14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ရွှေရောင်နာရီစင် ရှိတဲ့မြို့

မြန်မာတွေအနေနဲ့ ချင်းမိုင်မြို့တို့၊ ရွှေတြိဂံဒေသတို့ဆိုရင် အလွယ်တကူ ရင်းနှီးပြီးသားဖြစ်မှာပါ။ သူတို့ရဲ့ကြားမှာ ရွှေရောင်နာရီစင်နဲ့ ချင်းရိုင်မြို့ကိုတော့  မြန်မာတွေကြားမှာ သိပ်အပြောမများပေမယ့် အိမ်နီးချင်းနိုင်ငံကို ဘုရားဖူးထွက်လေ့ရှိသူတွေကတော့ ပိုပြီးသိကြပါတယ်။ ချင်းမိုင်နဲ့ အမည်ချင်း ခပ်ဆင်ဆင်တူတဲ့ ချင်းရိုင်ဆိုတာက ထိုင်းနိုင်ငံမြောက် ဖျားပိုင်းက မြို့လေးပါ။ ချင်းရိုင်ပြည်နယ်က ချင်းရိုင်မြို့ပေါ့လေ။

၁၂၆၂ ခုနှစ်က မန်ဂရိုင်း ဘုရင် တည်ထောင်ခဲ့ပြီး အဲဒီမင်းဆက်ရဲ့ မြို့တော်ဖြစ်လာပါတယ်။ နောက်ပိုင်း မှာ မြန်မာဘုရင်တွေနဲ့ စစ်မက်ဖြစ် ပွားပြီး ရာစုနှစ်နဲ့ချီပြီး မြန်မာ့လက် အောက် ကျရောက်ခဲ့ပါတယ်။ ၁၇၈၆ ခုနှစ်မှာတော့ ချင်းရိုင်ဟာ ချင်းမိုင်လက်အောက်ခံမြို့အဖြစ် ထားခဲ့ပါတယ်။ ၁၈၉၉ ခုနှစ်မှာ ထိုင်းက ချင်း မိုင်မြို့ကို သိမ်းပိုက်လိုက်ပြီး ၁၉၃၃ ခုနှစ်ရောက်တော့  ချင်းရိုင်ကို ထိုင်းနိုင်ငံရဲ့ ပြည်နယ်တစ်ခုအဖြစ်  ကြေညာလိုက်ပါတယ်။

ချင်းရိုင်က ဘန်ကောက်မြို့ မြောက်ပိုင်း ၈၆ဝကီလိုမီတာမှာရှိပြီး ချင်းမိုင်မြို့ရဲ့ အရှေ့မြောက်ဘက် ၆၂ ကီလိုမီတာမှာ ရှိပါတယ်။ မြန်မာ့ နယ်စပ်နဲ့မယ်ဆိုင်ရဲ့ တောင်ဘက်မှာ ကီလိုမီတာ ၆ဝ လောက်အကွာက ချင်းရိုင်ဟာ လာအိုမြို့ ဖြတ်ဆင်းလာတဲ့ မဲခေါင်မြစ်ကမ်းပါးက ချင်းဆန်းမြို့နဲ့တော့ ၃၇ ကီလိုမီတာ ကွာပါတယ်။ ထိုင်း၊ မြန်မာ၊ လာအိုဆိုတဲ့ ရွှေတြိဂံဒေသနဲ့ဆိုရင်တော့ ၅၅ ကီလိုမီတာအကွာမှာ ရှိပါတယ်။ ချင်းရိုင်ဟာ ရွှေတြိဂံအနီးမှာ ရှိတာကြောင့် တစ်ချိန်ကဆိုရင် ဘိန်းကုန်သွယ်ရာ ဗဟိုချက်နေရာ ဖြစ်ခဲ့ဖူးပါတယ်။

