အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ပန်ကရိယတ် ကင်ဆာ ကုထုံးသစ်

မိုးက တဖွဲဖွဲရွာနေ၏။

ဒေါက်တာ ကျော်ဆွေသိန်းသည် အနက်ရောင် စူပါကက် မော်တော်ဆိုင်ကယ်ကို မောင်းနှင်နေ၏။ လမ်း ၃ဝ တစ်လျှောက် အနောက်မှ အရှေ့သို့ မောင်းနှင်နေရင်း အဝေးမှ မြင့်မားလှသော ရှမ်းရိုးမတောင် တန်းကြီးကို ငေးကြည့်နေမိ၏။

မကြာမီ ၇၇ လမ်းထိပ်သို့ ရောက်သောအခါ တောင်ဘက်သို့ ချိုးကွေ့လိုက်၏။ လမ်း ၃ဝ နှင့် ၃၁ လမ်းကြား ၇၇ လမ်းပေါ်ရှိ နောင်ရိုး လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိသော အခါ ဆိုင်ကယ်ကို ညင်သာစွာ ရပ် လိုက်၏။

ဆိုင်အတွင်း ဝင်သွားသောအခါ ထောင့်တစ်နေရာတွင် ထိုင်နေသော ဓာတ်ခွဲခန်းမှူးကိုညိုမြင့်က ခရီးဦး ကြိုပြုလိုက်၏။

''မင်္ဂလာပါဆရာ။ ကြွပါ။ ဆရာ့အတွက် ဖန်ချိုဟတ်ဖ်တီးနဲ့ ထမင်းဆီဆမ်းမှာထားပါတယ် ဆရာ''

''ကောင်းတယ် ကိုညိုမြင့်။ ကျွန်တော်လဲ ဗိုက်ဆာပြီ။ ဒါနဲ့ အက်စ်ယူသရီးရောက်သေးလား။ အောင်ပင်လယ်က လူနာအဘိုးကြီး ဘယ်လိုနေလဲဗျ''

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးရှိ ခွဲစိတ်လူနာဆောင် အမှတ်သုံးကို ဆေးလောကတွင် အက်စ်ယူသရီးဟု အတိုကောက်ခေါ် ကြ၏။

''ရောက်တယ်ဆရာ။ လူနာဆီက ယူထားတဲ့ အသားစနမူနာကို ရောဂါဗေဒဆရာဝန်ကြီးက ဆေးဆိုးပြီး အနုကြည့်မှန်ဘီလူးနဲ့ ကြည့် ပြီးပြီဆရာ''

''အဖြေက ဘာတဲ့လဲ ကိုညိုမြင့်''

''ပန်ကရိယတ် ကင်ဆာတဲ့ ဆရာ။ ခွဲစိတ်အထူးကု ဆရာဝန်ကြီးက အူသိမ်လမ်းကြောင်းကို မှန်ပြောင်းကြည့်ရင်း အသားစနမူနာယူ ထားတာတဲ့။ ကင်ဆာ အလုံးကြီးကလဲ အတော်ကြီးတယ်တဲ့။ Cat Scan လဲ လုပ်ထားတယ်ဆရာ''

''အေးဗျာ။ အဘိုးကြီးအတွက် စိတ်မကောင်းစရာပဲ။ ပန်ကရိယတ် ကင်ဆာက ကုရခက်တဲ့ ကင်ဆာ အမျိုးအစားထဲမှာပါတယ်ဗျ''

''အဘိုးကြီးက ချို့တဲ့တယ် ဆရာ။ ဆေးရုံတက်တာတောင် အိမ်နီးနားချင်းတွေက ဝိုင်းထောက်ပံ့လို့ တက်ဖြစ်တာဆရာ။ ဆေးရုံပေါ်ကျတော့လဲ ဆေးပဒေသာပင်ကနေ အကုန်အကျခံပေးတယ် ဆရာ။ တော်သေးတာပေါ့''

''အဘိုးကြီးက သားထောက် သမီးခံ မရှိရှာဘူး။ အရွယ်မရောက်သေးတဲ့ မြေးကလေးနဲ့ နေရရှာတာ။ ပင်စင်လစာလေးနဲ့ ချွေချွေတာတာ စားနေရရှာတာ''

