18-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1046
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
တိုးတက်ရှင်သန်လာတဲ့ အမေရိကန်စီးပွားရေး

အမေရိကန်သမ္မတ Donald Trump ဟာ သူထင်တာမြင်တာကို စွတ်စွတ်ပြောတတ်တော့ သူပြောသမျှကို လူတွေက အကြွင်းမဲ့ မယုံကြည် တစ်လောက သူ့ရဲ့လုပ်ဆောင်ချက်ကြောင့် အမေရိကန်စီးပွားရေးဟာ အဘက်ဘက်က တိုး တက်လာခဲ့တယ်လို့ ကြွားလုံးထုတ်ခဲ့တယ်။ ဒါပေမယ့်  လူအများက သိပ် မယုံကြည်ကြဘူး။ ဟုတ်မှ ဟုတ်ပါ့မ လားလို့ပေါ့။

ဒီလိုဆိုပေမယ့် အမေရိကန် စီးပွားရေးကို မျက်စိဒေါက်ထောက်ကြည့်နေကြတဲ့ စီးပွားရေးသမားတွေနဲ့ ဘောဂဗေဒပညာရှင်တွေက ဒီတစ်ခါ ထရန့်ပြောတာ တကယ်အမှန်ပါပဲလို့ ထောက်ခံပြောဆိုခဲ့ကြတယ်။ အမေရိကန်စီးပွားရေး တကယ်ပဲအဘက်ဘက်က ကောင်းမွန်လာပါတယ်တဲ့။ သို့ပေမယ့် ထရန့်ရဲ့ လုပ်ဆောင်ချက်ကြောင့် အမေရိကန်စီးပွားရေး ကောင်းလာတယ်လို့တော့ အပ်ကျမပ်ကျပြောဖို့ ခက်ပါ တယ်လို့ ဆိုကြတယ်။

ဟုတ်ပါတယ်။ အမေရိကန် စီးပွားရေးက ကောင်းမွန်လာတယ်။ စီးပွားရေး လုပ်ငန်းတွေရဲ့ ယုံကြည်မှုက မြင့်တက်လာတယ်။ အလုပ်အကိုင်တွေကလည်း ဖောခြင်းသောခြင်း။ နိုဝင်ဘာလအတွင်းမှာ လယ်ယာနဲ့ မပတ်သက်တဲ့ ကုမ္ပဏီများမှာ နောက်ထပ်လုပ်သား ၂၂၈ဝဝဝ တိုးမြှင့်ခန့်ထားနိုင်ခဲ့ကြတယ်။ အခုတော့ အလုပ်လက်မဲ့နှုန်း (Unemploymentrate) က ၄ ဒသမ ၁ ရာခိုင်နှုန်း ပဲရှိတယ်။ ဒါက ဆယ်နှစ်ကာလအတွင်း အနိမ့်ဆုံး ကိန်းဂဏန်းဖြစ်ပါ တယ်။ အလုပ်အကိုင်က ပေါများလာ တော့ လုပ်သားဈေးကွက်ထဲ ဝင်ရောက်လာကြတဲ့ လူငယ်လူရွယ်များ ကလည်း မြင့်တက်လာတယ်။ အထူး သဖြင့် လုပ်ခအနည်းဆုံး ရရှိကြတဲ့ လုပ်သားတွေရဲ့လုပ်ခက သိသိသာသာ မြင့်တက်လာတယ်။

ကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ထွက် ပေါ်လာတိုင်း ထရန့်က ''ဒါဟာ ငါ့ ကြောင့်''လို့ ဆိုတယ်။ S&P 500 အညွှန်းကိန်းအထွတ်အထိပ်ရောက် လာတိုင်းမှာလည်း ထရန့်က ''ဒါကလည်း ငါ့ကြောင့်''လို့ ကြွေးကြော်တတ်တယ်။ ဘောဂဗေဒ ပညာရှင်များရဲ့ အမြင်မှာတော့ ထရန့်ဟာ ကံကောင်းတယ်လို့ဆိုတယ်။ အရင် အစိုးရရဲ့ ကောင်းမွေကို ဆက်ခံလိုက် ရခြင်းဖြစ်တယ်လို့ ထောက်ပြကြ တယ်။ ထရန့်ရဲ့ ရွေးကောက်ပွဲပြီးတဲ့နောက် ဈေးကွက်ဟာ ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်။ ၂ဝဝ၉ နှစ်မှစပြီး ဈေးကွက်ဟာ တစ်စတစ်စမြင့်တက်လာခဲ့တာ အခုတော့ ၁၉၅ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်တဲ့။

