14-12-2017
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
တိုးတက်လာတဲ့ ဂျီဒီပီ ပျက်စီးသွားတဲ့ ဂေဟစနစ်

ဒီကနေ့ခေတ်မှာ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်တိုးတက်နေသလဲဆိုတာကို ဂျီဒီပီနဲ့ တွက်ချက်တိုင်းတာဖော် ပြတတ်ကြပါတယ်။ အစိုးရများက ဂျီဒီပီတိုးတက်လာရင် ဒါဟာ သူတို့ရဲ့ ကြိုးပမ်းမှုကြောင့်လို့ ထောက်ပြပြီး ကြွားလုံးထုတ်ကြတယ်။ ပြည်သူတွေကလည်း ဂျီဒီပီတိုးတက်လာတာဟာ သူတို့ရဲ့ဘဝ တိုးတက်လာမှာပဲလို့ ထင်မှတ်မှားပြီး မြူးထူးပျော်ရွှင်တတ် ကြပါတယ်။ ဒါနဲ့ ဂျီဒီပီ GDP ဆိုတာက စုစုပေါင်းပြည်တွင်းထုတ်ကုန် တန်ဖိုး (Gross Domestic Product)  ကို ဆိုလိုတာပါ။ ဂျီဒီပီကိန်းဂဏန်းကိုတော့ စာရင်းအင်း ကျွမ်းကျင်ကြသူတွေက သူတို့ရဲ့ စာရင်းအင်းပဉ္စလက်နဲ့ ပုံဖော်ဖန်ဆင်းလေ့ရှိ ကြပါတယ်။

ဒါပေမယ့် တကယ်တော့ ဂျီဒီပီကိန်းဂဏန်းက ဖုံးကွယ်ထားတာတွေရှိတယ်။ တလွဲတချော် လုပ်ထားတာ တွေရှိတယ်။ ပမာအားဖြင့် ဒီကနေ့ ဂျီဒီပီတွက်ချက်ပုံ တွက်ချက်နည်းက သဘာဝပတ်ဝန်းကျင် ပြိုလဲပျက်စီးဆုံးရှုံးမှုများ (environmental damage costs) ကို ဂျီဒီပီစာရင်းမှာ တလွဲတချော် အမျိုးသားဝင်ငွေ (national income) အဖြစ် ဖော်ပြထားတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောစရာတွေ တစ်ပုံတစ်ခေါင်းရှိတယ်။

မကြာသေးမီက အိန္ဒိယနိုင်ငံရဲ့ ဂျီဒီပီတိုးတက်မှုနှုန်းဟာ ၂ဝ၁၆ ဇန်နဝါရီ-မတ်လအတွင်းက ၇ ဒသမ ၄ ရာခိုင်နှုန်း ရှိနေရာက ၂ဝ၁၇ ဧပြီ-ဇွန်အတွင်းမှာ ၅ ဒသမ ၇ ရာခိုင်နှုန်း အထိ အောက်စိုက်ထိုးဆင်းသွားတယ်။ ဒီလို ဂျီဒီပီကျဆင်းသွားမှုက ငွေကြေးတန်ဖိုးအရပြောရင် အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၅၉ ထရီလီယံ ကျဆင်းသွားမှုနဲ့ ညီမျှတယ်။ ဒီတော့ ဂျီဒီပီတိုးတက်မှုနှုန်း လျော့နည်းသွားတဲ့အတွက် အိန္ဒိယပြည်တွင်းမှာ အလုပ်အကိုင်နဲ့   ဝင်ငွေအခွင့်အလမ်းတွေ ထိခိုက်တော့မှာပဲလို့ ဝေဖန်ရေးသမားများက ဆူဆူညံညံ ဝေဖန်ပြောဆိုခဲ့ကြတယ်။ ဒါကလည်းမှားတာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် . . .

