ဒဏ္ဍာရီဗေဒ - Mythology ဆိုင်ရာ ဆောင်းပါးတွေ ရေးနေတဲ့ ရက်တွေဟာ အပူချိန်များလွန်းလို့ တချို့ အရပ်ဒေသတွေမှာ သောက်သုံးရေ ပြတ်လပ်ကုန်ကြတဲ့ သတင်း။ အပူအားကြီးလို့ ရုတ်တရက် သေဆုံးကြတဲ့ သတင်းတွေနေ့စဉ် စိတ်မချမ်းမြေ့စရာ ကြားနေရပါတယ်။ ကိုယ်တိုင်လဲ အပူဒဏ်ကို တလူးလူး တလိမ့်လိမ့် ခံစားနေရပါတယ်။ ကြာတော့ နေထွက်မှာကိုပဲ ကြောက်လာမိတော့သလိုလို ဖြစ်လာပါတယ်။ မနက် ၁၁ နာရီကစပြီး ဖတ်လို့ မကောင်း၊ ရေးလို့မကောင်း၊ ချွေးပေါင်းအိုးထဲ နေရသလို ခံစားရပါတယ်။ နေဝင်သွားလို့ နေ့လို မပူတော့ပေမယ့် ချွေးတပြိုက်ပြိုက် ပူအိုက်တဲ့ဝေဒနာကြောင့် စာဖတ်မရ၊ ရေးမရပြန်ပါဘူး။ ယပ်တောင်ကို ဘယ်ညောင်းရင် ညာကိုပြောင်း၊ လက်ဝဲနံတောင်း မှလက်ယာနံတောင်း အပြောင်းအပြန်။ ညဥ့်ဦးယံ နာရီတွေကို ကျပ်တင် ငါးနှယ် ခံစားကုန်လွန်ရပါတယ်။ နိုးတစ်ဝက် မှေးစက်မပျော် တပျော်နဲ့ ည ၁၁ နာရီကျော်လွန် သန်းခေါင် ကြက်တွန်တော့မှ ရေးနေဆဲဆောင်းပါးကို ဖယောင်းတိုင် အလင်းအားနဲ့ ရေးသားရပါတယ်။ မိုးသောက်ယံဦးအထိ စာရေးပြီး ပူရှိန်ထန်ပြင်း ရှင်နေမင်း ထွက်မလာမီ ဘောပင်ကလေး အသာချ တစ်ရေးရအောင် အိပ်ရပါတယ်။ စိတ်ကတော့ မီးမြားတွေ အစင်းစင်း သက်ဆင်းလာမယ့် နေအလာကို စိုးရွံ့နေပါတယ်။
နှစ်ဆယ့်တစ်ရာစု ဥတုဝိပ္ပလ္လာ သကမ္ဘာမှာ အယ်နီညို ဆိုတာက တစ်မျိုး၊ မိုးကလဲ ရွာချိန်တန်လျက် မရွာဘဲ နေရက်လေသမို့ နေထွက်မှာ စိုးရွံ့ကြပေမယ့် ကမ္ဘာဦးလူတွေတုန်းကနေ၊ လကို တောင့်တခဲ့ကြသတဲ့။ အမှောင်ကို ပယ်ခွင်းအလင်းဆောင်ဖို့ မီတာပုံး စောင့်ရှောက်ခ ၁ဝဝဝ ကျပ် ပေးရတဲ့ လျှပ်စစ်မှ မရှိဘဲကိုး။ ငမောင်တို့ ခေတ်ရောက်ကာမှ ကံကောင်းလွန်းလှလို့ လျှပ်စစ်ရှိနေပြီလေ။ ကမ္ဘာဦးသူတွေခမျာမှာတော့ နေသာသူတို့အတွက်အားထားရာ။ နေဟာသူတို့ နေ့စဉ်ဘဝရဲ့ အရှင်သခင်လို့ မှတ်ထင်လာခဲ့ကြတယ်။ နေကိုအားထား နေကို လောကရဲ့ အရှင်သခင် တစ်ပါးလို မှတ်ယူလာ ကြရာက နေနတ်ဘုရား ဆိုတာကို လူသားက သူ့မနောသဏ္ဌာန်အတွင်း ဖန်ဆင်းလိုက်ပါတော့တယ်။ နေနတ် ဘုရားကို ဖန်ဆင်းတဲ့ လူသားဟာ နေနတ်ဘုရားဆိုင်ရာ ဒဏ္ဍာရီတွေ ဖန်တီးပြန်ပါတယ်။ သမိုင်းဦးအစ ရှေးရာဇဝင်တွေအထိ အုပ်စိုးသူဘုရင် တွေဟာ နေနတ်ဘုရားက ဆင်းသက် လာကြသူတွေလို့ ဆိုလာကြပါတယ်။ သူတို့အုပ်စိုးရာ နယ်ပယ်ဒေသ မြို့ပြနိုင်ငံတွေကိုလဲ နေနတ်ဘုရားနိုင်ငံတော် Sun Kingdom လို့ မှတ်ယူလာပါတယ်။ (မြန်မာဘုရင်တွေက သူတို့ဟာ အသမ္ဘိန္ဒိခတ္ထိယနဲ့ အာဒိစ္စနွယ် လာလို့ဆိုကြတယ်။ အာဒိစ္စနွယ်လာ ဆိုတာ နေနတ်အနွယ်တော်ပါတဲ့) ရှေးခေတ်အီဂျစ်တွေဟာ သူတို့ ဘဝအတွက် အားကိုးရာ အကာအကွယ်ပြုရာ ကိုးကွယ်ရာ ဖွေရှာကြရာမှာ သူတို့နေ့စဉ် ဘဝကို အထောက်အမ ပြုတဲ့နေကို ကိုးကွယ်ရာလို မှတ်ယူကြပါတယ်။ နေကိုပိုင်စိုးတဲ့ နေနတ်ဘုရားကို Amon Ra ဘွဲ့နာမည်ချည်ကာ လောကရဲ့ အရှင်အဖြစ် တင်မြှောက်ကြပါတယ်။ နေနတ်ဘုရား ဒဏ္ဍာရီကိုလဲ ဖန်တီးလိုက်ပါတယ်။ နေနတ်ဘုရား Amon Ra ဟာနေ့စဉ် ရွှေလှေကြီးနဲ့ အရှေ့ ဥဒည်စွန်းက အနောက် ဂေါယာကျွန်းကို သွားသတဲ့။ အနောက်ကမှ တစ်ဆင့် မြေအောက်ကမ္ဘာကို စွန့်စွန့်စားစား ဖြတ်သန်းပါသတဲ့။ Ra ရဲ့ ရွှေလှေကြီး မြေအောက်ကမ္ဘာကို ဖြတ်သန်းနေတဲ့အခါ ကမ္ဘာကြီးမှာ ညအခါ ဖြစ်ရသတဲ့။ ကမ္ဘာက တစ်နေရာတည်းမှာ တည်နေပြီး နေကသာ ကမ္ဘာကို လှည့်ပတ်သွားနေတယ် ဆိုတဲ့ အယူအဆရဲ့ ရှေးဦးအစပါပဲ။ မြန်မာတွေကလဲ နေနတ်သား မြင်းဖြူကြီး ရှစ်ကောင်ကတဲ့ နေရထား ကြီးကို ရှေ့ပြုဗ္ဗာဝိဒေကျွန်းက အနောက်ဂေါယာဆီ နေ့စဉ် မောင်းနှင်သွားတယ်။ မြင်းမိုရ်တောင် မဏ္ဍိုင် ပတ်လည်ကျွန်းကြီး လေးကျွန်းရှိတာမှာ နေရထား မြင်းမိုရ်တောင်နဲ့ ကွယ်သွားတဲ့ကျွန်းမှာ ညကာလဖြစ်ရတယ်။ နေဒဏ္ဍာရီကို အကယ်မှတ် ယူယုံကြည်ပါတယ်။ အီဂျစ် ဒဏ္ဍာရီ နဲ့ နှိုင်းယှဉ်ကြည့်ပါ။
အက်ဇတက်၊ အင်ကာနဲ့ မာယာတွေမှာလဲ နေနတ်ဘုရားကိုးကွယ်မှုနဲ့ နေနတ်ဘုရား ဒဏ္ဍာရီတွေ ရှိပါတယ်။ အက်ဇတက်တို့ ကိုးကွယ်ပူဇော်လူ အရှင်လတ်လတ်ရင်ခွဲပြီး နှလုံးသားကို သွေးသံရဲရဲနဲ့ နေနတ်ဘုရား Tezcatlipoca ကို ပသကြသတဲ့။ နေနတ်ဘုရားကို ပူဇော်ရာ ယဇ်ပလ္လင်မြင့်မြင့်ကြီးတွေ တြိဂံပုံတည် ဆောက်ကြပါတယ်။ ဒီယဇ်ပလ္လင် မြင့်မြင့်ကြီးပေါ်မှာ လူအရှင်လတ်လတ် ရင်ခွဲနှလုံးကို ထုတ်ယူပြီး နေနတ်ဘုရားကို ပသပါတယ်။ အင်ကာတွေကတော့ တိရစ္ဆာန်တွေ၊ ကလေးငယ်တွေကိုသတ်ပြီး နေနတ် ဘုရား Inti နဲ့ ဖန်ဆင်းရှင် Viracocha ကို ယဇ်ပူဇော်ကြပါတယ်။
