ကာမရန်းဟာ ရာဝါလ်ပင်ဒီမြို့ မှာ အပ်ချုပ်ဆိုင်ကလေးတစ်ဆိုင် ဖွင့် ထားတယ်။ ဆိုင်က သေးသေးလေး ပါ။ ဒါပေမယ့် အခုတစ်လော အလုပ် ဖြစ်နေတယ်။ လာအပ်တဲ့ ဖောက် သည်တွေ တိုးလာလို့ တစ်နေ့ဝတ်စုံ ငါးစုံ ခြောက်စုံလောက်ချုပ်ရတယ်။ တစ်ယောက်တည်း မနိုင်လို့ အလုပ် သမား နှစ်ဦးတောင် ငှားရမ်းထားရ တယ်။ ဝတ်စုံတစ်စုံ ချုပ်ပြီးရင် ချုပ် ခက ရူပီး ၃ဝဝ လောက် ရတယ်။ အမေရိကန် ဒေါ်လာနဲ့ဆိုရင် သုံး ဒေါ်လာကျော်ကျော်ကလေးပေါ့လေ။
ကာမရန်းတစ်ယောက် လုပ်ငန်း အောင်မြင်ရတဲ့ အကြောင်းရင်းက ဘာလဲဆိုတော့ အသေးစားချေးငွေ ထုတ်ချေးတဲ့ တာမီယာဘဏ်- Tameer Bank ဆီက ချေးငွေရူပီး ၁၅ဝဝဝ ချေးငှားရခဲ့တယ်။ ဒီငွေနဲ့ ရင်းပြီး မီးစက်ကလေးတစ်လုံးဝယ် လိုက်တယ်။ ဒီတော့ မီးပျက်တဲ့အခါ ကိုယ်ပိုင်မီးစက်ကလေးမောင်းပြီး အလုပ်လုပ်တယ်။ ဖောက်သည်တွေ ရဲ့ အပ်ထည်တွေကို ချိန်းတဲ့ရက်မှာ ရော့- အင့် ဆိုပြီး ပေးနိုင်တယ်။ မီးပျက်နေလို့ပါ။ နောက် ဘယ်နေ့ ဘယ်ရက်လာ ခဲ့ပါလို့ ဖောက်သည် တွေကို ထပ်ပြီး ရက်ချိန်းပေးနေစရာ မလိုတော့ဘူး။
ဟုတ်ပါတယ်။ ရာဝါလ်ပင်ဒီမြို့ ဆိုတာက ပါကစ္စတန်နိုင်ငံရဲ့ မြို့တော် အစ္စလမ္မာဘတ်နဲ့ ကျောချင်းကပ် တည်ရှိနေတဲ့မြို့ပါ။ ဒါပေမယ့် မီး တော့ ခဏခဏပျက်တာပဲ။ နေ့လဲ ပျက်၊ ညလဲပျက်၊ တစ်နေ့မှာ နာရီ ပေါင်း အတော်ကြာအောင် မီးပျက်တာရိုး သလောက်ရှိနေပါပြီ။ တကယ် တော့ အခုလို မီး ခဏခဏပျက်တာ ရာဝါလ်ဒီ မြို့တစ်မြို့ပဲလားဆိုတော့ မဟုတ်ပါဘူး။ ပါကစ္စတန် တစ်နိုင်ငံ လုံး ဒီအတိုင်းပါပဲတဲ့။
ပြီးတော့ ရှိသေးတယ်။ သဘာဝ ဓာတ်ငွေ့။ ပါကစ္စတန်နိုင်ငံမှာက သဘာဝဓာတ်ငွေ့ကို ချက်ပြုတ်ရာမှာ အသုံးပြုတယ်။ အိမ်ခန်းတွေ နွေး နွေးထွေးထွေးရှိစေဖို့ အပူပေးရာမှာ လဲ အသုံးပြုကြတယ်။ ပြီးတော့ ကိုယ်ပိုင်ကားတွေ၊ ဘတ်စ်ကားတွေ ကလဲ သဘာဝဓာတ်ငွေ့ကိုပဲ အားကိုး တကြီးအသုံးပြုကြတယ်။ ဒါပေမယ့် အစိုးရက သဘာဝဓာတ်ငွေ့ကို လုံလုံ လောက်လောက် မဖြန့်ဖြူးပေးနိုင်ဘူး။
ဒီလို လျှပ်စစ်ဓာတ်အားနဲ့ သဘာဝဓာတ်ငွေ့ မလုံမလောက်ဖြစ် မှုကြောင့် ပါကစ္စတန်စီးပွားရေး တိုး တက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေတယ်။ ဒီ ပြဿနာက ပါကစ္စတန်တိုးတက်မှု နှုန်းထဲက သုံးရာခိုင်နှုန်းလောက်ကို ဖယ်ရှား ပစ်တယ်လို့ အချို့ကထောက် ပြကြတယ်။
