2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ဆက်လက်ရှင်သန်နေဦးမယ့် တရုတ်စီးပွားရေး

      ပေကျင်းမြို့တော်ရဲ့ အနောက် မြောက်ဘက် ဆိတ်ငြိမ်အေးချမ်းပြီး၊ ကြီးမားကျယ်ပြန့်တဲ့ ပရဝဏ်ကြီး တစ်ခုအတွင်းမှာ ပါတီ ဗဟိုကျောင်း တော်ကြီးတစ်ခုရှိတယ်။ အဲဒီ ကျောင်းတော်ကြီးမှာ တရုတ်ပြည်ရဲ့ အနာဂတ်ကို ထုဆစ်ပုံဖော် ဖန်ဆင်း ပေးကြ မယ့် မူဝါဒရေးဆွဲကြသူများကို လေ့ကျင့်သင်ကြားပေးတယ်။
    အဲဒီကျောင်းတော်ကြီးကတော့ ကမ္ဘာ့အဆင့်မီ ကျောင်းတော်ကြီး ဖြစ်ပါတယ်။ လောလောဆယ် တက် ရောက်သင်ကြားနေ ကြတဲ့ ကျောင်း တော်သား ၁၅ဝဝ လောက်ရှိတယ်။ ကျောင်းတော်သား အရေအတွက် ရှိ သလောက် သင်ကြားပို့ချပေးတဲ့ ပါမောက္ခတွေကလဲ များတယ်။ အထူးသဖြင့် ဘောဂဗေဒ၊ ပြည်သူ့ ဘဏ္ဍာရေး၊ လူ့အင်အားစီမံအုပ်ချုပ် ရေး ဘာသာရပ်တွေအပြင်၊ မာ့ခ်စ်- Marx ရဲ့ လုပ်အားတန်ဖိုးသီအိုရီ- Labour Theory Of Value  တို့လို ကွန်မြူနစ်ဝါဒစနစ်တွေကိုလဲ သင်ကြားပို့ချပေးတယ်။
    ကျောင်းတော်ကြီးရဲ့ ထူးခြား ချက်တစ်ရပ်ကတော့ ကျောင်းမှာ လာရောက်သင်ကြားပို့ချပေးကြတဲ့ ကျောင်းဆရာတွေက အသက်အရွယ် ငယ်ရွယ်ပြီး ကျောင်းတော်သားတွေ က အသက်ကြီးကြတယ်။ အဲလေ၊ ပညာရှာတဲ့အခါမှာတော့ ကြီးတာ ငယ်တာ ဘေးချိတ်ထားကြရမှာပေါ့ လေ။ ကျောင်းတော်ကြီးမှာ တိန့်ရှောင် ဖိန်ရဲ့သီအိုရီ- Deng Xiaoping Theory  ကိုလဲ အထူးပြုသင်ကြားကြ ရတယ်။
    ဒါက တရုတ်ပြည်ရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို တရားဝင်ဖြစ်စေ ခဲ့တဲ့ ပါတီရဲ့ဝါဒရေးရာ သဘောထား ခံယူချက် တစ်ရပ်ဖြစ်တယ်။ ဒီကနေ့ ထိ တရုတ်ပြည်ပေါ်လစ်ဗျူရိုအဖွဲ့ဝင် တွေက ကိုင်စွဲထားဆဲဖြစ်တဲ့ သီအိုရီ ပါ။
    ''ကျွန်ုပ်တို့ နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်ရမယ်။ တကယ်လို့ ကျွန်ုပ် တို့အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အောင် မဆောင်ကြဉ်းနိုင်ဘူးဆိုရင် ကျွန်ုပ်တို့ အနိုင်ကျင့်ခံရလိမ့်မယ်။ ဖွံ့ဖြိုးတိုးတက်ရေးဟာ တစ်ခုတည်း သော စစ်မှန်တဲ့ အမှန်တရားပဲ''
    Our country must develop. If we do not develop then we will be bullied. Development is the only hard truth.
