2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
စွမ်းအင်မာယာထောင်ချောက်

      စဉ်ဆက်မပြတ် စွမ်းအင်ရရှိရေး နဲ့စပ်လျဉ်းပြီး ပဋိပက္ခတွေ၊ လျှို့ဝှက် ကြံစည်ခြေပုန်းခုတ်မှုတွေဟာ အပြည် ပြည်ဆိုင်ရာ ရှုခင်း ရဲ့ ဖြစ် ရိုးဖြစ်စဉ် ကိစ္စလို ဖြစ်နေခဲ့တာကြာမြင့်ခဲ့ပါပြီ။
    အထူးသဖြင့် ပထမကမ္ဘာစစ် ကြီး ဖြစ်ပွားခဲ့စဉ်ကစပြီး ရေနံနဲ့ ပတ်သက်တဲ့စစ်ပွဲကြီးတွေ ဆင်နွှဲခဲ့ ကြတယ်။ ဒေသအတွင်း စစ်ပွဲ ကလေးတွေကတော့ မကြာမကြာ ဖြစ်ပွားတတ်တာပါ။
    ဒါပေမယ့် ဒီကြားထဲမှာ ၂ဝ၁၂ ခုနှစ်က ထူးခြားတယ်။ ရေနံနဲ့ပတ် သက်တဲ့ အငြင်းပွားမှုတွေ၊ ပဋိပက္ခ တွေ၊ တိုက်ခိုက် မှုတွေအပြင် ကမ္ဘာ ကြီးမှာ စစ်မီးစစ်လျှံတွေ တောက် လောင်နိုင်တဲ့အထိ ပြဿနာတွေ တစ်ချိန်တည်း တစ်ပြိုင်တည်း ကမ္ဘာ အနှံ့ တိုးတက်ဖြစ်ပေါ်လာတယ်။ အတ္တလန္တိတ်သမုဒ္ဒရာကနေပြီး ပစိဖိတ် သမုဒ္ဒရာအထိ၊ အာဂျင်တီးနားကနေပြီး ဖိလစ်ပိုင်အထိ ကျယ်ပြောတယ်။ လောလောဆယ် အနည်းဆုံး ခြောက်နေရာမှာရေနံနဲ့နှီးနွယ်ဆက်စပ်တဲ့ ပြဿနာတွေကို တွေ့မြင်နေကြရ တယ်။
ဆူဒန်-တောင်ဆူဒန်စစ်ပွဲ
    မကြာသေးမီကမှ လွတ်လပ် ရေးရလာခဲ့တဲ့ တောင်ဆူဒန် - South Sudan  ဟာ ဧပြီလ ၁ဝရက်နေ့က Heglig ရေနံမြေကို ကျူးကျော်ဝင် ရောက်သိမ်းပိုက်ခဲ့တယ်။ တကယ်တော့ ၂ဝ၁၁ ခုနှစ်မှာတောင်ပိုင်းသားတွေ ဆူဒန်နိုင်ငံမှ ခွဲထွက်စဉ် က ပြေငြိမ်းရေး အစီအစဉ်အရ ဒီရေနံ မြေကို မြောက်ပိုင်းသားတွေလက်ထဲ ပေးအပ်ခဲ့ကြရတယ်။
    ဒီတော့ မြောက်ပိုင်းသားတွေက သူတို့တပ်တွေနဲ့ တိုက်ခိုက်ပြီး ရေနံ မြေကို ပြန်လည်သိမ်းပိုက်ခဲ့တယ်။ အဲဒီအချိန် ကစပြီး တောင်ဆူဒန်နဲ့ ဆူဒန်အကြားမှာ တိုက်ပွဲတွေ ကြို ကြားကြိုကြား ဖြစ်ပွားနေခဲ့တယ်။ လုံးလုံးလျားလျား နှစ်နိုင်ငံအကြား စစ်ဖြစ်ပွားတဲ့အဆင့်ထိတော့မရောက်ကြသေးဘူး။ ဒီလိုမဖြစ်အောင်လဲ အပြည်ပြည်ဆိုင်ရာက ဝင်ရောက် ညှိနှိုင်းပေးလျက်ရှိ တယ်။
    တောင်ဆူဒန်နဲ့ ဆူဒန်အကြား ရေနံမြေလုပွဲဖြစ်နေရတဲ့ အကြောင်း ရင်းရှိတယ်။ နှစ်နိုင်ငံစလုံးက ရေနံမှ ရတဲ့ဝင်ငွေကိုလို ချင်ကြတယ်။ ဒါပေ မယ့် ဖြစ်ချင်တော့ ၂ဝ၁၁ ခုနှစ်က ဆူဒန်နိုင်ငံကို မြောက်ပိုင်းနဲ့ တောင် ပိုင်းခွဲခြမ်းတဲ့အခါ ဝင်ငွေကောင်း တဲ့ ရေနံမြေအတော်များများ တောင်ဆူဒန် ဘက်ပါသွားတယ်။ ပြဿနာက နိုင်ငံခြားတင်ပို့ရောင်းချတဲ့ ရေနံပိုက် လိုင်းတွေဟာ ဆူဒန်ဘက်မှာ ကျန်ရစ် ခဲ့တယ်။
