14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
လက်ဝဲအောက်စွယ်တော်မြတ် ကိန်းဝပ်စံပယ်တဲ့မြို့

စာဖတ်သူတို့ဟာ ထေရဝါဒထွန်းကားရာ မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ လက်ဝဲအောက်စွယ်တော် ကိန်းဝပ်စံပယ်တာ ဘယ်မှာလဲလို့မေးရင် သီရိလင်္ကာလို့ တန်းသိကြတဲ့သူတွေ များမှာပါ။ ဘုရားဖူး ခရီးစဉ်တွေနဲ့ ရောက်ဖူးသူတောင်များလို့ အထူးမိတ်ဆက်စရာ လိုမယ်တောင်မထင်ပါဘူး။ စွယ်တော်မြတ် ကိန်းဝပ်ရာကတော့ ကန္ဒီမြို့ပဲဖြစ်ပါတယ်။

ကန္ဒီမြို့ဟာ သီရိလင်္ကာနိုင်ငံမှာ ကိုလံဘိုမြို့တော်ပြီးရင် ဒုတိယ အကြီးဆုံးမြို့ပါ။ နိုင်ငံရဲ့ အလယ်ပိုင်းမှာ တည်ရှိပြီး ဟံသာနတောင်စဉ်တောင်တန်းတွေနဲ့ ကနူကယ်တောင်တန်းကြားမှာ တည်ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၆ဝဝ မှာတည်ရှိပြီး လက်ဖက်၊ ဆေးရွက်ကြီးစတဲ့ စိုက်ခင်းတွေ တည်ရှိရာအရပ်ပဲဖြစ်ပါတယ်။

၂ဝ၁၁ ခုနှစ်က စာရင်းအရဆိုရင် လူဦးရေ ၁၂၅၄ဝဝ ဦးခန့်လို့ဆိုတယ်။ ခရီးသွားဝန်ဆောင်မှုတိုင်း ကတော့ ကန္ဒီမြို့တစ်ခွင်ဟာ အလွန်လှပပြီး မိုးတွင်းမှာတောင် ကြည့်ကောင်းတယ်လို့ ဆိုပါတယ်။  မြို့ရဲ့ အချို့နေရာတွေကတော့ သူတို့ စန်းတင်ပြောကြသလို ပါပဲလို့ လက်ခံပေးနိုင်ပေမယ့် တစ်မြို့လုံးအနှံ့မှာ ကြည် သာအေးချမ်းနေတာမျိုးတော့ မဟုတ်ပါဘူး။

အလုပ်ရှုပ်ပြီး အသံဗလံတွေ ဆူညံနေတတ်တဲ့အပိုင်းတွေက ပိုတောင်များနေပါသေးတယ်။ အထူးသဖြင့် တုတ်တုတ်တွေနဲ့ ပြည့်နေတတ်သလို တုတ်တုတ်ယာဉ်မောင်းတွေကလည်း သီရိလင်္ကာကို ဋီကာချဲ့ရမယ်ဆိုရင် လိုတာထက် ပိုပိုသာသာပြောဖို့ အမြဲနှုတ်သွက်နေတတ်ပါသေးတယ်။

ကန္ဒီမြို့မှာ ဆင်ဟားလာ လူမျိုးစုတွေ အဓိကနေထိုင်တဲ့မြို့ဆိုပေမယ့် မိုရ်စ်(Moors) နဲ့ တမီးလ် လူမျိုးတွေကိုလည်း တွေ့နိုင်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေအတွက် ဓမ္မ ကျောင်းတွေကိုလည်း ကန္ဒီမှာမြင် တွေ့ရပါတယ်။

ကန္ဒီမြို့တွင်း သွားလာရေးကိုတော့ ဘတ်စ်ကားတွေကိုပဲ အဓိကထားကြတယ်။ မြို့ထဲမှာ နေ့စဉ် သွားလာလှုပ်ရှားနေကြတဲ့ လူပေါင်း ၃၂ဝဝဝဝ လောက်ထိ ရှိနေတယ်။ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင် ယာဉ် လိုင်းနှစ်မျိုး ရှိပါတယ်။ ကားလမ်းနဲ့ဘူတာရုံ အဓိကဆုံတဲ့နေရာမှာ ဘတ်စ်ကားတွေရပ်နားဖို့ စီစဉ်ထား တဲ့ ယာဉ်ရပ်နားစခန်းမှာဆိုရင် အစီး ရေ ၂ဝဝဝ လောက်ထိ ထားလို့ရ လောက်အောင် ကျယ်ဝန်းပါတယ်။