အလုပ်လက်မဲ့နှုန်းဆိုရင်လည်း ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေးပြဿနာတက်စက ၁ဝ ရာခိုင်နှုန်းအထိ မြင့် တက်ခဲ့ပြီး အိုဘားမား လက်ထက် မှာ ၄ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီးနောက် အခု ထရန့်လက်ထက်မှာ ၄ ဒသမ ၁ ရာခိုင်နှုန်းအထိ ဆက်လက်ကျဆင်းလာခဲ့ခြင်းဖြစ်တယ်လို့ ထောက်ပြကြတယ်။ ထရန့်ဟာ သူသမ္မတဖြစ်လာပြီး နောက်ပိုင်းမှာ မလိုအပ်တဲ့ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးစည်းမျဉ်းစည်း ကမ်းတွေကို လျှော့ချခဲ့တယ်။ အခုအခါ ကော်ပိုရိတ်အခွန်များကိုလည်း ဖြတ်တောက်လျှော့ချလိုက်တယ်။ ဒီလိုဆိုတော့ အမေရိကန်ဂျီဒီပီဟာ သုံးရာခိုင်နှုန်းသို့ မြင့်တက်သွားနိုင် ခြေရှိတယ်။ လောလောဆယ် ဂျီဒီပီ တိုးတက်မှုနှုန်းက နှစ်ရာခိုင်နှုန်း အောက်မှာပဲရှိတယ်။ ဒါပေမယ့် ထရန့်ဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းစဉ်က သူ့အနေနဲ့ ဂျီဒီပီကို လေးရာခိုင်နှုန်းအထိ မြင့်တက်လာအောင် ဆောင်ကြဉ်းမယ်လို့ ဆိုခဲ့ပါတယ်။ ဒီလိုဆိုရင်တော့ သမ္မတကြီးအနေနဲ့ နောက်ထပ်ကြိုးပမ်းဖို့ လိုသေးတယ်။

ထရန့်ကို ဝေဖန်ပုတ်ခတ်ကြသူတွေက စီးပွားရေးကောင်းလာပြီဆိုတာကို လက်မခံချင်ကြဘူး။ သူတို့က စတော့ဈေးကွက်ဟာ သိပ်ပြီးတန်ဖိုးမြင့်လွန်းအားကြီးတယ်လို့ မြင်ကြတယ်။ ဒါဟာ အန္တရာယ်ရှိတယ် လို့ သူတို့က ထောက်ပြကြတယ်။ အမေရိကန်စီးပွားရေးကလည်း အင် မတန်ချဲ့ကားလွန်းတယ်။ ချဲ့ကားလာမှုဟာ အခုဆိုရင် ၁ဝ၂ လမြောက်ခဲ့ ပြီ။ ဒီလိုချဲ့ကားမှုကလည်း တစ်ချိန်တော့ တုံ့ဆိုင်းယိမ်းယိုင်သွားနိုင်တယ်လို့ သူတို့ကဆိုတယ်။ အမေရိကန် စီးပွားရေးအောင်မြင်နေတာ ထရန့်ကြောင့်ဆိုတာကလည်း အဓိပ္ပာယ်မရှိဘူးလို့ သူတို့က ထောက်ပြတယ်။ ဒါပေမယ့် သူတို့ကဘာပဲပြောပြော စီးပွားရေး တိုးတက်ကောင်းမွန်လာတာကိုတော့ လက်လှမ်းကြိုဆိုကြရ မှာပါ။

အခြားတစ်ဖက်ကကြည့်ရင် တကယ်တော့ အမေရိကန်တစ်နိုင်ငံသာ ကမ္ဘာပေါ်မှာစီးပွားရေး ကောင်းမွန်ချဲ့ကား နေတာ မဟုတ်ပါဘူး။ အာရှ၊ ဥရောပနဲ့ အမေရိကားတိုက်မှာလည်း စီးပွားရေးက ကောင်းမွန် နေတာပါ။