အီဂျစ်တွေမှာ ဒဏ္ဍာရီတွေ များလွန်းတော့ ဒဏ္ဍာရီလာ နတ်ဘုရား၊ နတ်ဘုရားမတွေလဲ များလှပါတယ်။ နတ်ဘုရား၊ နတ်ဘုရားမတွေဟာ သူတို့ဘဝရဲ့ ကောင်းကျိုး၊ ဆိုးကျိုးပြုနိုင်တယ်လို့လဲ ယုံမှတ်ကြပါတယ်။ နတ်ဘုရား၊ နတ်ဘုရားမတွေ အတွက်ဗိမာန်၊ ကွန်းတွေ တည်ဆောက်၊ ရုပ်တု၊ ဆင်းတုတွေထု လုပ်ကိုးကွယ်ပူဇော်ကြပါတယ်။ နေနတ်ဘုရား Amon Ra ကို နတ်ဘု ရားတွေထဲမှာအကြီးမှူးလို့ ယုံမှတ်ပါတယ်။ အီဂျစ်ဒဏ္ဍာရီတွေက သုံးပါးပေါင်း တစ်ဆူ Triad ကို ဖော်ပြတော့ မိခင်နတ်ဘုရားမ Isis,သူ့ မောင်လဲတော်စပ်၊ ခင်ပွန်းလဲ ဖြစ်တဲ့ နတ်ဘုရား Osiris နဲ့ သူတို့ရဲ့သား နတ်ဘုရား Horus သုံးပါးပေါင်း တစ်ဆူ အယူကို ယူကြပြန်ပါတယ်။ ဒီအယူဟာ တခြားဘာသာဆီ စီးဝင်ပါတယ်။ ခရစ်ယာန်ဘာသာမှာ ခမည်းတော် ယေဟောဝါဘုရား ၊ သားတော် ယေရှုခရစ်နဲ့ သန့်ရှင်း သော ဝိဥာဉ်တော် သုံးပါးပေါင်း တစ်ဆူ မှတ်ယူပါတယ်။
မိခင်နတ်ဘုရားမ Isis က သားနတ်ဘုရား Horus သိမ်းငှက် ကိုယ်စားပြုကို နို့ချိုတိုက်ကျွေးနေပုံ ထုလုပ်ပူဇော်ပါတယ်။ နတ်ဘုရားမရဲ့ ရင်သားတင်းတင်းရင်းရင်းကို ပေါ်ပေါ်လွင်လွင် ထုလုပ်ပါတယ်။ မိခင်မေတ္တာ၊ မိခင်ဖြစ်မှုဖော်ပြတဲ့ သင်္ကေတအဖြစ် ရင်သားကို ပေါ်လွင်လှပအောင် ထုလုပ်တာပါ။ မိခင်နတ် ဘုရားမနဲ့ သားနတ်ဘုရား ကလေးငယ် ပိုက်ပွေ့ချီပိုးထားပုံ ပန်းပု၊ ပန်းချီတွေကို ထုလုပ်ရေးဆွဲ ပူဇော်ကြပါတယ်။ သားနတ်ဘုရား ကလေးအသွင် ထုလုပ်ကိုးကွယ်ပါတယ်။ နောက်နှစ်ပေါင်း ထောင်ချီကုန်ပြီးတဲ့ အခါ ခရစ်ယာန်ဘာသာမှာ ယေရှု မယ်တော်နဲ့ ယေရှုကလေးငယ်ကို တွဲလျက် ရေးဆွဲထုတ်လုပ် ပူဇော်သမှုပြု လာပါတယ်။ ကလေးငယ်ယေရှု ပုံထုလုပ်ရေးဆွဲပြီး သူငယ်တော် လို့ ပူဇော်ကြပါတယ်။
ရှေးအီဂျစ်တို့ရဲ့ ဒဏ္ဍာရီမှာ အချစ်၊ ပျော်ရွှင်မှု၊ တေးဂီတ၊ ကခုန် မှုတွေကို စိုးပိုင်သူ နတ်ဘုရားမ Hathor ဆိုတာရှိပါတယ်။ လူတစ်ဦး သေဆုံးတဲ့အခါ သေသူ့ဝိဥာဉ် ကောင်းကင်ဘုံဘက် လှမ်းဖို့ Hathor က လှေကားထောင်ပေးသတဲ့။ ဒါကြောင့် Hathor ကို မရဏ အရှင်မအဖြစ် မှတ်ထင်ကိုးကွယ်ကြပါတယ်။ New Larousse Eneyclopedia of Mythology မှာ Hathor ကို Queen of the Deathy မရဏဘုရင်မလို့ ဖော်ပြပါတယ်။ နှစ်စဉ် နှစ်ဆန်း တစ်ရက်နေ့ကို Hathor နတ်ဘုရား မွေးနေ့ပွဲကျင်းပသတဲ့။ နှစ်သစ်ဆန်း နေ့ဦး အရုဏ်ဦး မလာမီကလေးမှာ ယဇ်ပရောဟိတ်မတွေက Hathor ရုပ် တုကို နတ်ကွန်းထဲက ထုတ်ယူပြီး အပြင်ဘက်စင်္ကြံပေါ်တင်ကာ နှစ်ဆန်းတဲ့နေ့ နေခြည်ဦးသစ် ခံယူစေပါတယ်။ ယောက်ျား၊ မိန်းမ တစ်နေ့တာလုံး သောက်စားမူးယစ်ပျော်ရွှင် သီဆိုကခုန် နတ်ဘုရားမကို ဖျော်ဖြေ ပူဇော်ကြပါတယ်။ နှစ်တွေ ကုန်လွန် ပြီးတော့ နှစ်သစ်ကူးနေ့ပွဲတွေ၊ ပျော်ပွဲ ရွှင်ပွဲတွေ လုပ်လာကြတာ မရဏ ဘုရင်မမွေးနေ့ပွဲ ဓလေ့ ဆင်းသက် ရုပ်ပြောင်းလာတာများလား။ စဉ်းစားဖို့ပါ။
အီဂျစ်ရှေးဟောင်း ဒဏ္ဍာရီတွေမှာ တိရစ္ဆာန်နတ်ဘုရားတွေ အမျိုးမျိုးအကြောင်းတွေ ပါရှိနေတော့ တိရစ္ဆာန် နတ်ဘုရားတွေကိုလဲ နတ်ကွန်းတွေနဲ့ ကိုးကွယ်ခဲ့ကြပြန်တယ်။ အီဂျစ်တို့ရဲ့ ရှေးဒဏ္ဍာရီလာ တိရစ္ဆာန် နတ်ဘုရားတချို့ကတော့ နွားလားဥဿဘ နတ်ဘုရား Apis သိုးထီးနတ်ဘုရား Beneded ဖားနတ်ဘုရား Hequt နွားမ နတ်ဘုရား Hathor မရဏနတ်ဘုရား၊ မိကျောင်းနတ်ဘုရား Sebek တို့ပါပဲ။ ဘီစီ ၁၆ ရာစုခန့်မှာ ဣသရေလတွေ အီဂျစ်တို့လက်မှာ ကျွန်ဖြစ်ခဲ့ရစဉ်က ဒီနတ်ဘုရားတွေကို ရှိခိုး ဝပ်ပြုဖို့ အတင်းအကျပ် ပြုခံခဲ့ရသတဲ့။ ဂျူးတို့ရဲ့ ဖန်ဆင်းရှင် ထာဝရဘုရား ယေဟောဝါကယ်မလို့ အီဂျစ်တို့လက်က ဣသရေလတွေ လွတ်မြောက်ခဲ့ရတယ်လို့ သမ္မာကျမ်း ဓမ္မဟောင်း ထွက်မြောက်ရာကျမ်းမှာ ဖော်ပြပါတယ်။ ဒါဟာလဲ ဒဏ္ဍာရီ ပါလို့ဆိုတဲ့ ပညာရှင်တချို့ ရှိပါတယ်။
| စဉ် |
ဂရိအမည် |
ရောမအမည် |
ပိုင်စားရာ |
| ၁။ |
Aphrodite |
Venus |
အချစ်နတ်ဘုရားမ |
| ၂။ |
Apollo |
Apollo |
အလင်းရောင်၊ ဆေးဝါး၊ ကဗျာ |
| ၃။ |
Aries |
Mars |
စစ်ရေး စစ်မှု |
| ၄။ |
Arlemis |
Diana |
စီးပွားမှု ၊ အမဲလိုက် နတ်ဘုရားမ |
| ၅။ |
Aseleplus |
Asculaphus |
ကုသမှု နတ်ဘုရားမ |
| ၆။ |
Athena |
Minerva |
ပညာဥာဏ်၊ လက်မှုပညာ နတ်ဘုရားမ |
| ၇။ |
Cronus |
Saturn |
litan ကို အုပ်စိုး နတ်ဘုရား(ဂရိ) |
| ၈။ |
Demeter |
Ceres |
ကြီးထွားခြင်း နတ်ဘုရား |
| ၉။ |
Dionysus |
Bacchus |
အရက်၊ ကြမ်းတမ်းမှု၊ မြေသြဇာ နတ်ဘုရား |
| ၁၀။ |
Eros |
Cupid |
မြားနတ်မောင် |
| ၁၁။ |
Cupid |
Terra |
မြေကြီး မိခင် နတ်ဘုရား |
| ၁၂။ |
Hephasetus |
Vulcan |
မီးသတ္တု၊ ပန်းပဲ နတ်ဘုရား |
| ၁၃။ |
Hera |
Juno |
အမျိုးသမီး လက်ထပ်မှု နတ်ဘုရားမ |
| ၁၄။ |
Hermes |
Mercury |