    ဒါက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် လောက်က တိန့်ရှောင်ဖိန်ရဲ့ မူဝါဒ လမ်းညွှန်သြဝါဒတစ်ခုဖြစ်ပါတယ်။ ပေကျင်းမြို့တော်မှာ ကျင်းပတဲ့ ပါတီညီလာခံမှာ ဟန်တစ်လုံးပန်တစ်လုံးနဲ့ မိန့်မြွက်ခဲ့တဲ့ သြဝါဒမဟုတ်ပါဘူး။ တိန့်ရှောင်ဖိန်ကိုယ်တိုင်တရုတ်ပြည် တောင် ပိုင်းကို အလည်အပတ်သွား ရောက်ခဲ့စဉ်က စက်ရုံတွေကို လှည့် ပတ်ကြည့်ရှုရင်းနဲ့ ပြောကြားခဲ့တဲ့ စကားတစ်ခွန်းပါ။
    တိန့်ရှောင်ဖိန်ဟာ သီအိုရီထက် လက်တွေ့ကို သဘောကျတယ်။ ပါတီအစည်းအဝေးတွေမှာ လေတစ် လုံး မိုးတစ်လုံးနဲ့ လေလုံးထွားနေတာ ကို သိပ်မကြိုက်ဘူး။ အလုပ်သမား တွေ ကြိုးကြိုးကုတ်ကုတ်နဲ့ အလုပ် လုပ်နေတာကို ပိုပြီး ကြိုက်နှစ်သက် တယ်။ တရုတ်ပြည်တောင်ပိုင်း မြစ်ဝ ကျွန်းပေါ်ဒေသတစ်ခုက ရေခဲ သေတ္တာထုတ်လုပ်တဲ့ စက်ရုံတစ်ရုံ ဟာ ခုနစ်နှစ်ကာလအတွင်း ၁၆ ဆ တိုးတက်သွားတာ ကြားရလို့ တိန့် ရှောင်ဖိန် သိပ်သဘောကျသွားတယ်။ သူကလဲ တရုတ်ပြည် စီးပွားရေး အဲသလို တိုးတက်စေချင်တာ။
    ဟုတ်ပါတယ်။ ဒီကနေ့မှာ တရုတ်ပြည်ရဲ့ ထွက်ကုန်ဟာ ယခင် ကထက် ခုနစ်ဆ တိုးမြင့်သွားခဲ့ပါပြီ။ တရုတ်နိုင်ငံကို ဘယ်နိုင်ငံကမှ အနိုင်ကျင့်လို့မရတော့ဘူး။  Tsinghua University က Hu Angang ဒါမှမဟုတ် Peterson Institute for International Economics က Arvind Subramanian  တို့လို ဘောဂဗေဒ ပညာရှင်တွေ ပြောကြားချက်အရဆိုရင် တရုတ်ပြည်ရဲ့ အမေရိကန်ဒေါ်လာ ဂျီဒီပီကို ဝယ်နိုင်အားနှုန်းပြည့်- Purchasing-power parity  နဲ့ တွက် ချက်ရင် အမေရိကန်နိုင်ငံ ရဲ့ ဂျီဒီပီကို တောင် ကျော်လွန်ခဲ့ပြီလို့ ဆိုခဲ့ကြ တယ်။
    တစ်ခုတော့ရှိတယ်။ ဈေးကွက် ငွေလဲနှုန်း- market exchange rates  နဲ့ တွက်ချက်ရင်တော့ တရုတ်ရဲ့ ဂျီဒီပီ ဟာ အမေရိကန် ဂျီဒီပီ ထက် အများ ကြီးသေးငယ်တယ်။ ဒါပေမယ့် ဒီနှုန်း နဲ့ တွက်ချက်ရင်တောင် တရုတ်ရဲ့ ဂျီဒီပီဟာ အမေရိကန်ဂျီဒီပီကို အများ တကာ ထင်တာထက်စောပြီး မကြာမီ သောကာလမှာ လိုက်မီလာနိုင်တယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာ တရုတ်ဟာ အမေရိကားကို လိုက်မီနိုင်တယ်လို့ ထောက်ပြပြောဆိုကြတယ်။