အာဆက်အူးမားဟာ ပါကစ္စ တန်စီးပွားရေးကောင်စီမှာ ပါဝင်တဲ့ အပြင် Engro ရဲ့ ဥက္ကဋ္ဌလဲဖြစ်တယ်။ Engro ဆိုတာက ပါကစ္စတန်နိုင်ငံမှာ အကြီးမားဆုံး စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်းကြီးဖြစ်တယ်။ Sindh ဒေသ မြောက်ပိုင်းမှာရှိတဲ့ Engro ရဲ့ အမိုးနီးယား-ယူရီးယားဓာတ်မြေသြ ဇာစက်ရုံဟာ ကမ္ဘာပေါ်မှာ အကြီးမား ဆုံး ဓာတ်မြေသြဇာစက်ရုံကြီးဖြစ် တယ်။ ဘဏ်တွေ ဆီက ငွေချေးငှား လို့ရတဲ့အပြင် အစိုးရဆီကလဲ ထောက်ပံ့ကြေးရသေးတယ်။
၂ဝ၁ဝ ဒီဇင်ဘာလမှာ စက်ရုံ စတင်လည်ပတ်ပြီး ဓာတ်မြေသြဇာ တွေ ထုတ်လုပ်ခဲ့တယ်။ လေးရက် အကြာမှာ စက်ရုံကို ခေတ္တပိတ်ထား ရတယ်။ ၂ဝ၁၁ ခုနှစ်မှာလဲ နှစ်ဝက် လောက် စက်ရုံကိုပိတ်ထားခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ စက်ရုံလည် ပတ်ဖို့ သဘာဝဓာတ်ငွေ့မရလို့ဖြစ် တယ်။ သဘာဝဓာတ်ငွေ့ရတဲ့အခါ စက်ရုံကို ပြန်လည်လည်ပတ်မယ့် အပြင် ဈေးနှုန်းကိုလဲ လျှော့ချပေး ပါမယ်လို့ စက်ရုံတာဝန်ခံတွေက ဆိုကြတယ်။
တကယ်တော့ ပါကစ္စတန်နိုင်ငံ မှာ အခုလို သဘာဝဓာတ်ငွေ့မလုံ လောက်တာတို့၊ လျှပ်စစ်မီးပျက်တာ တို့ ဖြစ်လာစရာကို အကြောင်းမရှိဘူး လို့ တချို့ကထောက်ပြကြတယ်။ အခုတော့ ဘဏ္ဍာရေးပြဿနာအနေနဲ့ စတင်ခဲ့တဲ့ ကိစ္စဟာ တကယ့်စီးပွား ရေးကို အကြီးအကျယ် ထိခိုက်လျက် ရှိတယ်။ လျှပ်စစ်လုပ်ငန်းဟာအကြွေးတွေနဲ့ ဝိုင်းကြီးပတ်ပတ်ဖြစ်နေတယ်။ လျှပ်စစ်မီးသုံးစွဲသူတွေဆီက သုံးစွဲခတောင်းခံမရလို့ လျှပ်စစ်ဖြန့်ဖြူးသူ တွေကလျှပ်စစ်ဓာတ်အားပေးစက်ရုံ တွေကို ငွေမပေးချေနိုင်။ လျှပ်စစ် ဓာတ်အားပေးစက်ရုံတွေကလဲ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးကုမ္ပဏီတွေဆီက ငွေတောင်းခံမရလို့ ကျောက်မီးသွေးတို့ ရေနံတို့ အစရှိတဲ့ လောင်စာတွေ ပေးသွင်းကြသူတွေကို ငွေမချေနိုင်။ အဲသလို အကြွေးက ပတ်ချာ လည်နေတယ်။
မနှစ်က နိုဝင်ဘာလကုန်မှာ တောင်းခံမရတဲ့ လျှပ်စစ်ဘီလ် အကြွေးစုစုပေါင်းဟာ ရူပီးငွေ ၃၂၆ ဘီလီယံတောင်ရှိတယ်။ ဒီလောက် များတဲ့ လျှပ်စစ်မီးသုံးစွဲခ အကြွေး တွေကို ဘယ်သူတွေကများ မပေးကြ ပါလိမ့်လို့ သိချင်ကြမှာပါ။ အကြွေးမပေးကြ သူတွေက အဓိကအားဖြင့် အစိုးရဌာနနဲ့ စစ်ဘက်အဖွဲ့အစည်း တွေပါ။ ပမာအားဖြင့် ရထားပို့ဆောင် ရေး၊ စစ်တပ်၊ ထောက် လှမ်းရေးတပ် ဖွဲ့ ပြီးတော့ ဝန်ကြီးချုပ်ရဲ့အတွင်းဝန် များရုံးတောင် ပါလိုက်သေးတယ်။