ချင်းရိုင်ကို ချင်းမိုင်ကနေ ဘက်စ်ကားစီးရင် သုံးနာရီလောက်စီးရပါတယ်။ ချင်းရိုင်ပြည်နယ်ဟာ အိမ်နီးချင်းခရိုင်တွေအထိ ကျယ်ပြန့်ပြီး အိမ်ခြေ ၁ ဒသမ ၁သန်းလောက်ရှိပါတယ်။ အဲဒီထဲက ၁၂ ဒသမ ၅ ရာခိုင်နှုန်းကတော့ တောင်တန်းတွေပေါ်မှာ နေထိုင်ကြပါတယ်။ ချင်းရိုင်မြို့ပေါ်မှာ ၂ဝ၁၂ ခုနှစ်က လူဦးရေ  ခုနစ်သောင်းလောက်ရှိခဲ့ပေ မယ့် အခုအချိန်မှာတော့ နှစ်သိန်းလောက် ရှိနေပါပြီ။ မဲခေါင်မြစ် ကမ်းပါးပေါ် တည်ရှိတဲ့ မြို့ရဲ့ မြောက်ပိုင်းမှာ မဲခေါင်မြစ်က ရစ်ခွေစီးဆင်းနေပါတယ်။ လာအိုမြစ်ကတော့ ချင်းရိုင်ရဲ့တောင်ဘက်ကို ဝန်းရံထားပါတယ်။

ဒါကြောင့်လည်း ချင်းရိုင် မြစ်ကမ်းပါးဟာ ပူပြင်းတဲ့ရာသီဆိုရင် ပျော်ပွဲစားထွက်ရာ နေရာဖြစ်လာပါတယ်။ ရေကြောင်းခရီးနဲ့ ချင်းရိုင်ကို အရောက်သွားမယ်ဆိုရင်တော့ မြစ်ကမ်းနှစ်ဖက်စလုံးမှာ သာယာတဲ့ ရှုခင်းတွေက ငေးမဆုံးအောင် လှပစွာရှိနေပါတယ်။ ချင်းရိုင်နားက တောင်တန်းတွေပေါ်မှတော့အခါ၊ လီဆူး၊ လာဟူနဲ့ ကရင်အစရှိတဲ့ လူမျိုးစုတွေရဲ့ ရွာတွေရှိပါတယ်။ 

ချင်းရိုင်ဟာ မြေနုလွင်ပြင်တစ်ဝက် တောင်တန်းတစ်ဝက် ခွတည်ထားတဲ့မြို့လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် အနောက်နဲ့ အနောက်မြောက်ပိုင်းမှာမြို့ကို ဝန်းရံထားတဲ့ ထုံးကျောက်တောင်တွေဟာ အလွန် မတ်စောက်နေတဲ့အတွက် အဲဒီအပိုင်းမှာမြို့ကို အနားသတ်ပေး လိုက်သလို ဖြစ်သွားပါတယ်။ တောင်ပေါ်က လူမျိုးစုရွာတွေနဲ့ ချင်းရိုင်ကိုလည်း အနေဝေးအောင် တမင်ပိုင်း ခြားလိုက်သလို ဖြစ်နေတော့တာပါပဲ။

ချင်းရိုင်မှာ ဧပြီကနေ အောက်တိုဘာလအထိ မိုးရာသီဖြစ်နေပြီး မိုးများတတ်ပါတယ်။ ကျန်တဲ့လတွေက ဆောင်းရာသီဆိုပေမယ့် သိပ်မအေးလှပါဘူး။ နွေးထွေးခြောက်သွေ့ နေတတ်ပြီး တစ်ရက်ကို ပျမ်းမျှ အပူချိန် ၉၄ ဒသမ ၈ ဖာရင်ဟိုက်လောက်အထိ  ပူတတ်ပါတယ်။

မြို့အနှံ့မှာရှိတဲ့ စေတီ၊ ဘုရားကျောင်းတွေက ခရီးသွားတွေကို ဆွဲဆောင်တဲ့ အရာတွေဖြစ်သလို မြို့လယ်က ညဈေးကြီးကလည်း ရောက်ဖူးသူတိုင်း ဝင်မွှေလေ့ရှိတဲ့ နေရာတစ်ခုပါ။ အဲဒီမှာ လက်ဆောင်ပစ္စည်းတွေနဲ့ ဒေသထွက်ကုန်တွေ ဝယ်ယူနိုင်ပြီး ယဉ်ကျေးမှုပြပွဲတွေကတော့ အခမဲ့ကြည့်ရှုခံစားနိုင်ပါတယ်။ အဲဒီမှာ စားသောက်ဆိုင်ချည်းပဲ ဆိုင်၎ဝ လောက် ရှိပါတယ်။