ကန္ဒီမြို့လယ်ဟာ ၂ဝဝ၅ ခုနှစ် က စပြီး ခေတ်သစ်စီးပွားရေး ဆိုင် ရာလုပ်ငန်းတွေ စုနေတဲ့နေရာ ဖြစ်ခဲ့ပါပြီ။ အလယ်ခေတ်က ဓလေ့ရိုးရာမပျက် ဗိသုကာ လက်ရာတွေနဲ့ ခေတ်သစ်အဆောက်အအုံတွေကို တစ်ပြိုင်တည်း တည်ရှိနေတဲ့ နေရာ ဆိုရင်လည်း မမှားပါဘူး။

မြို့ကြီးတွေရဲ့ ထုံးစံအတိုင်းဘဏ်တွေ၊ စူပါမတ်ကပ်တွေ၊ ခေတ်မီစားသောက်ဆိုင်တွေ၊ ဖျော်ဖြေရေးဇုန်တွေ၊ ပန်းအလှဆိုင်တွေဟာ ကန္ဒီမြို့လယ်မှာ လာစုနေပါတယ်။

ကန္ဒီမြို့မှာ အထည်ချုပ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ ကျောက်မျက် အရောင်းအဝယ် လုပ်ငန်းတွေကို အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်သူများပြားလှတယ်။  မြို့အနှံ့မှာ ဖွယ်ဖွယ်ရာရာ ရောင်းချပေးတဲ့ စား သောက်ဆိုင်တွေမှာဆိုရင် တရုတ်၊ အိန္ဒိယ၊ အနောက်တိုင်း အစားအစာ ဆိုပြီး တစ်ဆိုင်တည်းမှာ ဟင်းအမယ် များစွာ ရနိုင်ပါတယ်။ စားသောက်ကုန်နဲ့ ပတ်သက်ပြီး ကမ္ဘာကျော် အမှတ်တံဆိပ်တွေဖြစ်တဲ့ Pizza Hut နဲ့ KFC စတဲ့ စားသောက်ဆိုင်ကြီးတွေလည်း ကန္ဒီမြို့အနှံ့မှာ ရှိနေပါတယ်။

ကန္ဒီမြို့သားတွေဟာ ပွဲလမ်းသဘင်မျိုးစုံနဲ့ နားနေချိန် တော်တော်များများ ယူတတ်ကြပါတယ်။ နှစ်စဉ် ဣသလ မီရဟာရလို့ခေါ်တဲ့ စွယ်တော်မြတ် လှည့်လည်ပွဲကတော့ အကြီးမားဆုံး ပွဲတော်တစ်ခုပါ။

စွယ်တော်လှည့်ချိန်ဆိုရင် ရိုးရာအကတွေ၊ ဒရမ်သမားတွေနဲ့ နန်း ဝတ်နန်းစားဝတ်ဆင်ပြီး လှည့်လည်ကြပါတယ်။ စွယ်တော်မြတ်ကို ဆင်ပေါ်မှာတင်ပြီး အောက်ကလူတွေက မီးရှူးမီးတိုင်တွေကိုင်ကာ လှည့်ကြပါတယ်။ နှစ်စဉ် ဇူလိုင်နဲ့ သြဂုတ်လတစ်လလမှာ စွယ်တော်လှည့်ပွဲက အမြဲရှိနေတတ်ပါတယ်။ ကမ္ဘာ့လှည့် ခရီးသွားတွေအပြင် သီရိလင်္ကာတစ် နိုင်ငံလုံးက ဘုရားဖူးတွေ လာရောက်ကြလို့ အလွန်စည်ကားလှပါတယ်။

