Nano နည်းပညာနှင့် ခေတ်သစ် ဆေးသိပ္ပံ
မိုး၊ လေ ကင်းစင်နေ၍ ရာသီ ဥတုက သာယာနေ၏။
ဆည်းဆာချိန်ဖြစ်၍ ပတ်ဝန်းကျင်ရှုခင်းက လှပနေ၏။
ပြာလဲ့သော ကောင်းကင်ပြင်ကြီးထဲတွင် ပုစွန်ဆီရောင် တိမ်တိုက်များက ဟိုတစ်စု သည်တစ်စုနှင့် လှပစွာ တည်ရှိနေ၏။
ဒေါက်တာ ကျော်ဆွေသိန်းသည် အထပ် ၂ဝ မြင့်သော ဆာကူရာတာဝါ အပေါ်ဆုံး ထပ်မှနေ၍ ပတ်ဝန်းကျင် ရှုခင်းကို ငေးမော ကြည့်ရှုနေ၏။
တစ်ပတ်လျှင် တစ်ရက် အနားယူရန် Sky Bistrol သို့ ရောက်လာမြဲ ဖြစ်၏။ ယနေညနေတွင်လည်း အနားယူရန် ရောက်ရှိလာခြင်း ဖြစ်၏။
ကာပူချီနိုကော်ဖီတစ်ခွက် ဇိမ်ခံသောက်ရင်း ရောက်မိရောက်ရာ တွေးတောနေ၏။
ထိုစဉ် ခေါ်သံကြား၍ လှည့်ကြည့်လိုက်၏။
ဒေါက်တာ ပွင့်သက်တင်၊ ဒေါက်တာ ယုစန္ဒာ၊ ဒေါက်တာ တင်တင်ဦးနှင့် ဒေါက်တာ မြမြအေးတို့ကို တွေ့လိုက်ရ၏။
''ပွင့်တို့ပါလား။ လာလေထိုင်ကြပါ''
''ဆရာရှိနေတယ်သတင်းကြားလို့ လိုက်လာတာ။ ဆရာ ကျွေးရမယ်နော်''
''ကျွေးမယ်၊ ကျွေးမယ်၊ ကြိုက်တာမှာစားကြ''
''ဆရာက ရာထူးတက်ပြီး ပါမောက္ခဖြစ်သွားပြီဆို''
''ဟုတ်တယ်။ သိပ်မကြာသေးဘူး''
''ကွန်ဂရက်ကျူလေးရှင်းပါ ဆရာ''
''ကျေးဇူးပါပဲဗျာ။ ကဲ-မှာကြလေ''
ဒေါက်တာ ပွင့်သက်တင်က စားပွဲထိုးကလေးအား ခေါ်၍ မုန့် မျိုးစုံ နှင့် ကော်ဖီမျိုးစုံမှာလိုက်၏်။
''ဆရာကို ပြောပြရဦးမယ်။ တောင်သူကုန်းက လာတက်တဲ့ လူနာအဘွားကြီး မသက်သာဘူးဆရာ။ ကင်ဆာဆေးတွေ ပေးတော့လဲ ဆေးဒဏ်ခံရတယ်ဆရာ''
''သြော်-ဟုတ်လား၊ သနားပါတယ်ကွာ''
တောင်သူကုန်းမှ အဘွားအိုသည် အဆုတ်ကင်ဆာ ရောဂါဖြင့် ဆေးရုံတက်နေရခြင်း ဖြစ်၏်။ ကင်ဆာကု ဆေးဝါးများကို အစွမ်းထက်သော်လည်း ရောဂါမရှိသော အင်္ဂါများကို ထိခိုက်ပျက်စီးစေသဖြင့် လူနာသည် ဆေးဝါး၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရ၏။
''ကင်ဆာကု ဆေးဝါးတွေကို ရောဂါရှိတဲ့ နေရာမှာပဲ ကွက်ကွက် ကလေးရှိနေအောင် လုပ်နိုင်ရင်ကောင်းမှာပဲဆရာ။ ဒါဆို ဆဲလ်ကောင်းတွေ မထိခိုက်တော့ဘူး။ လူနာလဲ မခံစားရဘူးဆရာ''
''အဲဒီလို လုပ်နိုင်ဖို့ ပါရဂူတွေကလဲ ကြံစည်နေကြတယ်။ အောင်မြင်ဖို့ အလားအလာလဲ ရှိပါတယ်''
''ဟုတ်လားဆရာ၊ ပြောပြပါ ဦး''
