2014-9-11
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မုံရွာ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် မြစ်ရေကြီးချိန်၌ အနံ့ဆိုးများ ထွက်ပေါ်နေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 880
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ရာဟုမောင်မောင် နှင့် ထူးဆန်းသော ဗုဒ္ဓဟူးဂိုဏ်း

ညသန်းခေါင်ယံဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။

မိုးတဖွဲဖွဲရွာနေသဖြင့် တံစက် မြိတ်မှ မိုးရေတစ်စက်စက်ကျနေ၏။

မောင်စိန်ဝင်းသည် ဂမ္ဘီရဝတ္ထုရှည်ကြီးတစ်ပုဒ်ကို စိတ်ဝင်စားစွာ ဖတ်ရှုနေ၏။ ဝတ္ထုထဲတွင် ရာဟု မောင်မောင်က ဇာတ်လိုက်ဖြစ်၏။ ဆံပင်ဖွေးဖွေးဖြူနေသော ဗုဒ္ဓဟူး ဂိုဏ်းသားများက ဂေါ်ရခါး၊ ဓားကောက်ကြီးများ ဝှေ့ကာယမ်းကာဖြင့် သဲသဲမဲမဲ လိုက်နေကြသည်။

ရာဟုမောင်မောင်သည် လွန်စွာသန်စွမ်းသူ ဖြစ်၏။

ရှုပ်ထွေးပွေလီနေသော လမ်းကျဉ်းကလေးများတစ်လျှောက် မြွေလိမ်မြွေကောက် ပြေးလွှားနေ၏။ ရန်သူများက လူအုပ်ကောင်းလှ ၏။

အမှတ်မထင် မြောင်းကျဉ်းကလေးကို ကျော်လိုက်ချိန်တွင် ရာဟု မောင်မောင်သည် ကားတစ်စီးမှ ယိုစိမ့်လာသော  အင်ဂျင်ဝိုင်များ ကို နင်းမိကာ ချော်လဲသွား၏။

ဗလကောင်းကောင်း လူမည်းကြီးက ဂေါ်ရခါးဓားကောက်ကြီး ကို လေထဲသို့ ဆတ်ခနဲမြှောက်လိုက်၏။

''ဒုန်း ဒုန်း၊ ချလွမ်း၊ ဂွမ်း ဂွမ်း ဂွမ် ဂွမ်''

''အမယ်လေးဗျ''

ရုတ်တရက် ဆူညံသံများကြောင့် ဒေါက်တာကျော်ဆွေသိန်း အိပ်မောကျနေရာမှ လန့်နိုးသွား၏။

''ဟေ့- မောင်စိန်ဝင်း၊ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ''

လက်ထဲမှစာအုပ် လွတ်ကျကာ တုန်တုန်ရီရီ ဖြစ်နေသော မောင်စိန်ဝင်းက မပီမသ ဝူးဝူးဝါးဝါးနှင့် အော်ဟစ်နေ၏။

''ဆရာ၊ ဆရာ၊ ဂေါ်ရခါး၊ ဂေါ်ရခါး''

''ဘာလဲကွ၊ အိမ်ဘေးက ဗဟာဒူးလား၊ ခုလောက်ရှိ အရက် ဖြူတစ်ပိုင်းချပြီး အိပ်နေလောက် ရောပေါ့ကွာ''

''ဓားကြီးဆရာ၊ ဓားကြီး ဆရာ''

''ဟာ- ဘာလဲကွ၊ အိမ်မှာ ဓားဆိုလို့ ငါ သုံးနေကျ ခွဲစိတ်ဓားပဲ ရှိတယ်။ Lancet ကလည်း သေး သေးလေးပါကွ''

ထိုစဉ် ကြောင်နက်ကြီးတစ်ကောင် ပြတင်းပေါက်မှ ခုန်ချကာ ထွက်ပြေးသွား၏။

''ဟာ- သိပြီ၊ မင်း ညဦးက ထမင်းစားပြီး စားပွဲပေါ်မှာ ငါးကြော်ပန်းကန် ဒီအတိုင်းပစ်ထားခဲ့တယ် မဟုတ်လား''

''ဟုတ်ပြီ ဆရာ၊ စောစောက ကြောင်နက်ကြီး ဝင်စားသွားပြီ''

''ဟိုမှာတွေ့လား၊ ပန်းကန်တွေ ကျကွဲနေတာ''

ကြောင်နက်ကြီးက ပန်းကန်များကို တိုက်ချသွားသဖြင့် ကျကွဲကုန်၏။

''မင်း လုပ်တာနဲ့ ငါတောင် လန့်သွားပြီ''

