အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ရေဒီယို ဇတ်ကြောင်း သောင်းပြောင်းထွေလာ

       ခေတ်မီ နိုင်ငံခြား ပစ္စည်းတွေ အထူးသဖြင့် လျှပ်စစ်နဲ့ စက်မှုပစ္စည်းတွေကို မြန်မာ့လျှာနဲ့အာနဲ့ လိုက်ဖက်အောင် အသံဖလှယ်ကြရာက မူရင်း အသံထွက်ပျောက်ကာ မြန်မာသံဝဲဝဲနဲ့ အမည်သစ် တွင်သွားတာတွေထဲမှာ လေဒီအို၊ လယ်ဒီအိုခေါ်တဲ့ ရေဒီယိုလဲပါသဗျ။ အင်္ဂလိပ်စာတတ်တွေက ရေဒီယိုလို့ ဘိုသံနဲ့ ခေါ်ကြပေမယ့် မြန်မာ့ကျေးလက်နေ အများစုတွေကတော့ ခုထိလေဒီအိုပဲ။ အသံဖမ်း ကိရိယာလို့ အရပ်ထဲခေါ်သူ နည်းလှပါတယ်။ ရုံးသုံးက အသံဖမ်းစက်တဲ့။ အမှန်တော့စက်လို့ မဆိုနိုင်ပါဘူး။ ငမောင်တို့တွေက မသိတဲ့ ကိရိယာဆို စက်စာရင်းထဲ ထည့်ကြတာ။ မသိလဲမသိ၊ ဆုပ်ကိုင်ဖို့လဲ မဖြစ်ရင် ဓာတ်စာရင်းထဲ သွင်းတတ်ပါတယ်။ ဓာတ်ရှင်တဲ့။ ဓာတ်ဘူးတဲ့။ ဟုတ်သလိုလိုတော့ အရှိသား။ ပါဠိမှာ သဘာဝံဓာရေတီတိဓာတု သူ့သဘော သူဆောင်တတ်လို့ ဓာတ်မည်သတဲ့ကိုး။ ထားတော့။ လေဒီအိုဆိုတဲ့ ရေဒီယိုဆိုရင် အသံဖမ်းတဲ့ ကိရိယာလို့သာ အသိများသိထားကြတယ်။ ရေဒီယို ရဲ့ဆိုရင်း အနက်မရောက်ဘူးပေါ့။ ဒါက ပညာရှင်တွေသာ သိတာလေ။ ထုတ်လွှင့်တာရော ဖမ်းယူတာကို ရေဒီယိုဆိုသတဲ့။ Broadcasting ကိုလဲ ထုတ်လွှင့်မှုပြောကြတော့ တချို့များ မကွဲမပြားဖြစ်ကြရော။ Broard-casting ဆိုတာက အစီအစဉ်တွေ (တေးဂီတ၊ သတင်း၊ ဟောပြောချက် စတာတွေ) ထုတ်လွှင့် တင်ဆက်မှုပါ။ Radio ဆိုတာ လျှပ်စစ်လှိုင်းတွေ ထုတ်လွှတ်ဖမ်းယူတာပါ။ ရေဒီယိုကို အီတလီသားမာကိုနီ - Gugliemo Marconi က စတီထွင်တာလို့ မှတ်တမ်းတင်ကြပါတယ်။ ၁၈၉၅ ခုနှစ် မှာ မာကိုနီက ကမ္ဘာ့ပထမဦးဆုံး ရေ ဒီယိုဆက်သွယ်မှု ထုတ်လွှင့်မှုကို ပြု ခဲ့တာတဲ့။
            စာရေးဆရာ Gearge Grow က တော့ -
           ''တကယ်တမ်းတော့ ရေဒီယို တီထွင်သူရယ်လို့ တစ်စုံတစ်ဦးကို ခေါ်စရာ မရှိပါဘူး'' ရေးပါသဗျ။
