ကျိုအန်းလိုင်၏ စား ၀တ် နေ သွား စရိုက်များ..၂၀
ယခင်အပတ်မှ အဆက်
ခရီးပြင်းနှင်နေသည့် ကားပေါ်မှာ၊ အစည်းအဝေး အနားယူသည့် အခန်းမှာ သို့မဟုတ် သုတ်သုတ်သုတ်သုတ်နှင့် လမ်းသွားရင်း စားခဲ့ကြရတာ များပါသည်။ ကားပေါ်မှာ စားရသည့် နေ့လယ်စာမှာ ပြောင်းဖူးမှုန့်အရည် ပျစ်ပျစ်တစ်ခွက်၊ ပေါင်မုန့်နှစ်ချပ်၊ တစ်ခါတစ်ရံ ပေါင်မုန့်နှစ်ချပ်ကြားမှာ ဝက်အူချောင်းပါတတ်ပြီး တစ်ခါတစ်ရံမှာတော့ သစ်သီးယိုသုတ်ထား တတ်ပါသည်။ တစ်ခါတစ်ရံမှာတော့ ကွေကာအုတ်တစ်ခွက်နှင့်သာ ပြီးတတ်ပေမယ့် ကျိုးအန်းလိုင်က ပြောင်းဖူးမှုန့်ကို အရည်ဖျော်ပြီးခပ် ပျစ်ပျစ်ကျိုထားသည်ကို ပိုကြိုက်ပါသည်။ အစည်းအဝေး အနားယူခန်း မှာစားမည်ဆိုလျှင်တော့ ကျွန်တော် တို့က အစည်းအဝေးခန်းမှဝန်ထမ်း လီဝေစင့်ကို ကြိုတင်ဖုန်းဆက် အကြောင်းကြားပြီး ခေါက်ဆွဲပြုတ် အရည်ပူပူလေး လုပ်ပေးဖို့ မှာပေးရပါသည်။ အစည်းအဝေးနားချိန်မှာ ခေါက်ဆွဲပြုတ်စားရင်း အစီရင်ခံစာ ဖတ်ပြတာကို နားထောင်လေ့ရှိပါသည်။ အရည်လည်းသောက်၊ ခေါက်ဆွဲဖတ်လည်း စားဆိုတော့ အဆင်ပြေ ပါသည်။ တိုင်းပြည်စီးပွားရေးကောင်း သည့်အချိန်မျိုးမှာ ခေါက်ဆွဲပြုတ်ထဲ အသားမျှင်နှင့် ဟင်းရွက်ပါထည့် ပြုတ်ပါသည်။ တိုင်းပြည် စီးပွားရေး ကျဆင်းသည့် အခါမျိုးမှာကျတော့ ခေါက်ဆွဲပြုတ် ပန်းကန်ထဲ ကြက်သွန်မြိတ် လှီးစလေး နည်းနည်းသာဖြူးပေးလေ့ ရှိပါသည်။
ကျိုးအန်းလိုင် သိပ်အလုပ်များသည့်အခါ ကျွန်တော်တို့ စီစဉ်စရာအချိန် သုံးလေးမိနစ်ပင် မရနိုင်တော့ပေ။ ထိုအခါမျိုးတွင် ပြည်သူ့ခန်းမဆောင်က ဝန်ထမ်းကို အကြောင်းကြားပြီး အသားမပါ ဟင်းရွက်ဌာပနာသည့် ပေါက်စီလုံးလေးတွေ လုပ်ပေးဖို့ မှာရပါသည်။ အစည်းအဝေးခန်းမ တစ်ခုနှင့်တစ်ခုကြားရှိ စင်္ကြံလမ်းမှာပဲ သွားရင်းစားတတ်ပါသည်။ အထူး သဖြင့် မဟာယဉ်ကျေးမှု တော်လှန်ရေး ကာလတုန်းက ကျိုးအန်းလိုင်ခမျာ နေ့တိုင်းလိုလို ထိုပုံစံမျိုးစားခဲ့ရ ရှာသည်။
