မဲခေါင်မြစ်ထဲက နဂါးမီး...၃
ယခင်အပတ်မှ အဆက်
တပည့်တွေ အဲဒီနေ့က ပြောပြတာကို ကျွန်မ တော်တော် စိတ်ဝင်စားသွားပြီး အဲဒီအကြောင်းကို ကျန်းမာရေး ဆွေးနွေးပွဲမှာဆုံတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းမှ သူငယ်ချင်းများကို ပြောပြမိပါတယ်။
''ခင်က တစ်ဆင့်စကားပဲ ကြားတာကိုး''
''တို့တစ်တွေလဲ ဒီအကြောင်းကြားပြီး စိတ်ဝင်စားလို့ ရုံးပိတ်ရက်မှာ တစ်ဘက်ကမ်း ထိုင်းရှိ နောင် ခိုင်မြို့-သြညါု့ငေ မှာ သွားကြည့် ခဲ့ကြတယ်။ ဓာတ်ပုံတွေ ရိုက်လာခဲ့တယ်။ ပြဦးမယ်''လို့ ပြောပါတယ်။
ကျွန်မစိတ်ဝင်စားပြီး တစ်ညနေတွေ့ဖို့ ချိန်းလိုက်ကြတယ်။ သူတို့က ဗီရန်ရှင်းကနေ ထိုင်း၊ လာအို တံတားကို ဖြတ်ကျော်ပြီး နောင်ခိုင်မြို့ကို သွားလိုက်ကြတယ်။ အခုနောင်ခိုင်မှာ ကမ္ဘာလှည့် ခရီးသည်များကို နဂါးကွန့်မြူးပွဲ၊ နဂါးမီးလုံးပွဲဆိုပြီး ဆွဲဆောင်ကြေငြာတာကြောင့် အဲဒီရက်ဆိုရင် နောင်ခိုင်မှာ လူတွေ တိုးမပေါက်ဆိုပဲ။ ဒါကို သူတို့ ကြိုသိထားတာကြောင့် ဟိုတယ်ကို ကြိုကြိုတင်တင် ဘုတ်ကင်လုပ်ပြီး စော စောရောက်အောင် သွားလိုက်ကြ တယ်။
လူတွေက များလွန်းလို့ နေ့လယ်လောက်ကတည်းက နေရာသွားယူပြီး စောင့်ခဲ့ရတာဆိုပဲ။ အဲဒီလိုမှ စောစောသွား နေရာဦးပြီး ဖျာခင်းမထားရင်လဲ နေရာရဖို့ မလွယ်ပါဘူး။ မြစ်ကမ်းနား ဘေးတစ်လျှောက် ကိုယ်လိုလူတွေက ပြည့်နေတာပါ။ ကမ္ဘာလှည့် ခရီးသည်တွေ စိတ်ဝင်စားပြီး လာစောင့်ကြည့်တဲ့ နာမည်ကြီးပွဲထဲမှာလဲ တစ်ခု အပါ အဝင်မို့ ပိုစည်ကားပြီး နေရာလပ် မရှိ လောက်အောင်ဖြစ်နေပါတယ်။
ဒီမဲခေါင်မြစ်ထဲက နဂါးမီးလုံးကို မှတ်တမ်းတင် ဗီဒီယို ရိုက်မယ့် သူတွေကလဲ သူတို့ ကင်မရာတွေကို မဲခေါင်မြစ်ကို မျက်နှာမူပြီး နေရာကောင်းကနေ အရန်သင့် ချိန်ရွယ်ထားတာတွေကလဲ ဒုနဲ့ဒေးဆိုပဲ။ သုတေသန လုပ်ချင်သူတွေ၊ ဆောင်းပါးရေးချင်သူတွေကလဲ မှတ်ဖို့၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ဖို့ ပြင်ဆင်ထား သူတွေကလဲရှိကြပါသေးတယ်။
ကျွန်မသူငယ်ချင်းတွေလဲ မဲခေါင်မြစ်ကမ်းနားမှာ ထိုင်နေကြရင်း မဲခေါင်မြစ် မျက်နှာပြင်ပေါ် တက်လာမယ့် မီးလုံးတွေကို စောင့်ကြည့်နေကြတယ်။ နေဝင်ပြီးသွားတာနဲ့ ရေမျက်နှာပြင်ကနေ အနီလုံးတွေဟာ တန်းတန်းမတ်မတ် ဝါးလုံး ထိုးထိုးတက်သွားပြီး စက္ကန့်ပိုင်း အတွင်းမှာပဲ ပျောက်ကွယ်သွားတယ်တဲ့။