မကြာသေးမီကပဲ ယူရိုဇုန်မှာ စိတ် ပျက်စရာကောင်းလောက်အောင် စီးပွားရေးကျဆင်းနေခဲ့တယ်။ ခုတော့ သူတို့ရဲ့ စီးပွားရေး ၂ ဒသမ ၅ ရာခိုင် နှုန်း ဝန်းကျင်နဲ့ တိုးတက်လာတယ်။ ဒါပေမယ့် ယူရိုဇုန်ရဲ့ လူဦးရေ တိုးတက်မှုက အင်မတန်နှေးကွေးနေတယ်။ ဒါက တစ်ချိန်မှာ ပြဿနာ တက်လာနိုင်တယ်။

အမေရိကန် စီးပွားရေး တိုးတက်ချဲ့ကားမှုဟာ တောက်လျှောက်ဖြစ်နေတယ်။ ၂ဝ၁၈ ခုနှစ်မှာလည်း ဆက်လက်ပြီး တိုးတက်နေခဲ့မယ်ဆိုရင် အခုလိုတိုးတက်ချဲ့ကားမှုဟာ အမေရိကန်နိုင်ငံမှာ အရှည်ကြာဆုံး ချဲ့ကားတိုးတက်မှု ဖြစ်နိုင်တယ်။  ဒီလို စီးပွားရေးတိုးတက်ကောင်းမွန် လာပြန်တော့လည်း အန္တရာယ်ကရှိတယ်။ စီးပွားရေး အပူရှိန်မြင့်မား လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်အကိုင်ဈေးကွက်မှာ တစ်ဆို့လာနိုင်တယ်။ ဒါမှမဟုတ် အမေရိ ကန် ဗဟိုဘဏ်က အပူရှိန်သိပ်မြင့်မားလာမှာ စိုးရိမ်ပြီး အဟန့်အတားတွေ ဝင်ရောက်လုပ်လာနိုင်တယ်။ စီးပွားရေးတိုးတက်မှု ရှည်ကြာလာတာနဲ့အမျှ ဘဏ္ဍာရေး ဟန်ချက်မညီမှုတွေကို မြင်တွေ့လာကြရနိုင်တယ်။ ပမာအားဖြင့် ကြွေးမြီတွေ တရားလွန်မြင့်တက်လာမယ် (excess debt) ဒါမှမဟုတ် အက်ဆက်ဈေးနှုန်းတွေ အမြှုပ်တစီစီထလာမယ် (Fronthy asset Prices )။ ခုတောင် အချက်ပြမီးနီက တလက်လက်ဖြစ်လာပြီ။ ဥပမာ ရေရှည်နဲ့ ရေတိုအတိုးနှုန်းများအကြား ကွာဟမှုဟာ ကျဉ်းမြောင်းလာတယ်။ စီးပွားရေးတစ်ခုကျဆင်းတော့မယ်ဆိုရင် ဒါမျိုးကို မြင်တွေ့လာရတတ်တယ်။

ဒါပေမယ့် ဘောဂဗေဒပညာရှင်  အချို့ကတော့  စီးပွားရေးအပူရှိန်သိပ် မြင့်တက်မလာနိုင်ဘူးလို့ တွက်ချက် ကြပြန်တယ်။ သူတို့က  ငွေဖောင်းပွ မှုည်ူအေငသည ကို ကြည့်တယ်။ ၂ဝ၁၇ ခုနှစ်မှာ ငွေဖောင်းပွမှုကနည်းတယ်။ လုပ်ခကလည်း မြင့်တော့ မြင့်တက်လာတယ်။ ဒီလိုဆိုပေမယ့် ငွေဖောင်း ပွမှု ဖြစ်လာနိုင်တဲ့ အရိပ်လက္ခဏကိုတော့ မတွေ့ရပါဘူးတဲ့။ ငွေဖောင်းပွမှု မြင့်တက်လာဖို့အတွက်ဆိုရင် လုပ်ခလစာဟာ ခုထက် အတော်များများ မြင့်တက်လာဖို့ လိုတယ်လို့ ဆိုကြတယ်။    

