14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၃၁

ဒေါ်အောင်ဆန်းစုကြည်က ဒိုင် ယာလော့ဂ်ကို တောင်းဆိုနေပြီ။

ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်ဆုံးတွင် တည်ရှိပြီး NLD ပါတီအတွင်း ဦးဆောင်လုပ်ကိုင်နေသော ဝင်းတင်သည် ၁၉၈၉ ၊ ဇူလိုင် ၄ တွင် အင်းစိန်ထောင်ထဲသို့ ရောက်ရှိသွား၏။

မတရားသော အမိန့်အာဏာဟူ သမျှ ဆန့်ကျင်ခဲ့သော ဝင်းတင်ဖြစ်သည်။

ယခုတော့ မတရားစွပ်စွဲခံရ သော ပုဒ်မနှင့် ဝင်းတင်သည် ထောင်ထဲသို့ ရောက်သွားရပြီ။

၁၉၈၉၊ ဇူလိုင်၊ ၄။

ညနေ ၄ နာရီ ၃ဝ။

ဝင်းတင်သည် ထောင်ဘူးဝ၊ မလွယ်ပေါက်တံခါးက ခေါင်းငုံ့ပြီး ဝင်လိုက်ရ၏။

ဂျိုင်း။   ဘူးတံခါး ပိတ်သံ။

ပေ ၂ဝ ပတ်လည်ကျယ်သော အခန်းလေးထဲသို့ ဝင်းတင်ရောက်သွား၏။

မျက်နှာချင်းဆိုင်တွင် ထောင်မကြီးကို ဝင်သော တံခါးပေါက်ရှိ၏။

ထောင်မှူး ၁၊ ထောင်ဝါဒါ ၆။

''ငွေ၊ မှတ်ပုံတင် စာရွက်၊ ဘောပင် အိတ်ထဲပါတာ  အကုန်ပေးထားခဲ့။ ကိုယ်ရေးအကျဉ်းပြော''

ဝင်းတင်က အိတ်ထဲပါသမျှကို အကုန်ထုတ်ပေးလိုက်၏။ မေးသမျှကို အတိုဆုံး ဖြေရ၏။

သူတို့က မှတ်တမ်းတင်သည်။

''လာ လိုက်ခဲ့''

ဝင်းတင်ကို သူတို့က ခေါ်သွား ကြသည်။

တိုက် (၂) ။ အခန်း (၅၄)

ဂျိုင်း။

ဝင်လိုက်ရ။

ဂျိုင်း။

ပိတ်သွား။

အထဲတွင် နှီးကြောဖျာကြမ်းတစ်ချပ်။ မိလ္လာသုံးစဥ့်အိုး တစ်လုံးရှိ။ အဖြူညစ်ညစ်ပိတ်ကြမ်းတစ်စ ပစ်ပေးသွား။

ဝင်းတင်သည်   ပိတ်ကြမ်းခင်းပြီး အိပ်လှဲချလိုက်၏။ အဖမ်းခံခဲ့ရပြီး  တစ်နေ့လုံး ပင်ပန်းလာသည်။

အရိုင်းဘုံလား။ ငရဲလား။

ခါးသီးဖွယ်ရာများ။

မတရား ဖမ်းဆီးခံရခြင်း။

လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း။

မတရားသဖြင့် အနိုင်ကျင့်ခံရသော ဒဏ်ရာများဖြင့်၊ အသက် ၆ဝ အရွယ် ဝင်းတင်သည် နာကျင်ခြင်းကို စဉ်းစားနေမိ၏။

နာကျင်လျက် စဉ်းစား။

စဉ်းစားလျက် နာကျင်။

စိတ်လည်း ကျင်၊ ရင်လည်းနာ။

နာကျင်မှုတွေကို ခေတ္တမေ့ ပျောက်ရန် အိပ်ပျော်သွားလျှင်ကောင်းမည်။

ဝင်းတင်သည် မျက်လုံးကို စုံမှိတ်ထား၏။

အခန်း ၅၄ ၏ သံတံခါးသည် ဂျိုင်းခနဲ ပွင့်သွားပြန်၏။

တံခါးဝမှာ ထောင်ဝါဒါ ၂ ။

''လိုက်ခဲ့''

ဝါဒါ၏ အသံ။

မထေမဲ့မြင်၊ အေးတိအေးစက်၊ ပိုင်စိုးပိုင်နင်း။

ဝင်းတင်၏ စိတ်ထဲတွင် မီးပွင့် သွားသည်။

''မင်းတို့ ခေါ်တိုင်း ငါက လိုက်ရမှာလားကွ။ ဘယ်သူက ဘာကိစ္စနဲ့ ခေါ်တာလဲ''