မီးလုံးတွေဟာ ကြည့်လိုက်ရင် ဒုံးကျည်တို့၊ ရှူးဒိုင်းတို့ လွှတ်လိုက်တယ်လို့ ထင်ရပေမယ့် သူတို့ ဘာပေါက်ကွဲသံမှ မကြားရဘူးလို့ ကျွန်မကို ပြောပါတယ်။ ရုတ်တရက် ရေမျက်နှာပြင်က ထတောက်ပြီး လင်းခနဲ ကောင်းကင်ပေါ်ကို တက်သွားတာဆိုပဲ။ အသံတို့၊ မီးခိုးတို့လဲ မတွေ့ရဘူး။ မီးပန်းတို့၊ ဒုံးကျည်တို့ ကွက်တစ်မျိုးလို့လဲ ပြောကြသေးတာတဲ့လေ။ ကျွန်မသူငယ်ချင်းတွေကလဲ ဒီနဂါးမီးလုံးတွေဟာ တကယ် ဟုတ်၊ မဟုတ် သံသယရှိနေကြတယ်။ တကယ်များ လှည့်ကွက်ဖြစ် နေတာလား။ ကမ္ဘာလှည့် ခရီးသည် များများ နောင်ခိုင်မြို့ကို လာအောင် ကြော်ငြာနေတာလားဆိုပြီး အမျိုးမျိုး တွေးမိနေကြတာတဲ့လေ။
ရုံးရက်ရှည် အားတာက တစ်ကြောင်း၊ ဗီရန်ရှင်းမှာ ထိုင်းဘက်ကို ကားယူသွားခွင့်တောင်းပြီး ကိုယ့်ကားကိုယ်မောင်းပြီး တစ်ဘက်ကမ်းရှိ နောင်ခိုင်မြို့ကို လွယ်လွယ်ကူကူ သက်သက်သာသာ အဆင်ပြေ သွားရောက်မလာခင်ကတည်းက ကြားဖူး ကြတာဆိုပဲ။ ဒါက ဗီရန်ရှင်းရောက်ရင် ကြည့်ကိုကြည့်ရမယ့် မဲခေါင်မြစ် မီးထွန်းပွဲလို့ သိထားကြတယ်။ တကယ်လဲ ဟုတ်တယ်ဆိုပဲ။ ညနေ စောင်းမှာ မီးရှူး မီးပန်းတွေ လွှတ်တာ၊ ဒုံးကျည်တွေ ဖောက်တာ၊ လေပူဖောင်းတွေ လွှတ်တာ၊ မီးမျှောတာတွေ အစုံကို တွေ့ရတယ်။
ဒါပေမယ့် သူတို့ တကယ် ကြည့်ချင်တာက လူတွေ ဖန်တီး ထားတဲ့ မီးထွန်းပွဲမဟုတ်ပါဘူး။ ကျွန်မ တပည့်တွေ ကြုံတွေ့ခဲ့ရတဲ့ မဲခေါင်မြစ်မျက်နှာပြင်က ထိုးတက်လာမယ့် မီးလုံးတွေပါ။ သူတို့ စောင့်ပြောနိုင်ပေမယ့် ရာနှုန်းပြည့်တော့ လက်ခံလိုက်တယ်လို့ မပြောနိုင်ကြပါဘူး။
ဒီနဂါးမီးလုံးတွေအကြောင်း ရှင်းပြဖို့ကတော့ ခက်နေတာပါ။ တချို့က ဒုံးကျည်လွှတ်တာ၊ ရှူးဒိုင်းလွှတ်တာ ပြောကြပေမယ့် မီးလုံးတွေ ပေါ်လာတဲ့အနားမှာ ဘာမှ မသင်္ကာစရာ မတွေ့ခဲ့ကြဘူး။ တချို့က ရေငုပ်သင်္ဘောတွေ မဲခေါင်မြစ် အောက်ကနေပြီး ပစ်လွှတ်တဲ့ မီးကျည်တွေလို့လဲ ပြောပြန်သတဲ့။ ကျွန်မ သူငယ်ချင်းတွေက ဒါကိုတော့ မယုံကြဘူး။ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