''ဒီလိုဗျ။ တစ်လောက မိတ်ဆွေတစ်ယောက် စင်ကာပူက ပြန်လာတယ်။ သူ့ဆီက ဂျာနယ် တစ်စောင်ရလိုက်တယ်။ ဂျာနယ် နာမည်က Nature Nanotechnology တဲ့ဗျ။ အဲဒီဂျာနယ်ထဲမှာ စိတ်ဝင်စားစရာ ဆောင်းပါးတစ်ပုဒ်ပါလာတယ်''
''ဟုတ်ကဲ့ဆရာ''
''သုတေသီတွေက Pump သေးသေးကလေး တီထွင်ထားတယ်။ အရွယ်က သွေးနီဥတစ်လုံး အရွယ်ပဲ ရှိတယ်။ သေးသေးကလေး။ ဒီ Pump ကလေးက လူလုပ်တဲ့ ပစ္စည်းထဲမှာ အသေးဆုံးပဲ။ ပြီးတော့ ခုတီထွင်မှုက ကမ္ဘာမှာ ပထမဆုံးပဲ''
''ပထမဆုံး တီထွင်မှုဆိုတော့ သုတေသီတွေအတွက် ဂုဏ်ယူစရာပဲ''
''ဟုတ်တယ်။ ဂုဏ်ယူစရာပဲ။ အမေရိကန် သုတေသီတွေနဲ့ ကိုရီးယား သုတေသီတွေ ပူးပေါင်းပြီး လုပ်ဆောင်ကြတာဗျ။ သူတို့က ဖန်ပြောင်းထဲကို Ultra Fast Laser Pulses သုံးပြီး အပေါက်သေးသေးကလေး ဖောက်လိုက်တယ်။ အပေါက်ကလေးကလဲ သိပ်ကိုသေးတယ်။ ဖန်ပြောင်း ကလဲ လူ့ဆံပင်ထက်တောင် သေး သေးတယ်''
''ဟုတ်ကဲ့ဆရာ''
''ဖောက်ထားတဲ့ အပေါက်ကလေးတစ်လျှောက် ဖန်သားနံရံတွေ ရှိတယ်။ ဒီနံရံတွေမှာ လျှပ်စစ်ဓာတ် ဖြတ်စီးနိုင်တယ်။ အခေါင်းကလေးထဲမှာလဲ အရည်တွေ စီးဆင်းသွားနိုင်တယ်။ အဲဒီတော့ လျှပ်စစ်ဓာတ် စီးတဲ့အချိန်မှာ အရည်တွေ စီးတယ်။ လျှပ်စစ်ဓာတ် မစီးတဲ့အချိန်မှာ ရပ်သွားတယ်။ သဘောက လိုသလို ထိန်းချုပ်နိုင်တဲ့ သဘောပဲ''
''ဒါလောက်သေးတာကလေး ကို ထိန်းချုပ်လို့ ရတယ်နော်။ အံ့သြစရာ''
''ဟုတ်တယ်။ တကယ်အံ့သြဖို့ ကောင်းတယ်။ သုတေသီတွေရဲ့ ရည်ရွယ်ချက်က ဆဲလ်တစ်လုံးချင်းစီထဲကို Pump သုံးပြီး ဆေးဝါးတွေထိုး သွင်းမယ်တဲ့၊ ဆေးထိုးပြွန် သဘောပေါ့။ ဆဲလ်ကို ဆေးထိုးတာပေါ့။ နောက်ရည်ရွယ်ချက်က ဆဲလ်တစ်လုံးစီထဲကနေ နမူနာ အရည်စုပ်ယူဖို့ပဲ။ ရလာတဲ့အရည်ကို ဓာတ်ခွဲကြည့်ရင် ဆဲလ်ဟာရောဂါ ရှိနေလား၊ ရောဂါပိုးတွေ ဝင်နေသလား၊ အဲဒါကို သိနိုင်မယ်တဲ့''
''သဘောက ကုသရေးမှာရော၊ ရောဂါ ရှာဖွေရေးမှာရော သုံးမယ်လို့ ရည်ရွယ်တာပေါ့နော်''
''ဟုတ်တယ်။ ကုသရေး အတွက်လဲသုံးမယ်။ ရောဂါ ရှာဖွေရေးအတွက်လဲ သုံးမယ်။ ထူးဆန်းတာက ဖန်ဆိုတာ လျှပ်စစ်မစီးဘူး။ ဖန်က Well -known Insulator ပဲ။ ဒါကို လျှပ်စစ်စီးအောင် ဖန်တီးနိုင်တာ ထူးဆန်းတယ်''
''ဟုတ်တယ်ဆရာ''
