19-10-2017
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
ဗဟိုဘဏ်များရဲ့ သမိုင်းမော်ကွန်း

လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်က ဗြိတိသျှ အစိုးရဟာ အင်္ဂလိပ်ဗဟိုဘဏ် (Bank of England) ကို အတိုးနှုန်းများသတ်မှတ်ပိုင်ခွင့် အပ်နှင်းခဲ့တယ်။ ဒီဆုံးဖြတ်ချက်ဟာ ဗဟိုဘဏ် များ (Central Bank)အတွက် အလားအလာကောင်းတဲ့ အစဉ်အလာတစ်ခုလို ဖြစ်လာခဲ့တယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ကမ္ဘာဂြိုဟ်ပေါ်မှာဗဟိုဘဏ်များဟာ အင်မတန် အင်အားကြီးမားတဲ့ ဘဏ္ဍာရေးဇာတ်ဆောင်များ ဖြစ်လာခဲ့ပါတယ်။ ဒါ တင်ပဲလားဆိုတော့မကသေးပါဘူး။ နိုင်ငံခြားငွေလဲလှယ်နှုန်းများကိုလည်း  သတ်မှတ်ခွင့်ပေးတယ်။ စီးပွားရေးယန္တရားလည်ပတ်မှုကိုလည်း ထိန်း ကျောင်းခွင့်ပြုတယ်။ ပြီးတော့ ငွေကြေးအားဖြင့် ထရီလီယံပေါင်းမြောက်မြားစွာ တန်ဖိုးရှိတဲ့ အက်ဆက် (assets) များကိုလည်း ဝယ်ယူ ခွင့်ပြုတယ်။

 

ခုတော့ ဗဟိုဘဏ်များဟာ ရှေးတုန်းကထက်လုပ်ပိုင်ခွင့်တွေပိုရကာ သိပ်ပြီး  လွတ်လပ်လာခဲ့ပါပြီ။ ဒါပေမယ့် ဒီလွတ်လပ်မှုဟာ ဒီရေများ ပြန် ကျသွားသလို လျော့ကျသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတစ်နံတစ်လျားမှာ ဗဟိုဘဏ် များဟာ သူတို့ရဲ့လုပ်ပိုင်ခွင့်ထက် ပိုမိုကျော်လွန်လုပ်ဆောင်နေကြတယ်လို့ ဝေဖန်ပြောဆိုခံနေကြရတယ်။ အချို့သောနိုင်ငံများမှာဆိုရင် ငွေကြေးမူဝါဒ (Monetary Policy) ရဲ့ အခြေခံသဘောတရားများကိုတောင် ဝေဖန်တိုက်ခိုက်နေကြတယ်။ ပမာ အားဖြင့် တူရကီသမ္မတ Recep Tayyip Erdogan က သူ့ရဲ့ ဗဟိုဘဏ်ဟာ ဘဏ်တိုးနှုန်းများကို မြင့် မြင့်မားမား မြှင့်တင်ထားတဲ့အတွက် တိုင်းပြည်မှာ ငွေကြေး ဖောင်းပွမှု ဖြစ်နေရတယ်လို့ ဒေါသတကြီး ပြောဆိုခဲ့တယ်။ ဒါကတော့ Erdogan ရဲ့ အပြော။

 

၂ဝဝ၇-၂ဝဝ၈ အမေရိကန်ဘဏ္ဍာရေး ပြဿနာ နောက်ပိုင်းမှာဗဟိုဘဏ်များဟာ ဘဏ္ဍာရေးကဏ္ဍ ကိုသာ ဦးစားပေးရွေးချယ်ထောက်ကူပေးခဲ့ကြတယ်။ ဒါကြောင့် ငွေစု ဆောင်းကြသူများရဲ့ ဝင်ငွေဟာ ပိန် ချိုင့်သွားခဲ့ရတယ်။ တကယ်တော့ ဗဟိုဘဏ်များ စတင်ထွက်ပေါ်လာကတည်းက ပြဿနာများက ဗဟိုဘဏ်များနဲ့အတူ ပါရှိလာခဲ့တာပါ။