    အခုအခါ တရုတ်နိုင်ငံ အနိုင် ကျင့်ခံရဖို့ နေနေသာသာ ကမ္ဘာတစ် လွှားမှာ အတော့်ကို အရေးပါလာ တယ်။ ဖွံ့ဖြိုး တိုးတက်ရေးဆိုတာ ကလဲ အရင်ကလောက်အရေးပါချင် မှ ပါတော့မယ်။ တရုတ်လူ့ဘောင် အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်းက တရုတ်ပြည်တိုးတက်မှု မော်ဒယ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေအပေါ် သိပ်ပြီး သဘောမကျဖြစ်လာကြတယ်။ ရုပ်ဝတ္ထုအရတော့ တိုးတက်လာပါရဲ့။ အခြားတစ်ဘက်မှာ သဘာဝ အက် ဆက်တွေက ပြုန်းတီးလာတယ်။ အိမ်ရာတွေကိုတော့ တိုးတက်ဆောက် လုပ်လာကြတာ မှန်ပါရဲ့၊ အိမ်ရာပိုင် ဆိုင်ခွင့်ကို ဖျက်ဆီးပစ်ခဲ့ကြတယ်။
    ပါတီအထက်လွှာ လူ့မလိုင်လူ တန်းစားနဲ့ ၄င်းတို့ရဲ့ ကိုယ်ကျိုးမျှော် မှုတွေက တိုင်းပြည်ရဲ့ အကျိုးစီးပွား ကို ဘယ်လို ခွဲဝေယူကြမလဲဆိုတဲ့ အချက်အပေါ်ပိုပြီးစိတ်ဝင်စားလာခဲ့ ကြတယ်။ ဒါပေမယ့် အခြားတစ် ဘက်မှာ တရုတ်ခေါင်းဆောင်တွေ ဟာ သူတို့ရဲ့ အောင်မြင်မှုတွေ အပေါ် မှာ ကျေနပ်အားရမနေကြဘူး။ သူတို့ အနေနဲ့ အောင်ပွဲခံစရာ ဘာမှမရှိဘူး လို့ မြင်ကြတယ်။ အကြောင်းက တော့ တခြားမဟုတ်ပါဘူး။ တရုတ် ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဦး ချင်းဝင်ငွေ- income per person အရပြောရင် ကမ္ဘာပေါ်မှာ အဆင့် ၉ဝ ဝန်းကျင်မှာပဲရှိတယ်။ အတော် လေးကို နိမ့်ကျနေသေးတယ်။
    တရုတ်ပြည်ဟာ ဒီဆယ်စုနှစ် အကုန်မှာ အမေရိကန်နိုင်ငံကို ကျော် တက်သွားတယ်ဆိုရင်တောင် အချို့ရဲ့ ခန့်မှန်းချက်အရ တရုတ်ဟာ ဆင်းရဲ နေဦးမယ်။ ဒီကနေ့ ဘရာဇီး ဒါမှ မဟုတ် ပိုလန်နိုင်ငံ ဆင်းရဲသလောက် ဆင်းရဲနေဦးမယ်လို့ ဆိုကြတယ်။ တကယ်တော့လဲ တရုတ်မူဝါဒရေးဆွဲ ကြသူများရဲ့အမြင်မှာ တရုတ်ပြည်ဟာ ဆင်းရဲနေတုန်းပဲလို့ မြင်ကြတယ်။
    ဒါကြောင့် တရုတ်ခေါင်းဆောင် ကြီးတွေအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ တရုတ်ပြည်ကြီးမှာ စီးပွားရေး အရ ပြုပြင်ပြောင်း လဲရေးတွေ နောက်ထပ်လုပ်စရာမလိုသေးဘူး။ ခေတ်မီတဲ့ ဘဏ္ဍာရေးစနစ်တွေလဲ မလိုအပ်သေး ဘူး။ ပြောင်းလွယ်ပြင်လွယ် တဲ့ ငွေလဲ နှုန်းတွေကိုလဲ သတ်မှတ်စရာ မလို သေးဘူး။ ပြီးတော့ ကျေးလက်နေ ပြည်သူတွေ၊ မြို့ပြတက်လာပြီး အခြေ တကျနေ ထိုင် ဖို့လဲ အချိန်မကျသေးဘူး လို့ ယူဆလာနိုင်တယ်။ တရုတ်ပြည်မှာက ပြည်တွင်း ငွေစုဆောင်းမှုမြင့်မားတယ်။ အခြား တစ်ဘက် မှာလဲ ရင်းနှီးမြှုပ်နှံမှု လုပ် စရာတွေကလဲများတယ်။ ဒီလို အခြေ အနေမှာ တရုတ်နိုင်ငံအနေနဲ့ ဖွံ့ဖြိုး တိုးတက်မှုက မြန်ဆန်နိုင် တယ်။  နိုင်ငံရေးအရ တည်ငြိမ်မှုလဲရှိနိုင်တယ်။ ဒါပေမယ့် တရုတ်ပြည် အလျင်အမြန် တိုးတက်ချဲ့ကားလာမှုက တရုတ်ရဲ့
