အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ကျိုအန်းလိုင်၏ စား ၀တ် နေ သွား စရိုက်များ...၁၇

          ကျိုးအန်းလိုင် ကြိုက်နှစ်သက်သည့် အစားအသောက် အမြောက်အမြား ရှိပါသည်။ တစ်ခုချင်း ဖော်ပြရလျှင် တစ်သီတစ်တန်းကြီး ဖြစ်တော့မည်။ မကြိုက်နှစ်သက်သည့် အစားအသောက်မျိုးတော့ နည်းပါးပါသည်။ သိပ်မများလှပါ။ နှိုင်းယှဉ်မှု သဘောအရ ပြောခြင်းသာ ဖြစ်ပါသည်။ ဥပမာ -တချို့လူတွေက ''ကျိုးအန်းလိုင် ပဲနို့ကိုသာကြိုက်တာ၊ နွားနို့မကြိုက်ဘူး''ဟု ပြောတတ်ကြသည်။ ယင်းမှာ နှိုင်းယှဉ်မှု သဘောအရ ပြောခြင်းသာဖြစ်သည်။ တကယ်တော့ ကျိုးအန်းလိုင် နွားနို့လဲ သောက်တတ်ပါသည်။ သို့သော် ပဲနို့ကိုတော့ အသောက်များသည်။ ပဲနို့ကို ပိုကြိုက်သည့်သဘောပါသည်။
             နှိုင်းယှဉ်မှု သဘောနှင့် ဖော်ပြရလျှင် တချို့ဟင်းလျာများ၏အမည် ကိုဖော်ပြရပါမည်။ သူကိုယ်တိုင် အမည်နာမတပ်ပြီး မှာယူစားသောက် ခဲ့သည့် သူ့အကြိုက်ဟင်းလျာများပါ။ ကျိုးအန်းလိုင်က သကြားခဲနှင့် ဝက် လက်ချက်၊ ကြာညို့နှင့် ငါးအုပ်ဖားနှပ် ဟင်းလျာကို နှစ်သက်သည်။ မကြာခဏ ဆိုသလိုပင် ကျွန်တော်တို့ကို ''သကြားခဲနဲ့ ဝက်လက်လေး လုပ်ပါဦးကွာ'' ဒါမှမဟုတ် ''ကြာညို့ငါးအုပ်ဖားနှပ်လေး လုပ်ပါဦးကွာ''ဟု ခိုင်းတတ်ပါသည်။ အမေရိ ကန်ခုခံရေးနှင့် ကိုးရီးယားကူညီရေး ကာလတွေတုန်းက ကျွန်တော်တို့၏ ပို့ဆောင်ရေး ယာဉ်တန်းတွေကို အမေရိကန်တွေက တရစပ် ဗုံးကြဲခဲ့သည်။ ထိုအချိန်တုန်းက ကျိုးအန်းလိုင် နာရီပေါင်း ၂ဝ၊ ၃ဝ အဆက်မပြတ် အလုပ်လုပ်ခဲ့သည်။ လက်ဖက်ရည် ကြမ်းနှင့် ပေါင်မုန့်လောက်သာစား ပြီးအားဖြည့်ခဲ့သည်။ နောက်တစ်နေ့ မနက်ချဲ့ရုန်ကျန်း၊ လွီကျင့်ချောင်းတို့ ထွက်ခွာသွားပြီးတော့မှ ကျွန်တော်က ဝန်ကြီးချုပ်ကို သွားဖျောင်းဖျ ရပါသည်။
             ''အစားလေး နည်းနည်းတော့ စားပါဦး ဝန်ကြီးချုပ်၊ ထမင်းမစား တာ နှစ်ရက်ရှိသွားပြီ''
             ''အင်း- အားနည်းသွားသလိုပဲ'' ဟုပြောရင်း ကျိုးအန်းလိုင်က နွမ်းနယ်ပုံဖြင့် မျက်နှာကို လက်ဝါးဖြင့် ပွတ်နေသည်။ လက်ဖဝါးနှစ်ဘက် မျက်နှာပေါ်က သပ်ချရင်း ကျွန်တော့်ကို စိုက်ကြည့်ကာ
              ''သကြားခဲ ဝက်လက်ချက် ကလေး ရနိုင်မလား''
             ကျွန်တော်က ''ဝန်ကြီးချုပ် မအိပ်ရတာလဲ နှစ်ညရှိသွားပြီ၊ စားလို့ကောင်းတဲ့ဟင်းတွေ လုပ်ခိုင်းရင် မကောင်းဘူးလား''ဟု မေးလိုက်မိပါသည်။ သူက စားပွဲပေါ်က သံကြိုးစာကို ဆွဲယူဖတ်ရင်း ခေါင်းခါပြီး-