 

ဗဟိုဘဏ်များ ပေါ်ထွက်လာခဲ့တာ နှစ်ပေါင်း ၃ဝဝ ကျော် ရှိခဲ့ပါပြီ။ အစိုးရများဟာ စီးပွားရေးအရလိုအပ်ချက်ကြောင့် ဗဟိုဘဏ်များရဲ့တာဝန်များကို အလျှော့အတင်းလုပ် ရာကနေပြီး ဗဟိုဘဏ်များရဲ့ အာဏာပါဝါဟာလည်း တက်လိုက်ကျလိုက် ဖြစ်နေရတယ်။ ဒီလိုပြောင်းလဲဖြစ်ပေါ်မှုတွေဟာ သူ့ခေတ်နဲ့သူ ဘောဂဗေဒပညာရှင်များရဲ့ သဘောတရားအမြင်ပေါ်မှာလည်း မူတည်ပါတယ်။ ဒီကနေ့ ခေတ်မှာဆို ရင် အစိုးရများက ဗဟိုဘဏ်များကို တစ်ချိန်တည်း တစ်ပြိုင်တည်း တာ ဝန်အများအပြားပေးအပ်ထားတယ်။ ဗဟိုဘဏ်များအနေနဲ့ ငွေကြေးများ တည်ငြိမ်အောင်လုပ်ပေးရမယ်။ ငွေဖောင်းငွေမှုကို တိုက်ဖျက်ပေးရမယ်။ ဘဏ္ဍာရေးစနစ်လုံခြုံအောင် ထိန်းသိမ်းပေးရမယ်။ ပြီးတော့ စီးပွားရေး တိုးတက်အောင် ဆောင်ကြဉ်းပေးကြရမယ်စသည်စသည်ဖြင့် တာဝန်တွေ တစ်ပုံတစ်ခေါင်းကြီးပေးထား တယ်။ ဒါတွေ အားလုံးက ဖြေရှင်းရ ခက်ပြီး ရှုပ်ထွေးတယ်။

 

အစိုးရအတွက် ဗဟိုဘဏ်

ဗဟိုဘဏ်များကို ပုံဖော်ဖန်ဆင်းခဲ့ရတဲ့ အဓိက အကြောင်းရင်း ကတော့ အစိုးရများရဲ့ ဘဏ္ဍာရေး အာဏာပါဝါကို တိုးမြှင့်ပေးဖို့အတွက် ဖြစ်တယ်။ ရှေးတုန်းက ဥရောပနိုင်ငံ များမှာ ဘုရင်ဧကရာဇ်များက စစ်အတွက်သုံးစွဲဖို့ ငွေလိုတယ်ဆိုရင် ငွေကြေး ချမ်းသာသူတွေဆီက ငွေချေးယူကြရတယ်။ နောက်ပိုင်းမှာဗဟိုဘဏ်တွေ ထွက်ပေါ်လာတော့ ဘုရင်တွေအတွက် ငွေချေးယူရတာ လွယ်ကူသွားတယ်။

 

ကမ္ဘာဂြိုဟ်ပေါ်မှာ ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ ဗဟိုဘဏ်ကတော့ Sveriges Riksbank ဖြစ် တယ်။ ၁၆၆၈ ခုနှစ်က ဖွင့်လှစ်ခဲ့တယ်။ ဒါပေမယ့် ကမ္ဘာတစ်ဝန်းက မော်ဒယ်အဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ ဗဟိုဘဏ်ကတော့ အင်္ဂလိပ်ဗဟိုဘဏ်ဖြစ်ပါတယ်။ တတိယမြောက် ဝီလျံဘုရင်လက်ထက် ၁၆၉၄ ခုနှစ် မှာ ပြင်သစ်နဲ့ စစ်ဖြစ်ပွားနေတဲ့ အ ချိန် အင်္ဂလိပ်ဗဟိုဘဏ်ကို တည် ထောင်ဖွင့်လှစ်ခဲ့တယ်။ ဗဟိုဘဏ်က ဘုရင်ကို ငွေထုတ်ချေးပါ့မယ်လို့ ကတိပေးခဲ့ရပြီး အပြန်အလှန် ဘောနဲ့ ဘုရင်ကလည်း ဗဟိုဘဏ် ကို ဘဏ်ငွေစက္ကူ (Banknotes) ထုတ်ဝေခွင့်ပေးခဲ့ရတယ်။