အမေရိကန်စီးပွားရေး ပိုကောင်းလာဖို့အတွက် အခွန်ကို ဖြတ်တောက်လျှော့ချတော့ ဘတ်ဂျက်မှာ လိုငွေပြမှုကပိုပြီး ကြီးမားလာမယ်။ လိုငွေအတွက် အမေရိကန်က သိပ်စိုးရိမ်စရာမရှိဘူး။ ဒေါ်လာတွေ ရိုက်နှိပ်ဖို့အတွက် ငွေစက္ကူပုံနှိပ်စက်တွေရှိတယ်။ အဓိကကတော့ ကော်ပိုရိတ်ခွန်တွေကို လျှော့ချတဲ့အတွက် ကုမ္ပဏီကြီးတွေနဲ့ သူဌေးကြီးတွေ အခြေအနေပိုကောင်းသွားမယ်။ ကုမ္ပဏီက အမြတ်အစွန်းပိုမိုရရှိလာနိုင်တယ်။ သူဌေးကြီးတွေကတော့  ပိုပြီးငွေစုဆောင်းလာနိုင်မယ်။ တကယ်တော့ အစိုးရက ကုမ္ပဏီတွေပိုပြီး ရင်းနှီးမြှုပ်နှံလာကြလိမ့်မယ်လို့ မျှော်လင့်တယ်။ ဘာပဲပြောပြော စီးပွားရေးသမားကြီးတွေက ထရန့်အပေါ် ပိုမိုယုံကြည်စိတ်ချလာနိုင်တယ်။

အမေရိကန်ဗဟိုဘဏ် Federal Reserve-fed ကတော့ အမေရိကန် စီးပွားရေးအခြေအနေနဲ့ အလားအလာကို စောင့်ကြည်အကဲခတ်လျက်ရှိတယ်။ စီးပွားရေးအပူရှိန် လွန်လွန်ကဲကဲမြင့်တက်လာရင်၊ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်ဆိုတာကို  ဗဟိုဘဏ်ကလည်း သိတယ်။ ဒီဇင်ဘာ ၁၃ ရက်က အတိုးနှုန်းကို တတိယအကြိမ် မြှင့်တင်ခဲ့ပါသေးတယ်။ အခု စီးပွားရေးချဲ့ကားမှု ကာလအတွင်း Fed က အတိုးနှုန်းကို မြှင့်တင်ခဲ့တာ ငါးကြိမ်ရှိပြီ။ အတိုးနှုန်းဟာ ၁ ဒသမ ၂၅ ရာခိုင်နှုန်းကနေ ခုတော့ ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ် သွားခဲ့ပါပြီ။ Fed ရဲ့ အတိုးနှုန်း သတ် မှတ်ရေးကော်မတီက ၂ဝ၁၈ ခုနှစ်အတွင်း နောက်ထပ်အတိုးနှုန်းကို သုံးကြိမ်မြှင့်တင်ဦးမယ်လို့ ကြိုတင် အသိပေးထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်စီးပွားရေးမှာ  ထူးထူးခြားခြားဖြစ်နေတာ တွေရှိတယ်။ စီးပွားရေးက တိုးတက် လာတယ်။ အလုပ်အကိုင်တွေ ပေါများလာတယ်။ လုပ်ခလစာမြင့်တက်လာတယ်။ ငွေဖောင်းပွမှုကတော့မဖြစ်ဘူး။ နိမ့်ကျနေတယ်။ ဒီအခြေအနေကို Fed က စိုးရိမ်တယ်။ ငွေဖောင်းပွမှုက ရုတ်တရက် ပေါ်ထွက်လာမှာကို ကြောက်လန့်တယ်။ ပြီးတော့ ဒီကနေ့ အလုပ်လက်မဲ့နှုန်း နိမ့်ကျနေတာလည်း ရေရှည်မတည်တံ့နိုင်ဘူးလို့ အတိုးနှုန်းသတ်မှတ်ရေး ကော်မတီကမြင်တယ်။ ဒါကြောင့် Fed က အတိုးနှုန်းကို တဖြည်းဖြည်း မြှင့်တင်နေရတယ်။ အမေရိကန် လူဦးရေဟာ သက်ကြီးလာတယ်။ ဒါ ကြောင့် ရေရှည်တည်တံ့နိုင်တဲ့ တိုးတက်မှုနှုန်းဟာ နှစ်ရာခိုင်နှုန်း လောက်ပဲဖြစ်နိုင်တယ်လို့ အများအားဖြင့် ခန့်မှန်းကြတယ်။ ထရန့် ပြောသလို လေးရာခိုင်နှုန်းတော့ မဖြစ်နိုင်ဘူးလို့ ဆိုချင်တာပါ။

