19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်သွားရေး အစိုးရကတော့ လမ်းကြောင်းပေးနေပြီ

ကိုယ့်မွေးရပ်မြေ၊ ကိုယ့်တိုင်းပြည်သို့ ပြန်ဝင်လာကြသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားအများစုသည် အထောက်အထား ပြည့်စုံပြီဆိုလျှင် ထိုင်းနိုင်ငံသို့ ပြန်လည်သွားရောက် အလုပ်လုပ်ကြဦးမည်ဟု ကြားသိနေရသည်။

 ပြန်ဝင်လာသူများ၏ ထက်ဝက်ကျော်က ပြန်သွားကြမည့် ဆန္ဒရှိနေကြသည်။ အချို့ အလုပ်သမား အနည်းစုကတော့ ကိုယ့်ရေမြေတွင် ရရာအလုပ်ကို ရသလောက်ကလေးဖြင့် အပြီးနေထိုင်သွားကြမည့်သူများလည်းရှိသည်။ သို့သော် အများစုကတော့ ပြန်သွားရေး ယခုကတည်းက တာစူနေသည်။ ပြန်လည်ဝင် ရောက်လာသော ရွှေ့ပြောင်းအလုပ်သမားများ၏ ဦးရေသည် ငါးသောင်းနှင့် တစ်သိန်းကြားတွင် ရှိသည်ဟုလည်း သိရသည်။ အများစုကတော့ တရားဝင်ဂိတ်များက  တစ်ဆင့်ဝင်လာကြပြီး အချို့က တရားမဝင် နယ်စပ်ဖြတ်ကျော်ပြန်လာကြ သည်လည်းရှိသည်။ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား စုစုပေါင်းသည် သုံးသန်းခွဲမှ လေးသန်းကြားရှိသည်ဟုလည်း သိရသည်။

ခက်သည်က မြန်မာနိုင်ငံ၏ အခြေအနေသည် ထိုင်းနိုင်ငံကဲ့သို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား သောင်းနှင့် သိန်းနှင့်ချီကာ အလုပ်အကိုင်ပေး မထားနိုင်သေးခြင်းက အခက်တွေ့နေရသည်။ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား အများစုကို အလုပ်ပေးထားနိုင်သော မဟာချိုင်ဒေသတွင် စက်ရုံပေါင်း ၂ဝဝ ကျော်ရှိသည်။ အသေးစား အလုပ်ရုံကလေးများဖြစ်သော အိမ်တွင်းမှုလုပ်ငန်းများက ထောင်နှင့်ချီ၍ ရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ကုန်ထုတ်လုပ်သည့်  စက်ရုံများအရေအတွက် နည်းပါးနေသေးသည်။ အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများဖြစ်သော အိမ်တွင်းမှု ကုန်ထုတ်လုပ်ငန်း များလည်း အရေအတွက် နည်းပါးနေသေးသည်။ ရှိသည့်လုပ်ငန်းများသည်လည်း သူ့လူနှင့်သူ ပြည့်နေသည်။ အလုပ်အကိုင်နေရာ အများအပြား ဖန်တီးပေးနိုင်သော အထည်ချုပ်လုပ်ငန်း စက်ရုံများသည်လည်း ထပ်မံတိုးချဲ့တည်ထောင်ခြင်း နည်းပါးနေပြီး၊ ရှိရင်းစွဲ အထည်ချုပ်စက်ရုံ အချို့တွင်လည်း လုပ်ခလစာနိမ့်ပါးသည့် ပြဿနာ၊ အလုပ်သမား အခွင့်အရေး ပိတ်ပင်ထားသည့် ပြဿနာ များဖြင့် အလုပ်ရှင်အလုပ်သမား ပဋိပက္ခဖြစ်ပွားနေသည်ကို ရှင်းမနိုင်အောင် ဖြစ်နေသည်။

 သေချာသည်ကတော့ မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများတွင် အလုပ်လက်မဲ့နှုန်း အမြင့်မားဆုံး အခြေအနေတွင်ရှိနေပြီး အလုပ်လက်မဲ့ ပြဿနာများကို မည်သို့ဖြေရှင်းရမည်လဲ အစဆွဲထုတ် ရခက်နေသော အနေအထားဖြင့် ရင်ဆိုင်နေရသည်။

အလုပ်လက်မဲ့ ပြဿနာဖြေရှင်းရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးဟူသည် အဖြေထွက်ပြီးသားတော့ ရှိပြီးဖြစ်သည်။ ပြည်တွင်းတွင်စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရမည်။ စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေး စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ဖို့လိုသည်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံကြဖို့လိုသည်။

 မြန်မာနိုင်ငံ၌ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု အခြေအနေသည် လက်ရှိကာလတွင် ယခင်ကထက် ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများ မြင့်တက်လာသော်လည်း နှေး ကွေးနေသေးသည်ဟု ဆိုနေကြသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုပြန်လည် ပြင်ဆင်ဖြည့်စွက် ရေးဆွဲပြီးဖြစ်သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းထားသည်။ အချို့သော  ပြည်ပရင်းနှီးမြှုပ်နှံသူ အသစ်များသည်လည်း မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် အမ်အိုင်စီနှင့် လာရောက်တွေ့ဆုံပြီး စူးစမ်းလေ့လာမှုများ မကြာခဏရှိနေသည်ဟု ကြားသိနေရသည်။ သို့သော် ပြည်ပရင်းနှီးမြှုပ်နှံမှုများကတော့ တုံ့ဆိုင်းနေပါသေးသည်။

 ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံ သူများဘက်ကလည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရာတွင် အခက် အခဲများ၊ အဟန့်အတားများရှိနေကြောင်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။ မြေနေရာ ငှားရမ်းခ ကြီးမြင့်နေခြင်း၊ လျှပ်စစ်ဓာတ်အား အလုံအလောက် ရနိုင်ရေးခက်ခဲနေခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများ လိုအပ်နေသေးခြင်း၊ အလုပ်သမားများ၏ လုပ် ခလစာဈေးချိုသော်လည်း ကျွမ်းကျင်လုပ်သား ရှားပါးနေခြင်း စသည့်အချက်များကို ထောက်ပြနေကြ သည်။ သည်ကြားထဲ အလုပ်ရှင်အလုပ်သမား ပဋိပက္ခပြဿနာများ ပေါ်ပေါက်ဦးမည်လားဆိုသည့် အ ချက်ကိုလည်း ထည့်သွင်းစိုးရွံ့နေကြ သေးသည်ဟုလည်း ပြောဆိုနေကြသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ကျဲပါးနေသရွေ့၊ စက်မှုဇုန်များ ဖွံ့ဖြိုးမှု နှေးကွေးနေသရွေ့ အလုပ်အကိုင် အခွင့်အလမ်းများကတော့ ရှားပါးနေပါဦးမည်။ အလုပ်လက်မဲ့ ပြဿနာများ၏ နောက်ဆက်တွဲ ဆိုးကျိုးများလည်း ပေါ်ပေါက်နေပေဦးမည်။ သို့ ဖြစ်ရာ ပြည်တွင်း၌ အလုပ်အကိုင်များ ဖန်တီးမပေးနိုင်မှတော့ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမား အဖြစ် သွားရောက်အလုပ်လုပ်ကိုင်နေခြင်းများကို အစိုးရက စနစ်တကျခွင့်ပြုနေရခြင်းဖြစ်သည်။ ယခုလည်း ထိုင်းနိုင်ငံ နိုင်ငံခြားသား အလုပ်သမား ဥပဒေအသစ်ကြောင့် အထောက်အထားရရှိရေး ပြန်ဝင်လာကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအား စနစ်တကျဖြင့် ပြန်သွားရေးကို အစိုးရက ထုတ်ပြန်ကြေညာပေးထားပါသည်။

လက်ရှိအစိုးရသည် ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ် သမားများနှင့် ထိုင်းနိုင်ငံတွင် ပြန်လည်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများအတွက် အသိပေး ကြေညာချက်နှစ်စောင်ကို ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။ ကြေညာချက်၏ လိုရင်းကတော့ ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၇ ရက်အထိ (၁၅ ရက်အတွင်း ပိတ်ရက်မရှိ) မိမိတို့ အလုပ်ရှင်များ၊ အလုပ်လုပ်ခဲ့ဖူးသည့် အလုပ်ရှင်များနှင့် ပြန်လည်ဆက်သွယ်ပြီး အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်က တရားဝင်ခန့်အပ်ထားသော အလုပ်ရှင်ကိုယ်စားလှယ်နှင့်အတူ ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော 'မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဗဟိုဌာနများ' သို့ သွားရောက်ပြီး စာရင်းသွင်းရမည့် အရေးဖြစ်သည်။ အလုပ်လုပ်နေဆဲနှင့် ပြန်လည်အလုပ်လုပ်ချင်သူများအားလုံး  ထိုင်းနိုင်ငံတွင် မှတ်ပုံပြန်တင်ရမည်။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ပြုလုပ်ရ မည်။

စီအိုင်လက်မှတ်အတွက် ထောက်ခံချက်စာရွက်စာတမ်း ထုတ်ယူရမည်။ ထောက်ခံချက် စာရွက်စာတမ်းနှင့်အတူ ထိုင်းနိုင်ငံရှိ Counter Service ကုမ္ပဏီဖွင့်ထားသော နီးစပ်ရာ ငွေ သွင်းကောင်တာတွင် ဘတ်ငွေ ၃ဝဝ ပေးသွင်းရမည်။ ပြီးလျှင် ငွေသွင်းပြေစာရယူရမည်။ ငွေသွင်းပြေစာနှင့်အတူ ပြေစာပေါ်၌ သတ်မှတ်ပေးထားသည့်နေ့ရက်တွင် စီအိုင်စာအုပ် လျှောက်ထားထုတ်ယူရမည်။ စီအိုင်စာအုပ်ရရှိပြီးပါက အလုပ်သမား အနေဖြင့် နေထိုင်ခွင့် (ဗီဇာ) နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) တို့ရရှိရေး ဆက်လက်ဆောင်ရွက်ရမည်။ ယင်းသည် အလုပ်လုပ်နေဆဲရော၊ ပြန်သွားမည့်သူများရော ယင်းအစီအစဉ်အတိုင်း ပြုလုပ်ကြရမည်။