ခြင်္သေ့တောင်မှာတော့  ဗုဒ္ဓလိုဏ်ဂူနဲ့သဘာဝလိုဏ် တစ်ခုစီရှိနေပါတယ်။ တောင်ရဲ့တောင်ဘက်ပိုင်းဟာ မဲခေါင်မြစ်နဲ့ အပြိုင်ရှိနေပြီး အပျော်ခြေလျင် ခရီးထွက်ကြသူတွေ လမ်းများတဲ့နေရာလို့ ဆိုနိုင်ပါတယ်။

စနေ့နေ့ ညတွေဆိုရင် မြို့လယ်ကောင်ရဲ့ မြောက်ဘက်ကလမ်းကို လမ်းလျှောက်ထွက်လိုက်ရင်ရာနဲ့ချီတဲ့ ဒေသခံတွေ ရောင်းချနေတဲ့ လက်မှုပစ္စည်းနဲ့ စားစရာတွေကို မြင်တွေ့နိုင်ပါတယ်။ ရိုးရာအကတွေ လည်း ရှုမောနိုင်ပါသေးတယ်။

ချင်းရိုင်ကို သွားရောက် လည်ပတ်သူတွေ အဓိကထားတဲ့ နေရာကတော့ Rong Khun လို့ခေါ်တဲ့ ဘုရား ကျောင်းပဲဖြစ်ပါတယ်။ ကျောင်းတော်ကြီးသာမက တံတိုင်းများကအစ အဖြူရောင်ချည်းသာဖြစ်တာမို့ နိုင်ငံခြားသားတွေရဲ့  ပါးစပ်ဖျားမှာ  ဘုရားဖြူရယ်လို့ ရေပန်းစားနေပါ တယ်။

အဲဒီ ဗုဒ္ဓဘာသာ ဘုရားကျောင်းတော်ကြီးကို Chaloemchai Kositpipat ဆိုသူက ဒီဇိုင်းထုတ် တည် ဆောက်ခဲ့ပါတယ်။ ဘုရားကျောင်းဖြူရဲ့ လက်ရာဟာ ထိုင်းနိုင်ငံတစ်ခုလုံးမှာတော့ ထိပ်တန်းလက်ရာလို့ ဆိုနိုင်တယ်။ ဒီဇိုင်းဖန်တီးသူက ကျောင်းတော်ရဲ့မျက်နှာစာ၊ ဝင်ပေါက်နဲ့အမိုးတွေအထိ အကော့အညွတ်တွေနဲ့ စိတ်ရှည်လက်ရှည် ဆန်းဆန်းပြားပြား ပုံဖော်ပေးထားပါတယ်။

ချင်းရိုင်မြို့လယ်မှာရှိတဲ့ ရွှေရောင်နာရီစင်ကတော့ မြို့ရဲ့အဓိက အထိမ်းအမှတ်တစ်ခုပါ။ နာရီစင်ကို ဒီဇိုင်းထုတ်တဲ့ သူက ဘုရား ကျောင်းဖြူကို ပုံစံထုတ်တဲ့သူဖြစ်လို့  နာရီစင်ဟာ ကျောင်းတော်ရဲ့အသွင် တစ်စိတ်တစ်ပိုင်းကို မြို့လယ်မှာ ပြန်မြင်ရသလိုပါပဲ။  ဒါကြောင့် အခြားနာရီစဉ်တွေလိုမဟုတ်ဘဲ ဘုံအဆင့်အဆင့်နဲ့ ဘာသာရေး ကျောင်းဆောင်သဖွယ် ဖြစ်နေရတာတွေ့ရပါတယ်။ ကျောင်းတော်က ဖြူဖြူစင်စင်၊  နာရီစင်က ရွှေရောင် ဝင်းဝင်း ဖြစ်နေတာပဲ ကွဲပြားတယ်။