    ဒီတော့တောင်ဆူဒန်ဟာ သူ့ဟာ သူ နိုင်ငံခြားကို ရေနံတင်ပို့ရောင်းချ လို့မရဘူး။ ဘယ်ရမလဲ။ ရေနံပိုက် လိုင်းတွေက ဆူဒန် ဘက်အခြမ်းမှာ ရှိနေတာ။ တောင်ဆူဒန်က ပိုက်လိုင်း အသုံးပြုပြီး နိုင်ငံခြားကို ရေနံတင်ပို့ ရောင်းချချင်ရင် ဖြတ်သန်းခ- Transit fees ရေနံတစ်စည်ကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၂ ဒေါ်လာ ပေးရမယ်လို့ ဆူဒန်ကတောင်းတယ်။ ဒါက သိပ်များတယ်။ တရားလွန်များ တယ်။ ကမ္ဘာ့ပေါက်ဈေးဖြတ်သန်းခ ရေနံတစ်စည် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာပဲရှိတယ်။
    ဆူဒန်နဲ့ တောင်ဆူဒန် ပဋိပက္ခ ဖြစ်နေရတဲ့ကိစ္စထဲမှာ အခြားသော ပြဿနာတွေကလဲရှိသေးတယ်။ စီးပွားရေးအရပြောရင် ဆူဒန်နဲ့ တောင်ဆူဒန်အကြား စီးပွားရေး ကွာဟမှု သိပ်ကြီးမားတယ်။ ပြီးတော့ လူမျိုးနွယ်စုအရလဲ ခြားနားတယ်။ ဆူဒန်မှာ အာရပ် လူမျိုးများပြီး အစ္စလာမ်ဘာသာကိုးကွယ်ကြတယ်။ တောင်ဆူဒန်မှာက အာဖရိက အသား မည်းလူမျိုးနွယ်စုတွေဖြစ်ပြီး အများ အားဖြင့် ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြတယ်။
    တောင်ဆူဒန်ဟာ ရေနံမြေ အမြောက်အမြားပိုင်ဆိုင်ထားပေမယ့် နိုင်ငံခြားကို ရေနံမရောင်းရဘဲ ဖြစ် နေတယ်။ ဘဏ္ဍငွေရရှိရေး အတွက် အဓိကလမ်းကြောင်းက ဒီတစ်လမ်းပဲ ရှိတယ်။ တကယ်လို့ ဆူဒန်နဲ့ တောင် ဆူဒန်တို့ကို အပြည်ပြည်ဆိုင်ရာက ညှိနှိုင်း မပေးနိုင်ရင် နှစ်နိုင်ငံအကြား စစ်မီးတောက်လောင်နိုင်တယ်။
အီဂျစ်-အစ္စရေးမီးပွား
    အီဂျစ်က အစ္စရေးကို သဘာဝ ဓာတ်ငွေ့ရောင်းချပေးလျက်ရှိတဲ့ သဘောတူညီချက် စာချုပ်စာတမ်းကို ဖျက်ဆီးလိုက် ပြီးဖြစ်ကြောင်း အီဂျစ်ရဲ့ - General Petroleum Corp  နဲ့ Natural Gas Holding Co တို့က ဧပြီလ ၂၃ ရက်နေ့က အစ္စရေးနိုင်ငံကို အကြောင်းကြားခဲ့တယ်။
    ပြဿနာက အစောပိုင်းကာလ မှာ အီဂျစ်နိုင်ငံအတွင်း ပြည်သူ့လှုပ် ရှားမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ပြီး အာဏာ ရှင်- Hosni Mubatak  ကို ဖြုတ်ချ ပစ်ခဲ့ကြတယ်။ ပြည်သူ့လှုပ်ရှားမှုက အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေး တို့ရဲ့ သြဇာညောင်းမှုကင်းရှင်းတဲ့ လွတ်လပ် တဲ့နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးဖို့တောင်းဆိုခဲ့ကြပြီး အကြမ်း ဖက်လိုသူအချို့ကလဲ အီဂျစ်က အစ္စ ရေးကို သွယ်တန်းထားတဲ့ Negev သဲကန္တာရထဲက ပိုက်လိုင်းတွေကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြတယ်။ အီဂျစ်အစိုးရကလဲ ဘာမှမတတ်နိုင် တဲ့အနေအထား။
