24-8-2017
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
ဘဏ်တွေကို စိတ်ချရပါ့မလား

ဒီကနေ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး မျက်နှာစာမှာ၊ မေးခွန်းထုတ်နေကြတာ တစ်ခုရှိတယ်။ ဘဏ်တွေကို ဘယ်လောက်ထိ စိတ်ချရမှာလဲတဲ့။ ဘယ်သူကမှ ဘဏ်တွေကို စိတ်မချရဘူးလို့ မပြောကြပါဘူး။ ဒါပေမယ့် ဘောဂဗေဒပညာရှင်များရဲ့ အပြောကတော့ ပြဿနာမတက်ခင်အထိ ဘဏ်တွေကို စိတ်ချနိုင်ပါသတဲ့။

ကမ္ဘာပေါ်မှာ ဘဏ်များစတင်ပေါ်ထွက်လာကတည်းက ဘဏ်ပြဿနာဟာ တစ်မျိုးမဟုတ်တစ်မျိုး မကြာမကြာဖြစ်နေခဲ့တာ၊ ရှိနေခဲ့ တာပါ။ နိုင်ငံများမှာ ဘဏ်တွေ ပြဿနာတက်ပြီဆိုရင် စီးပွားရေးတွေ ကသောင်းကနင်းဖြစ်ပြီး ပြည်သူတွေကလည်း အကြီးအကျယ် ဒုက္ခ ရောက်ကြရတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ၂ဝဝ၇-၂ဝဝ၈ နှစ်များအ တွင်း အမေရိကန်ဘဏ်တွေရဲ့ အရမ်းကာရောလုပ်ရပ်များကြောင့် အမေရိကန်ဘဏ္ဍာ ရေး တစ်ခုလုံးဘိုင်းဘိုင်းလဲတော့မလို ဖြစ်သွားခဲ့တယ်။

 ဒီအမေရိကန်ဘဏ်များရဲ့ ပြဿနာဟာ ၁၉၃ဝ နှစ်များက ဖြစ်ပေါ်ခဲ့တဲ့ 'ကမ္ဘာ့စီးပွားပျက်ကပ်' Great Deperssion ပြီးရင် ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ အဆိုးရွားဆုံး ပြဿနာဖြစ်လာခဲ့တယ်။ ကမ္ဘာတစ်လွှား ကူးစက်ပျံ့နှံ့သွားတယ်။ အချို့ နိုင်ငံတွေဆိုရင် အခု ၁ဝ နှစ်လောက်ကြာမြင့်ခဲ့ပြီး နောက်မှာတောင် ပြဿနာမတက်မီက အခြေအနေကိုပြန်မရောက်ကြသေးဘူး။ ပြဿနာကြီးလေ ပုံမှန်အနေအထား ပြန်ရောက်ဖို့ကြာလေဖြစ်တယ်။ ဟားဗက်တက္ကသိုလ်က ဘောဂဗေဒ ပညာရှင်များဖြစ်ကြတဲ့ Carmen Reinhart နဲ့ Kenneth Rogoff တို့က ၁၈၉ဝ နှစ်များမှစပြီးဖြစ်ပေါ်ခဲ့တဲ့ ဘဏ္ဍာရေးပြဿနာ ၁ဝဝ ကို လေ့ လာဆန်းစစ်ခဲ့ကြတယ်။ သူတို့ရဲ့ တွေ့ရှိချက်ကတော့ လူတစ်ယောက်ရဲ့ အမှန်တကယ်ဝင်ငွေဟာ ပြဿနာ မတိုင်မီကအဆင့်ကို ပြန်ရောက်ဖို့အတွက် ပျမ်းမျှရှစ်နှစ်ကြာတတ်ပါတယ်တဲ့။ ဆိုလိုတာက ဘဏ်ပြဿနာတက်ပြီး စီးပွားပျက်သွားခဲ့တဲ့ လူတစ်ယောက်ဟာ ယခင်က ပုံမှန် အခြေအနေပြန်ရောက်ဖို့ ရှစ်နှစ်ကြီးများတောင် ဆင်းရဲဒုက္ခခံကြရတယ်လို့ ဆိုချင်တာပါ။