မြို့လယ်တိုင်းက လမ်းဆုံအလယ်မှာရှိတတ်တဲ့  နာရီစင်တွေလိုပဲ ရွှေရောင်နာရီစင်ကလည်း ယာဉ်ကြောအတွက် အဝိုင်းပတ်ဖို့ ဖြစ်လာပါတယ်။

ဘုရားကျောင်းဖြူကနေ မိနစ်သုံးဆယ်လောက်သွားရင် ရောက်တဲ့ ဘုရားကျောင်းကိုတော့ ကျောင်းတော်အမည်းလို့ နာမည်တွင်ပါတယ်။ Baan Dan Museum ဒါမှမဟုတ် အိမ်မည်းကျောင်းလို့လည်း ခေါ်ပါသေးတယ်။ အမည်နဲ့လိုက်အောင် အရောင်မည်းမည်းဖြစ်ပြီး ကျောင်းတော်လို့ခေါ်ပေမယ့် ဘာသာရေးနဲ့တော့  မသက်ဆိုင်လှပါဘူး။ တစ်ချိန်က ချင်းရိုင်က ဒေသခံအနုပညာသည် Thawan Duchanee ရဲ့အိမ်နဲ့ စတူဒီယို ဖြစ်ခဲ့ဖူးပါတယ်။ သူ့ခေတ်သူ့အခါက သူရဲ့ ပန်းချီလက်ရာတွေဟာ မျက်စိနောက် လောက်အောင်နဲ့ အနုပညာ သီအိုရီ တိုက်ပွဲတွေမှာ အငြင်းပွားမှုများလောက်အောင် လူပြောသူပြောများခဲ့ပါတယ်။ နောက်ဆုံး သူနေခဲ့တဲ့ အိမ်ရဲ့ အသွင် အပြင်ကအစ စည်းအပြင်ကလူလို တစ်မူထူးခြားနေခဲ့ပါတယ်။ အခုအ ချိန်မှာတော့ သူ့ဘဝဇာတ်ကြောင်းနဲ့ သူ့အပေါ် နားလည်ချင်ရင် သွားကြည့်ရမယ့် နေရာတစ်ခုသာမက ပြတိုက်တစ်ခုအဖြစ်ပါ အသွင်ပြောင်း သွားခဲ့ပါပြီ။

အနုပညာရှင် Thawan Duchane ရဲ့ အိမ်မည်းဟာ သစ်သား၊ မှန်၊ ကွန်ကရစ်၊ အုတ်၊ စဥ့်တွေနဲ့ ထူးထူးခြားခြား မြေစိုက်အိမ်ငယ် အလုံး ၄ဝ တစ်စုတည်း တည်ရှိနေပါတယ်။ ပြတိုက်ဖြစ်သွားတာကြောင့် ကမ္ဘာအရပ်ရပ်က ပန်းချီလက်ရာတွေ၊ ရုပ်တုတွေအပြင်၊ တိရစ္ဆာန်ပေါင်းစုံရဲ့ အရိုး၊ ဦးချို၊ အရေခွံတွေပါ ပြသထားပါတယ်။ ငွေထည် ရွှေထည်တွေလည်း အမြောက်အများ စုဆောင်း ပြသထားပါတယ်။ အချို့အိမ်တွေမှာဆိုရင် အယုဒ္ဓယကာလ ဗမာတိုရဲ့ အနုပညာလက်ရာနဲ့ ဗိသုကာ လက်ရာတွေကိုပါမြင်တွေ့နိုင်ပါသေးတယ်။

ချင်းရိုင်မှာ စိတ်ဝင်စားဖွယ် ဘုရားကျောင်းတွေထဲမှာ Wat Phra Kaeo ကျောင်းတော်ကလည်း တစ်ကျောင်း အပါအဝင်ပါပဲ။ အဲဒီမှာ ကိန်းဝပ်စံပယ်တဲ့ ဗုဒ္ဓမြဆင်းတု တော်ဟာ ၁၄ရာစုက လက်ရာဖြစ်ပြီး လာရောက်ဖူးမြော်သူ များပြားလှပါတယ်။