ဒီအကြွေးတွေက တော်သေး တယ်။ လျှပ်စစ်ဌာနအနေနဲ့ ဘယ် သူဘယ်ဝါဆီက အကြွေရစရာ ဘယ်လောက်ရှိတယ် ဆိုတာကို စာရင်းနဲ့အင်းနဲ့ ဖော်ပြတောင်းခံနိုင် သေးတယ်။ ဒါပေမယ့် လျှပ်စစ်ဌာန မှာ ဘယ်သူတွေဆီက တောင်းခံရ မှန်းမသိတဲ့ အကြွေးတွေကလဲ တောင်ပုံရာပုံရှိသေးတယ်။ အထူးသ ဖြင့်တော့ ခိုးသွယ်ထားကြလို့ တက် နေတဲ့ မီတာကြွေးတွေ။ ပါကစ္စတန် ဗဟိုဘဏ်ဖြစ်တဲ့ State Bank of Pakistan- SBP က အခုလို လျှပ်စစ် ဓာတ်အား ခိုးယူသုံးစွဲကြမှုဟာ စုစု ပေါင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုရဲ့ ၁၁ ရာခိုင်နှုန်းကနေ ၃၇ ရာခိုင်နှုန်း လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်း တယ်။
လျှပ်စစ်ဓာတ်အား ထုတ်လွှတ် မှုရဲ့ သုံးပုံ နှစ်ပုံဟာ စွမ်းရည်ပြည့်ဝ မှုမရှိတဲ့အပြင် စရိတ်စက ကြီးမားတဲ့ ရေနံအသုံးပြု ဓာတ်အားပေးစက်ရုံ တွေဆီကဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ကာလအတွင်း ဓာတ်အားထုတ် လုပ်မှုစရိတ် နှစ်ဆမြင့်တက်သွား တယ်။ရေရှည်မှာတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပြဿနာ အဆင်ပြေသွားလိမ့်မယ်လို့ မျှော်မှန်းထားကြ တယ်။ ဘာကြောင့်လဲဆိုတော့ ပါကစ္စ တန်နိုင်ငံဟာ အာရှဖွံ့ဖြိုးရေးဘဏ် Asia Development Bank- ADB အထောက်အကူနဲ့ ပါကစ္စတန်သိမ်း ပိုက်ထားတဲ့ ကက်ရှ်မီးယားအခြမ်းမှာ Diamer Bhasha dam လို့ခေါ်တဲ့ ရေ ကာတာကြီးတစ်ခုနဲ့ ရေအားလျှပ်စစ် စက်ရုံကြီးတစ်ရုံ တည်ဆောက်လျက် ရှိတယ်။ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်း ထားကြတယ်။ ဒါပေ မယ့် ရေကာ တာဆောက်လုပ်တဲ့ဒေသက မြေ ငလျင်မကြာခဏလှုပ်တတ်တဲ့ ဒေသ ဖြစ်နေလေတော့ နီးနားဝန်းကျင်က ဒေသခံ လူတွေအနေနဲ့''အလ္လာဟ် အရှင်မြတ် ကယ်တော်မူပါ''လို့ အမြဲ ဆုတောင်းနေကြရမယ့် စီမံကိန်းတစ် ခုပါပဲ။
Engro ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ အာ ဆက်အူးမားကတော့ သဘာဝဓာတ် ငွေ့နဲ့ လျှပ်စစ်မီး ပြဿနာကို ဖြေ ရှင်းရတာ လွယ်ပါတယ်လို့ ဆိုတယ်။ စည်းကမ်းစည်းမျဉ်းတွေကို လျှော့ ပေါ့ပြီး စွမ်းအင်ဈေးကွက်- Energy Market ကို ပုဂ္ဂလိကပိုင် လုပ်လိုက်ပါ တဲ့။ သူက ပါကစ္စတန်နိုင်ငံမှာ ဖော့စဖိတ် အခြေပြုဓာတ်မြေသြဇာ ထုတ် လုပ်မှုဟာ ဘယ်တုန်းကမှ မလုံ လောက်ဘူး ဆိုတာ မရှိခဲ့ပါဘူးလို့ ထောက်ပြတယ်။ ဘာကြောင့်လဲဆို တော့ ဒီလုပ်ငန်းက ပုဂ္ဂလိက လက် ထဲမှာရှိနေလို့ဖြစ်တယ်။ ပြီးတော့ ဈေးကွက်က သတ်မှတ်တဲ့ဈေးနှုန်း နဲ့ရောင်းချတယ်။
ပါကစ္စတန်နိုင်ငံမှာ အလုပ်ဖြစ် နေတဲ့ အခြားပုဂ္ဂလိကပိုင် လုပ်ငန်း ကြီးနှစ်ခုကို အာဆက်အူးမားက သာဓကပြသေးတယ်။ တစ်ခုက ဆက်သွယ်ရေးလုပ်ငန်း အခြားတစ်ခု က ဘဏ်လုပ်ငန်း။ ဆက်သွယ်ရေး လုပ်ငန်းမှာဆိုရင် ပုဂ္ဂလိကပိုင် လုပ် လိုက်တဲ့အတွက် ဖုန်းခတွေ အရမ်း ကျဆင်းသွားခဲ့တယ်။ ဘဏ်လုပ်ငန်း တွေမှာဆိုရင်လဲ အက်ဆက်- Assets ရဲ့ ၈၅ ရာခိုင်နှုန်းက ပုဂ္ဂလိ ကဘဏ်တွေလက်ထဲမှာရှိတယ်။ ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ အစိုးရ ရဲ့လုပ်ငန်းတွေကြားမှာ ကွာခြားမှုရှိ တယ်။ အစိုးရပိုင်ကုမ္ပဏီတွေမှာ တစ်နှစ် ရူပီး ဘီလီယံ ၆ဝဝ နှုန်းနဲ့ အရှုံးတွေ တောင်လိုပုံနေတယ်။ ပြီး တော့ နိုင်ငံပိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေးလုပ်ငန်း၊ ရထားပို့ ဆောင်ရေးလုပ်ငန်း၊ အမျိုးသားပိုင် လေကြောင်းလိုင်း ပြီးတော့ နိုင်ငံပိုင် သံမဏိစက်ရုံတွေမှာ ငွေတွေ ချောင်း ပေါက်အောင် ယိုစီးလျက်ရှိတယ်။ ဒါတွေအားလုံးဟာ လာဘ်စားမှု ကြောင့်ဖြစ်တယ်လို့ အများကယူဆ ကြတယ်။
တစ်လောက ပါကစ္စတန် တရားသူကြီးချုပ် - Iftikhar Chaudhry က ရထားပို့ဆောင်ရေး လုပ်ငန်းမှာ လစာနဲ့ပင်စင်ပေး ဖို့ ပျက် ကွက်မှုနဲ့ ပတ်သက်ပြီး စတင်စုံစမ်း စစ်ဆေးခဲ့တယ်။ ပြီးတော့ ရထား စက်ခေါင်းတွေ ဝယ်လိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးလဲ စုံစမ်းမေးမြန်းလျက် ရှိတယ်။ ၂ဝဝ၈ ခုနှစ်ကစပြီး ရထား စက်ခေါင်း ၂ဝ၄ ခေါင်းဝယ်ယူခဲ့ တယ်။ အခုတော့ ရထားစက်ခေါင်း ၁ဝ၄ ခေါင်းကို သုံးမရတော့ဘူးဆိုပြီး ပစ်ထားတယ်။ အဖြေကို တရားသူ ကြီးချုပ်က သိချင်တယ်။ ဖြစ်နိုင်တာ တစ်ခုက ရထားစက်ခေါင်းအသစ် တွေဝယ်ရင် ဆိုင်ရာပိုင်ရာတွေက ကော်မရှင် မြိုးမြိုးမြက်မြက် ရတဲ့ အတွက် ဖြစ်နိုင်တယ်လို့ အချို့က ထင်ကြေးပေးကြတယ်။
ဘဏ်တွေကို ပုဂ္ဂလိကပိုင်လုပ် တာ အောင်မြင်တယ်လို့ မစ္စတာ အူး မားပြောဆိုမှုနဲ့ ပတ်သက်ပြီး လူတိုင်း ကတော့ မထောက်ခံကြဘူး။ ဘဏ် ကြီးကြီးတွေအတော်များများ အောင် မြင်မှုရရှိကြတယ် ဆိုပေမယ့် အဲဒီ ဘဏ်တွေဟာ ငပျင်းဘဏ်လုပ်ငန်း Lazy Banking လုပ်ပြီးတော့ အောင် မြင်နေခြင်းဖြစ်တယ်လို့ ပါကစ္စတန် ဗဟိုဘဏ်ရဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ ရာကတ်ရှ် မိုဟန်က ထောက် ပြတယ်။ သူပြောတဲ့ ငပျင်းဘဏ်လုပ် ငန်းဆိုတာက အများပြည်သူ အပ်နှံ ငွေတွေ Deposits ကို အတိုးရတဲ့ အစိုးရငွေချေးစာချုပ်တွေ - Bonds ဝယ်ယူရင်းနှီးမြှုပ်နှံပြီး အတိုးအညွန့် ထိုင်စားနေကြတဲ့ ဘဏ်လုပ်ငန်းမျိုး ကို ဖော်ညွှန်းတာပါ။
တော်တော်အောင်မြင်နေတဲ့ ကူး သန်းရောင်းဝယ်ရေး ဘဏ်ကြီးတစ် ဘဏ်ဖြစ်တဲ့ - MCB ရဲ့ ဥက္ကဋ္ဌ မီယန် မိုဟာမက်မန်ရှာ ကတော့ သူတို့ ဘဏ်ဟာ အပ်နှံငွေရဲ့ ထက်ဝက် လောက်ကိုပဲ ငွေထုတ်ချေးပြီး၊ ကျန် ငွေတွေကို အစိုးရငွေချေးစာချုပ်တွေ ဝယ်ထားတယ်လို့ ဘွင်းဘွင်းရှင်းရှင်း ပဲပြောကြားခဲ့တယ်။ အစိုးရပိုင်ကုမ္ပဏီ တွေကို ငွေထုတ်ချေးတာနဲ့ နှိုင်းစာရင်ဘွန်းတွေ ဝယ် ထားတာက ပိုပြီး စိတ်ချရတယ်လို့ သူကဆိုတယ်။
