14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း- ၁၄

''နိုင်ငံရေးအစိုးရတွေကလည်း လာဘ်စားမှုတွေလုပ်တယ်ဗျ။ ဝန် ကြီးတွေက အပြိုင်လာဘ်စား၊ ဝန်ကြီး ကတော်တွေက အပြိုင်လာဘ်စားလုပ်ကြတာပေါ့ဗျာ။ ပြည်သူတွေက အဲဒီဝန်ကြီးတွေ၊ ဝန်ကြီးကတော်တွေ ကို တော်တော်မျက်စိနောက်တာပေါ့။ ဘာမှလည်း အားမကိုးရဘူး။

အဲဒီမှာ စစ်အစိုးရက ကြွေးကြော်သံကောင်းကောင်းနဲ့ တက်လာတယ်။ နည်းနည်းငြိမ်ဝပ် ပိပြားတဲ့ လက္ခဏာလေးလည်းရှိတယ်။ အဲတော့ လူထုက ပထမတော့ အသာတကြည်ရှိတာပေါ့။

စစ်အစိုးရဆိုတာ အာဏာနဲ့တက်လာတာကိုး။ အာဏာပြတဲ့စရိုက်က စစ်ဗိုလ်တိုင်းမှာ ပါတယ်။ ဒါမှမဟုတ် အဲဒီစရိုက်က စစ်အုပ်စုထဲမှာပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့အခါ စစ်အုပ်စုက သြဇာ အာဏာပြလာတယ်။ အဲလို အာဏာပြလာတော့ တိုင်းသူပြည်သားတွေက မခံနိုင်တော့ဘူး။ မခံနိုင်ရင် ဘာဖြစ် လဲဆိုရင် နိုင်ငံရေးပေါ့။ ဒီမိုကရေစီ ဘက်တော်သားတွေဘာတွေကို ပြန်ပြီးမျှော်ကြတာပဲ။ အဲဒါကို ကျွန် တော်တွေ့တယ်။ အိုးဝေကာလလေး မှာ ကျွန်တော်အဲဒါလေး သုံးသပ်လို့ရတယ်''

        ဝင်းတင်က ပြောသည်။

 အောင်ဗလခေါ် ဦးသောင်း၏ ကြေးမုံသတင်းစာသည် ပြန်လည်ထုတ်ဝေခွင့်ရလာ၏။ ဝင်းတင်သည် အိုးဝေမှ ကြေးမုံသို့ ပြန်ရောက်လာ၏။

        ''ကိုသောင်းက တော်တော်ကို ထူးချွန်တဲ့၊ ပေါက်မြောက်တဲ့ သတင်းစာဆရာလို့ ပြောရမယ်''

        ဝင်းတင်က ပြောသည်။

        ကြေးမုံသို့ အော်ဖာများစွာ ဝင်လာသည်။ ကမ်းလှမ်းချက်များ။

        ဖိတ်ကြားပါသည်။

''ဘယ်ကိုလာပါ။ ဘာကိုလေ့လာပါ။ အဲသလို ကမ်းလှမ်းချက်တွေလာတာပေါ့ဗျာ။ ကိုသောင်းက အဲဒီတုန်းက အနီရောင်လေးနည်းနည်းရှိတယ်။ ကိုခင်မောင်ရီလည်း အဲဒီလို နည်းနည်းနီတယ်။ အဲတော့ တချို့ နိုင်ငံတွေကို သူတို့ကမသွားချင်ဘူးပေါ့ဗျာ။ ကျွန်တော်က ဘာအရောင်မှမရှိတဲ့သူဆိုတော့ ကျွန်တော့်ကို သွားခိုင်းတယ်။ အင်တာနေရှင်နယ် ပရက်စ် အင်စတီကျူဆိုတာ အမေရိကန်က ဖွဲ့ပေးထားတာ။ ဆင်မနာတွေ ဘာတွေလုပ်တယ်။ အဲဒီ အိုင်ပီ အိုင်က ဖိတ်တယ်''