၁၄၃၂ ခုနှစ် မန်ဂရိုင်းမင်းဆက်ထဲက ဘုရင် Sam Fang Kaen (၁၄ဝ၂-၁၄၄၁) စိုးစံချိန်က လှုပ်ခတ် ခဲ့တဲ့ငလျင်ကြောင့် Wat Phra Kaeo ဘုရားကျောင်းက မြေအချို့ အက်ကွဲရာကနေ မြဆင်းတုတော်တစ်ဆူ ပေါ်တော်မူခဲ့ပါတယ်။ ပါးစပ်ရာဇဝင်တွေအရတော့ တစ်ချိန်က တိုင်းပြည်မှာ သူခိုးဓားပြရန် ထူပြောချိန်မှာ မြဆင်းတုတော်ကို မြေကြီးနဲ့မံပြီး ဝှက်ခဲ့ကြရာက ငလျင်ကြောင့် ပြန်ပေါ်လာတယ်လို့ ဆိုကြတယ်။

လာရောက်ဖူးမြော်သူတွေ ရှိပေမယ့် ကျောင်းတော်ထဲမှာ မြင်တွေ့ရတဲ့ မြဘုရားဟာ မူလဘုရားထက် ဥာဏ်တော် တစ်မီလီမီတာ ပိုနိမ့်တဲ့ ပုံစံတူရုပ်ပွားတော်ပဲ ဖြစ်ပါတယ်။ သမိုင်းဝင် မြဘုရားအစစ်ကတော့ ဘန်ကောက်မြို့မှာ ထင်ရှားတဲ့ မြ ဘုရားပဲဖြစ်ပါတယ်။

မြို့နဲ့ ငါးကီလိုမီတာအကွာက မယ်ဖလန်း အနုပညာနဲ့ ယဉ်ကျေးမှု ဥယျာဉ်မှာတော့ ရေကန်သာတွေ များများစားစားနဲ့ အေးမြနေပါတယ်။ ရှမ်းလူမျိုးတို့ရဲ့ ဟန်နဲ့တူဖော်ထားတဲ့ ရေအိုင်ငယ်လေးတွေက တော်တော် များများမှာ နေရာယူထားပါတယ်။

ချင်းရိုင်ခရိုင်ကို ရောက်ရင်တော့ သူ့ရဲ့ဧရိယာထဲက Choui Fong လက်ဖက်စိုက်ခင်းကလည်း ကွေ့ဝိုက်နေတဲ့ လက်ဖက်ခင်းတွေနဲ့ ခရီးသွားတွေ အကြိုက်တွေ့တဲ့ ရှုခင်းလည်း ဖြစ်နေပါတယ်။ ရာစုနှစ် တစ်ဝက်လောက် သက်တမ်းရှိပြီဖြစ်တဲ့ အဲဒီလက်ဖက်စိုက်ခင်းက ရိုးရာလက်ဖက်တွေထဲမှာ  အရည်အသွေးမြင့်လို့ နာမည်ကျော်နေပါတယ်။ တကယ်တမ်းပြောရရင် Choui Fong စိုက်ခင်းဟာ မယ်ဖလောင်နယ်  (Mae Fah Luang) မယ်ချန်း  (Mae Chan) နဲ့ သာဒ်ထိုင်း  (Therd-tai ) စီရင်စုတွေပေါ်မှာခွပြီး ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေတာပါ။

ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၁၂ဝဝမှာတည်ရှိတဲ့ လက်ဖက်စိုက်ခင်းကို လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး လည်ပတ်ခွင့် ဖွင့်လှစ်လိုက်တဲ့ နောက်ပိုင်းခရီးသွားတွေ အဝင်အထွက်များလာပါတယ်။ အခုဆိုရင် စားသောက်ဆိုင် နဲ့ ကိတ်မုန့်ဆိုင်တွေပါ ရှိနေပါတယ်။ ဒါ့အပြင် Choui Fong လက်ဖက်စိုက်ခင်းဟာ ရုပ်သံဒရာမာ ဇာတ်လမ်းတွဲတွေ လာရောက်ရိုက်ကူးတဲ့ နေရာဖြစ်လာတာကြောင့်လည်း လူသိပိုများလာတယ်လို့ဆိုရင်လည်း မမှားပါဘူး။

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.