''ပန်ကရိယတ် ကင်ဆာက အတော်ဆိုးတယ်ဆရာ။ ကျွန်တော် ကိုယ်တွေ့ပဲ။ မဟာအောင်မြေက လူနာတစ်ယောက် တွေ့ဖူးတယ်။ ရောဂါရှာတွေ့ပြီး လပိုင်းအတွင်း ဆုံးသွားရှာတယ်။ ပန်ကရိယတ်ကင်ဆာကို ကုနိုင်မယ့် နည်းလမ်းများ မရှိဘူးလားဆရာ''

''ကိုညိုမြင့် မေးခွန်းကို ကျွန်တော်ဖြေပါ့မယ်။ အဆင်သင့်တာက ကျွန်တော်က Science ဂျာနယ်ဆိုတဲ့ ဂျာနယ်တစ်စောင် ဖတ်ထားတယ်။ အဲဒီ ဂျာနယ်ထဲမှာ သုတေသန တစ်ခုပါလာတယ်။ ပန်ကရိယတ် ကင်ဆာဖြစ်နေတဲ့ ကြွက်တွေကို သုတေသန လုပ်ထားတယ်။ ပန်ကရိယတ် ကင်ဆာကို ကင်ဆာကု ဆေးဝါးတွေနဲ့ ကုတဲ့နေရာမှာ ပိုပြီးထိရောက်တဲ့ နည်းလမ်းကို ရှာတွေ့ထားတယ်။ ဒီနည်းလမ်းသစ်နဲ့ ရောဂါရှိတဲ့ ကြွက်တွေရဲ့ အသက်ကို ပိုရှည်အောင် ထိန်း ထားနိုင်တာ တွေ့ရတယ်တဲ့''

''ဒါဆို လူတွေမှာရောဆရာ''

''လောလောဆယ်တော့ သုတေသန အဆင့်ပဲ ရှိသေးတယ်။ နောက်ထပ် သုတေသနတွေ ထပ်လုပ်ရင်းနဲ့ လူမှာလဲ သုံးနိုင်တဲ့ အဆင့်ရောက် လာလိမ့်မယ်လို့ သုတေသီတွေက မျှော်လင့်ထားကြတယ်ဗျ''

''စိတ်ဝင်စားစရာပါပဲဆရာ''

''ဦးဆောင်တဲ့ သုတေသီက Cambridge Research Institute တဲ့ဗျ။ သူက အင်္ဂလန်မှာရှိတဲ့ American Cancer Society မှာ အလုပ်လုပ်တယ်။ သူက ကုန်ကျစရိတ်ကို မခန့် မှန်းရသေးဘူးလို့ ပြောသွားတယ်''

''ပန်ကရိယတ်ကင်ဆာက အသက်ရှင်နှုန်း ဘယ်လောက်ရှိသလဲ ဆရာ''

''စောစောက ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ပန်ကရိယတ်ကင်ဆာက ကုရခက်တဲ့ ကင်ဆာဗျ။ ရောဂါ ရှာဖွေတွေ့ရှိပြီးတဲ့ နောက်ပိုင်းမှာ လူနာ ဦးရေ စုစုပေါင်းရဲ့ ငါးရာခိုင်နှုန်းပဲ ငါးနှစ်ပြည့်အောင် အသက်ရှင်တယ်တဲ့။ သဘောက ငါးနှစ်မတိုင်မီ ၉၅ ရာခိုင်နှုန်း သေသွားပြီဆိုတဲ့ သဘောပဲဗျ။ ဒါက Dr. Allyson J. Ocean က ပြောတာဗျ''

''ဟုတ်ကဲ့ဆရာ''

''ပြီးတော့ Dr. Allyson J. Ocean ပြောတာရှိသေးတယ်။ သူက ပြောတယ်။ ပန်ကရိယတ်ကင်ဆာဟာ ရောဂါနုတုန်းမှာ လက္ခဏာ မပြဘူးတဲ့။ ရောဂါရင့်မှ လက္ခဏာ ပြတယ်တဲ့။ သိတဲ့အချိန်မှာ ရောဂါက ကျွမ်းနေပြီတဲ့။ နောက်ကျနေပြီပေါ့ဗျာ။ အဲသလိုပြောသွားတယ်''

Dr. Allyson J. Ocean သည် New York မြို့ရှိ Weill Cornell Medical College နှင့် Assistant Professor of Medicine တွင် အလုပ်လုပ်နေ၏။ ၄င်းသည် Assistant Professor of Medicine ရာထူးရရှိထား၏။