''ဒီနည်းစနစ်က ဖန်ကို ယာယီ လျှပ်ကူးပစ္စည်းဖြစ်အောင် လုပ်တယ်။ သဘောက Temporary Conductor ပေါ့ဗျာ။ ဒီနည်းစနစ်ရဲ့ အဓိက သော့ချက်က အဲဒါပဲ။ လျှပ်စစ်စီးနိုင်မှု အပေါ်မှာ အခြေခံတားတယ်ဗျ''
''ဟုတ်ကဲ့ဆရာ''
''သုတေသနကို ခေါင်းဆောင်နေတဲ့ ပါရဂူတွေထဲမှာ Alan Hunt ဆိုတဲ့ ပါရဂူတစ်ယောက်လဲပါတယ်။ သူက University of Michigan ကဗျ။ သူကပြောတယ်။ သိပ်ကို သေးငယ်တဲ့ Nanoscale အဆင့်ရောက်တဲ့ အခါ အရာဝတ္ထုတွေဟာ ပြောင်းလဲ ကုန်တယ်တဲ့။ သာမန် သမားရိုးကျ အရွယ်အစားမှာ ပြုမူတဲ့ အပြုအမူ မျိုးမရှိတော့ဘူးတဲ့။ ထူးခြားတဲ့ အပြု အမူတွေ ဖြစ်ကုန်တယ်တဲ့''
''ဟုတ်ကဲ့ဆရာ''
''သူတို့အဖွဲ့က ဖန်ချောင်းထဲမှာ ဖောက်တဲ့ အပေါက်က အချင်းဟာ နီနိုမီတာ ငါးရာကနေ ခြောက်ရာ ပဲရှိတယ်။ သိပ်ကို သေးတယ်။ တစ်မီတာနဲ့ နှိုင်းယှဉ်ရင် ဘီလီယံနဲ့ ချီပြီး ကွာတယ်။ နီနိုဆိုတာက 0.0000000001 ဗျ။ အရမ်းသေး တယ်''
''ဒီလောက် အပေါက် သေးသေးလေးကို ဘာနဲ့ဖောက်သလဲ ဆရာ''
''လေဆာရောင်ခြည်နဲ့ ဖောက်တယ်။ ဖန်ချောင်းမှာ အပေါက်ဖြစ်လာတော့ တစ်ဘက်ကို ပိတ်ထားတယ်။ ပြီးတော့ လျှပ်စစ် စီးနိုင်စွမ်းရှိတဲ့ အရည်တစ်မျိုးနဲ့ ပြွန်ကို ဖြည့် ထားတယ်။ Liquid Wire ဖြစ်အောင် ဖန်တီးတာပေါ့ဗျာ''
''ဟုတ်ကဲ့ဆရာ''
''အဲသလို လုပ်လိုက်တော့ Strong Electric Field ရှိနေတဲ့ အချိန်မှာ Glass Tip က ယာယီအားဖြင့် Conductor ဖြစ်သွားတယ်။ အရည်ထဲက လျှပ်စစ်စီးကြောင်းကို Pump ထဲကို သယ်ဆောင်ပေးတယ်''
''ဟုတ်ကဲ့ဆရာ''
''တစ်ခါလျှပ်စစ်စီးတာကို ပြောင်းပြန်စီးခိုင်းလိုက်တဲ့အခါ Glass Tip က Insulator ဖြစ်သွားပြန်ရောဗျ။ Conductor နဲ့ လုပ်ငန်းပြောင်း ပြန်ပေါ့ဗျာ။ အဲသလို Insulator ဖြစ်လိုက်၊ Conductor ဖြစ်လိုက်နဲ့ စဉ်ဆက်မပြတ် ပြောင်းလဲနေခိုင်းနေတယ်။ အဲသလို ပြောင်းလဲခိုင်းလိုက်တော့ Pump က စွမ်းအင်ရလာတယ်။ အရည်စီးနှုန်းကိုလဲ ထိန်းချုပ်လာနိုင်တယ်။ အရည်စီးနှုန်းက နှေးကွေးနိုင်တယ်။ မြန်သွားနိုင်တယ်။ ဘယ်လောက်အနှေး အမြန်ကို ထိန်းချုပ်နိုင်သလဲဆိုတော့ A Trillionth of a Litre Per Second အထိ ထိန်းချုပ်လာနိုင်တယ်။ သိပ်ကိုသေးငယ်တဲ့ အချိန်နဲ့ ထုထည် အတိုင်းအတာအထိ ထိန်းချုပ်နိုင်တယ်''