သူတို့တစ်တွေ မီးလုံးတက် လာတာတွေ့ရင် အားရပါးရ အော်မိတယ်ဆိုပဲ။ ကျွန်မ တပည့်တွေတောင် ဟယ်ခနဲ၊ ဟင်ခနဲဖြစ်သွား ကြတာပဲလေ။ ကမ်းစပ်မှာရှိတဲ့လူတွေ လက်ခုပ်လက်ဝါးတီးပြီး အသံထွက် အားပေးနေတာ နားထောင်ရတော့ သူတို့တစ်တွေ မဲခေါင်မြစ်ပေါ်မှာ ထူးခြားတဲ့ မြင်ကွင်းကို မြင်ခဲ့ရပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်နိုင်တာကိုပဲ ဝမ်းသာကြတယ်လို့ ကျွန်မကို ပြောပြကြပါတယ်။
အဲဒီညက မီးလုံးတွေထိုင် ကြည့်ကြရင်း ကျွန်မ သူငယ်ချင်းတွေလဲ သူတို့ဘေးမှာရှိကြတဲ့ သူတွေနဲ့ ကြားဖူး၊ ဖတ်ဖူးတာတွေကိုလဲ စကားပြောရင်း ဖလှယ်ကြသေးတယ်ဆိုပဲ။
ဒီမီးလုံးတွေကို နောင်ခိုင်မြို့က စကြဝဠာဗေဒကို လေ့လာသူ ဆရာဝန် တစ်ယောက်က မီသိန်းဓာတ် သဘာဝကြောင့် ဖြစ်တာလို့ပြောသတဲ့။ ထိုင်းနိုင်ငံ ကောင်းကင်းတက္ကသိုလ် Khon Kaen University က ဘူမိဗေဒပါမောက္ခက မဟုတ်ကြောင်း ငြင်းဆိုပြန်သတဲ့။ သူတို့ နှစ်ယောက်က အခုလိုပဲ အမြဲစကား အချေအတင် ပြောတတ်ကြကြောင်းလဲ သူတို့ကြားခဲ့ရတာဆိုပဲ။
ယုံကြည်သူရှိသလို၊ မယုံကြည် သူတွေရှိတာလဲ မဆန်းပါဘူး။ ယုံကြည်မှုဆိုတာ သိပ္ပံနည်းကျကျ သက်သေအထောက်အထားနဲ့ ပြောဆိုလို့ မရပါဘူး။
''ဒီ မီးလုံးတွေ တကယ်ပဲ လား''
''ရှိကောရှိရဲ့လား''
ဟုတ်၊ မဟုတ်ဆိုတာ အရေး မကြီးပါဘူး။ လူတွေရဲ့ ယုံကြည်မှု လက်ခံမှုက အဓိကပါ။ ယုံကြည်မှု ဆိုတာကလဲ လူ့အတန်းအစား အလွှာ တိုင်းမှာ ရှိကြတာပါ။
လာအိုနိုင်ငံမှာ ဒီနဂါးကွန့်မြူးတဲ့ အကြောင်းကို တစ်ဆင့်စကား တစ်ဆင့်ပြောလာကြပြီး ယုံကြည်ခဲ့တာ နှစ်ပေါင်း ၁ဝဝ မကတော့ပါဘူး။ လူကြီးများက မဲခေါင်မြစ်တွင်းရှိ နဂါးဘုရင်အကြောင်း ဒဏ္ဍာရီပုံပြင် တွေပြောခဲ့ကြတယ်။ ကျွန်မတောင် ငယ်ငယ်က နဂါးပုံပြင်တွေ နားထောင်ခဲ့ဖူးပါတယ်။
တချို့အကြောင်းအရာတွေဟာ ဟုတ်၊မဟုတ်ကို ခုခေတ် သိပ္ပံနည်းနဲ့ စစ်ဆေးဖို့ ခက်ပါတယ်။ နှစ်ပေါင်း ရာချီပြီး လူတွေရဲ့ ယုံကြည်မှု၊ ခံစားမှု၊ ကြည်နူးလက်ခံတာတွေကို ဒီ အတိုင်းထားတာက ကောင်းမှာပါ။
ကျွန်မတို့ သီတင်းကျွတ်ပြီဆိုရင် ဘုရားမီးပူဇော်ကြ၊ အိမ်တွေ၊ ဆိုင်တွေမှာ မီးအလှထွန်းကြ လုပ်ကြတာပါပဲ။ သူတို့ရဲ့ မဲခေါင်မြစ်မှာ တွေ့ရ တဲ့ မီးလုံးတွေကလဲ သီတင်းကျွတ်ချိန်မှာ သဘာဝကပေးတဲ့ မီးလုံးတွေလို့ ပြောနိုင်ပါတယ်။
သိပ္ပံနည်းကျကျ အဖြေအတိအကျ ရှာမတွေ့မချင်းမှာတော့ နဂါးဘုရင်ရဲ့ အာခံတွင်းက မှုတ်ထုတ်လိုက်တဲ့ မီးလုံးတွေဆိုတဲ့ ဒဏ္ဍာရီ ပုံပြင်ထဲက အဆိုကလဲ ဆက်လက် ရှင်သန်မြဲ ရှင်သန်နေဦးမှာပါ။
ဒေါက်တာခင်လက်ျာ