စေတမန်။ ကုန်သွယ်၊ သိပ္ပံပညာ အပိုင်စား၊ ခရီးသည် သူခိုး၊ ခြေသလုံး အိမ်တိုင်တွေကို စောင့်ရှောက် |
| ၁၅။ |
Zeus |
Jupiter |
နတ်ဘုရားတို့ ဘုရင် |
(The world book Eneyclopedia (1987) Vol:13 ထဲက ယူပါသည်။)
ရောမတွေ အင်ပါယာ ထူထောင်ပြီး ဘုန်းမီးနေလ တောက်ပတော့ ဂရိဒဏ္ဍာရီတွေ ရောမတွေဆီ စီးဝင်စိမ့်ပြန့်သွားပါတယ်။ ဒဏ္ဍာရီ တွေနဲ့ အတူ ဒဏ္ဍာရီပါ နတ်ဘုရား တွေကိုးကွယ်မှုကိုပါ ယူလိုက်ကြပါတယ်။ ဒီလိုယူရာမှာ နတ်ဘုရား တစ်ပါးချင်းရဲ့ ကောင်းဆိုး စရိုက်ကို ပါ ယူတာ။ နတ်ဘုရားတွေကို မူလ အဆင့်အတန်း၊ မူလ အပိုင်စား အတိုင်းထားပေမယ့် နာမည်တွေကိုတော့ ပြောင်းလိုက်ကြပါတယ်။ ပြောင်းလိုက်တဲ့ နာမည်တွေကို မြင် လွယ်အောင် တချို့ကို ဇယားနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ဂရိ၊ ရောမ နတ်ဘုရား၊ မတွေရဲ့ စရိုက်တွေဟာ သူတို့ကို ယုံကြည် လက်ခံခဲ့တဲ့ ကာလက လူမှုအဖွဲ့ အစည်းထဲက စရိုက်တွေ တစ်နည်း ပြောရရင် ဒဏ္ဍာရီနတ်ဘုရားတွေ ရဲ့ စရိုက်တွေဟာ အဲဒီကာလက ဒဏ္ဍာရီယုံကြည်တဲ့ လူမှုအဖွဲ့အစည်းထဲမှာ ရှိနေကြသူတချို့ရဲ့ စရိုက်တွေ လို့ ခန့်မှန်းရပါတယ်။
ကမ္ဘာ့သမိုင်းမှာ ရောမတွေဟာ ကြုံသင့်သမျှ ဒဏ္ဍာရီတွေနဲ့ ဒဏ္ဍာရီလာ နတ်ဘုရားတွေကို နတ်ဘုရား စုံဖက် - Incorporated ကိုးကွယ်ခဲ့ကြတယ်။ ပါရှန်းလူမျိုးတွေရဲ့ အလင်းရောင်နတ်ဘုရား Mithras ကို ရောမတွေက နေနတ်ဘုရား လုပ်ပစ်လိုက်ကြတယ်။ ဆီးရီးယားတို့ရဲ့ နတ်ဘုရားမ Atargatis ကို ရောမတွေက Ishtar လို့ နာမည်ပြောင်းယူကြတယ်။ အီဂျစ်နတ်ဘုရားမ Isis ကိုတော့ Cellie နာမည်သစ်နဲ့ သုံးပါးတစ်ဆူထဲထည့်ပြီး မြေဆီသြဇာကို အပိုင်စား ပေးပစ်လိုက်တယ်။
ရောမအင်ပါယာကြီးက ကျယ်ပြောလှတော့ အင်ပါယာ ဒေသတွေက ဒဏ္ဍာရီတွေ ရောမတွေဆီ စီးဝင်သလို ဒဏ္ဍာရီလာ နတ်ဘုရားတွေပါ ပါလာတာမို့ ရောမတွေမှာ နတ်ဘုရားတွေ ရေတွက်ခက်လောက်အောင် များပါတော့တယ်။ ရောမလို့ ဆိုလိုက်တာနဲ့ သားရေချပ်ဝတ် တန်ဆာဝတ် စစ်သည် ရဲမက်တွေကို မြင်ယောင်လာအောင် စစ်မက်ချစ်သူတွေ တိုက်ခဲ့ခိုက်ခဲ့ သူတွေပါပဲ။ အောင်ပွဲတွေလဲ ရာဇဝင်စာတင် သရအောင် ရခဲ့သူတွေပါ။ အင်အားကြီးသလောက် စည်းကမ်းကောင်းလှတဲ့ စစ်တပ်ကြီးကို ရဲရင့်၊ သစ္စာရှိ၊ နိုင်ငံ၊ လူမျိုး ဂုဏ်သိမ်ကို ဦးထိပ်ရွက်၊ စစ်သည်တော် ဂုဏ်သိက္ခာကို အသက်နဲ့အမျှ တန်ဖိုးထားတဲ့ စစ်သည်တွေနဲ့ ဖွဲ့စည်းထားတာမို့ အသံကြားရုံနဲ့ ဖိန့်ဖိန့်တုန်ရတဲ့ အောင်ပွဲအလီလီရ တပ်မတော်ကြီး ဖြစ်ခဲ့တာ။ နိုင်ငံနဲ့ လူမျိုးဆိုတာ ငါ၊ ငါ့ မိန်းမ၊ ငါ့သား သမီး၊ ငါ့ဆွေမျိုးလောက် အရေးမပါ ဘူးဆိုတဲ့ စစ်သားမျိုးတွေ၊ ရသာတုန်း ရသမျှ ဘာမှမချန် အကုန်နှံ၊ နတ်နေကိုင်းတောင် မကျန်စေနဲ့ စစ်သားမျိုးတွေ၊ စည်းကမ်းကို အမြည်းဘန်း ပေါ်မှာထားတဲ့ စစ်သားမျိုးတွေ၊ စစ်သည်တော်ရဲ့ ဂုဏ်ရည်ဆိုတာ စိန်၊ ရွှေ၊ ငွေ တိုက်ကားနဲ့ မယားငယ် များမှဆိုတဲ့ စစ်သားမျိုးတွေနဲ့သာဖြင့် သမိုင်းထဲမှာ ရောမစစ်သည်ဆိုတဲ့ စကားလုံးဟာ ရောမသမိုင်းတစ်စောင် လုံးကို ပုပ်ဟောင်နံစော်ကျန်နေမှာ။ ဒီလိုမှ မဟုတ်ပဲ။
ရောမစစ်သည်ရဲ့ ဓားဟာရော မအင်ပါယာကြီးကျယ်ပြောဖို့၊ ကျယ် ပြောတဲ့ အင်ပါယာကြီးကို ကာကွယ်ဖို့၊ နိုင်ငံ၊ လူမျိုးဂုဏ်သိန်ကို ကာကွယ်ဖို့၊ နိုင်ငံ လူမျိုးဂုဏ်သိန်မြှင့် တင်ဖို့၊ ရောမစစ်သည်ရဲ့ ဓားဟာ နေရောင်မှာ လက်ပနေသလို ရောမ တပ်မတော်ရဲ့ ဂုဏ်သိန်လဲ သမိုင်းမှာ ပြောင်ရွှန်းခဲ့တယ်။ အင်ပါယာကြီး ကျယ်ပြော၊ စစ်သည်အင်အား များလွန်းတာနဲ့အမျှ စစ်သည်တွေရဲ့ အထွေထွေအမျိုးမျိုး ကိုးကွယ်ရာတွေလဲ စစ်တပ်ကြီးထဲ ရောက်ပါရော။ အင်ပါယာ ကြီးကျယ်သလောက် ယဉ်ကျေးမှုဓလေ့စဉ်လာ ဒဏ္ဍာရီအမျိုးမျိုးတွေ စစ်တပ်ထဲ ဝင်လာပါတယ်။ ရောမ အင်ပါယာ ဆိုတာက စစ်အင်အားပေါ်မှာတည် ထားတာ။ အင်ပါယာကြီးအတွက် စစ်သည်တို့ရဲ့ စိတ်ဓာတ်ရေးရာ အင်မတန် အရေးကြီးပါတယ်။ စစ်သည်တွေရဲ့ စိတ်ဓာတ်ရေးရာမှာ ဘာသာယုံကြည်မှုက အရေးရောက်၊ အဓိက ကျပါတယ်။ ရောမခေတ် ဒဏ္ဍာရီနဲ့ ယုံကြည်မှုတွေကို လေ့လာဆန်း စစ်ဖို့ စစ်တပ်တွင်း ယုံကြည်မှုတွေကို ကြည့်ရပါတယ်။
ရောမတွေက အဝေးပြေးလမ်းတွေ၊ ခံတပ်မြို့တွေ၊ ရေသွင်း၊ ရေနုတ်မြောင်းကြီးတွေ၊ အားကစားရုံကြီးတွေ၊ နတ်ကွန်းဗိမာန်တွေ ဆောက်လုပ်ခဲ့ကြလို့ သူတို့နဲ့ပတ် သက်ရာ အထောက်အထားတွေကို နှောင်းလူတွေ စူးစမ်းလေ့လာတာမှာ မြင်သာတဲ့ အထောက်အထားတွေ ရပါတယ်။ ဆိုစို့။ အင်္ဂလန်မြောက် ပိုင်း Northumbria မှာထင်ရှားတဲ့ Hadrain ခံတပ်မြို့ကို အေဒီ၁၂၂ ခန့် မှာ ရောမတွေ တည်ခဲ့တယ်။ ဒီခံမြို့ကို တူးဖော်တွေ့ရှိတော့ မြို့စောင့်တပ်ရဲ့ လှုပ်ရှားမှု၊ ဘာသာရေးကဏ္ဍ စတာတွေသိရတယ်။ တူးဖော်တွေ့ ရတာတွေကို ခံမြို့နားမှာ House-leads ပြတိုက်တည်ဆောက်ပြီး ပြ ထားတယ်။ အဲဒီမှာ တွေ့ရတာတွေ အရ ရောမစစ်တပ် စစ်သည်တွေရဲ့ ဘာသာရေးဘဝကို သုံးပိုင်းခွဲနိုင် တယ်လို့ပညာရှင်တွေက ဆိုပါတယ်။