           George Grow အဆိုအရဖြင့် အမေရိကန်တွေ အပါအဝင် လူများစွာတို့က ရေဒီယို ဖွံ့ဖြိုးတိုးတက်ဖို့ ပါဝင်ကူပံ့ခဲ့ကြတယ်တဲ့။ သူတို့ နာမည်တွေကို သိနိုင်မှာ မဟုတ်ပေမယ့် သူတို့လုပ်ဆောင်မှုတွေက လူတွေကို အကျိုးပြုပါသတဲ့။ နှစ်ကာလ တချို့ ကြာလွန်ပြီးတဲ့အခါ ရေဒီယိုဟာ ဆက်သွယ်ရေး အမျိုးမျိုးမှာ အရေးပါဆုံး ကိရိယာတစ်ခု ဖြစ်လာပါ တယ်။ ရေဒီယိုဟာ ကုန်း၊ ရေ နှစ်တန် အပြန်အလှန် ဆက်သွယ်နိုင်ပါတယ်။ သိပ္ပံပညာရှင်တွေက အာကာသထိအောင် ရေဒီယိုနဲ့ ဆက် သွယ်ကြပါတယ်။ အသံလွှင့်တင် ဆက်နိုင်လာတော့ တေးဂီတ၊ ဟောပြောချက်၊ သတင်းတွေကို ကမ္ဘာအရပ်ရပ်ဆီ ထုတ်လွှင့်ပေးပါတယ်။
            အမေရိကန်ရဲ့ ရှေးဦးပထမ ထုတ်လွှင့်တင်ဆက်မှုကို ၁၉ဝဝ ပြည့် နှစ်ကာလတွေမှာ စမ်းသပ်ထုတ်လွှင့် ပါတယ်။ ၁၉၁၈ ခုနှစ် နယူးယောက် မြို့အော်ပရာ ကပွဲရုံကြီး Melropo-litan Opera House က တေးဂီတတွေကို ရှေးဦးပထမ ထုတ်လွှင့်တင် ဆက်ပါတယ်။ အမေရိကန်ရဲ့ နာ မည်ကျော်အဆိုတော် Enrico Caruso ရဲ့တေးသီချင်းတွေကို တင်ဆက်ခဲ့ ပါသတဲ့။ ဒီတင်ဆက်မှု ထုတ်လုပ်တင်ဆက်သူက အမေရိကန် တီထွင်ရှင် Lee De Forest တဲ့။ ဒီတင်ဆက်မှုကို နယူးယောက် ဧရိယာက လူနည်းနည်းသာ နားထောင်ရပါတယ် နို့ပေမယ့် ပင်လယ်ပြင် ရောက် သင်္ဘောတချို့နဲ့ စစ်ဘက် အသံဖမ်းဌာနတွေကလဲ ကြားရပါ သတဲ့။ ဒီကြိုးပမ်းမှုကြောင့်Lee De Forest လဲ အသံလွှင့် တင်ဆက်မှု သမိုင်းဝင်တစ်ဦးဖြစ်ရတော့တယ်။
           ပေါ်ဦးစ မပြည့်မစုံ ရေဒီယိုကို နည်းပညာတချို့ အသုံးပြုပြီး တိုး တက်အောင် De Forest က လုပ် ဆောင်ခဲ့ပါတယ်။ သူ့တစ်သက်တာ အတွင်း တယ်လီဖုန်းသုံးဖို့ ပစ္စည်းတွေ အမယ်ပေါင်း ရာချီတီထွင်ခဲ့သူပါ။ သူတီထွင်ခဲ့တဲ့ ပစ္စည်းတွေကို လှိုင်းတို ရေဒီယိုတင်ဆက်မှုတွေနဲ့ အလားတူ နည်းပညာတွေမှာ သုံးခဲ့ရတယ်။