သီရိလင်္ကာရဲ့ ထင်ရှားလှတဲ့ ဗုဒ္ဓမြတ်စွာရဲ့ လက်ဝဲဘက် အောက်စွယ်တော် ကိန်းဝပ်စံပယ်တဲ့ ကျောင်းတော်ဟာ ကန္ဒီရေကန်ရဲ့ မြောက်ပိုင်းမှာ တည်ရှိပါတယ်။ စွယ်တော်တိုက်အကြောင်းမပြောခင် အတိတ်သမိုင်း ဖြစ်ရပ်တွေ ရှိခဲ့ဖူးတဲ့ ကန္ဒီရေကန်အကြောင်းကို အရင်ပြောမှ သင့်ပါလိမ့်မယ်။

ကန္ဒီရေကန်ကတော့ မြို့ရဲ့ဧရိယာ တော်တော်များများကို လွှမ်းမိုးထားတဲ့အတွက် ဘယ်လိုမှ ရှောင်လို့မရတဲ့ ကန်ပါပဲ။ ကန္ဒီမြို့ကိုရောက်တဲ့ သူတိုင်းကလည်း အေးချမ်းပြီး နှစ်လိုဖွယ်သာယာတဲ့ ကန္ဒီကို ရှောင်သွားချင်စိတ်လည်း ရှိကြမှာ မဟုတ်ပါဘူး။ ရောက်ဖူးသူတိုင်း နှစ်သက်တဲ့ ကန္ဒီရေကန်ဟာ သဘာဝရေကန်သာ စစ်စစ်တော့ မဟုတ်ပါဘူး။

ကန္ဒီမှာ နောက်ဆုံးစိုးစံခဲ့တဲ့ ဘုရင်က ၁၈ဝ၇ခုနှစ်မှာဖော်ခဲ့တဲ့ ကန်ဖြစ်သလို အတိတ်သမိုင်းဟောင်းမှာ  သွေးစွန်းနေတဲ့ ကန်လို့လဲ ဆိုနိုင်ပါတယ်။ အကြောင်းကတော့ ကန်ကို ဖော်ခိုင်းတဲ့အခါ ပြည်သူအချို့က လုပ်အားပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ဆိုတယ်။ အဲဒီလူတွေကို ဘုရင်က ကန် ရဲ့အခြေမှာ တိုင်စိုက်၊ ကြိုးချည်ပြီး မီးရှို့သတ်ခဲ့လို့ပါပဲ။ အခုအချိန်မှာတော့ အဲဒီအတိတ် ဖြစ်ရပ်ဆိုးတွေဟာ ကန်ရေပြင်အောက်မှာ ငြိမ်သက် ပျောက်ကွယ်သွားခဲ့ပါပြီ။

ကန်ရဲ့အလယ်မှာတော့ ကျွန်းငယ်တစ်ခု ဖန်တီးထားပြီး ဧကရာဇ်မင်းရဲ့ သီးသန့်မောင်းမဆောင်အဖြစ် အသုံးတော်ခံခဲ့ပါတယ်။ ဗြိတိသျှလက်ထက်မှာတော့ လက်နက်တိုက်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အဲဒီ ကျွန်းငယ်တစ်ဝိုက်ကိုတော့ ခံတပ်ဆန်ဆန် တည်ဆောက်ထားခဲ့ပါတယ်။ ကန်ရဲ့ မြောက်ဘက်ပိုင်းမှာတော့ ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်တဲ့ စွယ်တော်တိုက်ရှိနေပါတယ်။ သမိုင်းကြောင်းအရဆိုရင် စွယ်တော်တိုက်က ကန်ထက် စောနေတယ်လို့ ပြောရမယ် ထင်ပါတယ်။