အခြေအနေ ရုတ်တရက်ပြောင်း လဲသည့်အခါမျိုး၊ လူထုလှုပ်ရှားမှု တစ်ခုခု ရုတ်တရက်ရှိလာသည့်အခါ မျိုးမှာ ကျိုးအန်းလိုင်သည် စားနေကျ ပေါင်မုန့်၊ ပေါက်စီ၊ ပြောင်းဖူးမှုန့် ကော်ရည်ပျစ်၊ ခေါက်ဆွဲပြုတ် စသည် တို့ကိုပင် မစားနိုင်တော့ဘဲ သကြား လုံးနှင့်ပဲပြီးခဲ့ရသည့် အနပ်တွေလည်း မနည်းပါ။ သကြားလုံး နှစ်လုံးကို ထမင်းတစ်နပ်အဖြစ် စားခဲ့ရသည့် အကြိမ်တွေလည်း ရှိပါသည်။ အခြေအနေပေးခဲ့လျှင်တော့ မြေပဲ သို့မဟုတ် ပဲပုပ်ပဲပြုတ်နှင့်သာ ထမင်းတစ်နပ် အဖြစ်ပြီးခဲ့တာတွေလည်းရှိခဲ့ပါသည်။ ထိုအခြေအနေမျိုးကို မဟာယဉ်ကျေး မှုတော်လှန်ရေး ကာလမှာ အများဆုံး ကြုံခဲ့ရပါသည်။ ကျွန်တော်တို့လို အနီးကပ်ဝန်ထမ်းတွေ မဆိုထားနှင့် တစ်ခါတစ်ရံမှသာ ကျိုးအန်းလိုင်နှင့် ထိတွေ့ရသည့်အဆင့်မြင့် ကေဒါကြီး တွေတောင်မှ ကျိုးအန်းလိုင်ဖြစ်နေပုံကို ကိုယ်တွေ့မျက်မြင် မကြုံခဲ့ဖူးသူ တွေအမှန်နည်းပါလိမ့်မည်။ ရဲဘော် ထျယ်ရင်းဆိုလျှင် မျက်ရည်ပင်ကျခဲ့ ဖူးပါသည်။ ကျိုးအန်းလိုင်ခမျာ မြေပဲ တစ်ဆုပ်ကို ထမင်းနှစ်နပ်စာလုပ်ကာ ရေနွေးကြမ်းအဝသောက်တာကို မျက်မြင်တွေ့ရပြီး မျက်ရည်ကျခဲ့ခြင်းဖြစ် ပါသည်။
ကျွန်တော်တို့ တစ်တွေကတော့ ကျစရာ မျက်ရည်လက်ကျန်မရှိတော့ ပါဟုဆိုလျှင် လွန်သည်ဟု မဆိုနိုင်တော့အောင် နေ့စဉ်ကြုံတွေ့နေခဲ့ကြ ရပါသည်။
အစာစားခြင်း၌ ကျိုးအန်းလိုင်သည် အောက်ပါအချက်သုံးမျိုးကို တင်းတင်းကြပ်ကြပ် ရှောင်ပါသည်။
ပထမ ရှောင်သည့်အချက်မှာ အများဆိုင်ရာ၊ ပုဂ္ဂလိကဆိုင်ရာ အချက်ပါပဲ။ ဝန်ကြီးချုပ်ရုံး။ ခြံဝင်း ထဲမှာ မြေကွက်လပ်တွေ အများကြီး ရှိပါသည်။ ထိုမြေကွက်လပ်များတွင် မာလီကြီး ဘဘကျိုးကို ပဲသီးတောင့်တွေ၊ မုန်ညင်းတွေ၊ မုန်လာဥတွေ၊ ခရမ်းချဉ်တွေလို