    လောလောလတ်လတ်အနေနဲ့ အီဂျစ်အစိုးရက စာချုပ်ဖျက်သိမ်းရတဲ့ ကိစ္စကို အစ္စရေးက ပေးစရာရှိတဲ့ ရေနံကြွေးတွေကို မပေးလို့ဖြစ်တယ် ဆိုပြီး အကြောင်းပြခဲ့တယ်။ ဒါပေ မယ့် ဖြစ်နိုင်ခြေတစ်ခုကတော့ အီဂျစ် အစိုးရသစ်အနေနဲ့ ဖြုတ်ချပစ်ခဲ့တဲ့ မူဘာရက်အစိုးရရဲ့ အမေရိကန်ပြည်ထောင်စုနဲ့ပလဲနံပသင့်အောင် ပေါင်းသင်းပြီးအစ္စရေးထောက်ကူပြု မူဝါဒကြီးကို မကြိုက်တော့ဘဲ ခပ်ခွာခွာနေလိုတဲ့အတွက် ဖြစ်နိုင်တယ်။
    ဒီအီဂျစ်-အစ္စရေး ဆက်သွယ် ထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဟာ နှစ်နိုင်ငံအကြား နှစ်ပေါင်း ၃ဝ လောက် စစ်မီးလောင် ကျွမ်းနေမှုကို ငြိမ်းသတ်ပေးခဲ့တဲ့ အီဂျစ်သမ္မတ အန်ဝါဆဒတ်-Anwar Sadat  လက်ထက် အစ္စရေးနဲ့ ၁၉၇၉ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှာ ချုပ်ဆိုခဲ့ကြ တဲ့ ငြိမ်းချမ်းရေးစာချုပ်ရဲ့ ရလဒ် တစ်ခုဖြစ်တယ်။ ဒီစာချုပ်အပေါ် အခြေခံပြီး အစ္စရေးဟာ ၄င်းတို့ သိမ်းပိုက်ထားတဲ့ ဆိုင်းနိုင်းသဲကန္တာရ ကို အီဂျစ်လက်ထဲပြန်ပေးခဲ့တယ်။
    အီဂျစ်က ရေနံရောင်းချမှု ရပ်ပစ်ခဲ့တဲ့အတွက် အစ္စရေးအနေနဲ့ ရေနံအခက်အခဲတွေ့လာနိုင်တယ်။ ပြီးတော့ နှစ်နိုင်ငံ ငြိမ်းချမ်းရေး လဲ ပျက်ပြားလာနိုင်တယ်။ အခုအခါ အစ္စရေးနဲ့ အီရန်ပြဿနာရှိနေသေးတဲ့ အတွက် အီဂျစ်နဲ့ ထိပ်တိုက်တွေ့ဦးမှာတော့ မဟုတ် ဘူး။ လောလောဆယ် မှာတော့ နှစ်နိုင်ငံအကြား နိုင်ငံရေး စစ်ပွဲတစ်ရပ်အနေနဲ့သာ ရှိနေမှာပါ။
အာဂျင်တီးနားနဲ့ စပိန်
    ဧပြီလ ၁၆ ရက်နေ့က အာဂျင် တီးနားသမ္မတ- Cristina Fernan-dez de Krichner  ကနိုင်င်ငံမှာအကြီးမားဆုံးရေနံ ကုမ္ပဏီကြီးဖြစ်တဲ့ YPF ရဲ့ အစုရှယ်ယာအများစုကို နိုင်ငံ တော်မှ သိမ်းပိုက်ရယူတော့မယ်လို့ ကြေညာခဲ့တယ်။ ဆိုလိုတာကတော့ YPF ရဲ့ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ကို နိုင်ငံတော်က ရယူမယ်လို့ဆိုလို တယ်။ လောလောဆယ် ရှယ်ယာ အများစုကို ပိုင်ဆိုင်ထား တဲ့ ကုမ္ပဏီ က စပိန်နိုင်ငံရဲ့ Repsol YPF  ကော်ပို ရေးရှင်းဖြစ်တယ်။
    ရှယ်ယာအများစုကို သိမ်းပိုက်ရ တဲ့အကြောင်းပြချက်ကတာ့ စပိန်ဟာ အရင်းအနှီးစိုက်ထုတ်မှု နည်းပါးလွန်း တဲ့ အတွက် ရေနံထုတ်လုပ်မှုကလဲ မတိုးတက်ဘဲ တန့်နေတယ်လို့ ထောက်ပြခဲ့တယ်။ ဒါပေမယ့် စပိန်က ဒီလိုသိမ်းယူတာကို လုံးဝ မကျေနပ်ဘူး။ Kirchner က အာဂျင် တီးနားနဲ့ စပိန်အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖျက်ဆီးပစ်တာပဲလို့ စပိန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး - Jose Manuel Garca Margallo က စွပ်စွဲ ပြောဆိုခဲ့တယ်။ လက်တုံ့ပြန်တဲ့အနေ နဲ့ စပိန်နိုင်ငံက အာဂျင်တီးနားနိုင်ငံ မှ ဇီဝလောင်စာ- Biofuels တင်သွင်း နေမှုကို ရပ်ဆိုင်းပစ်ခဲ့တယ်။ အာဂျင် တီးနားအနေနဲ့ စပိန်ကို ဇီဝလောင်စာ တင်ပို့ရောင်းချလို့ရတဲ့ ဝင်ငွေက နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ဘီ လီယံဖိုးလောက်ရှိတယ်။
    အာဂျင်တီးနားနိုင်ငံမှာ အခုလို သိမ်းယူမှုတွေက အထူးအဆန်း လုပ်ရပ်တစ်ခုမဟုတ်ပါဘူး။ သမ္မတ ပယ်ရွန်- Peron ခေတ်ကစပြီး ပြည်သူပိုင်သိမ်းပိုက်မှုတွေရှိနေခဲ့တာပါ။ အခုကိစ္စမှာ Kirchner က ရေနံမှ အကျိုးအမြတ်တွေပိုပြီးလိုချင်တယ်။ ပြီးတော့ အာဂျင်တီးနားမှာရှိတဲ့ ကမ္ဘာ့တတိယအကြီးမားဆုံး Shale gas သိုက်ဆီကလဲ ဝင်ငွေကောင်း ကောင်း ရချင်တယ်။
    အစိုးရအနေနဲ့ကတော့ အာဂျင် တီးနားနိုင်ငံမှာ YPF ကြောင့် ရေနံ ထုတ်လုပ်မှုကျဆင်းလျက်ရှိတယ်လို့ ယူဆတယ်။ အခုလိုသိမ်းပိုက်ပြီး နောက်အခြားသောရေနံကုမ္ပဏီကြီး တွေနဲ့ တွဲဖက်လုပ်ကိုင်ရင်တော့ ရေနံပိုမိုထွက်ရှိလာပြီး ဝင်ငွေလဲပို ကောင်း လာလိမ့်မယ်လို့ မျှော်မှန်းထား ကြတယ်။ ဒါကတော့ နောက် ဇာတ်လမ်းတစ်ခုပါ။
အာဂျင်တီးနားနဲ့ ဗြိတိန်
    ဧပြီလ ၁၅၊ ၁၆ ရက်နေ့များက ကိုလံဘီယာနိုင်ငံ ကာတာဂျီးနား မြို့မှာ ကျင်းပခဲ့တဲ့ အမေရိကနိုင်ငံ များ ထိပ်သီးအစည်းအဝေး - Summit of the Americas  မှာ အာဂျင်တီး နားနိုင်ငံက ဗြိတိန်နိုင်ငံအနေနဲ့ ဖောက် ကလန်ကျွန်းစုကို ဆက်လက်သိမ်း ပိုက်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကြီးအကျယ်ပြစ်တင် ဝေဖန်ရှုတ်ချ ခဲ့တယ်။ အစည်းအဝေးမှာ အမေရိ ကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံ တွေကလွဲပြီး ကျန်နိုင်ငံတွေက တညီ တညွတ်ထောက်ခံခဲ့ကြတယ်။
    ဒါပေမယ့် ဒီဖြစ်ရပ်ကို လူတွေ က သိပ်မသိလိုက်ကြဘူး။ ဘာ ကြောင့်လဲဆိုတော့ အမေရိကန်သမ္မတ ရဲ့ လုံခြုံရေး အတွက် ရောက်လာခဲ့ကြ တဲ့ စီအိုင်အေထောက်လှမ်းရေးသမား တွေနဲ့ ကိုလံဘီယာ ဟိုတယ်ဇိမ်မယ် တွေရဲ့ ပြဿနာက ဟိုးလေး တကျော် ကျော်ဖြစ်သွားပြီး တကယ့်အရေးပါ တဲ့ကိစ္စက နစ်မြှုပ် ပျောက်ကွယ်သွား ခဲ့တယ်။ အာဂျင်တီးနားဟာ ဖောက် ကလန်ကျွန်းစု-Falklands ကိုပိုင် တယ်လို့ ပြောနေခဲ့တာကြာပါပြီ။ ဗြိတိသျှဝန်ကြီးချုပ် မာဂရက်သက် ချာ- Margaret Thatcher