''ဟုတ်ကဲ့ဆရာ။ ပန်ကရိယတ် ကင်ဆာဖြစ်တဲ့အခါ ဓာတ်ကင်တာတို့၊ ကင်ဆာကုဆေးဝါးတွေပေးတာတို့ မလုပ်ဘူးလားဆရာ''

''လုပ်တယ်။ Dr. Ocean က ပြောတယ်။ ပန်ကရိယတ် ကင်ဆာဟာ ကင်ဆာကုဆေးဝါးတွေ၊ ဓာတ်ကင်တာတွေကို မဖြုံဘူးတဲ့။ ပြီးတော့ များသောအားဖြင့် ရောဂါအခြေအနေ ဆိုးတတ်တယ်တဲ့။ ကျန်တဲ့ အင်္ဂါ တွေ ကို ပျံ့နှံ့နေပြီးသား ဖြစ်တတ် တယ်တဲ့''

''အဲဒါ ဘာဖြစ်လို့လဲဆရာ''

''ပါရဂူတွေယူဆတာက ကင်ဆာကျိတ်မှာ သွေးကြောများများ စားစားမရှိဘူးတဲ့။ ဒါကြောင့် ကင် ဆာကျိတ်ရှိရာကို ကင်ဆာကု ဆေးဝါးတွေ များများစားစား မရောက်နိုင်ဘူးတဲ့။ အဲဒါကြောင့် ကုရ ခက်တာတဲ့''

''ခု သုတေသနမှာ ကြွက်တွေက ပန်ကရိယတ်ကင်ဆာဖြစ်နေ တယ်လို့ ဆရာပြောသွားတယ်။ ကြွက်ကလူလိုပါပဲလား ဆရာ''

''ဒီလိုဗျ။ ခု သုတေသနမှာက ကင်ဆာဖြစ်အောင် သုတေသီတွေ ဖန်တီးထားတာဗျ။ မျိုးရိုးဗီဇနည်း ပညာသုံးပြီး လုပ်ထားတာ။

Genetic Engineering နည်းပညာပေါ့ဗျာ။ ကင်ဆာဖြစ်တော့ သုတေသီတွေက Gemicitabine ရယ်၊ ကင်ဆာကျိတ်ကို သွေးများများ ရောက်စေတဲ့ ဆေးတစ်မျိုးရယ် ပေးလိုက်တယ်ဗျ''

''Gemicitabine က ဘာဆေးလဲဆရာ''

''ကင်ဆာကုဆေးဝါးဗျ။ Chemotherapy လုပ်တယ်ခေါ်တာပေါ့ဗျာ။ သုတေသီတွေက အုပ်စုနှစ်ခု ခွဲထားတယ်။ ကင်ဆာဆေးပေးထားတဲ့ အုပ်စုနဲ့ မပေးထားတဲ့ အုပ်စုပေါ့ဗျာ။ ဆေးမပေးရင် ၁၁ ရက် အသက်ရှင်တယ်။ ဆေးပေးရင် ၂၅ ရက် အသက်ရှင်တယ်။ အသက်ရှင်တဲ့ ကာလနှစ်ဆ တိုးလာတယ်''

''အချိန်ကလဲ တိုတိုလေး ဆရာ''

''ရုတ်တရက်ကြည့်ရင် တိုသလိုပဲ။ ဒါပေမယ့် နှစ်ဆပိုပြီး အသက်ရှင်တာထူးခြားတယ်။ ဥပမာ- လူနာမှာဆိုကြပါစို့။ ခြောက်လ ရှင်နေရာကနေ ၁၂ လရှင်မယ်ဆိုရင် သိပ်ကို ထူးခြားသွားပြီ။ . Dr. Tuveson က ရှေ့အလားအလာကို ထောက်ပြ သွားတယ်''

''ဟုတ်ကဲ့ဆရာ''