            De Forest ရဲ့ အထင်ရှားဆုံး တီထွင်မှုက Vacum Tube : ခေါ် Electron Tube ခေါ် အသံမီးသီးပါပဲ။ ၁၉ဝ၆ ခုနှစ်ဆီတုန်းက အသံမီးသီး တီထွင်မှုဟာ လျှပ်စစ်ပညာရဲ့ အရေးပါဆုံး တိုးတက်မှု တစ်ရပ် ဖြစ်သတဲ့။ ဒီပစ္စည်းကြောင့် ရေဒီယို အသံလှိုင်းထုတ်လွှင့်ရာ အသံလှိုင်း အားကောင်းလာသလို ပိုပြီး ဝေးရာဆီ ထုတ်လွှင့်လာနိုင်ပါတယ်။ ဒီမီးသီး ထွင်လိုက်ခြင်း အကြောင်းဟာ လျှပ်စစ်လုပ်ငန်းတွေနဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေ အလျင်အမြန် တိုးတက်လာစေဖို့ ၂ဝ ရာစုဦးအထိ အဓိက အကြောင်းဖြစ်ခဲ့သတဲ့။
           အမေရိကန်နိုင်ငံသား တီထွင်သူ Edwin Armstrong က ရေဒီယို အသံလှိုင်းဖမ်းယူမှု တိုးတက်အောင် နည်း ပညာပံ့ပိုးခဲ့တယ်တဲ့။ သူလဲပဲ လျှပ်စစ်နဲ့ ရေဒီယိုဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါသူပါပဲတဲ့။ ရေဒီယိုအသံလှိုင်း ဖမ်းယူရာမှာ မလိုတဲ့ အသံတွေ မပါရအောင် အသံလှိုင်း ကန့်သတ်တဲ့နည်းကို Armstr-ong ရှာဖွေတွေ့ရှိခဲ့တယ်။ ရေဒီယိုထပ်ဆင့် ထုတ်လွှင့်ရာ ကြည်မြပီသတဲ့ အသံထုတ်လွှင့်ရေးမှာ Armstrong ဟာ ရှေ့ဆောင်တစ်ဦးပါတဲ့။ Armstrong တွေ့ရှိခဲ့တဲ့ ထပ်ဆင့်လွှင့်ထုတ်မှုကို အခုအခါ Frequency Modulation FM လို့လူသိများပါတယ်။ FM ထုတ်လွှင့်နည်းက ထပ်ဆင့်ထုတ်လွှင့်ရာမှာ သမားရိုးကျ ထုတ်လွှင့်တဲ့ AM စနစ် ထုတ်လွှင့်မှုထက် ဆူညံသံကြားဖြတ် ဝင်တတ်တဲ့အသံတွေ ပိုကင်းစင်ပါတယ်။ Armstrong ရဲ့ နည်းပညာ ပံ့ပိုးမှုကြောင့် ပိုမိုတိုးတက် ကောင်းမွန်လာတဲ့ ရေဒီယို အသံဖမ်းကိရိယာတွေကို အများအပြား အသုံးပြုလာပြါတယ်။
          ကျွမ်းကျင်သူတွေရဲ့ အဆိုအရ Pennsylvania ပြည်နယ်၊ Pittsburg မြို့မှာ တည်ထောင်ခဲ့တဲ့ KDKA ရေဒီယို အသံလွှင့်ဌာနဟာ အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံး အသံလွှင့်ဌာနပါတဲ့။ ၁၉၂ဝ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပတဲ့ အမေရိကန် သမ္မတ ရွေးပွဲရလဒ်ကို KDKA ကစပြီး ရေဒီယို အသံလွှင့်ပေးခဲ့တာပါ။ အမေရိကန်မှာ စီးပွားရေး အသံလွှင့်တင် ဆက်မှုကို စတင်တာလို့ အများက ယေဘုယျ ယူဆကြပါတယ်။