ဒါကတော့ ဘဏ်ကြီးတွေ ဘက်က အကြောင်းပြချက်ပါ။ ပါကစ္စတန် စီးပွားရေးလောကမှာ ၇ဝ ရာခိုင်နှုန်းက အသေးစား လုပ်ငန်းတွေ ဖြစ်တယ်။ ဘဏ်ကြီးတွေက အသေး စားလုပ်ငန်းတွေကို ငွေမချေးတာ ကြောင့် ဒီလုပ်ငန်းတွေမှာ ငွေကြေး အခက်အခဲနဲ့ကြုံနေကြရတယ်။ အာရှ ဖွံ့ဖြိုးရေးဘဏ်က ပုဂ္ဂိုလ်တစ်ဦးက ဒါကြောင့်တော့ ပါကစ္စတန်စီးပွားရေး ပြိုလဲသွားမှာမဟုတ်ဘူးတဲ့။ ဘာ ကြောင့်လဲဆိုတော့ အသေးစားလုပ် ငန်းတွေဟာ အပြင်မှာ ငွေချေးလို့ ရနိုင်ကြပါတယ်တဲ့။ ဒါပေမယ့် အတိုးကြီးကြီးနဲ့ ငွေတိုးချစားသူတွေ ရဲ့အတိုးနှုန်းက ၂ဝ ရာခိုင်နှုန်း။ ဒါ ကြောင့် ပါကစ္စတန်မှာ ငွေတိုးချစား သူတွေ အောင်ပွဲခံနေကြတယ်။
ပါကစ္စတန်ဘဏ်ကြီးတွေ ဘာ ကြောင့် ငပျင်းဘဏ်ကြီးတွေ ဖြစ် ကုန်သလဲဆိုတော့ အစိုးရကြောင့် လို့ ဖော်ညွှန်းကြ တယ်။ အစိုးရက ငွေ ချေးယူတာ သိပ်များတယ်။၂ဝ၁၁ ခုနှစ် ဇွန်လမှာ ကုန်ဆုံးတဲ့ ဘဏ္ဍာ ရေးနှစ် ဘတ်ဂျက်လိုငွေပြမှုဟာ ဂျီ ဒီပီရဲ့ ၆.၆ ရာခိုင်နှုန်း ရှိခဲ့တယ်။ ဒီနှစ် ဘတ်ဂျက်လိုငွေပြမှုက လေး ရာခိုင်နှုန်းရှိနိုင်တယ်လို့ အစိုးရက ခန့် မှန်းတယ်။ဒါပေမယ့် လေ့လာသူ အချို့က ဘတ်ဂျက်လိုငွေပြမှုဟာ အဲဒီ ကိန်းဂဏန်းထက် များနိုင်တယ် လို့ ဆိုတယ်။
ပါကစ္စတန် နဲ့ အပြည်ပြည် ဆိုင် ရာ ရန်ပုံငွေအဖွဲ့ IMF တို့ကြားမှာ အခွန်ဘဏ္ဍာနဲ့ ပတ်သက်ပြီး သဘော တူညီထားခဲ့ကြတဲ့ သတ်မှတ်ချက် အချို့ရှိတယ်။ ဒီသဘောတူညီမှု ကြောင့် IMF ဟာ ပါကစ္စတန်နိုင်ငံ အတွက် အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံကို ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလ က အရန်သင့် ထားရှိဖို့ ဆုံးဖြတ်ခဲ့ တယ်။ ဒီအစီအစဉ်အရ အမေရိကန် ဒေါ်လာ ၇.၆ ဘီလီယံ ထုတ်ပေးခဲ့ ပြီးဖြစ်ပေမယ့် ၂ဝ၁၁ ခုနှစ်၊ စက် တင်ဘာလမှာ IMF အစီအစဉ်ကို ရုပ်သိမ်းခဲ့တယ်။ အကြောင်းရင်းက တော့ ပါကစ္စတန်ဟာ သဘောတူ ထားတဲ့အတိုင်း ဆောင်ရွက်ခြင်းမရှိ လို့ဖြစ်တယ်။
အဓိက အကြောင်းတစ်ခုက တော့ ပါကစ္စတန်က သတ်မှတ်ထား တဲ့ အခွန်တိုးမြှင့်ကောက်ခံမှုကို မဆောင်ကြဉ်းနိုင်ခဲ့ ဘူး။ အစိုးရရဲ့ အခွန်ဘဏ္ဍာ ရငွေဟာ ဂျီဒီပီရဲ့ အချိုး အစားအနေနဲ့ ပြောရင် ၁ဝ ရာခိုင်နှုန်း ပဲ ရှိတယ်။ ကမ္ဘာပေါ်မှ အခွန်ဘဏ္ဍာ အနည်းဆုံး ကောက်ခံရရှိတဲ့ နိုင်ငံ တွေ စာရင်းမှာ ပါကစ္စတန် ပါဝင် တယ်။ ဒီလို အခွန်ဘဏ္ဍာ ဝင်ငွေ နည်းပါးရတဲ့ အကြောင်းက တချို့ နှစ်တွေ ပမာအားဖြင့် ၂ဝ၁ဝ နဲ့ ၂ဝ၁၁ ခုနှစ်တွေမှာ ရေလွှမ်းမိုးမှုကြောင့် လို့ အကြောင်းပြနိုင်ပေမယ့်အဓိက က တော့ နိုင်ငံရေးကြောင့်ဖြစ်တယ်။
ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ရဲ့ ပါကစ္စတန် မွတ်စလင် အဖွဲ့- Pakistan Muslim League (Nawaz) က စီးပွားရေး လုပ်ငန်းတွေ အပေါ် သွယ်ဝိုက် အခွန်ကောက်တာ ကို လက်မခံဘူး။ ဘာကြောင့်လဲ ဆို တော့ သူတို့ပါတီကို ထောက်ခံကြသူ အများစုက စီးပွားရေး လုပ်ငန်းရှင် တွေ ဖြစ်နေကြလို့ဖြစ်တယ်။ ထိုနည်း တူပဲ Asif Ali Zardari ရဲ့ အာဏာရ ပါတီဖြစ်တဲ့ ပါကစ္စတန် ပြည်သူ့ ပါတီ Pakistan Peoples Party- PPP ကလဲ မြေယာအပေါ် စည်းကြပ် ကောက်ခံတဲ့ အခွန်အတုပ်တွေကို လက်မခံကြဘူး။ သူတို့ကို ထောက်ခံ ကြတဲ့ မြေပိုင်ရှင်တွေ ထိခိုက်နစ်နာ မှာစိုးရိမ်ကြတယ်။
ဒါကြောင့် ပါကစ္စတန်နိုင်ငံမှာ အခွန်ဘဏ္ဍာဝင်ငွေနည်းပါးတယ်။ သုံးစွဲဖို့ ငွေမလုံလောက်တော့ အစိုးရ ဟာ ငွေချေးပြီး သုံးစွဲနေရ တယ်လို့ ပါကစ္စတန် ဗဟိုဘဏ်- SBP က နှစ်စဉ် အစီရင်ခံစာမှာ ဖော်ပြခဲ့တယ်။ ပါကစ္စတန် နိုင်ငံသား အတော်များများ နိုင်ငံခြားမှာ အလုပ်လုပ်ကြတော့ မိခင် နိုင်ငံကို ငွေလွှဲပို့ Remmittances ကြတယ်။ ဒါကလဲ ကမ္ဘာအရပ်ရပ် မှာ စီးပွားရေးကျဆင်းနေတော့ လွှဲပို့ ငွေ ကျဆင်းလာတယ်။ တချို့နိုင်ငံ တွေက ဒီလို ငွေလွှဲပို့တာကို ထိန်း ချုပ်တော့မယ်လို့ တောင် ပြောနေကြ တယ်။ အမှန်တကယ် အဲသလို ဖြစ် လာရင်တော့ ပါကစ္စတန် နိုင်ငံက တော့ ပြဿနာပဲ။
ပါကစ္စတန်ရဲ့ နောက် အခက် အခဲတစ်ခုကတော့ ဘတ်ဂျက်ရဲ့ ၂ဝ ရာခိုင်နှုန်းကို ကာကွယ်ရေး အသုံး စရိတ်တွေမှာ နင်းကန်သုံးစွဲနေရ တယ်။ ဒီတော့ကျန်းမာရေးတို့၊ပညာရေးတို့ ကဏ္ဍတွေအတွက် သိပ် မကျန်ဘူး။ ပါကစ္စတန်ရဲ့ လူဦးရေ က ၂ဝဝ၉ ခုနှစ်စာရင်းအရ ၁၈၁.၅ သန်း ရှိပြီး ဂျီဒီပီက ၂ဝ၁၁ ခုနှစ် စာရင်းအရ ၂ဝ၄ ဘီလီယံ ရှိတယ်။
တကယ်တော့ ပါကစ္စတန်နိုင်ငံ ဟာ စီးပွားရေးကို ဇောက်ချလုပ်ကိုင် နိုင်မယ်ဆိုရင် ဒီထက် အဆပေါင်း များစွာ တိုးတက်နိုင် တဲ့ နိုင်ငံ တစ် နိုင်ငံပါ။ သယံဇာတလဲ ပေါကြွယ်ဝ တယ်။သဘာဝဓာတ်ငွေ့သိုက်တွေလဲရှိ တယ်။ ကျောက်မီးသွေးတွေ လဲ ပေါများ တယ်။ ကြေးနီလဲရှိတယ်။ ကမ္ဘာပေါ်မှာ ဝါဂွမ်းနဲ့အထည် အလိပ် အများဆုံး ထွက်ရှိတင်ပို့နိုင်တဲ့ နိုင်ငံ တစ်နိုင်ငံလဲဖြစ်တယ်။ ၂ဝ၁ဝ ပြည့် နှစ်က ပါကစ္စတန်မှာ ရေအကြီး အကျယ် လွှမ်းမိုးခဲ့တဲ့အတွက် စီးပွား ရေးကျဆင်းသွားလိမ့်မယ်လို့ ထင်မှတ် ကြပေမယ့် ဝါဂွမ်းအထွက်ကောင်း ပြီး ဈေးနှုန်းလဲ မြင့်တက်ခဲ့တဲ့အတွက် အခြေအနေကောင်းခဲ့တယ်။