လက်ထက် ၁၉၈၂ ခုနှစ်မှာ ဖောက်ကလန်ကျွန်းစု အရေးနဲ့ပတ်သက်ပြီး ဗြိတိန်နဲ့ အာဂျင် တီးနားစစ်ဖြစ်ခဲ့သေးတယ်။ ဗြိတိန်က ၁၈၃၃ ခုနှစ်ကစပြီး ဖောက်ကလန် ကျွန်းစုကို သိမ်းပိုက်ထားခဲ့တယ်။ ဗြိတိန်ကလဲ ဒီကျွန်းစုကို သူတို့ပိုင် တယ်လို့ အခိုင်အမာ ဆိုတယ်။ ဖောက်ကလန်ကျွန်းစုဟာ အာဂျင် တီးနားကမ်းခြေက မိုင် ၂၅ဝလောက် အလှမ်းကွာဝေးတယ်။
    ဖောက်ကလန်ကျွန်းစစ်ပွဲ ဖြစ်တုန်းကတော့ ကျွန်းစုပေါ်မှာဘာမှ မက်မောစရာရှိတာမဟုတ်ဘူး။ အမျိုးသားဂုဏ်သိက္ခာ အတွက်သာ စစ်ပွဲဆင်နွဲခဲ့ကြရတာဖြစ်တယ်။ အာဂျင်တီးနားက ဖောက်ကလန် ကျွန်းစုကို သိမ်းပိုက်ခဲ့တာကြောင့် ဗြိတိန်နဲ့ စစ်ဖြစ် ပွားခဲ့တယ်။ ဗြိတိန်က ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့တယ်။ လူအသေအပျောက်များတာနဲ့ ငွေကုန် ကြေးကျများတာပဲ အဖတ်တင် တယ်။
    ဒီတော့ အာဂျင်တီးနားက ဒီကိစ္စကို ဘာကြောင့်ပြန်ဖော်လာရ သလဲ။ ဖောက်ကလန်ကျွန်းစု ပေါ်မှာအရင်ကလဲ မက်မော စရာတွေမရှိဘူး။ အခုလဲ ကျွန်းစုပေါ်မှာ အရင်ကလိုပဲ မက်မောစရာတွေ မရှိပါဘူး။ ဒါပေမယ့် အရင်နဲ့အခု ကွာခြားချက်က ကျွန်းစုရဲ့ ပတ်ဝန်းကျင်က ရေပြင်အောက်မှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ အမြောက်အမြားတွေ့ထားတယ်။ ရေနံနဲ့ဓာတ်ငွေ့သိုက်တွေ့ လဲ တွေ့ရော  ဗြိတိန်အခြေစိုက်စွမ်းအင် ကုမ္ပဏီကြီးတွေ ကမ်းလွန်မှာ သိုက်တူးကြတော့တာ ပါပဲ။
    ဒါကြောင့် အာဂျင်တီးနားက ဒီကိစ္စကို ပြန်ပြီးအစဖော်လာတယ်။ အာဂျင်တီးနားက ဒီရေနံနဲ့ ဓာတ်ငွေ့ သိုက်တွေကို သူတို့ပိုင် တယ်လို့ ဆိုလာပြန်တယ်။ ဗြိတိန်ကလဲ လက် မလျှော့ဘူး။ သူတို့ကလဲ ပိုင်တယ်လို့ ဆိုတယ်။ ဒီပြဿနာဟာ တဖြည်း ဖြည်းနဲ့ အရှိန်မြင့်လာနိုင်တယ်။ နောက်တစ်ကျော့ ဖောက်ကလန် ကျွန်း စစ်ပွဲ ဆင်နွဲကြဦးမှာလား။
တောင်တရုတ်ပင်လယ်
    ဧပြီလ ၇ ရက်နေ့မှာ ၁၁၅ မီတာရှိတဲ့ ဖိလစ်ပိုင်ရေတပ် စစ် သင်္ဘော- Gregorio del Pilar  ဟာ တောင်တရုတ်ပင်လယ်ထဲက Scar-borough Shoal လို့ခေါ်တဲ့ကျွန်းသေး သေးကလေးတစ်ကျွန်းဆီ ရောက်လာ ခဲ့ပြီး ဖိလစ်ပိုင် ရေပိုင်နက်ထဲမှာ တရားမဝင် ငါးဖမ်းမှုနဲ့ တရုတ်ငါး ဖမ်းသင်္ဘော ရှစ်စင်းကို ထိန်းသိမ်း ထားခဲ့တယ်။
    တရုတ်က သူ့ရဲ့ရေတပ်သင်္ဘော နှစ်စင်းကို စေလွှတ်လိုက်ပြီး ဖိလစ်ပိုင် စစ်သင်္ဘောဟာ တရုတ်ငါးဖမ်း သင်္ဘောတွေကို လိုက်လံ နှောင့်ယှက်မှု နဲ့ စွပ်စွဲတယ်။ ဒီကျွန်းဟာ တရုတ် ပိုင်တဲ့ ကျွန်းဖြစ်တယ်လို့ဆိုတယ်။