ဖွံ့ဖြိုးတိုးတက်မှု မော်ဒယ်ကို ကျော် လွှားသွားနိုင်တယ်။
    ဒါကြောင့် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လိုလာနိုင်တယ်။ အချို့ရဲ့အမြင်မှာ တရုတ်ပြည်ဟာ အဲသလိုပြုပြင်   ပြောင်းလဲ ရတော့မယ့်အဆင့်ကို ရောက်ရှိနေပြီလို့ ဆိုကြတယ်။
    လာမယ့်နှစ်အနည်းငယ် အတွင်း တရုတ်ပြည်ရဲ့ စီးပွားရေး အလားအလာနဲ့ ပတ်သက်ပြီး အတွေးအမြင် အသိုင်းအဝိုင်း သုံးခုရှိ တယ်။ ပထမအသိုင်းအဝိုင်းက တရုတ် ပြည်ကို 'ရှေ့မှာအန္တရာယ်ရှိ တယ်'လို့မြင်တယ်။ တရုတ်ဟာ အလျင်အမြန် ချဲ့ကားလာခဲ့ပြီး၊ လျာထားချက်တွေကို အမြဲလိုလို ပြည့်မီကျော်လွှားနိုင်ခဲ့တယ်။ နောင် လာမယ့် နှစ်တွေမှာလဲ အရင်ကလို လျာထားချက်ဘောင်တွေ ကို ဖြတ် ကျော်တက်နေဦးမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ တရုတ်နိုင်ငံဟာ ဧရာမ ဖွံ့ဖြိုးဆဲနိုင်ငံကြီးဖြစ်တဲ့ အပြင် ဆက် လက်ကြီး ထွားနိုင်သေးတဲ့ အနေ အထားမှာရှိနေတယ်။ တရုတ်ပြည် ဟာ ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် ပြုလုပ်လျက်ရှိတယ်။ ကြာမြင့်လာတဲ့ အခါ ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ ဘဏ် တွေအတွက် အကျိုးရှိသင့်သလောက် ရှိလာမှာ မဟုတ်တော့ဘူး။ ရင်းနှီးမြှုပ် နှံမှု ပိုပြီးလုပ်လေ၊ စရိတ်စက ကြီးလာ လေဖြစ်လာနိုင်တယ်လို့ မြင်ကြတယ်။
    ဒုတိယအတွေးအမြင် အသိုင်း အဝိုင်းကတော့ တရုတ်နိုင်ငံရဲ့ အချိုး မညီ တစ်ဖက်စောင်းနင်းဖြစ်မှုက တရုတ်စီးပွားရေးကို လွှမ်းမိုးလာနိုင် တယ်လို့မြင်တယ်။ လောလောဆယ် မြင့်မားတဲ့ ရင်းနှီးမြှုပ်နှံမှုနှုန်းဟာ ရေရှည်မှာ မတည်တံ့နိုင်ဘူး။ ဒါကို ဝယ်လို အား ရဲ့ ရင်းမြစ်တစ်ခုအနေနဲ့ အခြားအစားထိုးစရာ တစ်စုံတစ်ရာမှ မရှိဘူး။ တိုးတက်မှုဖြစ်ထွန်းပေါ် ပေါက်လာအောင်လို့ ဘဏ်တွေ က ထုတ်ချေးထားတဲ့ငွေတွေဟာ 'အချဉ် ပေါက်'သွားနိုင်တယ်။ တိုင်းပြည် တိုးတက်ရေးအပေါ်မှာ လုံးလုံး လျားလျား အခြေခံထား တဲ့ အစိုးရ ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရ နိုင်တယ်။ ပြီးတော့ နောက်ဆုံးမှာ တရုတ်ပြည်စီးပွားရေး ဆုတ်ယုတ် ကျဆင်း သွားနိုင်တယ်လို့ ရှုမြင်ကြ တယ်။