မြတ်စွယ်တော်ရဲ့ သမိုင်းကိုကြည့်ရင် မြတ်စွာဘုရားရှင်ရဲ့ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုလ်စဉ်မှာ အရှင်သာရိပုတ္တရာရဲ့ တပည့် ရဟန္တာ အရှင်မြတ် အရှင်ခေမက စန္ဒကူးထင်းပုံထဲကနေ စွယ်တော်ကို ပင့်ဆောင်ပြီး အိန္ဒိယနိုင်ငံ ကာလိင်္ဂတိုင်း ဒန္တပူရမြို့က ဗြဟ္မဒတ်မင်းကြီးကို ကိုးကွယ်ပူဇော် စေခဲ့ပါတယ်။ အေဒီလေးရာစု 'ဂုလသိဝမင်း' လက်ထက်မှာတော့ ဟိန္ဒူမင်းတွေရဲ့ ဖျက်ဆီး မယ့် အရေးကိုမြင်တဲ့ အတွက်  စွယ်တော်မြတ်ကို ကာကွယ်ဖို့ စီမံခဲ့ရ တယ်။ 'ဂုလသိဝမင်း' က 'ခီရဓာရမမင်း' ရဲ့ တူတော်တွေနဲ့ နောက်ဆုံးအကြိမ် စစ်မတိုက်ခင်မှာ သမီးတော် 'ဟေမမာလာ'ကိုခေါ်ပြီး စစ်ရှုံးခဲ့ရင် သားမက် 'ဒန္တ'နှင့်အတူ စွယ်တော်မြတ်ကို တိတ်တဆိတ် ပင့်ဆောင်ပြီး သီဟိုဠ်ကျွန်းက သူငယ်ချင်း 'မဟာသေနမင်း'ထံ ပင့်ဆောင်ပေးဖို့ မှာကြားခဲ့တယ်။ စစ်ရှုံးတဲ့အခါ သမီးတော် 'ဟေမမာလာ'က သူ့ဆံပင်တွေကြားထဲမှာ စွယ်တော်မြတ်ကို ဝှက်ယူလာပြီးနောက် ပထမဆုံး သီဟိုဠ်မှာ စံပယ်တော်မူခဲ့ပါတယ်။

ဟေမမာလာတို့နှစ်ဦး သီဟိုဠ်ကို ရောက်တဲ့အခါမှာ မဟာသေနမင်းကြီး နတ်ရွာစံပြီးသွားပါပြီ။ ထီးနန်းဆက်ခံသူ သားတော် 'ကိတ္တိ သိရိ မေဃဝဏ္ဏမင်း'ကိုပဲ ဆက်သလိုက်တဲ့အခါ  ဝမ်းမြောက်ဝမ်းသာ ပူဇော်ခဲ့တယ်လို့ဆိုတယ်။

သမိုင်းစာမျက်နှာထဲက တစ်နေရာမှာတော့  ၁၂၈၃ ခုနှစ်က ကျူးကျော်လာတဲ့ စစ်တပ်က စွယ်တော်မြတ်ကို အိန္ဒိယထဲ ပြန်ပင့်သွားတယ်လို့ဆိုတယ်။ နောက်မှ သီရိလင်္ကာဘုရင်က ပြည်တွင်းကို နောက်တစ်ကြိမ် ပြန်ပင့်ခဲ့တာလို့ ဆိုကြတယ်။  အချို့ နေရာမှာတော့ 'ကိတ္တိသိရ မေဃဝဏ' မင်းကနေ ဓမ္မပါလမင်း ဆက်တိုင်အောင် နေပြည်တော် အသစ်တိုင်းမှာ ရွှေ့ပြောင်း စံတော်မူ တယ်လို့ ဆိုကြပြန်တယ်။

အေဒီ ၁၅၉၁ ခုနှစ် ရောက်တဲ့ အခါ 'ပထမဝိမလဓမ္မသူရိယမင်း'က ကန္ဒီနေပြည်တော်ကို တည်ထောင်ခဲ့ ပြီးတဲ့နောက် ပေါ်တူဂီတို့ရဲ့ ရန်ကိုကြောက်ပြီး ရတနာပူရ မြို့နားရာဇမဟာဝိဟာရကျောင်းမှာ တိတ်တဆိတ် ပင့်ဆောင်ဝှက်ထားခဲ့ရတယ်။ ၁၅၉၂ ခုနှစ်မှာ နန်းတော်နဲ့ တွဲလျက် နှစ်ထပ်အဆောက်အအုံ စွယ်တော်တိုက်ကို တည်ဆောက်ပြီး ကိုးကွယ်ခဲ့ ပါတယ်။

အဲဒီ ရှေးဟောင်း စွယ်တော်တိုက်က ကန္ဒီရေကန်နားမှာ ယနေ့မြင်တွေ့နေရတဲ့ မြတ်စွယ်တော်တိုက်ရဲ့ အတွင်းအကျဆုံး အဆောက်အအုံဖြစ်ပါတယ်။ မြတ်စွယ်တော်တိုက်ဟာ ၁၉၈၈ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်းခဲ့ပါတယ်။