 ဘောဂဗေဒပညာရှင်နှစ်ဦးဟာ ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေးပြဿနာကြောင့် စီးပွားရေးကျဆင်းသွားခဲ့ကြတဲ့ နိုင်ငံ ၁၂ နိုင်ငံကို လေ့လာကြည့်တော့ ခုနစ်နိုင်ငံကတော့ နဂိုအနေအထားပြန်ရောက်သွားခဲ့ကြပြီ။ ဒါပေမယ့် ကျန်နိုင်ငံတွေ ကတော့ ၂ဝ၁၃ ခုနှစ်အထိ ယက်ကန်၊ ယက်ကန်ဖြစ်နေဆဲပဲလို့ ထောက်ပြခဲ့ကြတယ်။ အမေရိကန်နိုင်ငံဟာ ၂ဝဝ၉ ခုနစ်ကစပြီး စီးပွားရေးတိုးတက်မှု ပြန်လည် ဦးမော့လာ ခဲ့တယ်။ ဆက်ပြီးလည်းတိုးတက်နေဆဲပါပဲ။ ဒါပေမယ့် နှေးကွေးလွန်းတယ်။ ၁ဝ နှစ် လောက်ကာလအတွင်း ပျမ်းမျှတိုးတက်မှုနှုန်းက ၂.၁ ရာခိုင်နှုန်းပဲရှိတယ်။ ဒီလိုဆိုပေမယ့် အလုပ်လက်မဲ့နှုန်းက ၄.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်။ စီးပွားရေး ပြန်လည် ဦးမော့လာတော့ ၂ဝ၁၃ ခုနှစ်မှာ တစ်ဦးချင်းဝင်ငွေအရ ပြဿနာမ တိုင်မီက အနေအထားပြန်ရောက်သွားခဲ့တယ်။ ဒါပေမယ့် သာမန်အမေရိကန် ပြည်သူတွေကတော့ စီးပွားရေးကောင်းလာပြီဆိုတာ သူတို့မဟုတ်ပါဘူးတဲ့။ တခြားလူ တွေသာဖြစ်တယ်လို့ဆိုတယ်။ တခြားသူတွေဆိုတာက ဝေါစထရီ  Wall Street  က လူပေါ်လူဇော် လူပေါ်ကြော့တွေကို ဆိုလိုတာပါ။

 ဘဏ်ပြဿနာတွေဟာ အများအားဖြင့် ပုဂ္ဂလိက ကြွေးမြီများ Private debts ကို ပြည်သူ့ကြွေးမြီများ Public detrs အဖြစ် ပြောင်းလဲပစ်တဲ့အလေ့အထရှိတယ်။ ဘဏ်တွေဟာ သူတို့လက်ထဲ ငွေများများရှိလာရင် ပရမ်းပတာငွေထုတ်ချေးတတ် ကြတယ်။ ပြဿနာတက်လာရင် ဘဏ်တွေကို အစိုးရကကယ်တင်ရတယ်။ ဒါပေမယ့် အစိုးရကဘဏ် အသေးအမွှားတွေကို မကယ်တင်ဘူး။ ဖျက်သိမ်းပစ်တယ်။ ဧရာမ ဘဏ်ကြီးတွေ ပြဿနာတက်တော့မှ အစိုးရကဝင်ရောက်စွက်ဖက် ကူညီ ကယ်တင် တာပါ။

ဘာကြောင့်လဲဆိုတော့ ဧရာမဘဏ်ကြီးတွေက စီးပွားရေးကဏ္ဍအသီးသီးကို ငွေထုတ်ချေးထားတဲ့အ တွက်

အဲဒီဘဏ်ကြီးတွေကို ဖျက်သိမ်းပစ်မယ်ဆိုရင် စီးပွားရေးကိုထိခိုက်မှာ အစိုးရက စိုးရိမ်တယ်။ ဒါကြောင့် အစိုးရကဘဏ်ကြီးကြီးတွေကို ကယ်တင်ပေးတယ်။

 ၂ဝဝ၇-၂ဝဝ၈ ဘဏ်ပြဿနာစတင်တက်တုန်းက ဧရာမရင်းနှီးမြှုပ်နှံမှုဘဏ် ကြီးဖြစ်တဲ့ Lehman Brothers ကို အစိုးရက မကယ်တင်ဘဲ ပစ်ထားခဲ့တဲ့အတွက် ပြဿနာပို ပြီးဆိုးရွားသွားရတယ်လို့ တချို့ကဆိုတယ်။