    ဒါပေမယ့် တတိယအသိုင်း အဝိုင်းကတော့ တရုတ်အစိုးရအနေနဲ့ စီးပွားရေးကျင်ဆင်းမှုနဲ့ ရင်ဆိုင်ရလို့ အခက်အခဲတွေ့နိုင်တယ်ဆိုတာကို လက်ခံပေမယ့် တရုတ်အစိုးရဟာ ဒီ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိတယ်လို့ မြင်တယ်။ တရုတ်အစိုးရ အနေနဲ့ ဒီ ပြဿနာကို မဖြေရှင်းနိုင် စရာ အကြောင်းမရှိဘူး။ တကယ် တော့ တရုတ်အစိုးရဟာ အလွန် အကျွံ လွန်လွန်ကဲကဲ ရင်းနှီးမြှုပ်နှံမှု- Over-investment  လုပ်ခဲ့တာမဟုတ် ဘူး။ ရင်းနှီးမြှုပ်နှံမှု မလုပ်သင့်တဲ့ နေရာမှာ ရင်းနှီးမြှုပ်နှံမှုတွေ
မဆင် မခြင်လုပ်ခဲ့တာပဲရှိတယ်။
    ဒီလို မဆင်မခြင် ရင်းနှီးမြှုပ်နှံမှု တွေ လုပ်ခဲ့တဲ့အတွက် တရုတ် ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် သူတွေ ၊ ငွေ စုဆောင်းအပ်နှံသူတွေနဲ့ အခွန်ထမ်း ပြည်သူတွေအပေါ် ဆုံးရှုံးနစ်နာမှုတွေ ရှိနိုင်တယ်။ ဒါပေမယ့် တရုတ် ဘဏ္ဍာရေး စနစ်က ဒီလို ဆုံးရှုံးနစ်နာမှု တွေကို အလွယ်တကူ ကျော်လွှား သွားနိုင်တယ်။ တရုတ်နိုင်ငံအနေနဲ့ အရင်းခွဲဝေမှု- allocation of capital မှာ ညံ့ဖျင်းပေမယ့် တိုင်းပြည် တိုးတက်အောင် လုပ်နိုင်စွမ်းရှိတယ်။
    သိပ်မကြာသေးတဲ့အချိန်ထိ တရုတ်ပြည်ဟာ ပြည်ပပို့ကုန်တင်ပို့ မှုအပေါ် အလွန်အမင်း အားထားနေရ တယ်လို့ ဘောဂဗေဒပညာရှင် အတော်များများက ယုံကြည်ခဲ့ကြ တယ်။ ဒါပေမယ့် တရုတ်ပြည်ရဲ့ သာမန်စာရင်း- current account  ပိုငွေပြမှုဟာ ကျုံ့သွားခဲ့ပေမယ့် တရုတ်ပြည်ဟာ ဆက်လက်ရှင်သန် နေဆဲဖြစ်တယ်။
    တရုတ်ပြည်ဟာ ရင်းနှီးမြှုပ်နှံမှု အပေါ် မှီခိုအားထားနေရတယ်ဆိုပေ မယ့် ပြဿနာက လွန်လွန်ကဲကဲ ရင်းနှီးမြှုပ်နှံမှု လုပ်ခြင်း မဟုတ်ဘဲ မမှန် မကန် ရင်းနှီးမြှုပ်နှံမှုလုပ်ခြင်းသာ ဖြစ်တယ်။ ကုန်လွန်ခဲ့တဲ့နှစ်များက ပြုလုပ်ခဲ့တဲ့ မမှန်မကန် ရင်းနှီးမြှုပ်နှံ မှု တွေဟာ အနာဂတ်ကို ဖျက်လိုဖျက် ဆီး အနှောင့်အယှက်ပေးနိုင်တယ်လို့ အချို့က မြင်တယ်။ ဒါပေမယ့် ဒီလို လဲ ပြောလို့တော့ မရဘူး။ တစ်ခုတော့ ပြောစရာရှိတယ်။ အစိုးရအနေနဲ့ အဲသလို မမှန်မကန် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တာမရှိခဲ့ရင် တရုတ်ပြည်ဟာ အခုထက် ပိုပြီး တိုးတက်နိုင်တယ်။