လွန်ခဲ့တဲ့ သုံးလအတွင်းက အမေရိကန်စီးပွားရေးဟာ တစ်လမှာ ပျှမ်းမျှအားဖြင့် အလုပ်အကိုင် ၁၇ဝဝဝဝ ဖော်ဆောင် ဖန်ဆင်းပေးခဲ့တယ်။ ဒီလိုဆိုပေမယ့်လာမယ့် ဆယ်စုနှစ်တစ်ခုမှာ ၂ဝ၂၆ ခုနှစ်အထိ  ကာလအတွင်း အသက် ၂ဝ မှ ၆၄ နှစ်ရှိတဲ့ လူဦးရေဟာ တစ်လ ကို ၅ဝဝဝဝ လောက်လျော့နည်း တိုးပွားလာနိုင်တယ်။ ဒီတော့ အလုပ်အ ကိုင်မရှိမှုဟာ ကျဆင်းတော့မှာ မ ဟုတ်ဘူး။ ဒါကြောင့် ထုတ်လုပ်နိုင်စွမ်းကို မမြှင့်တင်နိုင်ရင် တိုးတက်ဖွံ့ဖြိုးမှုဟာ ကျဆင်းသွားနိုင်တယ်။  တကယ်လို့ အမေရိကန်ဗဟိုဘဏ် Fed က ငွေကြေးကို လျှော့ရဲရဲ ကိုင်တွယ်နေရင် ငွေ ဖောင်းပွမှုဟာ နောက်ဆုံးမှာတော့ မြင့်တက်လာတော့မှာပဲ။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးက အပူရှိန်မြင့်တက်လာ ပြီ။

အခုတစ်လော၊ အမေရိကန်မှာ အိမ်ထောင်စုများရဲ့ ငွေစုဆောင်းမှု ထိုးစိုက်ကျဆင်းသွားခဲ့မှုက စားသုံးမှု မြင့်မားလာခြင်းကို မီးထိုးပေးခဲ့တယ်။ အိမ်ထောင်စုများရဲ့ စုဆောင်းမှုဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ဂျီဒီပီရဲ့ ခြောက် ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။ ခုတော့ ဒီကနေ့မှာ ၃ ဒသမ ၂ ရာခိုင်နှုန်းပဲ ရှိတော့တယ်။ ၂ဝ၁၆ အစောပိုင်း တုန်းက ဒီပြဿနာကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်သူတွေက စားသုံးသူတွေဟာ သူတို့ရဲ့ စုဆောင်းငွေဆိုတာကို  သုံးဖြုန်းပစ်ခဲ့ကြတယ်လို့ ထောက်ပြခဲ့ကြတယ်။ သူတို့ရဲ့ စုံဆောင်းငွေဆိုတာကလည်း ရေနံဈေးနှုန်း နိမ့်ကျမှုကြောင့် စုမိဆောင်းမိခဲ့ကြတာဖြစ်တယ်။ ဒါပေမယ့် အခုတော့ ရေနံဈေးနှုန်းက ပြန်လည်မြင့်တက်လာတယ်။ သူတို့ စုဆောင်းမှုနှုန်းက ကျွမ်းထိုးမှောက်ခုံကျဆင်းသွားတယ်။

စုဆောင်းမှု ကျဆင်းသွားခြင်းဟာ စိတ်ပူပန်စရာကောင်းတယ်။ ဒါပေမယ့် စားသုံးသူများက ပျော်ရွှင် မြူးတူးနေကြတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်သားဈေးကွက်က တက်ကြွနေတယ်။ အိမ်ထောင်စုများရဲ့ အခြေအနေက ကောင်းနေတယ်။  အတိုးနှုန်းကလည်းနည်းတယ်၊ အမေရိကန်အိမ်ထောင်စုများရဲ့ ပေါင်နှံငွေချေးယူမှုရဲ့ အတိုးနှုန်းက ပုံသေဖြစ်တဲ့အတွက် အတိုးနှုန်း မြင့်မားလာခြင်းမရှိဘူး။ အိမ်ဈေးနှုန်း တွေကလည်း မြင့်တက်လျက်ရှိတယ်။ ၂ဝ၁၆ ခုနှစ် တတိယသုံးလပတ်မှာ အိမ်ဈေးနှုန်းက ၂ဝဝ၇ စံချိန်ကို ဖြတ်ကျော်တက်သွားခဲ့တယ်။ အဲဒီအချိန်ကစပြီး အိမ်ဈေးနှုန်းဟာ နောက်ထပ် ၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါသတဲ့။

