သက်သတ်လွတ်စားအကျိုးများ
ညနေခင်းဖြစ်၍ ရွှေဘုံသာလမ်း တစ်လျှောက် လူစည်ကားနေ၏။
အသက်ခြောက်ဆယ်ကျော် အရွယ် အမျိုးသမီးကြီးတစ်ဦးသည် လမ်းသွားလမ်းလာများအား လေညို ကုန်းလက်ဖက်ရည်ဆိုင်၏ တည် နေရာကို လိုက်လံမေးမြန်းနေ၏။
ထိုဆိုင်ကလေးသည် သာမန် လမ်းဘေးလက်ဖက်ရည်ဆိုင်ကလေး သာဖြစ်ပြီး ဆိုင်းဘုတ်လည်းမရှိပေ။
မေးလိုက်သမျှ လမ်းသွား လမ်း လာများက မသိကြောင်းသာဖြေနေ ကြ၍ အမျိုးသမီးကြီးခမျာ အခက် တွေ့နေရှာ၏။
ခေါင်းငိုက်စိုက်ငိုက်စိုက်နှင့် လာနေသော ကဗျာဆရာမောင်ဒေါန ကို မေးလိုက်ရာလိုချင်သော အဖြေကို ရရှိသွား၏။
''ကျွန်တော်လဲ အဲဒီသွားမလို့ အဒေါ်၊ လိုက်ခဲ့လေ''
မကြာမီ လေညိုကုန်းသို့ ရောက် ရှိသွား၏။
ထိုဆိုင်ကလေးတွင် ထူးခြား ချက်တစ်ခုရှိ၏။ ကြီးမားလှသော စိပ်ပုတီးကြီးကို လည်တွင်ဆွဲထားပြီး အထက်အောက် ယောဂီ ဝတ်စုံနှင့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ပုဂ္ဂိုလ် တစ်ဦးမကြာမကြာလာလေ့ရှိ၏။
ထိုပုဂ္ဂိုလ်သည် ရောင်တစောင်း ထုံးထားပြီး ကြီးမားလှသော လွယ်အိတ်ကြီးတစ်လုံးလွယ်ကာ ကြီးမားလှသော တောင်ဝှေး ကြီးကိုလည်း ကိုင်ဆောင်လေ့ရှိ၏။
ပီယဆေးစွမ်းသည်ဟု အမျိုး သမီးလောကတွင် တီးတိုးသတင်း ပျံ့လွှင့်နေ၏။
ထိုသတင်းသည် မှန်၊ မမှန်မည် သူမျှမသိကြပေ။ သို့သော် အထူးအဆန်းဆိုလျှင် သိချင်ကြသော မစပ်စုများ၏ သတင်းဖြန့်ဖြူး မှုကြောင့် ရွှေဘုံသာလမ်းတစ်လမ်းလုံးသိကုန်၏။
အဒေါ်ကြီးသည် ထိုပုဂ္ဂိုလ်အား တွေ့လိုက်ရ၍ ဝမ်းသာသွား၏။
''အမယ်လေး-ငါ့တူရယ်။ ကျေးဇူးတင်လိုက်တာ။ ဘိုးတော်နဲ့ တွေ့ရပြီ''
''ဟာ-ဘယ်မှာလဲ အဒေါ်ရဲ့''
''ဟဲ့-ငါ့တူရှေ့က ယောဂီဝတ်စုံ နဲ့ပုဂ္ဂိုလ်ပေါ့''
''ဟာ-အဒေါ်ကလဲ သူက ရာဟုမောင်မာင်ပါ။ ဂမ္ဘီရစာရေးဆရာ အဒေါ်ရဲ့''
''ဂမ္ဘီပဲရရ၊ ဂမ္ဘာ့ရီပဲရရ၊ ငါ မသိဘူး။ ငါသိတာက ပီယဆေး တောင်းဖို့ပဲ''
အဒေါ်ကြီးသည် ရာဟုမောင် မောင်အနီးသို့ ချဉ်းကပ်ပြီး ပီယဆေး တောင်းလိုက်၏။