    တကယ်လို့ တစ်ချိန်မှာ တရုတ် ပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုနှုန်း ကျဆင်း သွားခဲ့ရင် ဝယ်လိုအားရဲ့ ရင်းမြစ် အဖြစ် တရုတ်အနေနဲ့ အိမ်ထောင်စု စားသုံးမှုအပေါ် အားကိုးအားထား ပြု လာရနိုင်တယ်။ ဒါပေမယ့် အိမ် ထောင်စု စားသုံးမှုဟာ ထင် သလို ဖြစ်ချင် မှဖြစ်လာမယ်။ ဒီတော့ အစိုးရ ရဲ့ စားသုံးမှုကို တိုးချဲ့ကောင်းတိုးချဲ့ ရနိုင်တယ်။ ဒါက ပိုပြီးဖြစ်နိုင်ခြေ ရှိတယ်။
    တရုတ်ပြည်ရဲ့ အနာဂတ်မှာ ကြုံတွေ့လာရနိုင်တဲ့ ထူးခြားချက်တွေ ကတော့ အရင်းတွေ စုပုံလာမယ်။ လူဦးရေထဲမှာ သက်ကြီးရွယ်အိုတွေ များလာမယ်။ ကျေးလက်မှာ နေထိုင် သူ လျော့နည်းသွားမယ်။ စုဆောင်းမှု တွေက အရင်ကလို များမှာ မဟုတ် တော့ဘူး။ ရင်းနှီးမြှုပ်နှံမှုကောင်း အတွက် အခွင့်အလမ်းတွေကလဲ လျော့ပါးလာမယ်။ သယံဇာတတွေ ကို ပိုပြီး ဆင်ဆင်ခြင်ခြင် သုံးစွဲလာကြ ရတော့မယ်။ ဒီတော့ တရုတ်ပြည် အနေနဲ့ နောက်ထပ် ပြုပြင်ပြောင်းလဲ ရေးတွေ ဆန်းသစ်တီထွင်
ပြုလုပ်လာ ကြရတော့မယ်။ လွန်ခဲ့တဲ့ ဧပြီလ စီးပွားရေး အခြေပြစာရင်းဇယား တွေကို တရုတ် အစိုးရက မေလ ဆန်းမှာ ထုတ်ပြန် ကြေညာခဲ့တယ်။ အဲဒီစာရင်းဇယားတွေက တရုတ် ပြည်ရဲ့ စီးပွားရေး ကဏ္ဍအတော်များ များမှာ ကျဆင်းသွားခဲ့တာ ကို ဖော်ညွှန်းပြခဲ့တယ်။
    ဧပြီလအတွင်းမှာ စက်မှုထွက် ကုန်ဟာသုံးနှစ်ကာလအတွင်း အနှေး ကွေးဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့တယ်။ ပုံသေ အက်ဆက် ရင်းနှီးမြှုပ်နှံမှုက လည်း ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့် ဆုံးသို့ ကျဆင်းသွားခဲ့တယ်။ တရုတ် ရဲ့ အိမ်ရာမြေလုပ်ငန်းတွေမှာ ချေးငွေ အခက်အခဲကြောင့် အားပျော့သွား တယ်။ ဥရောပနဲ့ အမေရိကန်ပြည် ထောင်စုမှာ စီးပွားရေးတိုးတက်မှု နှေးကွေးနေတာကြောင့် တရုတ်ရဲ့ ပြည်ပပို့ကုန် တင်ပို့ရေးလုပ်ငန်းတွေ ကို ထိခိုက်ခဲ့တယ်။
    ဧပြီလအတွင်း တရုတ်ဘဏ် တွေက ချေးငွေအသစ်ထုတ်ချေးမှု ဟာ စီးပွားရေးပညာရှင်တွေ ထင်ထား တာထက် အောက်ဆင်း သွားခဲ့တယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ရာမြေ ဆောက်လုပ်ရေး လုပ်ငန်း တွေမှာ ငွေကြေးအကျပ်အတည်းနဲ့ ကြုံ ကြိုက် ခဲ့ရတယ်။ စက်မှုကဏ္ဍက ထုတ်လုပ်မှုဟာ ဧပြီလမှာ ၉.၃ ရာခိုင် နှုန်းတိုးတက်ခဲ့တယ်ဆိုပေမယ့် ၂ဝဝ၉ မတ်လကစပြီး ထုတ်လုပ်ခဲ့ သမျှထဲမှာ အနိမ့်ဆုံးအဆင့်ဖြစ်တယ်။ လက်လီအရောင်းတိုးတက်မှုကလဲ ၁၄.၁ ရာခိုင်နှုန်းအထိ နှေးကွေးကျ ဆင်းသွား တယ်။ ဒါဟာ ၁၄ လ အတွင်း အားအပျော့ဆုံးအခြေအနေ ဖြစ်တယ်။