             ''မင်း- သဘောမပေါက်သေးဘူး။ ငါက အချိုစာစားလဲ ခံတွင်းတွေ့ပါတယ်။ ငါနေကောင်းပါတယ်။ ပိုပြီး အလုပ်လုပ်လေ ကယ်လိုရီ ပိုလိုအပ်လေပဲ။ သကြားခဲ ဝက်လက် ချက်က ငါ့လိုအပ်ချက်တွေကို အား ဖြည့်ပေးနိုင်တယ်''
              နောက်ဆုံးတော့ ကျွန်တော်လည်း စားဖိုမှူးကြီး ဆရာကွေ့ကို သကြားခဲဝက်လက်ချက် အမြန်လုပ်ပေးဖို့ သွားမှာလိုက်ပါသည်။ တစ်ချိန်တည်းမှာ အချက်တစ်ချက် သဘောပေါက်သွားပါသည်။ ကျိုးအန်းလိုင်က နေ့စဉ်နေ့တိုင်း အလုပ်များတော့ ကယ်လိုရီတွေ အများအပြား ဆုံးပါးသွားသည်။ သကြားခဲနှင့် ဝက်လက်ချက်သည် သူ့ကို အားအင်ဖြည့်စွမ်းရာ ကျသည်ဆိုသော အချက်ပင်။
             ကျိုးအန်းလိုင်၏ ဧည့်ခန်းမှာ ထမင်းစားခန်းနှင့် တွဲထားပါသည်။ အလုပ်များသည့်အခါ ထိုနေရာမှာပင် ထမင်းစားလိုက်တာမျိုး ရှိသည်။ တစ်နေ့မှာတော့ ကျွန်တော်တို့က ကျိုး အန်းလိုင်ကို ထမင်းစားဖို့ ပျော်ပွဲစားရုံ ခေါ်သွားကြသည်။ အကြောင်းရင်းကတော့ လေးငါးခြောက်ရက်အတွင်း သူတစ်ခါမှ ထမင်းစားပွဲမှာ မစားခဲ့ရဘဲ အစည်းအဝေးအပြီး ကားပေါ်မှာပင် ပေါင်မုန့်နှစ်ချပ်လောက်သွတ်ပြီး တစ်နပ်စာ ပြီးခဲ့တာချည်းကြောင့်ပါ။
              ကျိုးအန်းလိုင် သကြားခဲ ဝက်လက်ချက်ကို စားနေပုံမှာ ကြည့်ရတာကိုက စိတ်ချမ်းသာစရာကောင်း လှပါသည်။ မြိန်ရေရှက်ရေနှင့် စိတ်ပါ လက်ပါ စားနေပုံကိုကြည့်ရင်းနှင့် ကိုယ့်စိတ်ထဲမှာ အလိုလိုအရသာတွေ ပေါ်လွင်နေခဲ့တာပါ။
               သို့သော် မော်စီတုန်း၏ရဲဘော်က တယ်လီဖုန်းဆက်လာပါသည်။ မော်ကကျိုးကို တွေ့ချင်လို့တဲ့...။ ကျိုးအန်းလိုင်က ကျွန်တော်တို့ကို ယတိပြတ် မှာကြားခဲ့ဖူးပါသည်။ မော်စီတုန်းကသာ တွေ့ချင်တယ်လို့ ဖုန်းဆက်ရင် ဆေးသောက်ပြီး အိပ်ခါစ ဖြစ်ရင်တောင် သူ့ကို ချက်ချင်း အကြောင်းကြားရမယ်ဟု တင်းတင်းကြပ်ကြပ် မှာခဲ့ဖူးသည်။ အချိန်မရွေး၊ အခါမရွေးပါပဲ။ ထို့ကြောင့် ကျိုးအန်းလိုင်ခမျာ စားနေသည့် သကြားခဲ ဝက်လက်ချက်ကို ချထားခဲ့ပြီး အပြင် ဘက်ကို ခပ်သုတ်သုတ် ထွက်သွားပါတော့သည်။ ယေဘုယျအားဖြင့် မော်စီတုန်းက ကျိုးအန်းလိုင်ကိုခေါ်တွေ့ ပြီဆိုလျှင် အချိန်အကန့်အသတ် မရှိ တတ်ပါ။ ဆွေးနွေးရမည့်ပြဿနာ မပြီးမချင်း ပြေလည်အောင် ဆွေးနွေးကြသည်ဖြစ်ရာ အချိန်ကြာ တတ်ပါသည်။ ဒါမှမဟုတ် သိပ်အရေး တကြီးကိစ္စပေါ်လို့ ကျိုးအန်းလိုင် ကိုယ်တိုင်သွား ဖြေရှင်းရတာမျိုး ဆိုလျှင်လည်း အချိန်တိုတိုနှင့် ပြန်မလာတတ်ပါ။ ထို့ကြောင့် စားပွဲပေါ် စားလက်စတွေကို အားလုံးရှင်းခိုင်း လိုက်ပါသည်။