ပါကစ္စတန်လူဦးရေရဲ့ သုံးပုံ နှစ် ပုံဟာ ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာလုပ်ကိုင်ကြတယ်။ စုစု ပေါင်း လူဦးရေရဲ့ ၆ဝ ရာခိုင်နှုန်း ဟာ ဆင်းရဲမွဲတေသူများဖြစ်တယ်။ ဂျီဒီပီထဲမှာ လယ်ယာကဏ္ဍရဲ့ ပါဝင်မှု ဟာ ငါးပုံတစ်ပုံပဲ ရှိတယ်။ ၂ဝ၁ဝ ပြည့်နှစ်က ပါကစ္စတန်နိုင်ငံရဲ့ ဧရိယာ ငါးပုံတစ်ပုံကို ရေလွှမ်းခဲ့ပြီး စိုက်ပျိုး ရေးကဏ္ဍကို အကြီးအကျယ် ထိခိုက် ခဲ့ပေမယ့် ဂျီဒီပီ ကိန်းဂဏန်းကို သိပ် ပြီးမရိုက်ခတ်ခဲ့ဘူး။ ၂ဝဝ၅ ခု၊ အောက်တိုဘာလက ကက်ရှ်မီးယား ဒေသမှာ မြေငလျင် အကြီးအကျယ် လှုပ်ခဲ့ပြီး လူ ၇ဝဝဝဝ သေဆုံးခဲ့ တယ်။ လူသုံးသန်းလောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီ နှစ် ဂျီဒီပီ က ၇.၇ ရာခိုင်နှုန်း ရှိ တယ်။
ပြည်တွင်းရေး မငြိမ်မသက်ဖြစ် နေမှုကြောင့် ပါကစ္စတန်ရဲ့ တိုးတက် မှုနှုန်းတွေဟာ ပုံမှန်အနေအထားမရှိ ဘူး။ မြင့်တက်ချင်ရင်လဲ ဘဝဂ်ထိ မြင့်တက်သွားပြီး၊ ကျဆင်းပြန်တော့ လဲ အောက်ခြေအထိ ကျဆင်းသွား တတ်တယ်။ ပါကစ္စတန်နိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကလဲ မကြာ မကြာ ကျရောက်တတ်တဲ့အပြင် အကြမ်းဖက်သမားတွေကလဲ အသွေး အရောင်စုံရှိတယ်။ ပါကစ္စ တန်နိုင်ငံရဲ့ အရှေ့ဘက်အိန္ဒိယနဲ့ ထိ တွေ့နေတဲ့ နယ်ခြားမျဉ်းတစ်လျှောက်ကြုံတွေ့နေရ တဲ့ ပြဿနာက တစ်မျိုး၊ ပါကစ္စတန်ရဲ့ အနောက်မြောက် ဘက် အာဖဂန်နစ္စတန်ရဲ့ ဆက်စပ် နေတဲ့ နယ်သတ်မျဉ်းတစ်လျှောက် တာလီဘန်တွေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာကတစ်ဖုံ၊ ပါကစ္စတန် မြောက်ဘက်စွန်းက ဘယ်အုပ်ချုပ် ရေးကိုမှ လက်မခံတဲ့လူမျိုးနွယ်စု တွေ ရဲ့ ပြဿနာက တစ်နည်းနဲ့ ပြဿနာတွေ မှိုလိုပေါက်နေတယ်။
ဒီကြားထဲမှာ စစ်တပ်က အစိုး ရရဲ့ အုပ်ချုပ်ရေး ယန္တရားအတွင်း နေရာတကာ ဝင်ပါချင်နေတဲ့အတွက် လုပ်လို့ ကိုင်လို့ မရဖြစ်နေရတဲ့အထဲ တရားသူကြီးချုပ်ကလဲ သူရဲ့ တရား စီရင်နိုင်ခွင့်အာဏာကို လွတ်လွတ် လပ်လပ် ကိုင်စွဲလာတာကြောင့် တိုင်း ပြည်အုပ်ချုပ်ရေးမှာ ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင် ဖြစ်နေတယ်။
ပါကစ္စတန်နိုင်ငံရဲ့ အဓိက ပြ ဿနာက အိန္ဒိယရဲ့ ရန်ကို အလွန် အမင်း စိုးရိမ်ကြောင့်ကြနေမှုဖြစ် တယ်။ ၁၉၄၇ ခုနှစ် အိန္ဒိယ - ပါကစ္စတန် ပိုင်းကန့်ခဲ့ချိန်ကစပြီး အိန္ဒိယဟာ တစ်နေ့မှာ ပါကစ္စတန် ကို သိမ်းပိုက်မှာပဲလို့ ပါကစ္စတန် က စွဲစွဲမြဲမြဲ မှတ်ယူထားတယ်။ ဒါ ကြောင့် ပါကစ္စတန်ရဲ့ ချမှတ်ခဲ့သမျှ မူဝါဒတွေဟာ အိန္ဒိယကို ရင်ဆိုင် တွန်းလှန်နိုင်ရေးဖြစ်ခဲ့တယ်။