 ရေရှည်စီးပွားရေးတည်တံ့ခိုင်မြဲရေး ရှုထောင့်ဘက်က ကြည့်ရင် ဂျီဒီပီတိုးတက်မှု လျော့နည်းကျဆင်း သွားတာဟာ တိုင်းပြည်အတွက် အပေါင်းလက္ခဏာတစ်ခုပဲလို့ သဘာဝပတ်ဝန်းကျင်ကို ခုံမင်မြတ်နိုးကြတဲ့ ဘောဂဗေဒပညာရှင်များက ဆိုကြတယ်။ ရေရှည်တိုးတက်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ကြတဲ့ ဘောဂဗေဒ ပညာရှင်များက စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအဆင့်နိမ့်ကျတာကို ထောက်ခံအားပေးကြတယ်။  ဘာကြောင့်လဲဆိုတော့ အမျိုးသားဝင်ငွေ ကြီးမားချဲ့ကားလာမှုဟာ လေထုညစ် ညမ်းမှုကဲ့သို့သော အနုတ်လက္ခဏာ သဘာဝပတ်ဝန်းကျင် အကျိုးဆက်များကို ပေါ်ထွက်လာစေတယ်။ ဒါက ပတ်ဝန်းကျင် အရည်အသွေးနဲ့ လူအများရဲ့ စီးပွားရေးကောင်းကျိုးအပေါ် ပြောင်းပြန်အကျိုးသက်ရောက်မှုရှိတယ်။

ဘောဂဗေဒ စကြဝဠာမှာ Environmental Kuznets Curve (EKC) လို့ခေါ်တဲ့ အနုမာနတွေးဆချက် တစ်ရပ်ရှိပါတယ်။ ဒီတွေးဆချက်က လောလောဆယ် ကမ္ဘာတစ်လွှားမှာ ဆင်းရဲတဲ့ နိုင်ငံတွေ ကျင့်သုံးနေကြတဲ့  ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ development Politics  ကို မောင်းနှင်အားပေးလျက်ရှိတယ်။ ဒီ EKC သဘောတရားက ဘာညွှန်းသ လဲဆိုတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို ဂရုမစိုက် အလေးမထားဘဲ ဝင်ငွေ တိုးတက်ရေးကို ဒစ်ဂျစ်နှစ်လုံးအထိ မြင့်တက်လာအောင် လုပ်ဆောင်ပါ လို့ဆိုတယ်။

EKC က တစ်ဦးချင်းဝင်ငွေနဲ့ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတို့အကြား ဆက်နွယ်မှုကို ဖော်ပြတယ်။  ဆင်းရဲတဲ့ နိုင်ငံတွေမှာ တစ်ဦးချင်း ဝင်ငွေ Per Capita income က နိမ့်ကျနေတဲ့အတွက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တယ်ဆိုရင် စက်မှုလုပ်ငန်းများ ထူထောင်ဖို့ industrialization လိုတယ်။ မြို့ပြထူထောင်ဖို့ Urbanization လိုတယ်။  အစောပိုင်းမှာ စက်မှုနဲ့မြို့ပြကို မြန်မြန်ဆန်ဆန် ထူထောင်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး  လာနိုင်တယ်။ ဝင်ငွေကို   မြင့်တက်စေတဲ့ စီးပွားရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေတဲ့အတွက် ပြည်သူ များအနေနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာမှုကို အတိုင်းအတာတစ် ခုအထိလက်ခံရမယ်။ ဘာကြောင့် လဲဆိုတော့ ဝင်ငွေမြင့်မားလာတော့မှ အခြားသောပန်းတိုင်များကို အကောင်အထည်ဖော်ဆောင်နိုင်မယ်။ ဝင်ငွေမြင့်တက်လာတော့မှ အလုပ်လက်မဲ့တွေလျှော့ပေါ့သွားမယ်။ ဆင်းရဲမှုကလည်း လျော့နည်းသွားမယ်။

တစ်ချိန်မှာ တစ်ဦးချင်းဝင်ငွေဟာ မြင့်မားတဲ့အဆင့်ကို တက်လှမ်းလာတဲ့အခါ ငွေဝင်တိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင်အရည်အသွေးတို့အကြား အတိုးအလျော့ အပေးအယူလုပ်မှုဟာ ပျောက်ကွယ်သွားမယ်။ ရှိမှာမဟုတ်တော့ဘူး။