 ဒါကြောင့် နောက်ပိုင်းမှာ အမေရိကန်အစိုးရဟာ ဘဏ်ကြီးတွေကို ပြည်သူ့ဘဏ္ဍာ ငွေတွေနဲ့ ကယ်တင် ပေးခဲ့တယ်။

ဒီတော့ နောက်ပိုင်းကာလတွေမှာ ဘဏ်ကြီးရင် အစိုးရက ကယ်တင်ပေးတယ်လို့ အတွေ့အကြုံအရ ဘဏ်တွေကယူစွဲလာကြတယ်။ ဒါကြောင့် ဘဏ်တွေဟာ ဖြစ်နိုင်သမျှ ဘဏ်လုပ်ငန်းများ တိုးချဲ့၊ ဘဏ်ခွဲအ မြောက်အမြားဖွင့်လှစ်ပြီး ဧရာမ ဘဏ်ကြီးတွေ ဖြစ်လာအောင် ကြိုးပမ်းလာကြတယ်။ ဒါပေမယ့် ဒါက သေချာတဲ့လမ်းစဉ်တော့ မဟုတ်ပါဘူး။ ဘဏ်တွေ အကြီးအကျယ် ပြဿနာတက်လာမယ်ဆိုရင် နိုင်ငံရေးက ဝင်ပါလာတတ်တယ်။ အမေရိကန်လွှတ်တော်တွေမှာဆိုရင် ဧရာမဘဏ်ကြီးတွေကို ခွဲခြမ်းပစ် သင့်တယ်လို့ အမြင်ရှိတဲ့ လွှတ်တော်အမတ်တွေလည်း အများကြီးရှိတယ်။

အမေရိကန်ရဲ့ ကြွေးမြီနဲ့ ဂျီဒီပီအချိုး  debt to GDP Ratio ဟာ ၂ဝဝ၇ နဲ့ ၂ဝ၁၁ အကြားမှာ ထက်ဝက်လောက်မြင့်တက်ခဲ့တယ်။ အခုတော့ တည်ငြိမ်သွားပြီ။ ဂရိ၊ အိုင်ယာလန်နဲ့ စပိန်နိုင်ငံတွေရဲ့ အဲဒီအချိုးကတော့ ဒီထက်မကမြင့်တက်ခဲ့တယ်။ အချို့နိုင်ငံတွေမှာက ပြဿနာမတိုင်မီ အဆင့်များဆီကို ခုထိမတက်လှမ်းနိုင်ကြ သေးပါဘူး။

ဘဏ်တွေပြဿနာတက်ရင် အဲဒီပြဿနာတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ တော်တော်နဲ့ ပျောက်ကွယ်မသွားဘူး။ ဥပမာ-ဗဟိုဘဏ်များ Central Bank ရဲ့ လက်ကျန်စာရင်း ရှင်းတမ်းတွေနဲ့ အတိုးနှုန်းတွေမှာ ပြဿနာရဲ့ခြေရာလက်ရာတွေက ခုထိ စွဲထင်ရစ်တုန်းပါပဲ။

အမေရိကန် စီးပွားရေး အတော်အသင့်ကောင်းလာလို့ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေ စတင်မြှင့်တင်နေပြီဆိုပေမယ့် Lehman Brothers ပြိုလဲချိန်ကရှိနေခဲ့တဲ့ အတိုးနှုန်းကို မမီသေးဘူး။ လျော့နည်းနေသေးတယ်။