 

ဒီဗဟိုဘဏ်တွေဟာ ဒီကနေ့မြင်တွေ့နေကြရသလို အင်မတန် အင်အားကြီးမားတဲ့ အင်စတိကျူးရှင်း တွေဖြစ်လာလိမ့်မယ်လို့ အဲဒီအချိန် တုန်းက ဘယ်သူကမှ မျှော်လင့် မထားခဲ့ကြဘူး။ ဒါပေမယ့် ဒီဗဟိုဘဏ်တွေဟာ ပြည်သူတွေနဲ့ ရင်းနှီး မြှုပ်နှံသူများကို ဒုက္ခပေးနိုင်တယ်ဆို တာကိုတော့ အစောပိုင်းကာလကတည်းက မြင်တွေ့ခဲ့ကြရတယ်။ ၁၇၁၆-၁၇၂ဝ နှစ်များအတွင်း ပြင်သစ်နိုင်ငံမှာ ဘုရင်က ကလေးအရွယ်ပဲရှိသေးတော့ ရင်ခွင်ပိုက် အစိုးရအုပ်ချုပ်နေတဲ့အချိန်ကဖြစ်တယ်။ John Law ဆိုသူက သူ့ကို အမျိုးသားဘဏ် (national bank) တည်ထောင်ခွင့်ပြုဖို့ မေတ္တာရပ်ခံခဲ့ တယ်။

နောက်ပြီး သူ့ဘဏ်ကထုတ်ဝေတဲ့ ဘဏ်ငွေစက္ကူနဲ့ ပြည်သူများက အခွန်တော်ပေးဆောင်နိုင်အောင် အမိန့်ချမှတ်ပေးဖို့ ထပ်လောင်းတောင်းဆိုတယ်။ သူက ကြွေးပိနေတဲ့ ဘုရင်စနစ်ကို ဖြေလျှော့ပေးမယ့်အပြင် အမျိုးသား ကြွေးမြီ (national debt) ကိုလည်း သူ့ဘဏ်က တာဝန် ယူကြောင်းဆိုတယ်။

 

John Law က ဘာလုပ်သလဲဆို တော့ ရင်းနှီးမြှုပ်နှံသူများ လက်ထဲကိုင်ထားကြတဲ့ ဘွန်း (bond) လို့ခေါ်တဲ့ ငွေချေးစာချုပ်များကို မစ္စစ္စပီကုမ္ပဏီရှယ်ယာများနဲ့ လဲလှယ်ကြဖို့ စည်းရုံးဆွဲဆောင်တယ်။ ပြင်သစ် နိုင်ငံရဲ့ အမေရိက ကိုလိုနီဖြစ်တဲ့ မစ္စစ္စပီဒေသက အဲဒီကုမ္ပဏီဟာ အကြီးအကျယ်လုပ်ငန်းအောင်မြင်နေတယ်။ အကျိုးအမြတ်ကလည်း သိပ်ကောင်းတယ်လို့ သတင်းလွှင့်တယ်။ ဒါကိုယုံစားပြီး ရင်းနှီးမြှုပ်နှံ သူများဟာ သူတို့ရဲ့ဘွန်းများကို ကုမ္ပဏီအစုရှယ်ယာများနဲ့ လဲလှယ် ကြတဲ့အပြင် နောက်ထပ်အစုရှယ်ယာ အများအပြားကိုလည်း အလုအယက် ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့ကြတယ်။

 

နောက်ဆုံးမှာ သတင်းလွှင့်ထားသလို ဖြစ်မလာတော့ ရင်းနှီးမြှုပ်နှံ သူတွေ ဝက်ဝက်ကွဲ ရှုံးကြတယ်။ ပြင် သစ်ပြည်သူများကလည်း နောက်ပိုင်း မှာ လေလုံးထွားတဲ့ ဘဏ္ဍာရေး လုပ် ငန်းများအပေါ် အယုံအကြည်နည်း သွားကြတယ်။