''ဆောရီးပါ ဆရာ၊ ဝတ္ထုထဲ စိတ်စွဲသွားလို့ပါ''

''ကဲ- လာကွာ၊ လမ်းထိပ်က လက်ဖက်ရည်ဆိုင် သွားရအောင်''

မကြာမီ လမ်းထိပ်မှ မိုးအလင်းဖွင့်သော ငွေတောင် လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိသွား၏။

ထိုဆိုင်သည် ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်း၏အိမ်နှင့် နီး၏။

''ဟာ- ဆရာတပည့်နှစ် ယောက်ပါလား၊ လာဗျာ၊ ထိုင်ပါ''

''မောင်စိန်ဝင်း လုပ်တာနဲ့ ကျွန်တော်လည်း လန့်နိုးသွားပြီ ဗျာ''

''ဧကန္တ မနေ့က ကျွန်တော့်ဆီက ငှားသွားတဲ့ ဝတ္ထုဖတ်နေတာ ထင်တယ်။ ဗုဒ္ဓဟူးဂိုဏ်းအကြောင်း ပါတယ် မဟုတ်လား''

''ဟုတ်ပါတယ်၊ ဦးဥာဏ်အုန်း ရယ်၊ အဲဒီဂိုဏ်းက ထူးဆန်းတယ်။ အသားကျတော့ ကတ္တရာစေး လောက်မည်းတယ်။ ဆံပင် ကျတော့ ကြာဆံလို ဖြူနေတယ်။ ဘာကြောင့်လဲ''

''ပြိုင်ဘက် မှော်ဝင်ဓားဂိုဏ်းက ဂမ္ဘီရနဲ့ လုပ်ထားတာလို့ ပြောတာပဲ''

''သာမန်လူတွေ ဆံပင်ဖြူတာက  Oxidative Stress ကြောင့်ကွ''

''ဟုတ်လား ဆရာ၊ ကျွန်တော် စိတ်ဝင်စားလာပြီ ရှင်းပြပါဦး''

''အံမာ၊ ငါသိပါတယ်။ လမ်းထိပ်က ထမင်းကြော်သည် မလုံးကို မင်း စိတ်ဝင်စားနေတယ် မဟုတ်လား''

''မလုံးက ဆံပင်ဖြူနေလို့လား ဆရာ''

''မဟုတ်ဘူး ဦးဥာဏ်အုန်းရေ၊ မလုံးက ခုမှ နှစ်ဆယ်ကျော်လေး၊ ဆံပင်ဖြူတာက သူ့အမေ၊ သူ့အမေက သိပ်လှချင်တာ။ သူ့ အမေ ကို ဆံပင်မဖြူအောင် လုပ်ပေးနိုင်ရင် မလုံးနဲ့ ပြေလည်စရာ ရှိတယ်လေ''

''သြော်- ဒီလိုကိုး။ ဟဲ ဟဲ''

''ကဲ- ဆက်ပြောရဦးမယ်။ ခေတ်အဆက်ဆက် ပညာရှင်တွေ နည်းမျိုးစုံ ရှာခဲ့ဖွေခဲ့ကြတယ်။ ခု နည်းသစ်တွေ့လာပြီ''

''ဟုတ်ကဲ့ ဆရာ''

''ဆေးဝါးတစ်မျိုးကို သုံးရင် ဆံပင်ပြန်နက်လာတာ တွေ့ရတယ်''

''ဆေးဆိုးတာလားဆရာ''

''ဆေးဆိုးတာက နည်းဟောင်းကြီးဗျ။ ခုဟာက ပြဿနာရဲ့ အရင်းအမြစ်ကို ရှာတွေ့တာ။ ရှာ တွေ့တော့ ကုနည်းလည်း တွေ့ တာ ပေါ့''

''ဟုတ်ကဲ့ ဆရာ''

''Professor Karin Schallreuter ဆိုတာက ဂျာမန်လူမျိုး သုတေသီ၊ သူနဲ့သူ့အဖွဲ့က ရှာတွေ့တာ။ လူတွေမှာ ဆံပင်ဖြူရတာက Oxidative Stress  ကြောင့်ဗျ။ ဓာတ်တိုးစေတဲ့ ဓာတုဒြပ်ပေါင်း တွေကြောင့်ပေါ့ဗျာ။ ဒါက  Wear-And-Tear Process ပဲ။ လွယ် လွယ်ပြောရရင် အိုနာပေါ့ဗျာ''

''ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ဆိုတဲ့ သဘောတွေပေါ့နော်''