အဲဒီအချိန်မှာ တိုးတက်လာတဲ့ ဘဏ္ဍာရေးအခြေအနေ၊ စွမ်းထက်လာတဲ့ နည်းပညာတွေနဲ့ သဘာဝပတ်ဝန်းကျင် အရည်အသွေးကို လိုချင်တဲ့အဆင့်ပြန်ရောက်အောင် မြှင့်တင်နိုင်တယ်လို့  EKC က ထောက်ပြတယ်။ တိုင်းပြည်ဝင်ငွေ အဆင့်မြင့်မားလာတဲ့  တစ်နေ့မှာ ဆင်းရဲမွဲတေမှု လျော့နည်းကျဆင်းသွားပြီး သဘာဝပတ်ဝန်းကျင် အရည်အသွေးကလည်း တိုးတက်ကောင်းမွန်လာနိုင်တယ်လို့ KEC က ဖော်ညွှန်းတယ်။

တကယ်တော့ KEC က ဖော်ညွှန်းသလို မြင့်မားလာတဲ့ တစ်ဦးချင်းဝင်ငွေဟာ သဘာဝပတ်ဝန်းကျင်တိုး တက်ကောင်းမွန်လာအောင် ဖော်ဆောင်နိုင်ခြင်းမရှိပါဘူး။ လက်တွေ့မှာ တစ်ဦးချင်းဝင်ငွေမြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်ကြခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပိုမိုယိုယွင်း ပျက်စီးလာတာပဲရှိတယ်။ ဆင်းရဲသားတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝစားသောက်နေထိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ကို မှီခိုအား ထားနေကြရတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်အရည်အသွေး တိုးတက်ကောင်းမွန်အောင် အာရုံစူးစိုက်ခြင်းက ရေရှည်မှာ အများပြည် သူတွေနဲ့ ဝင်ငွေတိုးတက်မှုကို  တွန်းတင်ပေးသလို ဖြစ်သွားနိုင်တယ်။

 

အိန္ဒိယပြယုဂ်

အိန္ဒိယနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများ ကြောင့်ဖြစ်ပေါ်ခဲ့တဲ့ စီးပွားရေးဆုံးရှုံးမှုတွေကို ကမ္ဘာ့ဘဏ် World Bank လို အဖွဲ့အစည်းများက ဆန်းစစ်လေ့လာမှုတွေ လုပ်ခဲ့ကြတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ၂ဝ၁၃  ခုနှစ် လေ့လာချက် တစ်ခုက အိန္ဒိယဟာ အတိတ်ကာလတုန်းက မြင့်မားတဲ့ စီးပွားရေးတိုးတက်မှုကို မဖြစ်မနေ ထိန်းသိမ်းထား ခဲ့တဲ့အတွက် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးဆုံးရှုံးမှုဟာ အိန္ဒိယရူပီးငွေတန်ဖိုးအားဖြင့်  ၃ ဒသမ ၇၅  ထရီလီယံရှိတယ်လို့ မီးမောင်းထိုးပြခဲ့တယ်။ ဒါဟာ ၂ဝဝ၉  ဈေးနှုန်းများအရ အိန္ဒိယ ဂျီဒီပီရဲ့ ၅ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ညီမျှတယ်။

ကမ္ဘာဘဏ်နဲ့ ဝါရှင်တန် တက္ကသိုလ်က Institute for Health Metrics and Evaluation တို့ ပူး ပေါင်းဆောင်ရွက်ခဲ့ကြတဲ့နောက် လေ့လာချက်တစ်ရပ်က  အိန္ဒိယရဲ့ လေထုညစ်ညမ်းမှု တစ်ခုတည်းက တောင် ရူပီးငွေ ၃၁၃၁၆ ဒသမ ၂ ဘီလီယံလောက် လူမှုဘဝဖူလုံရေး ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ ထောက်ပြခဲ့ကြတယ်။ ဒါဟာ ၂ဝ၁၃ ခုနှစ် ဂျီဒီပီရဲ့ ၇ ဒသမ ၆၉ ရာခိုင် နှုန်းနဲ့ ညီမျှတယ်။ ဒါပေမယ့် ဒီကိန်းဂဏန်းတွေဟာ သဘာဝပတ်ဝန်း ကျင်နဲ့ ပတ်သက်တဲ့ အချက်အလက်များ ပြည့်စုံမှုမရှိတဲ့အတွက် ဖြစ်ရပ်မှန်အောက် အများကြီးလျော့နည်းနိုင် တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြတယ်။

ဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံမှာ ဂေဟစနစ်က ထုတ်လုပ်ပေးတဲ့ ဝန်ဆောင်မှု အတော်များများရှိတယ်။ ပမာအားဖြင့် စိုက်ပျိုးရေး၊ ဆည်မြောင်း၊ သောက်သုံးရေအစရှိတဲ့ စားနပ်ရိက္ခာဆိုင်ရာ ဝန်ဆောင်မှုများ၊ ဥတုရာသီဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး၊ ရေအရည်အသွေး ထိန်းညှိရေး အစရှိတဲ့ ထိန်းသိမ်းရေးဆိုင်ရာ ဝန်ဆောင်မှုများ ပျော်ပွဲရွှင်ပွဲနဲ့ ဘာသာရေးပွဲတော် အစရှိတဲ့ ယဉ်ကျေးမှုဆိုင်ရာ ဝန်ဆောင်မှုများနဲ့ အခြားသော ထောက်ကူပေး ဝန်ဆောင်မှုများစွာရှိတယ်။  ဒါတွေနဲ့ ပတ်သက်ပြီး ပျက်စီးမှု အတိုင်းအတာ ခန့်မှန်းဖို့ ခက်ခဲတယ်။ ဘာကြောင့်လဲဆိုတော့ ဒါတွေနဲ့ပတ်သက်ပြီး ကိန်းဂဏန်းအချက်အလက်တွေ မရှိလို့ပါပဲ။ အိန္ဒိယနိုင်ငံမှာ သန်းပေါင်း များစွာသော အိမ်ထောင်စုတွေဟာ ဒီဂေဟစနစ်ဝန်ဆောင်မှုများကို အသုံးပြုပြီးထုတ်လုပ်ကြတယ်။  စား သုံးကြတယ်။ စီးပွားရေးအရ မြင့်မြင့်မားမားတန်ဖိုးရှိပေမယ့် ဒီဂေဟစနစ် ဝန်ဆောင်မှုများကို ဈေးကွက်တွေမှာ အရောင်းအဝယ်လုပ်ကြခြင်းမရှိဘူး။ ဒါကြောင့် ဒါတွေရဲ့ အမှန်တကယ် တန်ဖိုးများဟာစနစ်ထဲမှာ ထင်ဟပ် ပေါ်လွင်ခြင်း  မရှိပါဘူး။ ဆိုချင်တာ က ဂေဟစနစ်ဝန်ဆောင်မှုများ ယို ယွင်းပျက်စီးခြင်းကြောင့်၊ နစ်နာဆုံး ရှုံးရတဲ့ စီးပွားရေးကောင်းကျိုးတွေရဲ့ အမှန်တကယ်တန်ဖိုးဟာ လောလောဆယ် စာရင်းဇယားများမှာ ဖော်ပြထားကြတာတွေထက် အများ ကြီး ပိုမိုမြင့်မားနိုင်တယ်။

 

ဂျီဒီပီဟာကွက်

နောက်ပြဿနာ တစ်ခုက ဒီကနေ့ ဂျီဒီပီခန့်မှန်းတွက်ချက်ပုံတွက်ချက်နည်းဟာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးဆုံးရှုံးမှုကို ဝင်ငွေအဖြစ် ယူဆထားခြင်းဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒတွေက ဝင်ငွေ တိုးတက်ရေးနဲ့ အလုပ်အကိုင်များ ဖော်ဆောင်ရေးကို ဦးစားပေးကြတယ်။ ရေထုလေထု ညစ်ညမ်းလာမှုအတွက်  ထိန်းသိမ်းပြုပြင်ရေး မူဝါဒများကို ချမှတ်ကျင့်သုံးမှု မရှိသလောက်ပါပဲ။ ဒါမှမဟုတ် အပြော သက်သက်ပဲရှိတယ်။