              ကျိုးအန်းလိုင်မှာ အကျင့်တစ်ခု ရှိသည်။ မနက်စာ ဟင်းကျန်ကို ညနေမှာပြန်နွှေးပြီး စားတတ်ခြင်းပင် ဖြစ်သည်။ ဘယ်တော့မှ အလဟဿ သွန်ပစ်တာမျိုး ခွင့်မပြုပါ။ ညနေထိထား၍ သိုးမှာစိုးလျှင် ကျွန်တော်တို့ တစ်တွေက ကုန်အောင်စားပစ်ရပါသည်။ စားစရာကောင်းနှင့် ကြုံလျှင်တော့ ကျွန်တော်တို့လည်း ကူညီပြီး စားပစ်လိုက်ကြတာပါပဲ။ ကျိုးအန်းလိုင် ညနေစာ ထမင်းစားလျှင်တော့ မနက်က ကျန်နေသည့် ဟင်းကိုမေးလေ့ရှိပါသည်။ ကျွန်တော်တို့ စားပစ်လိုက်ကြပြီဟု ပြောလိုက်လျှင် သူက ခေါင်းတညိတ်ညိတ်ဖြင့် ''အလဟဿ မဖြစ်ဘူးဆိုရင်ပြီးတာပဲ'' ဟု ပြောတတ်ပါသည်။ ''ဗိုက်ထဲထည့်ပစ်တာ အလဟဿ မဖြစ်ဘူး'' ဆိုသည့်မူပါပဲ။ ဘယ်သူ့ဗိုက်ထဲရောက်ရောက်၊ ဘယ်တော့မှမမေးပါ၊ မတွက်ကတ်ပါ။ သို့သော် သကြားခဲ ဝက်လက်ချက်နှင့် ကြာညို့ငါးအုပ် ဖားနှပ်ကျလျှင်တော့ တစ်မျိုးတစ်ဖုံပါပဲ။ မတူတော့ပါ။
 ပျော်ပွဲစားရုံတံခါးဝ သူရောက်တော့မှ ချက်ချင်း ပြန်လှည့်လာပြီး ကျွန်တော့်ကို ပြောပါသည်။
           ''ဟေ့- သကြားခဲဝက်လက် ချက်ကို ငါ့အတွက်ချန်ထားဦးနော်'' ဟုပြောလိုက်ပြီးမှ ကလေးလေးတစ် ယောက်လို အားနာပါးနာမျက်နှာမျိုး ဖြင့်ဆက်ပြောပါသည်။
             ''မတင်းတိမ်သေးဘူးကွ၊ ငါ ထပ်စားချင်သေးတယ်''
            ဘာအကြောင်းရယ်လို့ တိတိကျကျ မဖော်ပြတတ်ပါ။ ကျွန်တော့် စိတ်ထဲတွင် နွေးခနဲ တစ်ချက်ဖြစ်ကာ ခံစားမှုတစ်မျိုး ပေါ်လာခဲ့ပါသည်။ ကျိုးအန်းလိုင်၏ ကြည်ညိုလေးစားစရာ အပြုအမူမျိုးနှင့်သာ အကြိမ်ကြိမ် အခါခါ ကြုံဆုံခဲ့ဖူးပြီ။ ဒီတစ်ကြိမ်မှာသာ ကြည်ညိုလေး စားစရာ အပြုအမူအစား ချစ်စရာ ကောင်းသည့်စိတ်ဓာတ်က ဝင်ရောက် အစားထိုးသွားခြင်း ဖြစ်ပါသည်။ ကျွန်တော်က ပြုံးပြီးပြန်ပြောလိုက်ပါသည်။ ''ဝန်ကြီးချုပ်၊ စိတ်ချပါ။ ကျွန်တော် ကြည့်ထားလိုက်ပါမယ်''
           ကျိုးအန်းလိုင် ကပျာကယာ ထွက်သွားပါသည်။ ကျွန်တော်က ကျွန်တော်တို့ လူတွေအားလုံးကို ပြောလိုက်ပါသည်။
          ''ရဲဘော်တို့အားလုံး အိနြေ္ဒရရပဲ နေကြပါ။ ဝက်လက်ဟင်းကို ဘယ်သူမှ မတို့ကြပါနဲ့၊ ဝန်ကြီးချုပ် အတွက်ချန်ထားရမှာ၊ စည်းမဖောက်ကြနဲ့နော်...''
          ထိုဖြစ်ရပ်ကလေး၏ နောက်ပိုင်းတွင် ကျွန်တော်နှင့် စားဖိုမှူး ဆရာကွေ့တို့နှစ်ယောက် ကျိုးအန်းလိုင်အတွက် အစားအသောက် စာရင်းရေးဆွဲပြုစုကြပြီး လေးငါးရက် ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ် သကြားခဲ ဝက်လက်ဟင်း သို့မဟုတ် ကြာညို့ငါးအုပ်ဖားနှပ်ကို ချက်ကျွေးဖို့ စီစဉ်လိုက်ကြပါတော့သည်။

ဆက်လက်ဖော်ပြပါမည်။

မောင်မောင်လှိုင်(အပ်စိုက်ကု)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.