''ဟုတ်တယ်၊ ဒါက လူတိုင်း ရင်ဆိုင်တွေ့ကြုံရမယ့် သဘာဝ တရားဗျ။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး မတူဘူး။ တချို့က ငယ်ငယ် ရွယ်ရွယ်နဲ့ ဖြူသွားတာ ရှိတယ်။ တချို့က ကြီးလာတာတောင် နက် နေတုန်း ရှိသေးတယ်''

''ဟုတ်တယ်၊ ဟုတ်တယ်။ လမ်းထောင့်က စီးပွားရေးလုပ်ငန်းရှင် ကိုသာအေးဆိုရင် လေးဆယ် ကျော်လေးပဲ ရှိသေးတာ။ တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေပြီ။ ရပ်ကွက်အစွန်းက ကပ္ပိယကြီး ဦးရေချမ်းဆိုရင် ခြောက်ဆယ်ကျော်နေပြီ။ တစ်ခေါင်းလုံး နက်မှောင်နေတယ်''

''အဲဒါ စိတ်ဖိစီးမှုကြောင့်ပေါ့ဗျာ။ ကိုသာအေးက လောဘကြီးတယ်။ မနားတမ်း အလုပ်လုပ်တယ်။ အမြဲတမ်း သောကများနေ တယ်''

''မှန်တယ်ဆရာ''

''သုတေသီတွေ တွေ့တာက အသက်အရွယ် ရင့်လာတာနဲ့အမျှ ဆံပင်ထဲမှာ Hydrogen Peroxide တွေ စုဝေးလာတယ်တဲ့။ ဒီဓာတုဒြပ်ပေါင်းတွေက ဆံပင်ရဲ့ မူလအရောင်ကို အရောင် ချွတ်ပစ်တယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ခုကုထုံးက အရောင်ကျွတ်စေတဲ့ ဓာတုဒြပ်ပေါင်းကို ဖယ်ရှားပစ်တယ်။ ဒါပေမယ့် ဖြူပြီးသား ဆံပင်ကို ပြန်နက်အောင် လုပ်နိုင်ဖို့ ကြိုးစားဆဲပဲ။ ဒီသုတေသနကို FASEB Journal ဆိုတဲ့ ဂျာနယ်မှာ ဖော်ပြပြီးပြီ''

''ဟုတ်ကဲ့ ဆရာ''

''သုတေသီတွေက နှစ်နေရာမှာ ခွဲလုပ်ကြတာဗျ။ ပထမနေရာ က UK က  University of Bradford မှာ၊ ဒုတိယနေရာက Germany မှာ၊ ဂျာမနီနိုင်ငံ အနောက် မြောက်ဒေသက University of Greifswald  မှာ။ သုတေသီတွေက Vitiligo ဆိုတဲ့ အရေပြားရောဂါ တစ်မျိုးကို သုတေသန လုပ်ခဲ့ကြတယ်''

''Vitiligo က အရပ်ခေါ်ဆို ရင် ခရုသင်းပေါ့နော်''

''ဟုတ်တယ်။ အရေပြားမှာ အဖြူကွက်တွေ ပေါ်လာတဲ့ ရောဂါပေါ့။ အပျိုအရွယ်လေးတွေဆိုရင် သိပ်ဒုက္ခပေးတာပေါ့။ ရှက်ပြီး အိမ် ပြင်မထွက်ရရှာဘူး''

''ဟုတ်ကဲ့ ဆရာ''
''Vitiligo ဖြစ်ရတာက အရေပြားထဲမှာ သဘာဝအလျောက် ရှိနေတဲ့ Melanin ဆိုတဲ့ ရောင်ခြယ်ပစ္စည်းကို အရောင်ချွတ်ပစ် လို့ ဖြစ်ရတာ''

''ဟုတ်ကဲ့ ဆရာ''

''အရင်က Vitiligo ကို နည်းမျိုးစုံနဲ့ ကုခဲ့ကြတယ်။ ခု ကုထုံး သစ်တွေ့ပြီး Modified Pseudo-catalase ဆိုတဲ့ အင်ဇိုင်းဓာတ် တစ်မျိုးပဲ။ ဒီအင်ဇိုင်းဓာတ်က မျက်တောင်တွေ ဖြူနေတာ၊ အရေပြား ဖြူနေတာတွေကို ပြန်ပြီး မည်း စေတယ်''

''ဟုတ်ကဲ့ ဆရာ''