''ဟုတ်ကဲ့ဆရာ''
''ခုသုတေသနမှာ သုံးတဲ့ပစ္စည်းက သာမန်အားဖြင့် လျှပ်စစ်စီးခြင်းကို ခွင့်မပြုဘူး။ ခုနည်းပညာကြောင့် လျှပ်စစ်စီးလာတယ်။ လျှပ်စစ်စီးတာကို ခွင့်ပြုတယ်ပေါ့ဗျာ။ ဒါကို Dielectric Breakdown လို့ ခေါ် တယ်။ ဒါက ပါရဂူတွေ သုံးတဲ့ ဝေါဟာရဗျ။ အဲဒီအခါမှာ ဖန်ပြွန် တစ်လျှောက် ဓာတုဒြပ်ပေါင်းတွေ ဖြတ်သန်းသွားလာလို့ ရသွားတယ်''
''တော်တော်ရှုပ်တာပဲ ဆရာ''
''ဟုတ်တယ်။ ဒီနည်းပညာက အတော်ရှုပ်တယ်။ ရူပဗေဒ ဘာသာရပ်မှာ အခြေခံရှိမှ နားလည်နိုင်မယ်။ ခု Nanodevice က ဖန်နဲ့လုပ်ထားတာ။ ဖန်နဲ့လုပ်ခြင်းအားဖြင့် အကျိုးရှိတာ ရှိတယ်။ သတ္တုနဲ့လုပ်ရင် အခုလို သိပ်သေးငယ်တဲ့ အရွယ်အစားမှာ တိတိကျကျ ထိန်းချုပ်ဖို့ မလွယ်ဘူး။ ခုထိန်းချုပ်လို့ လွယ်တယ်။ ဒါက အကျိုးတရားဗျ''
''ဒါဆို ဖန်ချောင်းတွေက Electrode သဘောမျိုးပေါ့နော်။
''ဟုတ်တယ်၊ New Electrode တွေပေါ့ဗျာ။ အရင်က ဒါမျိုးမရှိခဲ့ဖူးဘူး။ အနာဂတ်ဆေးပညာအတွက် ဆေးကုသတဲ့နေရာမှာ အသုံးဝင် လာလိမ့်မယ်။ ဆဲလ်တစ်လုံးချင်းထဲ ဆေးထိုးသွင်းဖို့ ပြွန်တွေဖြစ်လာလိမ့်မယ်။ ဆဲလ်တစ်လုံးချင်းထဲက ပစ္စည်းနမူနာထုတ်ယူပြီး ရောဂါရှာဖို့ ပြွန်တွေဖြစ်လာလိမ့်မယ်''
''ဒါဆို ကုသရေးမှာရော၊ ရောဂါရှာဖွေရေးမှာရော အသုံးဝင်မှာ ပေါ့နော်''
''ဟုတ်တယ်။ နှစ်နေရာစလုံး မှာ အသုံးဝင်လိမ့်မယ်။ ကင်ဆာကုတဲ့ နေရာမှာ ရောဂါရှိတဲ့ ဆဲလ်ကို ပဲရွေးပြီး ဆေးထိုးမယ်။ ဒါဆို ဘေးက ဆဲလ်ကောင်းတွေ မထိခိုက်တော့ဘူး။ နောက်ဆက်တွဲဆိုးကျိုးလဲ မခံ စားရတော့ဘူး''
''ဟန်ကျလိုက်တာ ဆရာရယ်''
''ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင် ဖို့ကတော့ အချိန်စောင့်ရဦးမယ်''
''ဘာပဲဖြစ်ဖြစ် တစ်နေ့ကျရင် အောင်မြင်မှာပါဆရာ။ လူနာတွေ အတွက် ဝမ်းသာစရာပါဆရာ''
''ကဲ-ကာပူချီနိုတွေရော၊ အိက်စ် ပရက်ဆိုတွေရော ရောက်လာပြီ။ သောက်ကြဗျာ။ မုန့်လဲစားဗျာ''
''ကျေးဇူးတင်ပါတယ်ဆရာ။ နောက်လဲ လာစားဦးမယ်နော်''
''လာခဲ့ပါ။ တနင်္ဂနွေညနေတိုင်း ရှိပါတယ်''
ရည်ညွှန်းချက်။ ။ BBC NEWS မှ Smallest "Man -Made Pump Revealed ဆေးပညာ ဆောင်းပါးကို မှီငြမ်း ကိုးကားပါသည်။
အောင်(ဆေး-၁)