ပမာအားဖြင့် အိန္ဒိယနိုင်ငံ တမီးလ်နာဒူးပြည်နယ် တိရူပါမြို့ဝန်းကျင်မှာ ဓာတုဗေဒအသုံးပြု အရောင်ချွတ် ဆေးဆိုးလုပ်ငန်းများ အတွက် ညစ်ညမ်းမှု ထိန်းချုပ်ရေးကို ပြဋ္ဌာန်းကျင့်သုံးခဲ့တာ ၂၅ နှစ် ရှိ ပြီ။ ဒါပေမယ့် ညစ်ညမ်းမှု အတိုင်းအတာ လျော့နည်းကျဆင်းသွားခြင်းမရှိဘူး။ တကယ်တော့ ၂ဝ၁၁ ခုနှစ်က  ဒီလုပ်ငန်းများကို ပိတ်သိမ်းခဲ့ သေးတယ်။ ညစ်ညမ်းပျက်စီးသွားခဲ့ တဲ့အတိုင်းအတာက ကြီးမားလွန်းတဲ့အတွက် ဒီကနေ့အထိ ပြန်လည်ပြုပြင်လို့ မရသေးဘူး။ အဲဒီဒေသမှာ ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ အခုထိ ထိခိုက်နေတုန်းပဲ ရှိသေးတယ်။ အဲသလို ထိရောက်မှုမရှိတဲ့ မူဝါဒများကြောင့် ဒေသဆိုင်ရာ ဆင်းရဲမွဲတေမှုနဲ့ ဝင်ငွေမညီမျှမှုတွေဟာ ဆက်လက်ပြီး သက်ဆိုးရှည်နေတယ်။

ညစ်ညမ်းမှု ထိန်းသိမ်းရေးဒေသတွေမှာ လုံလောက်တဲ့ ပြုပြင်ပြောင်း လဲရေးတွေ လုပ်ဖို့အတွက် ဈေးကွက် အခြေစိုက် ကိရိယာများဖြစ်ကြတဲ့ ညစ်ညမ်းခွန်တို့၊ အရောင်းအဝယ် လုပ်နိုင်တဲ့ ညစ်ညမ်းမှုအဆင့်အလိုက် ပါမစ်တို့ကို ပြဋ္ဌာန်းကျင့်သုံးသင့်တယ်လို့ အချို့က ထောက်ပြတယ်။ ဒီကနေ့မှာ ကုန်စည်ရဲ့ဈေးနှုန်းကို တွက်ချက်တဲ့အခါ ပုဂ္ဂလိက ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုပဲ ထည့်သွင်းတွက်ချက်ကြတယ်။ သဘာဝပတ်ဝန်းကျင်  ပျက်စီးမှုစရိတ် damage cost ကို ထည့်သွင်းတွက်ချက် ကြခြင်းမရှိဘူး။ ဒါကြောင့် ကုန်စည်နဲ့ ဈေးနှုန်းဟာ ဈေးပေါနေတယ်။ ဒီလို ဈေးပေါတဲ့အတွက် ဝယ်လိုအားပို ကောင်းလာပြီး  ပိုမိုထုတ်လုပ်လာကြတယ်။ သဘာဝပတ်ဝန်းကျင်ပိုမို  ယိုယွင်း ပျက်စီးသွားတယ်။