        ဝင်းတင်သည် ဖိလစ်ပိုင်သို့ သွားရသည်။ စင်ကာပူကိုဝင်မည်။ စင်ကာပူကတစ်ဆင့် အင်ဒိုနီးရှားကို သွားမည်။

        ဝင်းတင်သည် စင်ကာပူသို့ရောက်သည်။

''စင်ကာပူဟာ အဲဒီတုန်းက ဘာမှမဟုတ်သေးပါဘူးဗျာ။ လမ်းဘေးအခေါက်ကင်ဆိုင်၊ လမ်းဘေး အသား ကင်ဆိုင်ပဲများနေတာပါ''

        ဝင်းတင်က ပြော၏။

''ယိုးဒယားဆိုတာက ဗမာပြည်ထက် အများကြီးစုတ်ပြတ်တဲ့ အချိန်။ ဗမာငွေတစ်ကျပ်ဆိုရင် ဘတ် လေးဘတ်ရတယ်။ ယိုးဒယားတွေက ကျွန်တော်တို့ နယ်ဘက်ကူးပြီး စားစရာသောက်စရာ ဝယ်ရတဲ့ အချိန် ပါ''

        ဝင်းတင်ကပြော၏။

        စင်ကာပူတွင် မြန်မာပြည်က ကျားသူဌေးအနွယ်ဝင် ခြံတစ်ခြံသို့ ဝင်းတင်ရောက်၏။

 မြန်မာနိုင်ငံက ကျောက်ဆင်းတုရုပ်ပွားတော်များ၊ ကြေးဆင်းတုရုပ်ပွားတော်များ၊ တန်ဆောင်းများ၊ စေတီများ ခြံကြီးထဲတွင်တွေ့ရ၏။ ''လူတွေက တရုတ်တွေပေမယ့် ဗမာစကားတွေ အားရပါးရပြောတာဗျ။ ကျွန်တော့်ကို ထမင်းကျွေးလိုက် သေးတယ်''

ဝင်းတင်သည် အင်ဒိုနီးရှားသို့ ရောက်သွား၏။ ဥရောပတုန်းက သူနှင့် ခင်မင်ရင်းနှီးခဲ့ဖူးသော မိန်း ကလေးနှင့် အင်ဒိုနီးရှားက မြို့သစ်တစ်ခုမှာ တွေ့ဆုံ၏။

ထိုအချိန်က တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတတို့ မြန်မာနိုင်ငံမှာရှိနေပြီး ရေရှား၊ လမ်းပျက်၊ တဲများထိုးနေကြရသောအချိန်။ အင်ဒိုနီးရှားမြို့သစ်ကတော့ တကယ့်ကို အဆင့်မြင့်မြင့်မြို့ပြဖြစ် နေသည်။ ဝင်းတင်က အံ့သြနေမိ၏။

 ''ကျွန်တော် ဘန်ဒေါင်းကို သွားခဲ့တယ်။ တောင်ပေါ်မြို့ကလေးပါ။ ဟင်းမွှေးမဆလာလိုဟာတွေ ရောင်း ပြီး ကြီးပွားနေတဲ့ မြို့ကလေးဗျ။ မေမြို့လို တောင်ပေါ်မြို့ကလေး။ ညအိပ်ခဲ့သေးတယ်''

        ဝင်းတင်ကပြော၏။

''အင်ဒိုနီးရှားမှာ ငွေကြေးဖောင်းပွတယ်။ လစာဒေါ်လာရရင် အပြင်မှာ၊ မှောင်ခိုဈေးကွက်မှာ ဒီငွေကို ပြန်ရောင်းပြီးသုံးရင် ဘီယာတစ်လုံးနေရာမှာ ငါးလုံးရတယ်ပေါ့ဗျာ''