ဟင်းသီးဟင်းရွက် တွေစိုက်ခိုင်းထားပါသည်။ နွေဦး ရာသီရောက်လျှင် ဟင်းသီးဟင်းရွက်တွေ ဆက်တိုက်ပေါ်ပါပြီ။ အားလုံးက ကျိုးအန်းလိုင်ကို ဟင်းသီးဟင်း ရွက်လတ်လတ်ဆတ်ဆတ်တွေ စားစေချင်ကြပါသည်။ တစ်နေ့တော့ ကိုယ်ရံတော် ကျန်းကွေ့ချွန်းက ကျိုး အန်းလိုင်အတွက် ထမင်းပွဲပြင်ပေး ရင်း ပဲသီးတောင့်ဟင်းအကြောင်း ရှင်းပြပါသည်။
''ပဲသီးတောင့်တွေက ဒီခြံထဲကခူးပြီးချက်တော့ သိပ်နုတာပဲ'' ကျိုးအန်းလိုင်က အခြေအနေကို တုံ့ပြန်သည့် အကြည့်မျိုးနှင့်ကြည့်ပြီး
''ပိုက်ဆံ ရှင်းပေးလိုက်ပြီလား''
''ကိုယ်ခြံထဲစိုက်တဲ့ဟာပဲ ဘယ်သူ့ကိုမှ ပိုက်ဆံပေးစရာမလိုပါ ဘူး''
ကျန်းကွေ့ချွန်းက အံ့သြပြီး ကြောင်တောင်တောင်ဖြင့် ဖြေရှင်းရင်း ခေါင်းခါလျက်-
''ဘယ်ကိုမှ မပေးရပါဘူး ခင်ဗျာ''
ကျိုးအန်းလိုင်ကလည်း ကျန်းကွေ့ချွန်းနှင့်လိုက်ပြီး ခေါင်းတွင်တွင် ခါရင်း-
''မင်းပြောတာမဟုတ်ဘူး။ မြေက ပြည်သူပိုင်တာ။ ရေကလဲ ပြည်သူပိုင်တာ။ ထွက်လာတဲ့ပစ္စည်းကျ တော့ ကိုယ်ပိုင်ဖြစ်ရောလား။ မင်း သေချာစဉ်းစား တွက်ချက်ကြည့်ပါဦး။ ပဲသီးတောင့်တွေ ဘယ်လောက် စားခဲ့ပြီလဲ။ မုန်ညင်းပင်တွေ ဘယ် လောက်စားပြီးပြီလဲ။ ဈေးထဲက ရောင်းဈေးအတိုင်း ခွဲဝေပေးလိုက်။ ငွေတစ်ဝက်ဌာနဆိုင်ရာကိုပေး။ မြေအတွက်နဲ့ ရေအတွက်...။ ငွေတစ်ဝက်ကို ဘဘကျိုးကိုပေးလိုက်။ သူက လုပ်အားစိုက်ထုတ်ထားရတာ''
ကျန်းကွေ့ချွန်း ပြန်ပြောပြတော့ ကျွန်တော်တို့အားလုံး သဘောတူ လက်ခံကြပြီး ဘဝင်ကျကြပါသည်။ အများပိုင်ဆိုင်ရာနှင့် မိမိပိုင်ဆိုင်ရာကို သေချာသိမြင် ရှောင်ကြဉ်တာပဲ ဖြစ်ပါသည်။ သိပ်ဘဝင်မကျခဲ့တာ မျိုးတွေလည်း ရှိခဲ့ပါသည်။ ကျွန် တော်ကျိုးအန်းလိုင်နှင့်အတူ ပထမ ဆုံးအကြိမ် ဂျီနီဗာ ကွန်ဖရင့်ကို လိုက်ပါတက်ရောက်ခဲ့စဉ်က ကြုံတွေ့ခဲ့ရတာပါ။ ၁၉၅၄ ခုနှစ်တွင်ဖြစ်ပါသည်။ ကျွန်တော့်လို ငယ်ငယ်ကတည်းက ကွန်မြူနစ်ပါတီနှင့်အတူ ကြီးပြင်းလာခဲ့သူ တစ်ယောက်အဖို့ နိုင်ငံရေးကြံ့ခိုင် ပြတ်သားမှု၊ အတွေးအခေါ် ဘောင်ခတ်ကန့်သတ်မှု၊ တင်းကြပ်လိုက်နာ ရသည့် စည်းမျဉ်းစည်းကမ်းတွေနှင့် အသားကျထားပြီးသား ဖြစ်ပါသည်။ အခုခေတ် လူငယ်တွေ စကားနှင့်ပြောရလျှင် လောကကြီးကိုတောင် မမြင် ဖူးသေးဘဲနှင့် ကမ္ဘာ့တော်လှန်ရေး အကြောင်းပြောနေသည်ဟု ဆိုသလိုပါပဲ။ သို့သော် ၁၉၅၄ ခုနှစ်ကာလ တုန်းက နိုင်ငံတကာ အုပ်စုကြီးနှစ်ခု ရင်ဆိုင်ထိပ်တိုက်တွေ့နေမှုက ပြင်း ထန်နေဆဲကာလပါ။ ကျွန်တော့် ခေါင်းထဲမှာတော့ နေမင်း လမင်းပါပဲ။ နေမင်းမဟုတ်လျှင် လမင်း။ အလင်းဟုတ်လျှင်ဟုတ်။ မဟုတ်လျှင် အမှောင်ပဲ။ ထို့ကြောင့် အဆင့် မြင့်ခေါင်းဆောင်ကြီးများ ဆွေးနွေး ဟောပြောသည့်အခါ ဥပမာ-ကျိုးအန်း လိုင်ပြောကြားခဲ့သည် ''အရင်းရှင် စနစ်ဟာ သံပြားကြီးတစ်ချပ် မဟုတ်ဘူး။ ဆိုရှယ်လစ်စနစ်ဟာလဲ သံပြား ကြီးတစ်ချပ်မဟုတ်ဘူး''ဟု ဟော ပြောသံကြားလျှင် ဘယ်သူက ကျွန် တော်အံ့အားသင့်ပြီး မျက်ကလဲဆန် ပြာနှင့် ပါးစပ်အဟောင်းသားဖြစ်နေခဲ့ တာကို တွေးထင်နိုင်ကြပါ့မည်နည်း။
ကျိုးအန်းလိုင်က ဒုတိယအဆင့်။ တိန့်ရင်ချောင်းက ဆဋ္ဌမအဆင့်။ ထိုအချိန်အခါ ကာလအရ ပြောရလျှင် လစာငွေမနိမ့်လှပါ။ သူတို့ဝင်ငွေတွေ ကို ကျွန်တော်ကိုင်တွယ် စီမံရတာပါ။ စာရင်းချုပ်ကို ကျွန်တော်ကိုင်ပြီး အသေးသုံးစာရင်းတွေကိုတော့ တာဝန်ကျ ဝန်ထမ်းက ကိုင်ရပါသည်။ ကျိုးအန်းလိုင်တို့ ဇနီးမောင်နှံမှာ လစာငွေ ကလွဲပြီး အခြားဘာဝင်ငွေမျှ မရှိခဲ့ပါ။ စာမူခတွေလာလျှင်လည်း ကျိုးအန်းလိုင်နှင့် တိန့်ရင်ချောင်းတို့က မယူပါ။ ရသမျှ စာမူခတွေကို အစိုးရဘဏ္ဍာထဲ လွှဲပေးလိုက်ကြသည်သာ။ တစ်ချို့ တစ်ဝက်ကိုတော့ စာမူပြင်ဆင်ဖတ်ရှု သူတွေကို ခွဲဝေပေးတတ်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
မောင်မောင်လှိုင်၊ အပ်စိုက်ကု