''ဘိုးတော်၊ ကျွန်မတူမလေး အတွက် ပီယဆေးလေးပေးသနား ပါ''
အတွေ့အကြုံရင့်ကျက် နေ သော ရာဟုမောင်မောင်က လေးအေး ကလေးဖြင့်ပြောလိုက်၏။
''ဒကာမကြီး ထိုင်နားပါဦး။ ရေနွေးကြမ်းလဲသုံးဆောင်ပါ။ ပီယ ဆေးက လွယ်လွယ်နဲ့မရဘူး။ သက် သတ်လွတ်တစ်လစားပြီးမှ ချီးမြှင့် တာ''
''သြော်-ဟုတ်လား။ ဒါဆိုလဲ နယ်ပြန်ပြီး သက်သတ်လွတ်စားလိုက်ဦးမယ်။ တစ်လပြည့်ရင် ပြန်လာခဲ့ မယ်။ အဲဒီအခါကျ ရင်တော့ ဆက် ဆက်ပေးသနားပါနော်''
''စိတ်ချ၊ ဒကာမကြီး။ ကဲ၊ ကဲ လိုရာကြွပေတော့''
အဒေါ်ကြီးလဲ ပြုံးရွှင်စွာဖြင့် ထွက်ခွာသွား၏။
''ဆရာရာဟု၊ ပီယဆေး တကယ်ပေးမှာလား''
''ဟာ-ကိုဒေါနရယ်။ ခင်ဗျား လဲသိသားပဲ။ ကျွန်တော်က စာရေးဆရာပဲ ဘယ်ကပီယဆေးရှိမှာလဲ။ ကျွန်တော်က ဘိုးတော်မဟုတ်ပါဘူး။ သာမန်လူပါပဲဗျာ''
''သက်သတ်လွတ်စားပြီး တစ် လပြည့်လို့ ပြန်လာရင် ဘယ်လိုလုပ် မလဲ''
''လွယ်ပါတယ်ဗျာ၊ မေတ္တာ သုတ်ကို ပုတီးအပတ်တစ်ထောင် ထပ်စိပ်ခိုင်းဦးမယ်''
''စိပ်ပြီးရင်ကောဗျာ''
''မပူပါနဲ့။ အပတ်တစ်ထောင်မပြည့်ခင် ပျက်သွားလို့ မလာတော့ဘူး။ ခုထိ အပတ်တစ်ထောင်ပြည့် တာတစ်ယောက်မှ မရှိသေးဘူး''
''ဟဲဟဲ၊ ဆရာရာဟုက ပိုင် သားပဲဗျ''
''ပိုင်ပါတယ်ဗျာ။ အစက ကျွန်တော်ရှင်းပြပါတယ်။ ခက်တာ က ပီယဆေးတောင်းတဲ့လူတွေက ဘယ်လိုရှင်းပြရှင်းပြလက်မခံဘူး။ ကြာတော့စိတ်တိုလာရော။ ဒါနဲ့နားအေးပြီးရောဆိုပြီး သူတို့မလုပ်နိုင်တာတွေ ထပ်လုပ်ခိုင်းလိုက်တယ်။ အဲဒီတော့ပေါ် မလာတော့ ဘူးဗျ''
''သြော်-ဒါနဲ့ ကျွန်တော်ကြား ဖူးတာက သက်သတ်လွတ်စားရင် ကုသိုလ်ရတယ်ဆိုပဲ''
''ကုသိုလ်တင်မကဘူး။ ကျန်းမာရေးအတွက်လဲကောင်းတယ်။ နီရဲတဲ့အသားတွေ အစားကျူးရင် ကင်ဆာရောဂါ တို့ နှလုံးရောဂါ တို့ ပိုပြီး ဖြစ်တယ်ဆိုပဲ''
''ဆရာ ရာဟုကို ဘယ်သူပြော လဲ''
''ဒေါက်တာရန်မျိုးအောင်ဗျ။ ဟော-ပြောရင်းဆိုရင်း ဒေါက်တာ လာနေပြီ။ အတော်ပဲ၊ ဆရာဒေါန သိချင်ရင်မေးပေတော့''