''General Weissmann ဆိုတာက FASEB ဂျာနယ်က အယ်ဒီတာချုပ်ဗျ။ သူက ပြောတယ်။ လူတွေဟာ ဆံပင်ဖြူတာကို နည်းမျိုးစုံ နဲ့ ကုခဲ့ကြပါတယ်တဲ့။ ကုတဲ့ သက်တမ်းကလည်း နှစ်ပေါင်း ထောင်ချီနေပါပြီတဲ့။ ခုနည်းသစ်က ထူးခြားပါတယ်တဲ့။ ဒီနည်း က ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး ကုတာပါတဲ့''

''အရင်းအမြစ်ကို ရှာတွေ့မှ ကုထုံးက ထိရောက်မှာပေါ့ ဆရာ''

''မှန်တယ်၊ ရမ်းကုရင် အနာ တခြား၊ ဆေးတခြား ဖြစ်မှာပဲ''

''Weissmann  က ပြောတယ်။ ခုနည်းသစ်က Vitiligo ကို ကောင်း ကောင်းကုနိုင်တာ တွေ့ရပါတယ်တဲ့။ ခုနည်းက အလားအလာ လည်း သိပ်ကောင်းပါတယ်တဲ့။ လူ ပေါင်းများစွာရဲ့ ဘဝကို ပြောင်းလဲ ပစ်မှာပါတဲ့''

''ဒါပေါ့ ဆရာ၊ ရောဂါရှိနေတဲ့ အပျိုလေးတွေ ဝမ်းသာမှာပေါ့ ဆရာ''

''ဆရာ၊ ဆရာ၊ ဗုဒ္ဓဟူးဂိုဏ်း သားတွေ လာကုန်ပြီ''

''ဟေ- ဟုတ်လား၊ ဘယ်မှာလဲ''

ဒေါက်တာကျော်ဆွေသိန်းနှင့် ဦးဥာဏ်အုန်းတို့ ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။

''ဟဲ ဟဲ မကြောက်ပါနဲ့၊ ကျွန်တော် တင်မောင်ဆွေပါ''

မှောင်ရိပ်ထဲမှ ဒေါက်တာ တင်မောင်ဆွေ ထွက်လာ၏။

''ဟာ-ဆရာဆွေကလဲ နောက် ရန်ကောဗျာ''

ဒေါက်တာတင်မောင်ဆွေက ဂျာကင်အနက်၊ ဘောင်းဘီအရှည် အနက်၊ ဘွတ်ဖိနပ်အနက်နှင့် ဖြစ်၍ တစ်ကိုယ်လုံးမည်းမှောင်နေ၏။

''မောင်စိန်ဝင်းကို စချင်လို့ပါ ဟဲ ဟဲ''

''ဒီကောင်က အားကြီးကြောက် တတ်တယ်ဗျ''

''ဒါပေမယ့် အချစ်နဲ့ပတ်သက်လာရင် စွန့်စားရဲတယ်။ မလုံးက ဗုဒ္ဓဟူးသမီး၊ ကျွန်တော်ကလည်း ဗုဒ္ဓဟူးသား။ မလုံးရဲ့အချစ် ကို လိုချင်ရင် ပီယဆေးဖော်ရမယ် ဆိုတုန်းက မောင်စိန်ဝင်း သတ္တိရှိ တယ်ဗျ''

''ဟုတ်လား၊ ပြောပါဦး''

''ဗုဒ္ဓဟူးနံပါတဲ့ သင်္ချိုင်းထဲက ဗုဒ္ဓဟူးနံပါတဲ့ အပင်က အရွက်ကို ဗုဒ္ဓဟူးနေ့ည သန်းခေါင်ယံမှာ ခူး ရမယ်ဆိုတုန်းက သူ လိုက်တယ် ဗျ''

''ဒါကတော့ ဆရာ၊ အချစ် အတွက်ဆိုတော့ စွန့်စားရတာပေါ့ ဗျာ''

''ခုလည်း ဆံပင်နက်ဆေးသာ ရရင်တော့ မောင်စိန်ဝင်း ပြေလည် ပြီဗျ။ ဟဲ ဟဲ''

''လုပ်ပါ ဆရာရယ်၊ ဗုဒ္ဓဟူးနံ ပါတဲ့ အစားအသောက်တွေ တဝ ကျွေးပါမယ်''

မောင်စိန်ဝင်းက ပျာပျာသလဲ တောင်းပန်နေရှာလေ၏။


ရည်ညွှန်းချက် ။ ။ BBC News မှ "Scientists Treat Grey Hair with Drug for Patchy Skin" ဆေးပညာဆောင်းပါးကို မှီငြမ်း ကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.