 

အမေရိကန် ဗဟိုဘဏ်

 

ပထမဆုံး အမေရိကန်သမ္မတ  George Washington လက်ထက်မှာ Alexander Hamilton ဟာ ပထမဆုံး ဘဏ္ဍာရေးဝန်ကြီးဖြစ်လာတယ်။ သူက အင်္ဂလိပ်ဗဟိုဘဏ်လို ဗဟိုဘဏ်တစ်ခုတည်ထောင်ချင်တယ်။ ဗဟိုဘဏ် တည်ထောင်ဖြစ်ရင် ငွေ ငွေကြေးတည်ငြိမ်မှုရှိလာမယ် ၊ ငွေချေးယူရလွယ်ကူလာမယ်၊ စီးပွားရေး ကလည်း တိုးတက်လာနိုင်တယ်လို့ သူမြင်တယ်။ ဒါပေမယ့် ဒါကို ဆန့် ကျင်ကန့်ကွက်ကြသူတွေကလည်း အများကြီးရှိတယ်။ ဗဟိုဘဏ်ဟာ အာဏာပါဝါ ကြီးမားလာပြီး ဘဏ္ဍာရေးလောကကို ကြီးစိုးလာမှာ စိုးရိမ်ကြတယ်။

 

အမေရိကမှာ အဲဒီအချိန်ကငွေကြေးနဲ့ ပတ်သက်ပြီး ဗရုတ်ဗရက် ဖြစ်နေတဲ့အချိန်။ ဒီတော့ ဟမ်မီလ်တန်က ၁၇၉၁ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ပထမဆုံးဗဟိုဘဏ် First Bank of the United States ကို တည်ထောင်ဖန်ဆင်းလိုက်တယ်။ အဲဒီတုန်းက အမေရိကန်ငွေကြေးကို ဒေါ်လာလို့မခေါ်သေးဘူး။ ကွန်တင်နန်တဲလ် (continental) လို့ ခေါ် တယ်။ ဗဟိုဘဏ်ကို မလိုလားကြသူများတာကြောင့် နောက်ထပ် သက် တမ်းတိုးမြှင့်မပေးတော့ဘဲ နှစ် ၂ဝ အကြာမှာ ရပ်တန့်လိုက်ရတယ်။

 

၁၈၁၆ ခုနှစ်မှာ ဒုတိယအကြိမ် ဗဟိုဘဏ်တည်ထောင်ပြန်တယ်။ ပထမ ဗဟိုဘဏ်လိုပဲ လူကြိုက်မများ ဘူး။ ဒီတော့ သမ္မတ Andrew Jackson က ၁၈၃၆ ခုနှစ်မှာ ဗဟိုဘဏ် ဟာ အခွင့်ထူးခံ လူတန်းစားကိုသာ အကာအကွယ်ပေးတဲ့ဘဏ်ဖြစ်တယ်ဆိုကာ ဗီတိုအာဏာသုံးပြီး နိဂုံးချုပ် ပစ်ခဲ့တယ်။ အဲသလို အစောပိုင်းက ဗဟိုဘဏ်နှစ်ဘဏ်ကို ခေါက်သိမ်း ပစ်ခဲ့ပြီးနောက် ၁၉၁၃ ခုနှစ်ရောက် တော့မှာ ဒီကနေ့ မြင်တွေ့နေကြရတဲ့ အမေရိကန် ဗဟိုဘဏ် (Federal Reserve) ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ဒီကနေ့အထိ အမေရိကန်လွှတ်တော်အမတ်အချို့က ဘဏ္ဍာရေးနဲ့ စီးပွားရေးလောကမှာ နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက်နေတဲ့ ဗဟိုဘဏ်ကို ဖျက်သိမ်းပစ်ဖို့ ဆော်သြနေကြဆဲပါပဲ။

 

ဘဏ္ဍာရေး စကြဝဠာရဲ့

အရှင်သခင်များ

 