ဒေါက်တာရန်မျိုးအောင် ရောက် ရှိလာရာ မောင်ဒေါနအဖို့ အတော်ပဲ ဖြစ်သွား၏။
''မင်္ဂလာပါ ဒေါက်တာ။ မေးစ ရာလေးမေးပါရစေ''
''မင်္ဂလာပါ ကိုဒေါန။ မေးပါ။ အားမနာပါနဲ့''
''ဒီလိုပါ ဒေါက်တာ။ စောစော က ဆရာရာဟုကပြောတယ်။ နီရဲတဲ့ အသားတွေအစားကျူးရင် ကင်ဆာ တို့ နှလုံးရောဂါတို့ ပိုဖြစ်တယ်တဲ့''
''ဟုတ်တယ်ဗျ။ ဆရာရာဟု ပြောတာမှန်ပါတယ်။ ဒါလဲ သုတေ သနလုပ်လို့သိတာဗျ။ Harvard Medical School ဆိုတာ နာမည်ကြီး တက္ကသိုလ်တစ်ခုပဲ။ အဲဒီသုတေသီ တွေ ရှာဖွေတွေ့ရှိခဲ့တာဗျ။ နီရဲတဲ့ အသားတွေ အစားကျူးရင် အသက် တိုတယ်ဗျ''
''ဟုတ်ကဲ့ ဒေါက်တာ''
''သုတေသီတွေက လူဦးရေ စုစုပေါင်းတစ်သိန်းနှစ်သောင်းကျော် ကို သုတေသနလုပ်ခဲ့တာဗျ။ ခုတွေ့ ရှိချက်ကထူးခြားတယ်ဗျ''
''ဘယ်ကာလတုန်းက လုပ်ခဲ့ တာလဲဒေါက်တာ''
''၁၉၈၆ ခုနှစ်နဲ့ ၂ဝဝ၈ ခုနှစ် ကြားမှာ လူပေါင်း ၃၇၆၉၈ ဦးကို လုပ်ခဲ့တယ်။ ပြီးတော့ ၁၉၈ဝ ခုနှစ်နဲ့ ၂ဝဝ၈ ခုနှစ်ကြားမှာ လူပေါင်း ၈၃၆၄၄ ဦးကို လုပ်ခဲ့တယ်''
''ဟုတ်ကဲ့ ဒေါက်တာ''
''သုတေသီတွေ တွေ့တာက Unprocessed Red Meat ခေါ်တဲ့ နီရဲ တဲ့အသားစိမ်း လတ်လတ်ဆတ်ဆတ်ကို ပိုစားရင် သေဆုံးနှုန်းက ၁၃ ရာခိုင်နှုန်းပိုလာတယ်တဲ့။ နှလုံး ရောဂါဖြစ်နိုင်ခြေက ၁၈ ရာခိုင်နှုန်း ပိုလာတယ်တဲ့။ ကင်ဆာဖြစ်နိုင်ခြေက ၁ဝ ရာခိုင်နှုန်း ပိုလာတယ်တဲ့။ ပြုပြင် ပြီးအသားကျတော့ ပိုတောင်ဆိုးသေး တယ်။ သေဆုံးနှုန်းက ၂ဝ ရာခိုင်နှုန်း ရယ်၊ နှလုံးရောဂါအတွက် ၂၁ ရာခိုင် နှုန်းရယ်၊ ကင်ဆာအတွက်က ၁၆ ရာခိုင်နှုန်းရယ် ပိုပြီးတိုးလာတဲ့ သဘောပေါ့ဗျာ''
''ဟုတ်ကဲ့ ဒေါက်တာ''
''သုတေသီတွေ တွေ့ရှိချက် အရ ပြုပြင်ထားတဲ့ အသားကပိုဆိုး နေတယ်''
''ဘာဖြစ်လို့လဲ ဒေါက်တာ''
''ပြုပြင်တဲ့အခါ ဆားသုံးရ တယ်။ ဆိုဒီယမ်ဓာတ်ပိုများလာ တယ်။ ဒါကြောင့်ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုတယ်''
''နီရဲတဲ့အသားက ဘာလို့ ရောဂါပိုဖြစတာလဲ ဒေါက်တာ''