ဝယ်လိုအား မြင့်တက်မှုနဲ့ ထုတ်လုပ်မှု တိုးတက်လာမှုက ဂျီဒီပီရဲ့တန်ဖိုးကို တိုးမြင့်လာစေတယ်။ ဒါပေမယ့် ဂျီဒီပီမှာ အလားတူတူညီတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုစရိတ်ကို ညှိနှိုင်းတွက်ချက်ထည့် သွင်းထားခြင်းမရှိဘူး။ ဒါကြောင့် ဂျီဒီပီတွက်ချက်မှုဟာ လွဲချော်နေတယ်။ ဘာကြောင့်လဲဆိုတော့ အများအတွက် ဆိုးကျိုး illfare ကို ကောင်းကျိုး welfare အဖြစ် ဖော်ပြထားလို့ ဖြစ်ပါတယ်။

အလားတူပဲ၊ သဘာဝပတ်ဝန်းကျင် ပိုမိုယိုယွင်းပျက်စီးလာမှုဟာ ဈေးကွက်ထဲမှာ အရောင်းအဝယ် အဆင့် ပိုမိုမြင့်တက်မှုဆီ ဦးတည်သွားတယ်။ ဒီလိုဖြစ်လာရင် ဂျီဒီပီဟာ ချဲ့ကားသွားတယ်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုကြောင့် ပြည်သူတွေ နေထိုင်မကောင်း ဖြစ်လာကြမယ်ဆိုရင် ကျန်းမာရေး ဝန်ဆောင်မှု ဝယ်လိုအား မြင့်တက်လာမယ်။  ကုန်စည်နဲ့ ဝန်ဆောင်မှုများကို ဈေးကွက်များထဲမှာဝယ်ယူမှု မြင့်တက်လာတဲ့အတွက် ဂျီဒီပီပမာဏဟာ ပိုပြီးချဲ့ကားသွားတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ပိုမိုမြင့်မားလာမှုက ဂျီဒီပီပိုမို မြင့်တက်မှုဆီ ဦးတည်သွားပြန်တယ်။

ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုအပေါ် ကိုယ်တွေ့မျက်မြင်ဆန်းစစ် လေ့လာမှုဆီက ရရှိလိုက်တဲ့အရေးပါတဲ့ သင်ခန်းစာက ဘာလဲဆိုတော့  သဘာဝပတ်ဝန်းကျင်ရဲ့ လူမှုကုန်ကျစရိတ်ပမာဏဟာ ဂျီဒီပီတိုးတက်မှုက သယ်ဆောင်လာတဲ့ လူမှုအကျိုးခံစားရမှုများ Social benefits ထက် သိသိသာသာမြင့်မားတယ်ဆိုတာပါပဲ။ ဒါက ဘာကိုဖော်ညွှန်းသလဲဆိုတော့ တကယ်လို့နိုင်ငံအနေနဲ့ သမားရိုးကျကဏ္ဍများမှာဝင်ငွေနဲ့ အလုပ်အကိုင် တိုးတက်မှုကို ကြိုးပမ်းမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်အပေါ် မှီခိုအားထားနေရတဲ့ အခြားသော ကဏ္ဍတွေမှာ ဝင်ငွေနဲ့ အလုပ်အကိုင်များဆုံးရှုံးမှုနဲ့  ကြုံတွေ့ရနိုင်တယ်လို့ ညွှန်းဆိုခြင်းဖြစ်တယ်။ တစ်ခါတစ်ရံ စီးပွားရေးဆုံးရှုံးမှုများက ဝင်ငွေတိုးတက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မြတ်စွန်းမှုထက် ပိုပြီးတောင်ကြီးမားတယ်။

ဒါကြောင့် အနာဂတ်မှာ နိုင်ငံ့စီးပွားရေးရဲ့ ရေရှည်တိုးတက်ရေးကို ဖော်ဆောင်နိုင်ဖို့အတွက် ဂျီဒီပီတိုးတက်မှုကို မြစိမ်းရောင်ခြယ်မှုန်းဖို့ ကြိုးပမ်းသင့်ကြတယ်လို့ ဆိုကြတယ်။

Ref; "Economic growth; an alternative view" by l.Venkatacha-lam.The Hindu, Oct 24, 2017. ၄င်းမှာ Madras Institute of Development Studies မှ ပါမောက္ခ ဖြစ်ပါသည်။

မင်းရွှေမောင်

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.