ဘာပဲပြောပြော ခုခေတ်မှာဗဟိုဘဏ်များဟာ ဘဏ္ဍာရေးစကြဝဠာရဲ့ အရှင်သခင်များဖြစ်နေ ကြပါပြီ။ အစိုးရများအနေနဲ့ ဗဟိုဘဏ်ကတစ်ဆင့် 'စက္ကူငွေ' ပုံနှိပ် ထုတ်ဝေရတာ သိပ်ပြီးတွက်ခြေကိုက်တယ်။ ပုံနှိပ်ခကုန်ကျစရိတ်နဲ့ ငွေစက္ကူတန်ဖိုးတို့အကြား ကွာခြားမှုဟာ အစိုးရအတွက်သပိတ်ဝင်အိတ် ဝင် အမြတ်အစွန်းပါပဲ။ ဒါကို ဘဏ်လုပ်ငန်းပညာရပ် အခေါ်အဝေါ်အရ ဆီနျော်ရာ့ဂ်ျ (Seigniorage) လို့ ခေါ်တယ်။  အစိုးရက ငွေစက္ကူ တန်ဖိုးကြီးကြီးတွေ ပုံနှိပ်ထုတ်ဝေ လေ အမြတ်အစွန်း မြိုးမြိုးမြက်မြက် ရလေပါပဲ။

 

၁၉၇၁ ခုနှစ်မတိုင်မီက အမေရိကန်ဗဟိုဘဏ်ဟာ သူ့ရဲ့ဒေါ်လာကို ရွှေနဲ့ချိတ်ဆက်ထားခဲ့တယ်။ အခြားသော ငွေကြေးတွေကတော့ အမေရိကန် ဒေါ်လာနဲ့ ချိတ်ဆက် ထားကြရတယ်။ ချိတ်ဆက်ရာမှာ ပုံသေငွေလဲနှုန်း (Fixed Exchange) ကို အသုံးပြုတယ်။ အဲဒီခေတ်က ရွှေကျောထောက်နောက်ခံရှိမှ ငွေစက္ကူထုတ်ဝေနိုင်တယ်။ လက်ထဲကိုင်ထားတဲ့ အမေရိကန်ဒေါ်လာကို ရွှေနဲ့လဲလှယ်ချင်ရင်လဲလို့ရတယ်။ ခုတော့မရတော့ဘူး။ သမ္မတ Nixon  လက်ထက် ၁၉၇၁ ခုနှစ်မှာ အမေရိ ကန်ဒေါ်လာနဲ့ ရွှေချိတ်ထားမှုကို ဖျက်သိမ်းပစ်ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ထုတ်ဝေထားတဲ့ ဒေါ်လာ ငွေစက္ကူက မြင်းမိုရ်တောင်လောက် မြင့်မားနေတော့ အမေရိကန်နိုင်ငံက ရွှေနဲ့လဲမပေးနိုင်တော့ဘူး။ ငွေလဲနှုန်း ကလည်း နှုန်းရှင်ငွေလဲနှုန်း (Floating Exchange rate)  ပြောင်းသွားတယ်။

 

ဗဟိုဘဏ်တွေ ကိုင်စွဲကြတဲ့လက်နက်များအနက် အဓိကလက် နက်တွေကတော့ ငွေကြေးပမာဏ (Money Supply) ကို ချဲ့တာ ကျုံ့တာ၊ ပြီးတော့ အတိုးနှုန်းများ (interest rates) ကို မြှင့်တင်တာ လျှော့ချ တာတွေဖြစ်တယ်။ ဒီလက်နက်များ ကို ကိုင်တွယ်သုံးစွဲတဲ့အခါ အမှားမှားအယွင်းယွင်းဖြစ်ခဲ့ရင် ပြည်သူတွေ ဒုက္ခရောက်တယ်။ ၁၉၃ဝ နှစ်များမှာဗဟိုဘဏ်ကငွေကြေးပမာဏကို  ကျုံ့ပစ်လိုက်တော့ ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်ပေါ်ခဲ့တယ်။ ၁၉၂၉နဲ့ ၁၉၃၃ နှစ်များအကြား အမေရိကန် နိုင်ငံမှာ ဘဏ်စုစုပေါင်း ၂၅ဝဝဝ ရှိ တဲ့အနက် ဘဏ်ပေါင်း ၁၁ဝဝဝ လောက် ပြိုလဲပျောက်ကွယ်သွားခဲ့တယ်။ အဲဒီဘဏ်တွေနဲ့အတူ ပြည်သူတွေရဲ့ ဘဏ်အပ်နှံငွေများ (deposits) ကလည်း တစ်ပါတည်း စုံးစုံး မြုပ်သွားတယ်။