            မကြာပါဘူး။ တခြားနယ်မြေ ဒေသတွေမှာပါ ရေဒီယို အသံလွှင့် ရုံတွေ ပေါ်လာပါတော့တယ် ၁၉၂၂ ခုနှစ်မှာတော့ နယူးယောက်ပြည်နယ် ထဲက အသံလွှင့်ရုံ နှစ်ရုံပူးတွဲပြီး အမေရိကန်နိုင်ငံ Baseball ဗိုလ်လုပွဲကို ရေဒီယိုအသံလွှင့်ပေးခဲ့ပါတယ်။ အသံလွှင့်ရုံချင်း တယ်လီဖုန်းနဲ့ ချိတ်ဆက် လွှင့်ထုတ်ပေးတာပါ။ ထုတ်လွှင့်တင်ဆက်မှု အစီအစဉ်တစ်ခုကို အသံလွှင့်ဌာန နှစ်ခု ခွဲဝေ ထုတ်လွှင့်ဖို့ ခွင့်ပြုပေးခဲ့တာပါ။ ခုလို အသံလွှင့်ဌာနနှစ်ခု ပူးတွဲထုတ်လွှင့် ပေးလိုက်တာဟာ ရေဒီယို ကွန်ရက်ရဲ့ ပထမဦး သာဓကတစ်ခုလဲ ဖြစ်ပါတယ်။ ၁၉၂ဝ ပြည်နှစ်လွန် ကာလလွန် အလယ်ပိုင်းလောက်ရောက်တော့ အမေရိကန်နိုင်ငံမှာ အဓိက ရေဒီယို ကွန်ရက်နှစ်ခု ရှိနေပါပြီ။
             ပြောခဲ့တဲ့ရေဒီယို ကွန်ရက် နှစ် ခုမှာ တစ်ခုက အများသိ ကမ္ဘာကျော် NBC ခေါ် The National Broadcasting Corporation ပါပဲ။
            အမေရိကန်နိုင်ငံ အသံလွှင့် ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံးနဲ့ အမြဲတမ်း ရေဒီယို ကွန်ရက်ဖြစ်ပါတယ်။ နောက်တစ်ခုက CBS လို့ ခေါ်တဲ့ Columbia Broadcasting System ပါပဲ။ ဒီကွန်ရက်နှစ်ခုက အမေရိကန်နိုင်ငံကိုဖြတ်ပြီး ထုတ် လွှင့်တင်ဆက် အစီအစဉ်တွေကို ပေးပို့ ထုတ်လွှင့်နေကြတာပါ။ ဒေသတွင်း အသံလွှင့်ဌာနတွေလဲ ပေါ်လာပေမယ့် တင်ဆက်မှုအစီအစဉ် နည်းနည်းသာ ထုတ်လွှင့်ကြပါတယ်။ နယူးယောက် က သောတရှင်တွေ ကြားရတာကို ရံဖန်ရံခါမှာ ကာလီဖိုးနီးယားပြည်နယ် မြို့တော် လော့စ်အိန်ဂျလိစ်နဲ့ တခြား မြို့ကြီးတွေကလဲ ကြားရတတ်ပါ တယ်။
         NBC ရဲ့ အကြီးအကဲက David Sarnoff တဲ့။ ကြေးနန်းရိုက်ပို့ အတတ် - Morse Code သင်ယူတတ်ကျွမ်းသူပါ။ အမေရိကန်နိုင်ငံရဲ့ ကြေးနန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ Marconi Wireless Telegraph Company မှာ ကြေးနန်းအော်ပရေ တာလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အော်ပရေတာဘဝမှာ အမှတ်ရစရာ ကမ္ဘာကျော် ဖြစ်ရပ်က ၁၉၁၂ ခုနှစ်၊ အတ္တလန် တိတ်သမုဒ္ဒရာမှာ Titanic သင်္ဘောကြီး နစ်မြုပ်တဲ့ ဖြစ်ရပ်ပါပဲ။ သမုဒ္ဒရာထဲမှာ သင်္ဘောကြီး နစ်တော့မယ့်အချိန် သင်္ဘောကပို့တဲ့ ကြေးနန်းကို သူရပြီး သူကလဲ Titanic ကို ကယ်ဆယ်ဖို့ တခြားသင်္ဘောတွေဆီ ကြေးနန်းပို့ခဲ့ပါတယ်။ ရေဒီယိုကို အသုံးပြုပြီး တစ်ဦးတစ်ယောက်က အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်ပါ့လားလို့ သူနားလည်ခဲ့တယ်တဲ့။ ၁၉၁၂ ခုနှစ်မှာပဲ Sarnoff ကို အမေရိကန် ရေဒီယို ကော်ပိုရေးရှင်း RCA က အရာရှိခန့်ခဲ့ပါတယ်။ RCA ကို အသံလွှင့်တင်ဆက်မှုလုပ်ဖို့ သူတွန်းအားပေးခဲ့တယ်။ RCA လဲ အကြီးအကျယ် အမြတ်အစွန်း ရခဲ့တယ်တဲ့။ နောက်ငါးနှစ် အကြာမှာတော့ NBC ကို Sarnoff ဖန်တီးပါတော့တယ်။ အသံလွှင့်တင်ဆက်မှု သီဝရီဖွံ့ဖြိုးတိုး တက်အောင် David Sarnoff ကြိုး ပမ်းခဲ့တယ်တဲ့။
          တယ်လီဖုန်း ဆက်သွယ်ပြော ဆိုတာက ဆက်သွယ်သူနှစ်ဦးသာ ပြောနိုင်၊ ကြားနိုင်တာပေမယ့် ရေဒီယို လွှင့်ထုတ်တာက လူတစ်ဦးက လူပေါင်းသန်းချီ ကြားရအောင် ပြောိုင်တာပါ။
           ရေဒီယို ကွန်ရက်တိုးတက်ဖွံ့ဖြိုးဖို့ ကြိုးပမ်းခဲ့တဲ့ မှတ်တမ်းဝင် နောက်တစ်ဦးက William S. Peley တဲ့။ သူလုပ်ကိုင်နေတဲ့ မိသားစု စီးပွားရေးလုပ်ငန်းကို ထားရစ်ပြီး အသံလွှင့်ရုံတွေ တည်ထောင်ရေးမှာ ငွေတွေ ပုံအောခဲ့တယ်။ သူ့မိတ်ဆွေတွေ၊ သူ့အကြံပေးတွေက Peley တော့ အကြီးအကျယ် မှားပြီလို့ ပြောကြတယ်။ Peley နားမထောင်၊ နားမယောင်ပါဘူး။ ကျယ်ပြော သလောက် အရေးရောက်တဲ့ ရေဒီယို ကွန်ရက်တစ်ခု ထူထောင်ရေးဆိုတဲ့ Peley ရဲ့ စိတ်ကူးအိပ်မက်ဟာ ဘယ်ခါမှ ဖြစ်လာမှာမဟုတ်ဘူးလို့ သူ့မိတ်ဆွေတွေက ပြောခဲ့ကြတယ်။ Peley က ဘေးစကား အရေးမထားဘဲ သူထူထောင်မယ့် ရေဒီယို ကွန်ရက်လုပ်ငန်းမှာ ငွေကြေးထည့်ဝင်မယ့် အမေရိကန်ရဲ့ အကြီးဆုံး ကုမ္ပဏီကြီးတွေက အကြီးအကဲတွေကို သူ ရှာပါတော့တယ်။ ကြိုးပမ်းမှု ရလဒ်က CBS ကို တည်ထောင်နိုင်ခဲ့တာပဲပေါ့။