ပါကစ္စတန်ရဲ့ ဒီမူဝါဒ လမ်းစဉ် ကြောင့်အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ စလုံး အတိုင်းအတာ တစ်ခုအထိ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရ တယ်။အိန္ဒိယကသူ့ရဲ့ညူကလီး ယား လက်နက်ကို ကနဦး စတင်အသုံးမပြုပါဘူးလို့ပါကစ္စတန် ခေါင်းဆောင်တွေ ကို ကတိပေးထားခဲ့ ပေမယ့် ပါကစ္စတန်အနေနဲ့ သူ့ရဲ့ ညူ ကလီးယားလက်နက်ကို ကနဦး စတင် အသုံးမပြုဘူးလို့ ကတိမပေး ဘူး။
တကယ်လို့ ပါကစ္စတန်အနေနဲ့ သူ့ရဲ့ မူဝါဒလမ်းစဉ်တွေကို ပြုပြင် ပြောင်းလဲနိုင်မယ်ဆိုရင် ဒါမှမဟုတ် ပါကစ္စတန်ရဲ့ စိုးရိမ်သောကကို အိန္ဒိယနိုင်ငံက တစ်နည်းနည်းနဲ့ ဖြေ ဖျောက်ပေးနိုင်မယ်ဆိုရင် နှစ်နိုင်ငံ စလုံး စီးပွားရေး အခုထက် တိုးတက် လာနိုင်ကြမှာဖြစ်ပါတယ်။
ဒီလိုဖြစ်လာနိုင်ခြေရှိတဲ့ အလား အလာတစ်ခုကို ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က မမျှော်လင့်ဘဲ တွေ့မြင် ခဲ့ကြရတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးတံခါးပေါက် တွေကို အပြန်အလှန် ဖွင့်လှစ်ပေးခဲ့ ကြပြီးနောက် ပါကစ္စတန် သမ္မတ ဇာဒါရီဟာ သူ့သား Bilawal Zardari Bhutto နဲ့အတူ အိန္ဒိယရောက်လာခဲ့ ကြကာ ငြိမ်းချမ်းရေး စကားဆိုခဲ့ကြ တယ်။ အိန္ဒိယ ဘက်ကလဲ အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh နဲ့ ဆိုနီယာ ဂန္ဒီရဲ့ Rahul Gandhi တို့က တွေ့ဆုံလက်ခံစကားပြောခဲ့ ကြတယ်။
Bilawal ဟာ ၂ဝဝ၇ ခုနှစ် က လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရတဲ့ Benazir Bhutto ရဲ့ သားဖြစ်ပြီး လော လောဆယ်သူ့မိခင်ရဲ့ PPP ပါတီ ဥက္ကဋ္ဌလဲဖြစ်တယ်။ မိခင်ရဲ့ အမွေကို ဆက်ခံမယ့်သားလို့ ယူဆထားကြ တယ်။ အလားတူပဲ Rahul ကိုလဲ နောင်တစ်ချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ဝန် ကြီးချုပ် ဖြစ်လာမယ့် ပုဂ္ဂိုလ်လို့ ပြော ဆိုနေကြတယ်။ ဆွေးနွေးပွဲတွေမှာ သူတို့နှစ်ဦး ပါဝင်နေတာက တစ်မူ ထူးခြားပါတယ်။
လက်ရှိ အမိအဘ လူကြီးတွေ လက်ထက်မှာ ပါကစ္စတန်နဲ့ အိန္ဒိယနှစ်ပြည်ထောင်ကြား ငြိမ်းချမ်းရေး မရနိုင်တောင်မှ သားသမီး မျိုးဆက် သစ်တွေ ဖြစ်ကြတဲ့ Bilawal နဲ့ Rahul တို့ခေတ် ရောက်တော့မှ နှစ် ပြည်ထောင် ငြိမ်းချမ်းရေး ရကြရင် လဲ ကောင်းတာ ပါပဲ။
တိုင်းပြည်ငြိမ်းချမ်းရင် စီးပွား ရေးတိုးတက်လာနိုင်တာပဲ မဟုတ် လား။