို ရှိနေချိန်မှာ လှေကားမှာ ဆူဆူ ညံညံခြေလှမ်းတွေ ကြားလိုက်မိပါတယ်။ ခြေသံတွေက အလောတစ်ကြီးခြေသံမျိုးပါ။ ကျွန်တော့် စိတ်ထဲထိတ်ခနဲ တစ်ချက်ဖြစ် သွားပြီး ဒိန်းခနဲခုန်လာပါတယ်။ ချက်ချင်းထလိုက်ပြီး ခုတင်ပေါ်က ခုန်ချမိတော့ မလိုအဖြစ်မှာ ကျွန်တော် အသံကုန်အော်ဟစ် လိုက်ချင်နေတယ်။ ဒါပေမယ့် နိမိတ်ဆိုးကြီးတစ်ခုက ကျွန်တော့်ကို ချုပ်တည်းထားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး လှုပ်လို့ မရအောင် ဖြစ်သွားခဲ့ပါတယ်။
''ကိုယ်ရံတော်တပ်မှူး၊ ကိုယ်ရံ တော်တပ်မှူး'' ကောင်းကျင့်ဖိန်က အော်ရင်းလေအဟုန်နဲ့ အခန်းထဲ ပြေး ဝင်လာပါတယ်။ မျက်နှာ ကလည်း ဖြူဖပ်ဖြူရော်။ လက်နှစ်ဖက်ကို ချိုင်း အောက်တင်းတင်းဖိညှပ်ထားရင်း အသံတွေကလည်း လုံးဝမူမှန် မဟုတ်တော့ ဘူး။ မြန်...မြန်...ဝန်ကြီးချုပ်.. အခြေအနေမဟန်တော့ဘူး... မကောင်းဘူး''
ကျွန်တော် ကြာပွတ်နဲ့တစ်ချက် နာနာအရိုက်ခံလိုက်ရသလို ဇတ်ခနဲ အိပ်ရာပေါ်က ခုန်ချလိုက်ပါတယ်။ ဘောင်းဘီအပေါ်စကို လက်ကဆွဲမ ထားရင်း အောက်ကိုပြေးဆင်းခဲ့ပါ တယ်။ ကျွန်တော့်နှလုံးသားလုံးဝ ရပ်တန့်သွားလေသလား၊ မလှုပ်တော့ ဘူးလားလို့ ထင်မှတ်နေဆဲမှာ ရုတ် တရက် နှလုံးက ဒုန်းခနဲခုန်လိုက်သံ ကြားလိုက်ချိန်မှာ ဦးနှောက်အထဲမှာ ဘာမှမရှိတော့ဘဲ ဟင်းလင်းပြင် သာရှိ နေတော့တယ်။ ချက်ချင်းပဲ ခေါင်း ထဲမှာ သွေးရှုပ်သွားပြီလားထင်ရပြန် တယ်။ လျင်မြန်လှတဲ့ အရှိန်နှုန်းနဲ့ ကျိုးအန်းလိုင်ရဲ့ လူနာခန်းထဲရောက် သွားခဲ့ပါတယ်။
ကုသရေးအဖွဲ့ဝင်တွေအားလုံး ရှိနေကြတယ်။ တစ်ခန်းလုံး ရှုပ်ယှက် ခတ်နေအောင် ပြေးလွှားနေကြတယ်။ အရေးပေါ် သက်ကယ်ရေးအလုပ်တွေ စတင်နေပါပြီ။ လိုက်ကာကိုဆွဲဖွင့် ထားတယ်။ ခုတင်ခေါင်းရင်းက အနိမ့်အမြင့်တင်ချနိုင်တာကိုလည်း ချထားလိုက်ပါပြီ။