''University of Nebraska လက်အောက်ခံ Medical Center မှာ အလုပ်လုပ်တဲ့ ပါရဂူတစ်ယောက်ရှိ တယ်။ သူ့နာမည်က Dr A. Aaron Sasson တဲ့။ ရာထူးက Chief of Gastrointestinal Surgical Oncology ဗျ။ အစာအိမ် အူလမ်းကြောင်း ကင်ဆာပါရဂူ ဆိုပါတော့ဗျာ။ သူက ပြောတယ်။ အရင်သုတေသနတွေမှာ ကြွက်မှာအောင်မြင်ပေမယ့် လူကျတော့ မအောင်မြင်ခဲ့ဘူးတဲ့။ ခုသုတေသနမှာ ပါရဂူတွေက ပိုပြီး ကုသမှု ထိရောက်စေမယ့် နည်းလမ်းသစ် ရှာဖွေတွေ့ထားပါတယ်တဲ့။ အဲသလို ပြောသွားတယ်''

''အားရစရာပါ ဆရာရယ်''

''ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်ဖို့ က ဆက်ကြိုးစားရဦးမယ်။ အချိန် ယူရဦးမယ်။ ပြီးတော့ စရိတ်စက က ရှိသေးတယ်''

''ကုသမှုက ဈေးကြီးလား ဆရာ''

''ကင်ဆာကု ဆေးဝါးတွေက ဈေးကြီးတယ်။ တချို့ဆေးတွေဆိုရင် တစ်လ၊ တစ်လ ကုသစရိတ်က ဒေါ်လာတွေ ထောင်နဲ့ချီပြီး ကုန်တယ်ဗျ''

''သိပ်ဈေးကြီးပါလား ဆရာ''

''ဟုတ်တယ်ဗျ။ Dr. Sasson က ပြောတယ်။ ခုသုတေသနမှာ Gemicitabine သုံးတယ်ဆိုပေမယ့် ဒီနည်းပညာကြောင့် အရင်က ဆေးမတိုးတဲ့ ကင်ဆာကုဆေးဝါးတွေလဲ ပြန်ပြီး အသုံးဝင်လာပါလိမ့်မယ်တဲ့''

''ဈေးကြီးပေမယ့် ကုသမှု ထိရောက်လာမယ်ဆိုရင် လက်ခံရမှာပါ ပဲ ဆရာရယ်''

''ဟုတ်တယ်ဗျ။ အသက်က ပိုအရေးကြီးတာပဲ။ ငွေက ပြန်ရှာရင် ရတယ်ဗျ''

ထိုစဉ် နောင်ရိုး လက်ဖက်ရည် ဆိုင်ရှေ့သို့ မော်တော်ဆိုင်ကယ် ငါးစီးရောက်လာ၏။ ဒေါက်တာ လင်း နိုင်ထွန်း၊ ဒေါက်တာ သီတာမိုးကြည်၊ ဒေါက်တာ ဝင်းဝင်းမြ၊ ဒေါက်တာ ဝင်းနီလာနှင့်ဒေါက်တာ မိုးမိုးခင်တို့ ဆိုင်အတွင်းသို့ ဝင်လာကြ၏။

''ဟေ့- ကိုလင်း။ ဘယ်က လှည့်လာလဲ။ ထိုင်ကြကွာ''

ညီအစ်ကိုသဖွယ်ခင်မင်နေ သဖြင့် ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်၏။

''ဟာ-အစ်ကိုပါလား။ အတော်ပဲ။ ဟေ့-ဘော်ဒါတို့ ဒကာတွေ့ပြီ''

''ရပါတယ်ကိုလင်းရာ။ မှာစမ်းပါ။ ကြိုက်တာမှာ။ မနေ့က လခ ထုတ်ထားတယ်ကွ။ ကဲ-ညီမတို့ မှာကြ၊ မှာကြ''

လူပျိုကြီး ဒေါက်တာ ကျော်ဆွေသိန်းက အပျိုလေးများ ပါလာ၍ လွန်စွာ စေတနာ ကောင်းနေ၏။ အတွင်းသိ အစင်းသိ ဓာတ်ခွဲခန်းမှူး ကိုညိုမြင့်က ပြုံးစိစိ လုပ်နေလေ၏။

ရည်ညွှန်းချက်။ ။ Healthday News မှ A New Way to Get Chemo to Pancreatic Tumours ဆေးပညာဆောင်းပါးကို မှီငြမ်း ကိုးကားပါသည်။ 

အောင်(ဆေး-၁)
 
Untitled Document
vayluwa said...
Tuesday 27 July 2010, 10:12 pm
excellence
because this is written by me
thusitar said...
Thursday 29 July 2010, 10:13 pm
very interesting
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.