    ဒါပေမယ့် အခြားတစ်ဘက်မှာ ငွေဖောင်းပွမှုနှုန်းက ၃.၄ ရာခိုင်နှုန်း အထိ ဧပြီလမှာ ကျဆင်းသွားခဲ့ တယ်။ မတ်လ တုန်း ကတောင် ငွေ ဖောင်းပွမှုနှုန်းက ၃.၆ ရာခိုင်နှုန်းရှိခဲ့ ပါသေးတယ်။ တစ်နည်းပြောရင် တော့ ဒါဟာ တရုတ်အစိုးရ အတွက် ကောင်း မွန် တဲ့အလားအလာ တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ အစိုးရက ဘဏ်တွေရဲ့ ချေးငွေကို တင်းတင်း ကျပ်ကျပ်ကိုင်တွယ်ခဲ့ရာမှ အတော် အသင့် လျှော့ချပေးနိုင်တယ်။
    ပမာဏအားဖြင့် ဧပြီလအတွင်း ဘဏ်တွေက ထုတ်ချေးငွေဟာ ယွမ်- Yuan ၈ဝဝ ဘီလီယံ ထုတ်ချေး လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြပေမယ့် ဘဏ်တွေက အမှန်တကယ် ထုတ် ချေးခဲ့တဲ့ ချေးငွေသစ်ဟာ ယွမ် ၆၈၂ ဘီလီယံပဲ ရှိခဲ့တယ်။ ဒါကြောင့် တရုတ်ပြည်ရဲ့ တိုးတက်မှုဆက် လက် ရှင်သန်နေအောင် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာလိမ့် မယ်လို့ စီးပွားရေး ပညာရှင်တွေက ခန့်မှန်းခဲ့ကြတယ်။ သူတို့ ခန့်မှန်းခဲ့ကြ တဲ့အတိုင်းပါပဲ။ မေလ ၁၈ ရက်နေ့က တရုတ်ပြည် ဝန်ကြီးချုပ် ဝမ်ကျား ပေါင်- Wen Jiabao ဟာ ဟူပေ- Hubei ဘက်ကို သွားရောက်လည် ပတ်ခဲ့တဲ့အခါ အစိုးရအနေနဲ့ စီးပွား ရေးတိုးတက်မှု ကို ဦးစားပေးဖို့ လိုအပ် တယ်လို့ မြွတ်ကြားခဲ့တယ်။
    မကြာမီမှာ အစိုးရက ဝန်ကြီး ချုပ်ရဲ့ ပြောဆိုလမ်းညွှန်မှုနောက် လိုက်ပြီး လုပ်ဆောင်လာခဲ့တာတွေ့ လာကြရတယ်။ အခြေခံ အဆောက် အအုံ စီမံကိန်းများအတွက် အတည် ပြုပေးခဲ့တယ်။ ဧရာမ သံမဏိစက်ရုံ ကြီး သုံးခုအတွက် ငွေကြေးအမြောက် အမြား ခွင့်ပြုခဲ့တယ်။ ပြည်သူ့အိမ်ရာ တည်ဆောက်ရေးအတွက်လဲ ငွေကြေးတိုးမြှင့်သုံးစွဲခွင့်ပြုခဲ့တယ်။ ရထားပို့ဆောင်ရေး လုပ်ငန်းအတွက် လဲ ရက်ရက်ရောရော ငွေချေးငှားခွင့် ပြုခဲ့တယ်။
    ဒါပေမယ့် ဒီတစ်ခါတော့ စီးပွား ရေးနိုးထရှင်သန်လာရေးအတွက် ဘယ်လောက်အတိုင်းအတာ အထိ ငွေကြေး သုံးစွဲ မလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ၂ဝဝ၈ ခုနှစ် ကမ္ဘာ့စီးပွားရေး ကျဆင်းခဲ့စဉ်တုန်းက   နိုး ထရှင်သန်ရေးအစီအစဉ်ကို ပရမ်း ပတာမဖြစ်ရအောင် သုံးစွဲမယ့် ငွေကြေးပမာဏကို လျှို့ဝှက်ထား တယ်ထင်ပါရဲ့။ ၂ဝဝ၈ နိုးထရှင်သန် ရေး အစီအစဉ်တုန်းက တရုတ်အစိုး ရဟာ ယွမ်ငွေ လေးထရီလီယံအထိ သုံးစွဲခဲ့တယ်။ ၂ဝဝ၈ ခုနှစ် က ငွေလဲ နှုန်းနဲ့ တွက်ချက်ရင် အမေရိကန် ဒေါ်လာ ၅၈၆ ဘီလီယံလောက် ရှိတယ်။