နေ့စဉ် စွယ်တော်တိုက်ကို လာရောက်ဖူးမြော်သူပေါင်း အလွန် များ ပြားတဲ့အတွက် လုံခြုံရေးကိုလည်း အလေးပေး ဆောင်ရွက်ထားကြရပါတယ်။ ၁၉၉၈ ခုနှစ်မှာ စွယ်တော် တိုက်ရဲ့ အဓိက ဝင်ပေါက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နောက်ပိုင်း မှာ ပိုပြီးတင်းကျပ်သွားပါတယ်။

ဘုရားဖူးသွားတဲ့အခါမှာ  စွယ်တော်ကို တိုက်ရိုက်ဖူးတွေ့ခွင့်ရမှာတော့ မဟုတ်ပါဘူး။ ဓာတ်တော်တွေထားတဲ့ ထုံးစံအတိုင်း ရွှေကြုတ်နဲ့ ထည့်ထားတာကို သုံးမီတာလောက်ကနေ တန်းစီပြီး ခပ်မြန်မြန် ဖူးမြော်ကြရတာ။ စွယ်တော်ကြုတ် ရှေ့မှာ ၁၅ စက္ကန့်လောက် ပိုကြာကြာရပ်နေမိ တယ်ဆိုရင်တော့ လုံခြုံရေးဝန်ထမ်းက လာပြီးပြောပါလိမ့်မယ်။ ရွှေတိဂုံစေတီတော်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်းပါပဲ။ စွယ် တော်တိုက်မှာလည်း စကတ်တို၊ ချိုင်းပြတ်တွေ ဝတ်လာတယ်ဆိုရင် ဝင်လို့ရမှာ မဟုတ်ပါဘူး။

ကန္ဒီရေကန်ရဲ့ တစ်ဖက်မှာတော့ ပီရဒေနိယရုက္ခဗေဒဥယျာဉ်ကြီးရှိပါတယ်။ ဟက်တာပေါင်း ၆ဝ လောက်ရှိတဲ့ ဘုရင့်တော်ဝင် ဥယျာဉ်ကြီးကို အခုအခါမှာ လူထုအတွက် ဖွင့်လှစ်ပေးလိုက်ပါပြီ။ အဲဒီမှာ သစ်ခွမျိုးစုံကို စုဆောင်းထားလို့ လှလှပပတွေ့မြင်နိုင်ပါတယ်။ အုန်းပင်တန်း၊ ရာဘာပင်တန်း၊ ဝါးရုံပင်တန်းတွေအပြင် ၁၉၅ဝ ပြည့်လွန်နှစ်များက စိုက်ပျိုးထားတဲ့ အပင်တွေလည်း ရှိနေပါတယ်။

သစ်ရိပ်ဝါးရိပ်ကောင်းတဲ့ ဥယျာဉ်ကြီးထဲကို အေးအေးလူလူ လမ်းလျှောက်နေမယ်ဆိုရင်တော့ သုံး၊ လေးနာရီလောက် ကြာနိင်ပါတယ်။ တကယ်လို့ ကန္ဒီမြို့ကို စွယ်တော်လှည့်ချိန်မှာ မရောက်ဘူးဆိုရင် လည်း အကအလှတွေကိုကြည့်ဖို့ လက်လွတ်မယ်လို့တော့ မဆိုနိုင်ပါဘူး။ မြို့ထဲကို မေးကြည့်ကြည့်ရင် ကပွဲနဲ့ ဒရမ်တီးပွဲတွေက ရှိနေတတ် ပါတယ်။

တကယ်လို့ ကိုယ်က ကန္ဒီကို အလည်အပတ်သွားသူ တစ်ဦးဆိုရင် ခုန်ပေါက်ပြီး တီးခတ်တတ်တဲ့ ဒရမ်သမားတွေနဲ့ ကဒေါင်းပုံဝတ်ဆင်ပြီး လှလှပပကနေတဲ့ မြင်ကွင်းတွေကိုတွေ့ရအောင် အားထုတ်ကြည့်ဖူးမှသာ ကန္ဒီရဲ့ အတွင်းသဘောကို မြင်ရသူ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။

 

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.