    ဒါနဲ့ဖိလစ်ပိုင်စစ်သင်္ဘောက ထိန်းသိမ်းထားတဲ့ ငါးဖမ်း သင်္ဘော တွေကို လွှတ်ပေးလိုက်တယ်။ လောလောဆယ်ပြဿနာ   ပြေငြိမ်းသွားပေမယ့် ကျွန်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရုတ်ကလဲ သူပိုင်တယ်။ ဖိလစ်ပိုင် ကလဲ သူပိုင်တယ်လို့အငြင်းပွားနေကြ တုန်းပါပဲ။ နှစ်နိုင်ငံက စစ်သင်္ဘော တွေကလဲ အဲဒီကျွန်း အနီးအနားမှာ ကင်းလှည့်နေကြတုန်း။ ပဋိပက္ခရဲ့ အဓိက ကတော့ စွမ်းအင်ပြဿနာပါ ပဲ။ တောင်တရုတ်ပင်လယ်ထဲမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့သိုက်တွေ အတော်များများရှိတယ်လို့ ယုံကြည် ကြတယ်။ ဒါကြောင့် တောင်တရုတ် ပင်လယ်ကို ဝိုင်းရံလျက်ရှိကြတဲ့နိုင်ငံ တွေက သူတို့နဲ့နီးတဲ့ကျွန်းကို သူတို့ ပိုင်တယ်လို့ အခိုင်အမာဆိုနေကြ တယ်။ ဒါပေမယ့် တရုတ်ကတော့ တောင်တရုတ်ပင်လယ် တစ်ဝန်းလုံး ကိုသူတို့ပိုင်တယ်၊ ပြီးတော့ ပင်လယ် ထဲက ရှိရှိသမျှ ကျွန်းကြီးကျွန်းငယ် အားလုံးကိုလဲ သူတို့ပိုင်တယ်လို့ အတင်းအဓမ္မ ပြောဆိုနေတယ်။
    ဖိလစ်ပိုင်က သူတို့ရဲ့ အနောက် ဘက်ကမ်းခြေကနေပြီး တောင် တရုတ်ပင်လယ်ထဲကို ရေမိုင် ၂ဝဝ  အထိ သူတို့ရဲ့ အထူး သီးသန့်ရေပိုင် နက် နယ်ပယ်အဖြစ် သတ်မှတ်ထား တယ်။ ဖိလစ်ပိုင် ကုမ္ပဏီတွေက သူတို့ပိုင်နက် နယ်ပယ်ထဲမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့သိုက်တွေ တွေ့ထား ကြတယ်။ ဒီသိုက်တွေကို တူးဖော် ရေးအတွက်လဲ ပြင်ဆင်နေကြတယ်။
    ဒီတော့ တရုတ်တို့ကလဲ သူတို့ ပိုင်နက်နယ်ပယ်ဖြစ်တယ်လို့ ပြောဆို နေလေတော့ တရုတ်နဲ့ ဖိလစ်ပိုင် ထိပ်တိုက် များတွေ့ကြလေမလား။
အမေရိကန်နဲ့ အီရန်
    အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အရေးက စွမ်းအင်နဲ့ ပတ်သက် ပေမယ့် ပိုင်ဆိုင်မှုအငြင်းပွားတဲ့ ပြဿနာတော့မဟုတ်ဘူး။ အမေရိ ကန်နိုင်ငံနဲ့ အစ္စရေးတို့က အီရန်ဟာ ညူကလီးယားလက်နက် ထုတ်လုပ် ရေးအတွက် စိုင်းပြင်းနေတယ်လို့ ယူဆကြတယ်။ ဒါပေမယ့် အီရန်က မဟုတ်ပါဘူးလို့ ငြင်းတယ်။ ဆေးဝါး သုတေသနနဲ့ လျှပ်စစ်ဓာတ်အား အတွက်ကြိုးပမ်းနေခြင်းသာဖြစ်တယ် လို့ အီရန်က ရှင်းလင်းတင်ပြတယ်။တကယ်တော့ အီရန်ညူကလီးယား လက်နက်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းနေမှုကို မလိုလား တဲ့နိုင်ငံ တွေ အတော်များတယ်။ ဒါပေမယ့် ထိရောက်တဲ့ ပိတ်ပင်ဟန့်တားမှုတွေ လဲ မလုပ်နိုင်ကြဘူး။ မကြာသေးမီ က အမေရိ ကန်နိုင်ငံနဲ့ အီရန်တို့ အကြား စစ်ကြီးဖြစ်လောက်အောင် အထိ အရှိန်မြင့်တင်ခဲ့တယ်။ အမေရိ ကန်နိုင်ငံက လေယာဉ်တင် သင်္ဘော အုပ်စုနှစ်အုပ်စုကို အီရန်နိုင်ငံနဲ့ သိပ်မဝေးတဲ့ ရေပြင်မှာ အသင့်အနေ အထား ထားရှိခဲ့တယ်။ အီရန်ကလဲ သူ့ကို တိုက်ဖို့ကြိုးပမ်းလာရင် ရေနံ သင်္ဘောများ အဝင်အထွက်များတဲ့ ဟော်မူးဇ်ရေလက်ကြား- Strait of Hormuz ကို ပိတ်ပစ်မယ်လို့ ခြိမ်း ခြောက်ခဲ့သေးတယ်။