 ဘဏ်ပြဿနာများရဲ့သက်ရောက်မှုကို ငြီးငွေ့ဖွယ်ကောင်းတဲ့ ကိန်းဂဏန်း အချက်အလက်တွေမှာသာမြင်တွေ့ရတာမဟုတ်ဘူး။ ဒီသက်ရောက်မှုတွေကို လူတွေရဲ့ အူထဲအသည်းထဲမှာလည်း ခံစားကြရတယ်။ ဥပမာအားဖြင့် ဘဏ် ပြဿနာတွေက တစ်ဆင့် တွန်းထိုးပေးလိုက်တဲ့ခါးသီးတဲ့ အတွေ့အကြုံတွေကြောင့် လူထုအကျိုး မျှော်ဝါဒ Populism ကြီးထွားလာခဲ့ပြီး Donald Trump ကို အိမ်ဖြူတော်အရောက် တွန်းတင်ပေးခဲ့တယ်။ အခွင့်ထူးခံလူတန်းစားရဲ့ လုပ်ရပ်တွေကို မကျေနပ်လို့ ဗြိတိသျှ ပြည်သူတွေက ဥရောပသမဂ္ဂ EU မှ နုတ်ထွက်ဖို့ ဆန္ဒမဲပေးခဲ့ကြတယ်။ လူ့မ လိုင်လူတန်းစား elites တွေဟာချမ်းသာတယ်။ စာတတ်ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကို သဘောကျကြတယ်။ သာမန်လူတွေက တစ်နေ့လုပ်တစ်နေ့ စားဖို့တောင် မနည်းကြိုးစားပမ်းစား ရုန်းကန်လှုပ်ရှားနေကြရရှာတယ်။

ဒါကတော့ အထူးအဆန်းမဟုတ်ပါဘူး။ စီးပွားရေး ပြဿနာတွေမှာ အကျိုးဆက် များ အမြဲရှိတတ်တယ်။ စီးပွားရေးပြဿနာများပေါ်ထွက်လာရင် နောင်အခါ ဒီလိုဖြစ်မလာနိုင်အောင် နိုင်ငံရေးမူဝါဒတွေ တစ်မျိုးပြီးတစ်မျိုး ချမှတ်ကြတယ်။ ဂျာမနီနိုင်ငံဆိုရင် ဒီကနေ့အထိ ငွေဖောင်းပွမှု Inflation ဖြစ်လာမှာ သိပ်ကြောက်တယ်။ ပြီးတော့ ဘဏ္ဍာရေးနယ်ပယ်မှာ တာဝန်မဲ့လုပ်ဆောင်ကြမှာကိုလည်း သိပ်ကြောက် တယ်။ ဒီအကြောက်တရားဟာ ၁၉၂ဝ နှစ် များက ဂျာမနီနိုင်ငံမှာ လွန်လွန်ကဲကဲ ငွေဖောင်းပွမှု Hyperinflation ဖြစ်ခဲ့ရာက မြစ်ဖျားခဲ့တယ်။ အဲဒီအချိန်က ဂျာမနီမှာ မီးသွေးဈေးနှုန်း ဘယ်လောက်ကြီးမားသလဲဆိုရင် လူတွေက မီးသွေးမဝယ်တော့ဘဲ ငွေ စက္ကူတွေနဲ့ မီးမွှေးထမင်းချက်ကြပါသတဲ့။ ဒီလိုဖြစ်လာမှာကို ဂျာမနီက ဒီကနေ့အထိ ကြောက်တုန်းပဲ။ ဒါကြောင့် ခြိုးခြံချွေတာရေးကို ဂျာမနီက လက်ကိုင်ထားတယ်။ ဒီမူဝါဒ ကြောင့် ၂ဝဝ၇-၂ဝဝ၈ နောက်ပိုင်း ယူရိုဇုန် Eurozone မှာ စီးပွားရေး ပြန်လည် နာလန်ထူမှာ ကြန့်ကြာခဲ့ရတယ်။

အမေရိကန်နိုင်ငံမှာဆိုရင် ၁၉ဝ၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘဏ္ဍာရေးပြဿနာကို ကုစားဖို့အတွက် ၁၉၁၃ ခုနှစ်က အမေရိကန် ဗဟိုဘဏ်  Federal Reserve ကို တည် ထောင်ခဲ့တယ်။ ဒါပေမယ့် ဗဟိုဘဏ်ရဲ့ မည်မည်ရရအခန်းကဏ္ဍဟာ ဘာလဲဆိုတဲ့ အပေါ်မှာ ဒီကနေ့ထိအငြင်းပွားနေကြဆဲပါပဲ။ ဗဟိုဘဏ်ဟာ နိုင်ငံအတွက် တကယ်တော့ လိုအပ်ရဲ့လားလို့ မေးခွန်းထုတ်ကြတာတွေလည်း ရှိနေဆဲဖြစ်တယ်။ ရွေး ကောက်တင်မြှောက်ခြင်း မခံရသူတွေကဗဟိုဘဏ်ကို အုပ်ချုပ်နေကြတယ်လို့ နိုင်ငံရေးသမားတွေကမြင်တယ်။ ဒါကြောင့် ၁၇၉၁ ခုနှစ်မှာ ပထမဆုံး တည်ထောင်ခဲ့တဲ့ အမေရိကန်ဗဟိုဘဏ်  First Bank of the United States ကို နှစ် ၂ဝ လောက် ကြာတော့ ဖျက်သိမ်းပစ်ခဲ့တယ်။ အဲဒီနောက်ပိုင်း Second Bank ကို တည် ထောင်ပြန်တယ်။ ဒါကိုလည်း ဒုတိယအကြိမ်ဖျက်သိမ်းပစ်ခဲ့တယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ကိုယ်စားလှယ်တော်ကြီးများဖြစ်တဲ့ လွှတ်တော်အမတ်တွေက ဗဟိုဘဏ် ဟာ မလိုအပ်ဘူးလို့မြင်လာတဲ့တစ်နေ့မှာ ဘဏ္ဍာရေးနယ်ပယ်က ပျောက်ကွယ် သွားနိုင်တယ်။