သူတို့၏ အကြည့်က နက်မှောင်သည်။

ဝင်းတင်၏ မျက်လုံးက နီရဲသည်။

''မလိုက်ဘူးကွာ မလိုက်ဘူး''

ဘေးအခန်းမှာ၊ အရှေ့အခန်းမှာ နိုင်ငံရေး အကျဉ်းသားများ ရှိနေ၏။

သူတို့က ဝင်းတင်ကို ကြောင်ကြည့်နေကြ၏။

''ဒါ ထုံးစံပဲ အဘ လိုက်ခဲ့ပါ''

ထောင်ဝါဒါက ပြော၏။

အခြားအခန်းမှ အခြားအကျဉ်းသားများ၏ မျက်နှာမှာ လိုက်သွားလိုက်ပါဟု ပြောနေသလို။

''ဘယ်ကို လိုက်ရမှာလဲ''

ဝင်းတင်က မေးသည်။

''စစ်ကြောရေးကို''

ထောင်ဝါဒါက  ဖြေသည်။

ဝင်းတင်သည် လိုက်သွားရ၏။

စစ်လို့ ကြောလို့ပင် မပြီးတော့။

တော်တော့ကို စစ်သည့် စစ်ကြောရေး။ တော်တော်စစ်သည့် စစ်အစိုးရ။

 

ထောင်မကျင်ခင်ကလည်း စစ်မေးခံရ၏။

ထောင်ထဲ ရောက်နေပါလျက် အပြင်ထုတ်ပြီး စစ်မေးတာမျိုးက ရှိသည်။

စစ်ကြောရေး။ စစ်ကြောရေး။

စစ်မေး၍  မပြီးနိုင်သော စစ်ကြောရေး ဖြစ်၏။

 

၁၉၉၃ နှစ်ဦးပိုင်း။

ထောင်အာဏာပိုင်များက ဝင်းတင်ကို အင်္ကျီအဖြူ လုံချည်အဖြူ ထုတ်ပေးသည်။ အသစ်တွေ။

 (ထိုကာလ ထောင်ဝတ်စုံသည် အပြာ မဟုတ်သေးပါဘူး။)

မျက်နှာကို အဝတ်အိတ်စွပ် လိုက်ကြ၏။

အထူးဆောင်မှ ထောင်ဘူးဝသို့ ဝင်းတင်ကို ကားဖြင့် ခေါ်သွား၏။

ထိုကားသည် တံခါးမရှိ။ နံပါတ် မရှိ။

ထောင်ဘူးဝမှာ ကားရပ်သည်။

မျက်နှာပေါ်က အဝတ်အိတ်ကို  ဖွင့်ခွင့်ရပြီ။

ကားဘေးမှာ ထောင်ပိုင်ကြီး ဗိုလ်ကြီးသာဦးက ရပ်လျက်။

ကျိုးကျိုးနွံနွံပုံစံ။

ဝင်းတင်ကို ထောင်ပိုင်ကြီးက အလေးပြုလိုက်၏။

ထောင်ပိုင်ကြီးနှင့် ကပ်လျက် ပါလာသူ ညွှန်မှူးဖြစ်၏။

ဝင်းတင်ကို ညွှန်မှူးရုံး ဧည့်ခန်းဆောင်ဘက်သို့ သူတို့က ခေါ်သွားကြ ၏။

''အထဲမှာ အမေရိကန်အမတ် နဲ့ ကုလသမဂ္ဂအရာရှိ ရောက်နေတယ်။ အထဲကိုဝင်ပါ''

တံခါးဖွင့်ပေးကြ၏။

ဝင်းတင်က အထဲသို့ ဝင်သွားသည်။

အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌ ဘီလ်ရစ်ချတ်ဆန်နှင့် တွေ့ရမည်။

ထောင်ညွှန်ချုပ်၊ ထောင်ညွှန်မှူး၊ ထောင်အရာရှိ ၊ ထောင်ဆရာဝန်၊ ပြင်ပက ရဲကြီးများ၊ နိုင်ငံခြားရေးရုံးက အရာရှိကြီးများ။