ထရန့်ရဲ့ နိုင်ငံရေးက စီးပွားရေး လုပ်ငန်းများရဲ့ ယုံကြည်စိတ်ချရမှုကို မြှင့်တင်ပေးခဲ့တယ်။ ထရန့်ရွေး ကောက်ပွဲမှာ အနိုင်ရရှိခဲ့ချိန်ကစပြီး ကုမ္ပဏီငယ်များအကြားမှာ အကောင်းမြင်မှုက ဒီလှိုင်းပမာမြင့် တက်ခဲ့တယ်။ ရီပက်ဗလီကန်တွေက  အထက်လွှတ်တော်မှာ အခွန်ဥပဒေ ကို အတည်ပြုပေးခဲ့ပြီးတဲ့နောက် တစ်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စီအီးအိုတွေအကြား ယုံကြည်မှုဟာ အမြင့်ဆုံးရောက်သွားခဲ့တယ်။ ကော်ပိုရိတ်များရဲ့ အခွန်ပေးဆောင်ရမှုကို ဖြတ်တောက်လျှော့ချမယ်ဆိုတော့ စတော့ဈေးကွက်ကလည်း အရင်ကထက်ပိုပြီး ထောင်တက်သွားတယ်။ စတော့ဈေးကွက်ဟာ ၂ဝဝ၉ ခုနှစ်၊ မတ်လမှာ အောက်ဆုံးပြုတ်ကျခဲ့ပြီး နောက် ထရန့်သမ္မတဖြစ်လာချိန်မှာ  နှစ်စဉ် ၁၆ ရာခိုင်နှုန်းနဲ့ မြင့်တက် လာခဲ့တယ်။ အခုတော့ ၂၂ ရာခိုင် နှုန်း ဖြစ်နေပါပြီ။

စတော့ဈေးကွက်မြင့်တက်မှုက ရင်းနှီးမြှုပ်နှံသူတွေကို ကျေနပ်အားရ ဖြစ်စေတယ်။ ဒါပေမယ့် Fed ဘက်ကကြည့်ရင် စိုးရိမ်စရာကောင်းတယ်။ လျော့ရဲတဲ့ ငွေကြေးမူဝါဒက အက်ဆက်ပူဖောင်းများ asset bubbles ကို ဖောင်းပွစေတယ်။ သို့ပေမယ့် ခုတော့ ငွေဖောင်းပွမှုဟာ မျှော်လင့်ထားသလို ကြွတက်ဖောင်းပွမလာဘူး။ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါ ရီလမှာ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးအပြောင်းအလဲရှိတယ်။ လက်ရှိ Fed ဥက္ကဋ္ဌနေရာမှာ Jerome Powell ရောက်လာမယ်။ ထရန့်က Ms Yellen ကို သဘောမကျလို့ Me Powell နဲ့ အပြောင်းအလဲ လုပ်လိုက်တာပါ။ ဒါပေမယ့် Fed မူဝါဒနဲ့ပတ်သက်ပြီး အပြောင်းအလဲတော့ သိပ်ရှိမှာ မဟုတ်ဘူးလို့ ထင်မြင်ယူဆကြတယ်။ ဘာကြောင့် လဲဆိုတော့ Mr Powell ဟာ Fed governer အဖြစ် ၂ဝ၁၂ ခုနှစ်ကစပြီး တာဝန်ထမ်းဆောင်နေသူဖြစ်လို့ပါပဲ။

ဟုတ်ပါတယ်။ အမေရိကန်နိုင်ငံ ရေးလောကမှာ ဒေါ်နယ်ထရန့်ကို ဝေဖန်ပုတ်ခတ်ပြောဆိုနေကြသူတွေ တစ်ပုံကြီးရှိနေပေမယ့် လောလောဆယ် အမေရိကန် စီးပွားရေးက ထောင်တက်နေတော့ နိုင်ငံရေးသမား တွေအတွက် အခက်တွေ့နေကြတယ်ထင်ပါရဲ့။

 

မင်းရွှေမောင်

Ref: The American economy: The Economist Dec. 16, 2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.