           CBS တည်ထောင်ပြီးတော့ အတော်ဆုံး အသံလွှင့် တင်ဆက်သူတွေကို သူရှာတော့တယ်။ လုပ်ခလစာတွေ ကောင်းကောင်းကြီး ပေးခဲ့တယ်။ Peley က သူ့လုပ်ငန်းအတွက် အကျွမ်းကျင်ဆုံး ဆိုသူတွေကို အမြဲမပြတ် ရှာနေသူပါ။ တစ်ညသားမှာ အမေရိကန်ရဲ့ လူကြိုက်များတဲ့ Tommy Dorsey Band ဂီတအဖွဲ့ ဖျော်ဖြေတင်ဆက်ပွဲကို Peley ရောက်သွားတယ်။ အဲဒီအဖွဲ့မှာ သီချင်းဆို တဲ့လူငယ်တစ်ဦး ကို သူမျက်စိကျ သွားတယ်။ အမေရိကန် တေးဂီတ နဲ့ ရုပ်ရှင်နယ်မှာ တောက်ပလာမယ့် ကြယ်တစ်ပွင့်ကို သူတွေ့ခဲ့တာပေါ့။ သီချင်းသည် သူငယ်ရဲ့ နာမည်က Frank Sinatra တဲ့။ မကြာပါဘူး CBS မှာ Frank ရဲ့ ကိုယ်ပိုင် တင်ဆက်မှု အစီအစဉ်ကို ထုတ်လွှင့်ပါတော့တယ်။ လူကြိုက်များအောင် မြင်လိုက်သမှ Sinatra ကမ္ဘာကျော်ပါရောပဲ။ တော်သူနဲ့ တော်သူကို နေရာပေးတတ်သူတို့ တွေ့ကြရတဲ့ ရလဒ်လေ။
          အသံလွှင့်တင်ဆက်မှု ရွှေရောင်ဝင်းပတဲ့ ရွှေခေတ်ကြီးက ၁၉၂ဝ ပြည့်နှစ်ကာလ တစ်ဝိုက်က ၁၉၅ဝ ပြည့်နှစ်ကာလ တစ်ဝိုက်အထိ နှစ် ၃ဝ လောက် တောက်ပခဲ့ပါတယ်။ အဲဒီတုန်းက ရေဒီယိုဆိုတာ အမေရိကန် တွေရဲ့ အင်မတန် လူကြိုက်များတဲ့ ပြန်ကြား ဖျော်ဖြေရေးတစ်ခုပေါ့။ ညချမ်းခါ မိသားစု ဧည့်ခန်းထဲ ဝိုင်းဖွဲ့ကာ ရေဒီယို နားထောင်ခဲ့ကြတယ်။ ကလေးတွေဆိုလဲ ကျောင်းလွှတ်တာနဲ့ အိမ်ကို ကသောကမျော ပြန်ပြေး ချလာကြတာ။ ရေဒီယိုက ကလေးတွေအတွက် သီးသန့် ထုတ်လွှင့်မယ့် အစီအစဉ်မီအောင်လေ။ ခုအခါ MRTV , မြဝတီရုပ်သံတို့က လွှင့်ထုတ်တဲ့ ကိုရီးယား ရုပ်သံ ဇာတ်လမ်းတွေကို စွဲစွဲလမ်းလမ်း မိသားစု ဧည့်ခန်းမှာ ဝိုင်းဖွဲ့ကြည့်ကြသလိုပေါ့။ နေ့လယ်ခင်း ရေဒီယို အစီအစဉ်ကို အမေရိကန် အိမ်ရှင်မတွေ သန်းချီ ကြည့်ကြသတဲ့။ အထူးသဖြင့် ဆပ်ပြာအော်ပရာခေါ်တဲ့ ရေဒီယို ပြဇာတ်ကို ကြည့်ကြတာလေ။ ဆပ်ပြာအော် ပရာဆိုတာက နေ့လယ်လွှင့် ရေဒီယိုပြဇာတ် နားဆင်သူတွေကို အသံလွှင့် ကုမ္ပဏီတွေက ဆပ်ပြာပေးလို့တဲ့။ ကိုရီးယားရုပ်သံ ကြည့်သူတွေကို ကိုရီးယားရုပ်သံ ကုမ္ပဏီတွေကသာ ဆပ်ပြာပေးမယ်ဆိုလို့များဖြင့် ငမောင်တို့ဆီမှာ ဆပ်ပြာမိုးကြီး ရွာရော့လားပဲ။