တန်းစီပြီး ရပ်နေကြသည်။

စားပွဲမှာက နိုင်ငံခြားသား သုံးယောက်။ ထိုင်လျက်။

တိုက်ပုံဝတ် တစ်ယောက်သည် စကားပြန်လော။ ထောက်လှမ်းရေးလော။

စားပွဲပေါ်မှာ အသံသွင်းစက်များ ချထားသည်။

ရစ်ချတ်ဆန်

ကုလသမဂ္ဂအရာရှိ။ နယ်သာလန် နိုင်ငံသား။ ဒတ်ခ်ျလူမျိုး။

အမေရိကန်သံရုံးက အရာရှိ။

ထို သုံးယောက်။

အချိန်သတ်မှတ်ချက်က မည်မျှ ရှိသနည်း။ ဝင်းတင် မသိနိုင်။

ဝင်းတင် နားလည်လိုက်ပြီ။

ထို သုံးယောက်ထံသို့ ထောင်ထဲက မိမိတို့၏ သတင်းကို အမြန်ဆုံးပို့ရမည်။

ထိုသတင်းက ကမ္ဘာသို့ သူတို့နှင့် အတူပါသွားမည်။

''ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသား အများစု သဘောတူထားတဲ့ နိုင်ငံရေး လမ်းစဉ်တစ်ခု ရှိတယ်။ စု-လွှတ်-တွေ့လို့ ခေါ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့။ ၁၉၉ဝ ရွေးကောက်ပွဲက တင်မြှောက်လိုက်တဲ့  ပါလီမန် လွှတ် တော်ခေါ်ယူဖွဲ့စည်းပေးဖို့။ ဒီမိုကရေစီ အတိုက်အခံ အင်အားစုပါတီ ၁ဝဝ ကျော်က လုပ်ခွင့်အာဏာ Mandate ပေးအပ်ထားတဲ့ ပုဂ္ဂိုလ်နဲ့နဝတဘက်က ဆုံးဖြတ်ချက်ချနိုင်တဲ့ ပုဂ္ဂိုလ်တို့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ Dialouge လုပ်ဖို့ပါ''

ဝင်းတင်သည် ပြည့်စုံအောင် ပြောချလိုက်၏။

''ဒိုင်ယာလော့ဂ်က  ဖြစ်နိုင်မယ်လို့ ထင်သလား''

ရစ်ချတ်ဆန်က မေးသည်။

''ကျွန်တော် မထင်ဘူး။ သို့သော် ဒိုင်ယာလော့ဂ်ကို  NLD ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ထိုးပြီး နဝတအတွင်းရေးမှူး ဗိုလ်ချုပ်ခင်ညွန့်ထံကို တောင်းဆိုထားခဲ့တာ။ NLD ဖွဲ့စကတည်းက တောင်းဆိုထားခဲ့တာ။ အခုလည်း ထောင်ထဲက နိုင်ငံရေးအကျဉ်းသားအားလုံးက ဒီတောင်းဆိုချက်ကို ကိုင်စွဲထားပါတယ်။ စု-လွှတ်-တွေ့ တောင်းဆိုချက်ကို  နိုင်ငံရေးအကျဉ်း သားအားလုံးက သဘောတူထားပါတယ်''

ဝင်းတင်က ပြောသည်။

စု-လွှတ်-တွေ့ကို ရစ်ချတ်ဆန်ထံ သို့ စကားပေါက်အောင် ပြောခဲ့သူမှာ  ဝင်းတင်တစ်ဦးတည်းသာ ဖြစ်၏။

ထောင်ထဲတွင်  လူကဲ့သို့ စားခွင့် မရှိ။ နေထိုင်ခွင့်မရှိ။  အိပ်စက်ခွင့် မရှိ။ 

ခွေးအန်ဖတ်ထမင်းကို စားရ၏။

သို့သော် ထိုအကြောင်းကို အခြားသူပြောပြီးပြီဟု ဝင်းတင်က ယုံကြည်သည်။

''ကျွန်တော်တို့ စာမဖတ်ရဘူး။ စာမရေးရဘူး။ သီချင်းမဆိုရဘူး''

''ပြောပါဦး''

''အင်္ဂလိပ်စကားမှာ  Genocide ဆိုတာရှိတယ်။ မျိုးဖြုတ်မှု။ ထောင်ထဲမှာ ကျွန်တော်တို့ ကြုံရတာက ဥာဏ်ဖြုတ်မှုပဲဗျ။ Intelectocite ဗျ။ စစ်အစိုးရက ကျူးလွန်နေတာက ကျွန်တော်တို့ အသိဥာဏ်တုံးအောင် လုပ်ပစ်နေတာ။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုပဲ''

''ဟုတ်ပြီ၊ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့စရာရှိတယ်။ ဘာများမှာ ချင်သေးလဲ''

''လှည့်မကြည့်နဲ့ ဒေါ်စု။  နိုင်ငံရေး အကျဉ်းသားအားလုံး ခင်ဗျားနောက်မှာ ရှိနေတယ်လို့ ကျွန်တော် မှာလိုက်ချင်ပါတယ်''

ဝင်းတင်သည် ရစ်ချတ်ဆန်မှ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်သို့ စကားပါးလိုက်နိုင်၏။

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.