ပထမအားဖြင့် အင်ပါယာကြီး တစ်ခုလုံး ကိုးကွယ်ရမယ့် နတ်ဘုရားတွေ သတ်မှတ်ပြဋ္ဌာန်း တင်မြှောက်တာပါ။ အင်ပါယာကြီးနဲ့ မြို့တော်ကို ကာကွယ် စောင့်ရှောက် တယ်မှတ်ယူတဲ့ Jupiter, Victory, Mars တို့လို မျိုးတွေကို အင်ပါယာရဲ့ နတ်ဘုရားတွေအဖြစ် သတ်မှတ်ပြဋ္ဌာန်းပါတယ်။ ရောမစစ်တပ်အားလုံး၊ ခံမြို့၊ ခံကတုတ်အားလုံး နှစ်စဉ်မပျက် စစ်လေ့ကျင့်ကွင်းမှာ Jupiter ရဲ့ ကျောင်းဆောင်တည် လုပ်ဝတ်ပြုပွဲ ကျင်းပကြရပါတယ်။ ရောမ စစ်သည်တိုင်းကလဲ Jupiter မွေးနေ့၊ နတ်ဘုရားဖြစ်နေ့ ပွဲတော်တွေမှာ ပါဝင်လိုကြပါတယ်။ ဒီနေ့ခေတ် ခရစ်ယာန်စစ်တပ်တွေမှာ စစ်တပ် ဘာသာရေး ဆရာ Chaplain နဲ့ စစ်တပ်ဘုရားဆောင် Altar အလံတွေ ထားရှိတာမျိုးဟာ စစ်တပ် ဝတ်ပြုမှုရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။
ဒုတိယအားဖြင့် စစ်သည်တစ်ဦးရဲ့ ဇာတိနယ်ရှင် ပယ်ရှင်နတ်ဘုရား ကိုးကွယ်ဝတ်ပြုမှု၊ စစ်တပ်က ခွင့်ပြုပါတယ်။ ရောမစစ်တပ်ကြီးမှာ ဇာတိဒေသအမျိုးမျိုးက ဝင်လာကြသူတွေ စုစည်းထားတာမို့ နယ်ရှင်ပယ်ရှင် နတ်ဘုရားတွေလဲ မနည်းလှဘူးတဲ့။ ကိုယ့်နယ်၊ ကိုယ့်ဒဏ္ဍာရီ ကိုယ့်နတ်ဘုရားပေကိုး။
တတိယအားဖြင့် စစ်သည် တစ်ဦးချင်းရဲ့ မိရိုးဖလာ မိဆိုင်ဖဆိုင် နတ်ဘုရား ကိုးကွယ်ဝတ်ပြုမှုပါပဲ။ စစ်တပ်ကလဲ ခွင့်ပြုပါတယ်။ အင်ပါယာကြီးရဲ့ နတ်ဘုရားတွေကို အရင်ဝတ်ပြုပြီးရင် ကျန်တာလုပ်ပေါ့။ ချွင်းချက်နဲ့ လွှတ်လပ်စွာ ကိုးကွယ်ခွင့် ပေးတယ်ဆိုရမှာပါ။ အထူးအားဖြင့် မှော်ပညာဆရာလိုမျိုးနဲ့ လူ့ဇာတိ ဘုရားကိုးကွယ်မှုကိုတော့ အင်ပါယာမှာ လုံးဝခွင့်မပြုပါဘူး။ နိုင်ငံ တော်က သစ္စာရှိမှုနဲ့ပတ်သက်လို့ သံသယရှိသတဲ့။ မှန်ကန်မှုကိုလဲ သံ သယရှိသတဲ့။
၁၉၄၉ ခုနှစ်မှာ Mithras နတ်ဘုရားကျောင်းဟောင်းကို Ha-drain အနားမှာ တူးဖော်တွေ့ရှိပါတယ်။ ပညာရှင်တွေက အေဒီ ၂ဝ၅ ခန့်မှာဆောက်ခဲ့တာ ခန့်မှန်းပါ တယ်။ ဘုရားဆောင်၊ ပလ္လင်ခုံ၊ နေနတ်ဘုရားရုပ်တုနဲ့ လက်တင်ဘာသာ စာထိုး ကမ္ဗည်းကျောက်စာတစ်ပိုင်း တွေ့ရပါတယ်။