    လောလောဆယ် အမေရိကန် နိုင်ငံနဲ့ အစ္စရေးတို့ရဲ့ ကြိုးပမ်းမှုတွေ က အီရန်ကို မဟန့်တားနိုင်ဘူး။ နှောင့်နှေးကြန့်ကြာအောင်ပဲ လုပ်နိုင် တယ်။ အမေရိကန်နိုင်ငံက ကမ္ဘာ့ ဘဏ္ဍာရေးစနစ်နဲ့ အီရန်ကို အဆက် အသွယ်ဖြတ်ခဲ့ပေမယ့် သိပ်ပြီး အကြောင်းမထူးဘူး။ ပြီးတော့ အီရန် ရေနံကို မဝယ်ကြဖို့ အမေရိကန်နိုင်ငံက ကမ္ဘာ့နိုင်ငံတွေကို နှိုးဆော်တိုက်တွန်း ခဲ့ပေမယ့် အောင်မြင်မှုသိပ်မရခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယလို နိုင်ငံ တွေဟာ အီရန်မှရေနံအပေါ် အားကိုး အားထားပြုနေကြရတယ်။ အီရန်ကို အဆက် မဖြတ်နိုင်ကြဘူး။ နောက်ဆုံး တော့ အမေရိကန်နိုင်ငံအနေနဲ့ အိန္ဒိယ နဲ့ အခြားနိုင်ငံအချို့ကို ခြွင်းချက်နဲ့ ခွင့်ပြုခဲ့ရတယ်။ အီရန် ကလဲ ယူရေ နီယံကို ဆက်လက်သန့်စင်နေဆဲပါ ပဲ။ တစ်ခုတော့ရှိတယ်။ ရေနံနဲ့ တစ် နည်းတစ်ဖုံ ပတ်သက်နေတဲ့ ဒီပြဿ နာဟာ ပြီးပြတ် သွားမှာ မဟုတ်ဘူး။ တစ်ချိန်ချိန်မှာ ဟုန်းခနဲ အလျှံညီးညီး မီးကြီးတောက်လောင် လာနိုင်တယ်။
စွမ်းအင်တွန်းအားပေးကမ္ဘာ
    ဒီကနေ့ခေတ်မှာ ကမ္ဘာကို စိုးမိုး ခြယ်လှယ်ကြတဲ့ နိုင်ငံခေါင်းဆောင် ကြီးတွေက စွမ်းအင်အက်ဆက် ပိုင်ဆိုင်မှုဟာ အမျိုးသား စီးပွားဥစ္စာ အင်အားနဲ့ ဂုဏ်သိက္ခာကို မြှင့်တင် ပေးတယ်လို့ ယုံကြည်ကြတယ်။
    မဟာဗျူဟာအရ ရေနံရဲ့ အရေး ပါမှုကို ကနဦးနားလည်သဘော ပေါက်ခဲ့တဲ့ ပုဂ္ဂိုလ်က ဝင်စတင် ချာချီလ်- Winston Churchill  ဖြစ်ပြီး ဗြိတိသျှစစ်သင်္ဘောတွေကို ကျောက်မီး သွေးအသုံးပြုနေရာမှ ရေနံအသုံးပြုမှု ဆီသို့ ဦးတည်ပြောင်းရွှေ့ပေးခဲ့ တယ်။ ပြီးတော့ ပုဂ္ဂလိကပိုင် ရေနံကုမ္ပဏီ ကြီးတွေကို ပြည်သူပိုင်သိမ်းဖို့ လှုံ့ဆော် ခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီးနောက် ပိုင်းမှာ စွမ်းအင်စက်မှုလုပ်ငန်းတွေ ဟာ ပုဂ္ဂလိကပိုင်ကနေပြီး နိုင်ငံပိုင် အဖြစ် ပြောင်းလဲလာတယ်။ ဒါပေမယ့် ဒီကုမ္ပဏီကြီးတွေဟာ ကမ္ဘာ ကြီးရဲ့ လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်တင်းပေးနိုင်ခဲ့တယ်။ ရောင်းအား ကောင်းတဲ့အတွက် ဈေးနှုန်းတည်ငြိမ် ခဲ့တယ်။ အခုတော့ စွမ်းအင်ညီမျှကိန်း အကြီးအကျယ်ပြောင်းလဲသွားတယ်။ ရေနံတွင်းဟောင်းတွေမှာ ရေနံကုန် ခန်းလာတယ်။ ရေနံတွင်းသစ်တွေ ရှာဖွေတူးဖော်နေကြရတယ်။ ဘရာဇီး က-Pre-salt  ရေနံ၊ ကနေဒါက- Tar sands  နဲ့ အမေရိကန်နိုင်ငံက- Shale gas တွေဟာ စွမ်းအင်ရင်းမြစ်သစ် တွေဖြစ်ပေမယ့် အသုံးပြုနိုင်တဲ့ အဆင့်ကို ရောက်ရှိဖို့အတွက် နည်း ပညာသစ်တွေ လိုအပ်တဲ့ အပြင် ငွေကြေး အကုန်အကျလဲ များနိုင်တယ်။
    လောလောဆယ်မှာ ရေနံထုတ် လုပ်မှုတိုးမြင့်လာတယ်ဆိုပေမယ့် ဝယ်လိုအားကို ပြည့်မီဖို့ အတော်ကြိုး စားနေကြရတယ်။ စွမ်းအင်အပိုအလျှံ ရှိတဲ့ နိုင်ငံနဲ့ စွမ်းအင်မလုံမလောက် ဖြစ်နေတဲ့ နိုင်ငံတွေအကြားမှာ ကွာဟမှုတွေ သိသိသာသာမြင့်မားလာ တယ်။ ရေနံနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဟာ ရေနံတင်သွင်း နေကြရတဲ့ နိုင်ငံတွေအပေါ် အကြီးအကျယ်ဖိအားပေး လျက်ရှိ တယ်။ ဒါရဲ့အကျိုးဆက်က ဘာတွေဖြစ်လာ မလဲဆိုတာ ခန့်မှန်းရခက်တယ်။
    တိုးတက်လာတဲ့ တရုတ်နိုင်ငံ ဟာ တောင်တရုတ်ပင်လယ် တစ်ခု လုံး တရုတ်ပိုင်လုပ်ဖို့ ဆုံးဖြတ်ထား မှုဟာ တောင်တရုတ် ပင်လယ်ထဲမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့သိုက်တွေ အများအပြားရှိနေတဲ့အတွက်ဖြစ်တယ်။ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်ရေးနဲ့ ပတ်သက်ပြီး တရုတ်အနေနဲ့ အလား တူ ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြတဲ့ နီးပါးဝန်းကျင်နိုင်ငံ တွေနဲ့ ထိပ်တိုက် တွေ့ဖို့ အသင့်ပြင် ဆင်ထားပြီးဖြစ်နိုင် တယ်။ စွမ်းအင်အငြင်းပွားမှုတွေနဲ့ စစ်ပွဲတွေ တစ်ချိန်တည်း တစ်ပြိုင် တည်း ကမ္ဘာ့နေရာအနှံ့အပြားမှာ အစို့ အညှောက်ထွက်ပေါ်လာနေတာဟာ ခေတ်သစ်တစ်ခုထဲ ချင်းနင်းဝင် ရောက်လာခဲ့ပြီဖြစ်ကြောင်း လှစ်ဟ ဖော်ညွှန်းလျက်ရှိတယ်။ အဲဒီခေတ် သစ်မှာ အဓိကကျတဲ့ ဇာတ်ဆောင် နိုင်ငံတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ ကို မောင်ပိုင် စီးနိုင်ရေးအတွက် ဘာပဲ လုပ်ရလုပ်ရ ဒါမှမဟုတ် အင်အားပဲ သုံးရသုံးရ လုပ်ဆောင်လာနိုင်တယ်။
    တစ်နည်းပြောရင်တော့...
    ကမ္ဘာကြီးဟာ စွမ်းအင်ရဲ့ မာယာထောင်ချောက်ထဲ သက်ဆင်း ငြိတွယ်လာနေတယ်။ စွမ်းအင်ရဲ့ စိုးမိုးခြယ်လှယ်မှုက တစ်စတစ်စ အရှိန်မြင့်တက်လာခဲ့ပါပြီ။
မင်းရွှေမောင်
Ref: Michael T Klare : "The energy wars heat up"

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.