''ဖြစ်နိုင်ခြေရှိတာက နီရဲတဲ့ အသားမှာ ပြည့်ဝဆီတွေများတယ်။ အဓိက တရားခံက ပြည့်ဝဆီဖြစ်ဖို့ များတယ်တဲ့''
''ဟုတ်ကဲ့ ဒေါက်တာ''
''တချို့ သုတေသီတွေကျတော့ အယူအဆမတပြန်ဘူးဗျ''
''ဘယ်လိုကွာခြားသလဲ ဒေါက်တာ''
''ယူကေမှာ ဗြိတိသျှနှလုံး အသင်းကြီးဆိုတာရှိတယ်။ နှလုံး ရောဂါနဲ့ ပတ်သက်လို့ သုတေသန တွေလုပ်တဲ့ အသင်းကြီးပေါ့ဗျာ။ အဲဒီ အသင်းကြီးမှာ Victoria Taylor ဆိုတဲ့ ပါရဂူကြီးရှိတယ်။ သူက အာဟာရ ဗေဒဘာသာရပ်မှာ အထူးကျွမ်းကျင် တယ်။ သူကပြောတယ်။ နီရဲတဲ့ အသားကို အသင့်အတင့်စားနိုင်ပါ တယ်တဲ့။ ဒါပေမယ့် အဆီနည်းတဲ့ အသားကိုရွေးစားပါတဲ့။ ချက်ရင်လဲ ကျန်းမာရေးနဲ့ညီတဲ့ နည်းကိုသုံးပါတဲ့။ ပြီးတော့အသားဓာတ်လိုချင်ရင် တခြား အစား အစာတွေလဲ အလဲအလှယ်လုပ် စားပါတဲ့။ နီရဲတဲ့အသားချည်းပဲ မစားပါနဲ့တဲ့''
''နီရဲတဲ့အသားဆိုတော့ ဝက် ပေါင်ခြောက်တို့၊ သိုးသားခြောက်တို့၊ ဝက်အူချောင်းတို့ပေါ့နော်''
''ဟုတ်တယ်ဗျ။ ငါး၊ ကြက် သား၊ ပဲအမျိုးမျိုး စတာတွေကိုလဲ အလှယ်သဘော သူကစားခိုင်းတာ ဗျ''
''ကောင်းပါတယ် ဒေါက်တာ။ ဒါမှလဲ အာဟာရစုံစုံလင်လင်ရမှာ ပေါ့''
''ဟုတ်ပါတယ်။ ကိုဒေါနပြော တာ Balanced Diet ပေါ့ဗျာ''
''ဟုတ်ကဲ့ ဒေါက်တာ''
''သက်သတ်လွတ်စားနိုင်ရင် လဲ ကောင်းပါတယ်။ ဥပမာ-တစ်လ ကို တစ်ပတ်နှုန်းစားပေါ့ဗျာ။ စားမယ် ဆိုရင် ကျွန်တော့်ပြော။ ကျွန်တော် ဦးဥာဏ်အုန်းဆီမှာ ဟင်းသီးဟင်းရွက် တောင်းပေးမယ်''
''ဦးဥာဏ်အုန်းဆိုတာ ညောင်ရမ်းဆေးတိုက်က ဓာတ်ခွဲမှူး မဟုတ် လား''
''ဟုတ်တယ်။ အရင်က ငွေလ မင်းဆေးတိုက်မှာပဲ ဓာတ်ခွဲမှူးလုပ်ခဲ့ ဖူးတယ်''
''ကိုဒေါနသိလို့လား''
''သိတာပေါ့ဗျာ။ သူက သိပ် သဘောကောင်းတာ။ သူက ဦးရွှေနု လမ်းမှာနေတယ်။ သူခြံက အကျယ် ကြီး ဒေါက်တာ။ ဟင်းသီးဟင်းရွက် အစုံစိုက်ပျိုးထားတယ်''
''သြော်-ကိုဒေါနရောက်ဖူးတာ ကိုး''
''ဟုတ်တယ်၊ ရောက်ဖူးတယ်။ ဦးဥာဏ်အုန်းက ဟင်းချက်လဲ ကောင်းတယ်။ ငပိရည်ကအစ ကောင်းတာ။ သူဖျော်တဲ့ငပိ ဆိုရင် မွှေး နေတာပဲ''