မမြင်စွမ်းနိုင်တဲ့ Mithras နတ် ဘုရားအတွက်လို့ ကမ္ဗည်းထိုးထားပါတယ်။
အင်ပါယာအတွင်းမှာ နတ်ဘုရားတွေအတွက် ကွန်းဗိမာန်ကျောင်းတွေ ရာချီဆောက်ခဲ့ကြပါတယ်။ အင်ပါယာရဲ့ ဘာသာရေးအကြီးမှူး ချုပ်က Pontiff တဲ့။ Pontifex Maximus ဘွဲ့ခံပါသတဲ့။ အင်ပါယာရဲ့ ဘာသာရေးပွဲတွေထဲမှာ အကြီးဆုံး ပွဲက နွားလားယဇ်ပွဲ။
ဒဏ္ဍာရီဗေဒ ပညာရှင် Joseph Campbell က ဒဏ္ဍာရီတွေမှာ နေနတ်ဘုရား၊ ရေ နတ်ဘုရား ဆိုတာတွေသာ တွေ့ရပြီး ယေရှု၊ ဗတ္တိဇံဆရာ ယောဟန် ဆိုတာတွေ ဘယ်မှာမှ မတွေ့ပါဘူးတဲ့။ ဂျူးလူမျိုး သမိုင်းပညာရှင် Josephus (အေဒီ ၁၇-၁ဝဝ) က ရောမဘုရင် Herod ရဲ့ တပ်ကြီးကို တုံ့ပြန်ချင်တဲ့ ဂျူးတစ်စုက ဘာသာရေးအကြောင်းပြ ခေါင်းစဉ်တပ်၊ ရမယ်ရှာ တုံ့ပြန်မှုပါတဲ့။ ဒါကို စတင်ခဲ့သူက ဗတ္တိဇံဆရာဆိုတဲ့ ယောဟန်ပါတဲ့။ ယောဟန်ဟာ လူကောင်းတစ်ယာက် ဖြစ်လျက်နဲ့ ရောမတွေက ဖမ်းဆီးသတ် ဖြတ်ကြတာပါတဲ့။
ဒီနေ့ ကမ္ဘာရဲ့ ထင်ရှားတဲ့ ဘာသာကြီး Religion တွေကို ပညာရှင် တချို့က ဒဏ္ဍာရီဗေဒနဲ့ ချဉ်းကပ်သုံးသပ်တာတွေ တွေ့ရပါတယ်။ ဒီမှာ မလိုအပ်လို့ မရေးပါ။ ခုရေးခဲ့တာတွေဟာ ငမောင်ဖတ်မှတ်တာတွေကို တစ်ဆင့်ပြောတာပါ။ ငမောင်ပြောချင်တာက လူ့သမိုင်းထဲက ဒဏ္ဍာရီတွေရဲ့ အမယ်ဘုတ်ချည်ထွေး ဖြစ်ပုံကိုပါပဲ။ ငမောင်ကလေးအရွယ်က စပြီး ဒဏ္ဍာရီ ပုံပြင်တွေ ခံစားလာခဲ့တာ ဒီနေ့သာတိုင်ရော။ ခံစားဆဲပါပဲ။ နို့ပေမယ့် စေ့စေ့ငုငု မတွေးခဲ့မိပါဘူး။ ခုအရွယ်ကြီးအိုကာမှ မြေးတွေအတွက် ပုံပြင်စာအုပ်ရှာရာက ရလာတဲ့ အတွေးကြောင့် ဒီစာရေး ဖြစ်ရပါတယ်။ ဒီစာမှာ ပြောခဲ့သမျှ ဘာသာရေးဆိုတာ Religion ကို ဆိုပါတယ်။ တွေးရာကရေးချင်။ ရေးချင်လို့ ဖွေရှာ။ သိလာရလို့ ကျေနပ်ပီတိ ခံစားရပါတယ်။ လူဖြစ်ရမှု အရသာတွေမှာ သိကောင်းရာကို ရှာဖွေနေတာ။ ရှာဖွေတွေ့ရှိ သိလာရတာ ထက်ချိုမြိန်တဲ့ အရသာ မရှိဘူး ငမောင် မှတ်ယူပါတယ်။ သိကောင်းရာကို သိခွင့်မရအောင် ဟန့်တားပိတ်ပင် ခံရတာထက် ဆိုးရွားတဲ့ အကုသိုလ် တရားမရှိဘူးလို့ ငမောင်မှတ်ယူပါတယ်။ စာဖတ်သူများ အကုသိုလ် အမျိုးမျိုးမှ ကင်းဝေးကြပါစေ။ သိကောင်းရာရာများ လေ့လာသိရှိနိုင်ကြပါစေ။
နွေညတွေမှာ ယပ်တဖျတ်ဖျတ် ခပ်ပေးရင်း ရတတ်သမျှ ပုံတိုပတ်စတွေ ပြောပြသိပ်ပေးခဲ့တဲ့ အဘွား ဒေါ်သဲငွေကို အလွမ်းတွေနဲ့ ဦးတင်ပါတယ်။