''ဘယ်လိုလဲ...ဘယ်လို လဲ...'' ကျွန်တော်သတိလက်လွတ် ဖြစ်ပြီးမေးပါတယ်။ အသံကတိုးတိုး လေးသာထွက်သွားပါတယ်။ ထိတ် လန့်အံ့သြပြီး သတိလက်လွတ် မျက် လုံးပြူးကျယ်ပြီး ဟိုလူ့ကိုကြည့်လိုက်၊ ဒီလူ့ကိုကြည့်လိုက်ဖြစ်နေတယ်။ ဘယ်သူကမှ ကျွန်တော့်ကို အရေး မစိုက်နိုင်ကြပါ။ လူတိုင်းက မျက် တောင်များကျုံ့နေကြပါတယ်။ ကျွန်တော်ဘာမှ ဝင်မလုပ်နိုင်ပါ။ ဘာ လုပ်နိုင်မလဲ။ ဘာလုပ်ရမှာလည်း မသိပါ။ တောင့်တောင့်ကြီး အသုံး မကျတဲ့သတ္တဝါတစ်ကောင်လို အချိန် အတော်ကြာ ရပ်နေမိပါတယ်။ အပေါ် မေးရိုးနဲ့ အောက်မေးရိုးတွေကတော့ တဂေါက်ဂေါက်နဲ့ရိုက်နေတယ်။
ခဏကြာတော့ ကျွန်တော် နည်းနည်းငြိမ်သက်သွားပြီး သတိ လည်းဝင်လာပါတယ်။ ခုတင်ဘေး မှာ ပါရဂူဆရာဝန် သုံးလေးယောက်သာရှိနေပါတယ်။ ကျန်တဲ့ ပါရဂူ ဆရာဝန် ၂ဝ ကျော်ကျော်က တိတ် တဆိတ်နောက်ဆုတ် သွားကြပါ ပြီ။ ဘေးနား ကနေပြီးတော့ ငြိမ်ငြိမ်သက် သက်စောင့်ကြည့်နေကြပါတော့တယ်။ ရုတ်တရက် ကျွန်တော်က အသက် ရှင်ခြင်းရဲ့ အမှတ်သင်္ကေတ ကို သတိ ရလိုက်မိပါတယ်။
ဒါနဲ့ ကျွန်တော်က နှလုံးခုန်စက် ရဲ့ ဖန်သားပြင်ဘက်ကို နေရာရွှေ့ပြီး အချက်ပြနေတာကို စိုက်ကြည့်နေမိပါ တော့တယ်။ မျဉ်းက ခုန်နေသေးတယ်။ ကျွန်တော့် ရင်ထဲနွေးခနဲ ခံစားရလိုက်ချိန်မှာပဲ ချက်ချင်းပြန် အေးကျသွားပြန်တယ်။ မျဉ်းက မခုန်ပြန်ဘူး။ ဆက်လက်ပြီး ရင်ထဲနွေးလာ ပြန်တယ်။ တစ်ချက်ခုန် တက်သွား တာမြင်ရတယ်။ အဲဒါ ဘယ်လိုဖြစ် တာပါလဲ။ ခါတိုင်း ဒီစက်က ဒီလို မဟုတ်ခဲ့ပါဘူး။ အံ့သြစိုးရိမ်စွာနဲ့ ဆရာဝန်တွေရဲ့ မျက်လုံးတွေကို စူးစမ်းကြည့်ကြည့်လိုက်။ ဖန်သားပြင် ပေါ် သွေးခုန်မျဉ်းကို ကြည့်လိုက်နဲ့ ရှိနေချိန်မှာ တစ်ယောက်ယောက် ခေါင်းခါလိုက်တာကို ရိပ်ခနဲမြင်လိုက် ရပါတယ်။ ခုန်နေတဲ့မျဉ်းကလည်း တဖြည်းဖြည်းအား နည်းသွားနေပါ တယ်။ တဖြည်းဖြည်း နိမ့်နိမ့်သွား နေပါတယ်။
မောင်မောင်လှိုင်(အပ်စိုက်ကု)