''တို့စရာကောင်းကောင်းနဲ့ဆို ထမင်းမြိန်တယ်ဗျ''
''ထမင်းသုံးပန်ကန်လောက် ကတော့ အသာလေးပဲ''
''ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်တော့်ကိုယ်တွေ့ပဲ''
ထိုစဉ် အမျိုးသမီးအုပ်စုတစ်စု သည် ရွှေဘုံသာအောက်လမ်းမှ တရွေ့ ရွေ့လမ်းလျှောက်လာနေကြ၏။
''ဟာ-ဒေါက်တာရေ ဒေါက်တာခင်ပန်ဆောင်းတို့ အုပ်စုလာပြန်ပြီ။ ပြေးမှပဲ။ သူတို့က မေတ္တာသုတ်ပုတီး တစ်ထောင်များ စိပ်ပြီးပြီလားမဆိုနိုင်ဘူး။ တကယ်လို့ စိပ်ပြီးရင် ခက်နေ မယ်။ ကျွန်တော်လစ်ပြီ''
ဆရာ ရာဟုမောင်မောင်သည် လစ်ခနဲပျောက်ကွယ်သွား၏။
အမျိုးသမီးအုပ်စု ရောက်လာ သောအခါ ဒေါက်တာရန်မျိုးအောင် ခမြာ ဖြေရှင်းနေရလေ၏။
''ဟာ-ဘိုးတော်ရော၊ ဘိုးတော်၊ ကိုရန်မျိုးအောင် ခုနရှိပါသေးတယ်။ ရှင့်လူကို ရှင်ထိန်းထားသင့်တာပေါ့။ ခုရှာပေး''
ငယ်သူငယ်ချင်းဖြစ်၍ ဖိအား ပေးလေတော့၏။
''ဟုတ်တယ် ဒေါက်တာ။ ဒါ ဒေါက်တာတာဝန်၊ ဒေါက်တာ ရှာပေး။ မတွေ့ရင်မပြန်ဘူး။ ဒီမှာပဲ ညအိပ်မယ်''
''ဟာ-ဒုက္ခပဲ၊ ကျွန်တော်လဲ မသိဘူး။ လစ်ခနဲ ပျောက်သွားတာ။ ကဲပါ၊ ပြီးရင် ဗိုလ်ချုပ်ဈေးဘက် သွားရှာပေးပါ့မယ်။ ကဲကဲ၊ လက်ဖက် ရည်သောက်ကြဦး၊ နားကြပါဦးဗျာ''
ရှာပေးမည်ဆို၍ အနည်းငယ် ကျေနပ်သွားကြ၏။
''ကဲ-ကိုဒေါန သွားရအောင်''
ဗိုလ်ချုပ်ဈေးအနီး ရောက်သော အခါ မောင်ဒေါနက တိုးတိုးကလေး မေးလိုက်၏။
''ဒေါက်တာ၊ တကယ်တွေ့မှာ မို့လို့လား''
''ဘယ်လိုလုပ်တွေ့မှာလဲ။ ဟို အုပ်စုရန်ကလွတ်အောင် အကြံအဖန် လုပ်ပြီး ထွက်ပြေးကြတာပေါ့၊ ဟဲ ဟဲ''
ဒေါက်တာ ရန်မျိုးအောင်နှင့် မောင်ဒေါနတို့သည် လမ်းထိပ်တွင် အငှားယာဉ်တစ်စီးငှားကာ လှည်းကူး သို့ မောင်းသွားကြလေ၏။
အောင်(ဆေး-၁)
ရည်ညွှန်းချက်။ ။ BBC News မှ "Red Meat Increases Death, Cancer and Heart Risk, Says Study" ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။
အောင်(ဆေး-၁)