          ရေဒီယိုကြောင့် လူတွေ ကိုယ့်အိမ်မှာ ထိုင်လျက်က တခြားနယ် မြေဒေသ ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပျက် နေတာတွေ သိကြရတယ်။ ရေဒီယို ကြောင့်လူတွေ ကိုယ့်လူမှု အသိုင်း အဝန်းနဲ့ ကမ္ဘာကို ခံစားသိမြင်ရလို့ ရေဒီယိုဟာ အရှိန်အဝါ သြဇာကြီး ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အသံကို ကမ္ဘာက ကြားရတာ ရေဒီယို ကြောင့်ပါ။
           ''အာဏာရှင်တွေ အာဏာရတဲ့အခါ အာဏာရှင်တွေ အာဏာရရင် ကျွန်တော်တို့အပေါ် စစ်ပြုဖို့ အသင့်ပြင်လိမ့်မယ်။ ကျွန်တော်တို့ နယ်မြေအပေါ် သူတို့စစ်ပွဲတစ်ပွဲ ဆင်နွှဲဖို့ နှောင့်နှေးလိမ့်မယ်မဟုတ်ဘူး။ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ ဒါမှမဟုတ် နယ်သာလန်နိုင်ငံအပေါ် ချုပ်ချယ်ကန့် သတ်စစ်တိုက်ဖို့ မနှောင့်နှေးခဲ့ဘူး'' ဒုတိယ ကမ္ဘာစစ်ကာလ အမေရိကန် သမ္မတ Franklin Roosevelt ရေဒီယို က လွှင့်ခဲ့တဲ့ မိန့်ခွန်းထဲကပါ။
           ဒုတိယ ကမ္ဘာစစ်ပွဲထဲ ပျံ့နှံ့ရောက်နေတဲ့ သတင်းထောက်တွေရဲ့ သတင်းပို့သံကို သောတရှင်တွေ စစ်ပွဲအကြောင်း ခြုံမိ၊ငုံမိ ရေဒီယိုက ကြားခဲ့ကြရပါတယ်။ ဒုတိယကမ္ဘာ စစ်ရေဒီယို သတင်းထောက်တွေထဲမှာ Edward R Murrow ဟာ စစ်သတင်းပို့ရာမှာ နာမည်ကျော် ကြားလာပါတယ်။ တစ်ခါတစ်ခါမှာ Murrow ရဲ့ စစ်မြေပြင် သတင်းပို့သံနဲ့အတူ အမြောက်သံ၊ ဗုံးပေါက် ကွဲသံတွေကိုပါ ရေဒီယို သောတရှင်တွေ ကြားကြရပါတယ်။
          ''...လေယာဉ်တွေက အလွန်မြင့်မြင့် ပျံနေတာမို့ ဗုံးကြဲဖို့လာတာ မဟုတ်တာတော့ ရှင်းပါတယ်။ ဒီညနေမှာ မထင်မမှတ် ပေါက်ကွဲသံတွေ ပြန်ကြားလာရပါတယ်။ ကောင်းကင်ယံမှာ ပေါက်ကွဲတာပါ။ ဒီညနေဦးစမှာ ဗုံးချသံတွေ ကြားရပြီး ဗုံးတွေက ပစ်မှတ်နဲ့လွဲချော် ကျနေပါတယ်...''