ယင်းသို့ ပြုလုပ်ပြီးပါမှ ထိုင်းနိုင်ငံတွင် သူတို့ဥပဒေအတိုင်း တရားဝင်အလုပ်လုပ်ခွင့်ရမည်။ ယင်းသို့ ဖြစ်လာအောင်လည်း ပြီးခဲ့သည့်အပတ်က မြန်မာအာဏာပိုင်များနှင့် ထိုင်းနိုင်ငံအဆင့်မြင့် အရာရှိကြီးတို့ တွေ့ဆုံဆွေးနွေးပြီးပေါ်ထွက်လာသည့် အစီအစဉ်ဖြစ်မည်။ ထိုင်းနိုင်ငံသည် မြန်မာအလုပ်သမားများ အလုံးအရင်းဖြင့် ထွက်ခွာသွားခြင်းအတွက် မိမိတို့ နိုင်ငံသားအလုပ်ရှင်များ စီးပွားရေး ထိခိုက်နစ်နာနေရသည်ကို သိခဲ့ကြပြီးဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ပြန်ဝင်လာသော မိမိနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအား ဆီးကြိုပြီး အလုပ်အကိုင်နေရာထိုင်ခင်း ချက်ချင်းချထားမပေးနိုင်သေးသော အားနည်းချက်ကို သိရှိပြီး ဖြစ်သည်။ ထို့ကြောင့် နှစ်နိုင်ငံ အစိုးရတို့သည် ယခင်ကအတိုင်း ပိုနေမြဲ ကျားနေမြဲ အကျင့်အကြံအတိုင်း ပြန်လည်ကျင့်သုံးကြရန် သုံးသပ်ဆုံးဖြတ်ကြဟန်တူသည်။ သို့ဖြစ်ရာ စီးပွားရေး ထိခိုက်နစ်နာစပြုလာနေသော ထိုင်းနိုင်ငံဘက်ကလည်း  မြန်မာအလုပ်သမားများအား ပြန်လာကြပါ။ မြန်မာနိုင်ငံကလည်း အလုပ် အကိုင်မပေးနိုင်သေး၍ ပြန်သွားကြပါဆိုသည်မျိုးဖြစ်လာခြင်းဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံတွင် ဆက်လက် အလုပ်လုပ်ရေး သို့မဟုတ် ပြန်လည်အလုပ်လုပ်ကိုင်ရေး အစီအစဉ်သည် ထိုင်းနိုင်ငံ၏ ဥပဒေပြဋ္ဌာန်းချက်အတိုင်းသာ ဖြစ်ရမည်။

ဤတွင် ထိုင်းနိုင်ငံ၌ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရေး သက်သေခံလက်မှတ် သို့မဟုတ် စာအုပ်ပြုလုပ်ကြရာတွင် နှစ်ဖက်အစိုးရက ဘတ် ၃ဝဝ ဟု သတ်မှတ် သဘောတူထားပါသော်လည်း အောက်ခြေအဆင့်ဆင့်တွင် သည့်ထက်မက ပေးဆောင်ကြရဦးမည် လား၊ ပွဲစားများက ညစ်ပတ်ကြဦးမည်လား၊ ရစ်ကြရမ်းကြဦးမည်လား  စသည်တို့ကို ပြန်သွားကြမည့် အလုပ် သမားများက စိုးရိမ်ပူပန်နေကြသည်ဟု ကြားနေရသည်။ ယင်းသည်လည်း စီအိုင်စာအုပ်လုပ်ရာတွင် ယခင်က အစဉ်အလာရှိခဲ့၍ဖြစ်သည်။ ယခင်က စီအိုင်စာအုပ်ရရေး ပန်းရောင် ကတ်လေးကိုင်ပြီး ဘတ် ၃၁ဝ သွင်းလျှင် စာအုပ်ထုတ်၍ ရခဲ့သည်။ စာအုပ်နှင့်အတူ ဗီဇာရရေး၊ Work Permit ရရေးတို့အတွက် နောက်ထပ် ဘတ် ၆ဝဝ ပေးရသည်။ အမှန်ကုန် ကျစရိတ် ဘတ် ၉၁ဝ သာကျသင့်သည်ကို အောက်ခြေတွင် ဘတ်ငါးထောင်မှ ကိုးထောင်ကြား ပေးလုပ်ခဲ့ရသည့် သာဓကများရှိခဲ့သည်။

ထို့ကြောင့် နှစ်ဖက်အစိုးရများအနေဖြင့် သတ်မှတ်ထားသည့် နှုန်းထားထက် ပိုပေးရသည့် အခြေအနေများ ဖြစ်ပေါ်နေဦးမည်လားဆိုသည်ကို ပြန်သွားကြမည့် မြန်မာအလုပ်သမားများ တွေးပူနေသည့် ကြောက်စိတ်ကိုဖျောက်ပေးရန် လိုအပ်နေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

မောင်လွင်ပြင်

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.