 

အမေရိကန်နိုင်ငံမှာ ၂ဝဝ၇-၂ဝဝ၈ နှစ်များက အိုးအိမ်ပူဖောင်း ပေါက်ကွဲပြီး ဘဏ္ဍာရေး ပြဿနာတက်လာတော့ ဗဟိုဘဏ်က ငွေကျုံ့ မသွားရအောင် ငွေစက္ကူအမြောက် အမြားရိုက်နှိပ်ပြီး ဘဏ္ဍာရေးစနစ် ထဲကို ထည့်သွင်းခဲ့ရတယ်။ အတိုး နှုန်းများကိုလည်း သုညအထိ လျှော့ချပစ်ခဲ့တယ်။ တစ်ခါတစ်လေ အတိုးနှုန်းက သုညအောက် ရောက်သွားခဲ့ ပါသတဲ့။ အဲဒီတုန်းက ဝေဖန်သူတွေက ဗဟိုဘဏ်ဟာ ပြဿနာကို ကြို တင်မမြင်ခဲ့ရကောင်းလားဆိုပြီး ပြစ်တင်ခဲ့ကြတယ်။ ဗဟိုဘဏ်ဟာ ဧရာမဘဏ်ကြီးများကို ပြိုလဲမသွားအောင် ငွေကြေးစိုက်ထုတ်ကယ်တင်ခဲ့ပေမယ့် အိမ်ရာပေါင်နှံကြွေးမြီကြောင့် ဆုံးရှုံးနစ်နာသူများကိုတော့ လှည့်မကြည့်ခဲ့ဘူး။ ဒါကြောင့် အမေရိကန်နိုင်ငံမှာ ဗဟိုဘဏ်အပေါ် မကျေမနပ်ဖြစ်နေကြသူတွေ အများ ကြီးရှိတယ်။

 

အရင်ကနဲ့နှိုင်းစာရင် ဗဟိုဘဏ်တွေဟာ လွတ်လွတ်လပ်လပ် လုပ်ဆောင်လာနိုင်ကြတယ်။ ဥရောပဗဟိုဘဏ် European Central Bank (ECB)ဆိုရင် စတင်တည်ထောင်ကတည်းက လွတ်လွတ်လပ်လပ်လုပ် ဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ECB ဟာ ဥရောပမြောက်ပိုင်းနိုင်ငံများကို မျက်နှာသာပေးပြီး ဥရောပတောင်ပိုင်းနိုင်ငံများကိုတော့ လျစ်လျူရှုတယ်လို့ ပြောဆိုမှုတွေရှိတယ်။ အမေရိကန် ဗဟိုဘဏ်ကတော့ အင်မတန် လွတ်လပ်တယ်။ သမ္မတကတောင် ဖိအားပေးလို့ မရဘူး။ သမ္မတ Harry Truman  နဲ့ Jimmy Carter တို့က ဗဟိုဘဏ်ဥက္ကဋ္ဌများကို အတိုးနှုန်းများ လျှော့ချပေးဖို့ ပြောဆိုခဲ့ပေမယ့် လျှော့ချမပေးခဲ့ကြဘူး။ ဒီလို ထိပ်တိုက်တွေမှုများကိုကြည့်ရင် ဗဟိုဘဏ်ရဲ့ လွတ်လပ်မှုဆိုတာဟာ ကြာရှည်ခံလိမ့်မယ်လို့ အာမခံချက်မရှိပါဘူး။

 

မင်းရွှေမောင်

Ref: The History of Central banks: The Economist, April 29, 2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.