        ဝင်းတင်က ပြောသည်။

        ဝင်းတင်သည် အင်ဒိုနီးရှားမှ ဖိလစ်ပိုင်သို့ သွား၏။

        International Press Institute(IPI) က ကျင်းပသော ဆင်မနာကို ဝင်းတက်၏။

        ဝင်းတင်အတွက် တစ်ခုကို အတော်သဘောကျ၏။

Investigated Reporting ခေါ်  တူးဆွဖော်ထုတ်သတင်းရေးခြင်း။

        ဝင်းတင်က အထူးသဘောကျ၏။

''အစိုးရရဲ့ ဝန်ကြီးတွေ၊ ဝန်ကြီးကတော်တွေ လာဘ်ယူတာ၊ လာဘ်စားတာကို Investigated Reporting လုပ်ပြီး  သတင်းဆောင်းပါးရေးရင် သိပ်လှတယ်ဗျ။ လူတွေက စိတ်ဝင်စားတယ်။ သတင်းစာလည်း ရောင်း ကောင်းတာ ပြိုက်ခနဲကုန်တာပဲ''

        ဝင်းတင်က ပြောသည်။

''ဖိလစ်ပိုင်မှာ သမ္မတက ကျွန်တော်တို့ ဆင်မနာတက်တဲ့ သတင်းစာဆရာတွေကို နန်းတော်မှာ ဖိတ်ပြီး ထမင်းကျွေးတယ်ဗျာ။ မာလကာ ဒါနန်းတော်လို့ မှတ်မိနေတယ်ဗျ''

        ဝင်းတင်ကပြော၏။

        ဝင်းတင်သည် ဖိလစ်ပိုင်ကနေ ဂျပန်သို့ခရီးဆက်၏။ ဗိုလ်မှူးကြီးထွန်းစိန်က စစ်သံမှူးလုပ်နေ၏။

        ဗိုလ်မှူးကြီး ထွန်းစိန်က ဝင်းတင်ကို သူ့အိမ်သို့ဖိတ်ပြီး နံနက်စာ နေ့လယ်စာကျွေးတတ်၏။

        ''နေပါဦး။ ခင်ဗျားက စစ်ဘက်ကဆိုတော့ ဗမာပြည်မှာ အခုဘာတွေဖြစ်နေလဲ။ ပြောစမ်းပါဦးဗျ''

        ဝင်းတင်က မေးသည်။

''ကျွန်တော်လည်း ဗမာပြည်အကြောင်း သိပ်မသိဘူးဗျ။ အရင်တုန်းကတော့ ကျွန်တော်က မြို့တော်ဝန်ဗျာ။ ဝန်ကြီးနဲ့အဆင့်အတူတူပဲ။ အရေးပါတာပေါ့။ အရာရောက်တာပေါ့။ အခုတော့ ကျွန်တော်လည်း 'အောက်' နေတာဗျ။ ကျွန်တော်လည်း 'အောက်' ခံရပြီး  ဒီရောက်လာတာဗျာ။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေကို မသိတော့ပါဘူး''

        ဗိုလ်မှူးကြီး ထွန်းစိန်က ပြောသည်။

''ကျွန်တော် ဆိုဗီယက်ရုရှားသို့ အလည်တစ်ခေါက် ရောက်တယ်ပေါ့ဗျာ။ ကျွန်တော့် တိုင်းပြည်မှာလည်း ၁၉၆၂ ၊ မတ်  ၂ ရက် အာဏာသိမ်းတာ ဘာညာဖြစ်ပြီဗျ။ ပြည်သူကလည်း နိုင်ငံရေးကို စိတ်ကုန်နေတဲ့အချိန်။ တည်မြဲ၊ သန့်ရှင်း ကွဲခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက်လာဘ် စားတာတို့ ဘာတို့လည်း စွပ်စွဲကြတယ်။ တိုင်းပြည်က နိုင်ငံရေးပါတီတို့၊ နိုင်ငံရေးသမားတို့ကို စိတ်ကုန်နေတဲ့အချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာ။ အဲဒီလို အာဏာသိမ်းလိုက်တဲ့ အခါကျတော့ စစ်အစိုးရကို ကြိုဆိုတယ်လို့မဆိုရင်တောင်မှ ဆန့်ကျင်တဲ့သူ သိပ်မရှိလှဘူး''

 ဝင်းတင်က ပြောသည်။

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.