    အဲဒီတုန်းက တရုတ်အာဏာပိုင် တွေရဲ့ စီမံချက်တွေအပေါ် အခွင့် အရေးယူပြီး ဒေသဆိုင်ရာ အစိုးရတွေ နဲ့ ဘဏ်တွေဟာ ငွေကို အရမ်းကာ ရော ဗုံးပေါလအော သုံးစွဲပစ်ခဲ့ကြ တယ်။ စီးပွားရေးတော့ အလျင်အမြန် နိုးထရှင်သန်လာခဲ့ပါရဲ့။ ဒါပေမယ့် နောက်ပိုင်းမှာ ငွေဖောင်းပွမှုတွေ ကာလကြာရှည် ဖြစ်ပေါ်ခဲ့တယ်။ ဒေသဆိုင်ရာဘဏ္ဍာရေးတွေ ထိန်းမရ သိမ်းမရ ကမောက်ကမဖြစ်ကုန် တယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လမ်းချော်သွားခဲ့တယ်။
    ဒါကြောင့် ဗဟိုအစိုးရအနေနဲ့ အတိတ်ကအမှားမျိုးကို သင်ခန်းစာ ယူပြီး ဒီတစ်ခါမှာတော့ နိုးထရှင်သန် ရေး စီမံကိန်းအတွက် သုံးစွဲမယ့် ငွေပမာဏကို ထုတ်ဖော်မပြောဘဲ ထားပုံရတယ်။ ရင်းနှီးမြှုပ်နှံသူတွေက တော့ ဒီလိုဖုံးဖိထားတာကို သိပ်ပြီး သဘော မကျကြဘူး။ အစိုးရက သုံးစွဲ မယ့် အတိုင်းအတာ ပမာဏကို သိချင်ကြတယ်။ မေလ ၂၈ ရက်နေ့ က Credit Suisse  ဘဏ်က အစိုးရ ရဲ့ နိုးထရှင်သန်ရေး အစီအမံဟာ ယွမ်ငွေနှစ်ထရီလီယံလောက် ရှိနိုင် တယ်လို့ ခန့်မှန်းချက် ထွက်ပေါ်လာ ခဲ့တယ်။
             ဒီသတင်းက မီဒီယာတွေက တစ်ဆင့်ပျံ့နှံ့သွားတယ်။ အာရှစတော့ ဈေးကွက်များ လှုပ်လှုပ်ရွရွ ဖြစ်သွား ပြီး ရှယ်ယာဈေးနှုန်းတွေအတော် အတန်မြင့်တက်သွားတယ်။ တရုတ် အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု တစ် ခုတည်းကိုသာ လိုလား တယ် ဆိုရင် ဒီလိုဖြစ် လာတာကို နှစ်ခြိုက်လက်ခံ နိုင်တယ်။ ဒါပေမယ့် နောက်တစ်နေ့ မေလ ၂၉ ရက်နေ့ထုတ် အစိုးရ အာဘော် ဆင်ဟွာ သတင်းမှာ အစိုးရ အနေနဲ့ မြင့်မားတဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် ကြီးမားတဲ့ နိုးထရှင်သန်ရေး  စီမံချက်ရှိမှာမဟုတ်ဘူး လို့ ဖော်ပြခဲ့ တယ်။ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့တဲ့ စတော့ဈေးကွက်တွေလဲ တိတ်ဆိတ် ငြိမ်သက်သွားတယ်။
    ကြီးပွားချမ်းသာလာတဲ့ တရုတ် ပြည်အတွက် ဖွံ့ဖြိုးတိုးတက်ရေးဟာ တိန့်ရှောင်ဖိန် မြွက်ကြားခဲ့သလို တခု တည်းသော အမှန်တရားမဟုတ် တော့ဘူးလား။
မင်းရွှေမောင်
Ref: The Economist; May 26 and June 2, 2012.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.