ဘဏ်များပြဿနာတက်လာရင် အဲဒီနောက်ပိုင်းစည်းမျဉ်းစည်းကမ်းသစ်တွေနဲ့ စည်းကမ်းထိန်းသိမ်းရေး အင်စတိကျူးရှင်များ ပေါ်ထွက်လာတယ်။ အမေရိကန်နိုင်ငံမှာ ၁၉၃၃ ဘဏ်ပြဿနာတက်ပြီး နောက်ပိုင်း၊ ဖက်ဒရယ်အပ်နှံငွေ အာမခံကော်ပိုရေးရှင်း FDIC နဲ့ ငွေ ချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် SEC တို့ ပေါ် ထွက်လာခဲ့တယ်။

 အမေရိကန်ပြည်တွင်းစစ် ကာလတုန်းကလည်း ငွေကြေးကြီးကြပ်အုပ်ချုပ်ရေးရုံး Office of the Comptroller of the Currency ဆိုတာ ထွက်ပေါ်ခဲ့တယ်။ အဲသလိုပဲ ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေးပြဿနာတက်ပြီးနောက် အမေရိကန်ဘဏ်လောကကို ကြီးကြပ်ကွပ်ကဲဖို့အတွက်  Dodd-Frank Act ဥပဒေကို ပြဋ္ဌာန်းခဲ့ကြတယ်။ ဒါပေမယ့် ဝေါစထရိကဘဏ်ကြီးတွေကတော့ ဒီဥပဒေကိုသိပ်ပြီး ဘဝင်မကျကြဘူး။ ဘဏ်တွေကို ချုပ်ကိုင်လွန်းတယ်လို့မြင်ကြတယ်။ သမ္မတဒေါ်နယ်ထရန့်က ဒီဥပဒေကို အနည်းဆုံးတစ်စိတ် တစ်ပိုင်းလောက်တော့ ရုပ်သိမ်းပစ်နိုင်တယ်။

ဘဏ်တွေဟာ မကြာမကြာ ပြဿနာတက်လွန်းတဲ့အတွက် စိတ်ချရပါ့မလား ဖြစ်နေကြတယ်။ နောက်ထပ် ဘဏ်ပြဿနာဟာ ဘယ်အချိန်ဘယ်နေရာမှာ ထွက်ပေါ် လာမလဲ ဘယ်သူမှကြိုတင်မပြောနိုင်ကြဘူး။

ဒါပေမယ့် သေချာတာတစ်ခုကတော့ ဘဏ်တွေရဲ့ပြဿနာဟာ တစ်ချိန်ချိန် တစ်နေရာရာမှာတော့ဖြစ်လာမှာပါပဲ။ ဘဏ်တွေဟာ ဘယ်တော့မှ လုံးလုံး လျားလျား စိတ်ချရတယ်လို့မရှိဘူး။ ဘာကြောင့်လဲဆိုတော့ အရင်းရှင်စနစ်ကိုယ်နှိုက်က ကျိန်စာ ဝလို့လူလှဆိုသလို အန္တရာယ်တွေကြားမှာမှ ရှင်သန်နိုင်ပါသတဲ့။

 

မင်းရွှေမောင်

 Ref: Intrenational Banking Ten Years on : How Safe are banks? The Economist May 6,2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.