            စစ်မြေပြင်ကနေ Murrow သတင်းပို့နေတာပါ။ ၁၉၃၇ ခုနှစ်မှာတော့ CBS ရဲ့ တစ်ဦးတည်းသော ဥရောပသတင်းကိုယ်စားလှယ် ဖြစ်ပါတယ်။ Murrow က သတင်းထောက် တွေစုစည်းပြီး အဖွဲ့တစ်ဖွဲ့ ထူထောင်ပါတယ်။ အဲသည် သတင်းထောက်တွေလဲ ထင်ရှားကျော်ကြား လူသိများသူတွေ ဖြစ်လာပါတယ်။ Murrow နဲ့ သတင်းထောက် Williams Shirer တို့ ၁၉၃၈ ခုနှစ်မှာ သမိုင်းတွင် အသံလွှင့် အစီအစဉ် တင်ဆက်မှု လုပ်ကြပါတယ်။ သြစတြီးယားကို နာဇီဂျာမနီ သိမ်းပိုက်တာကို တုံ့ပြန်တဲ့ စကားဝိုင်း ဆွေးနွေးပွဲတွေ လန်ဒန်၊ ဘာလင်၊ ပါရီနဲ့ ရောမမြို့တို့က ထုတ်လွှင့်ပါတယ်။ ဒီလုပ်ဆောင်မှုရဲ့ အကျိုးရလဒ်က ကြီးလှပါတယ်။
            အမေရိကန်နိုင်ငံက ၁၉၅ဝ ပြည့် နှစ်ကာလများမှာ ရုပ်သံကို တီထွင် ထုတ်လွှင့်တာမို့ ရေဒီယိုရွှေခေတ် နိဂုံး ကမ္ပတ် အဆုံးသတ်ရပါတော့တယ်။ ရေဒီယို သောတရှင်တွေကလဲ ရုပ်သံကိုသာ ပိုတိုးလို့ တိုးလို့ ကြည့် လာကြတော့ လူကြိုက်များလှတဲ့ ရေ ဒီယိုတင်ဆက်မှုတွေလဲ ပျောက်ကွယ် ကြတော့တယ်။
          လူအများက ရုပ်သံကြောင့် ရေဒီယိုဟာ အရေးမပါ အရာမရောက်ဖြစ်မယ် ယူမှတ်ကြတယ်။ ရုပ်သံနဲ့ သတင်းဆက်သွယ်ရေး နည်းပညာတွေ ဘယ်လို တိုးတက်လာလဲ ရေဒီယို ပရိသတ်က တိုးများလို့ လာလျက်ပါပဲ။ ကျွမ်းကျင် ပညာရှင်အများက ဟောသည်နှစ်ဆယ့်တစ်ရာစုမှာ ရေဒီယိုဟာ အရေးပါအရာ ရောက်နေဦးမှာပဲတဲ့။ ဟုတ်။ ဂြိုဟ်တု ရုပ်သံလွှင့်ထုတ်မှု၊ အင်တာနက်တဲ့၊ ဝက်ဘ်ဆိုက်တဲ့။ ဘလော့ဂ်တဲ့။ ဖေ့စ်ဘုတ်တဲ့။ ၂၁ ရာစုရဲ့ITတွေ၊ ITC တွေ၊ ထွန်းကားချင်သလောက် ထွန်းကား စမ်းပါစေ ငမောင်တို့က မှုလောက်မယ် မထင်ပေါင်။ ဆွေမျိုးပေါက်ဖော်တို့ လက်ဖြစ် ဓာတ်ခဲခြောက်သုံး ရေဒီယိုကလေး လက်တစ်ဝါးသာ သာတစ်လုံးနဲ့ ဖယောင်းတိုင် အလင်းရောင်အောက်မှာ ကမ္ဘာကို ထရံပေါက်ကမြင်ကြည့်။ ရေငုပ်သင်္ဘောကို တိုပီတိုနဲ့ပစ်တာလား။ ရဟတ်ယာဉ်ပေါ်က သင်္ဘောပေါ် ကြိုးနဲ့ဆင်း။ ရုပ်ရှင်မြင်ကွင်းလိုလို ဟီးဘရူးတွေလား။ အကုန်။ အကုန်။ အလုံးစုံသိပါတယ်နော်။ ဟင်း- မပြောချင်လို့နေတာ။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်မှာလဲ သိတာပဲ။ သိနေပါတယ်။
ဝန်ခံစကား ။ Pioneers who shaped the sounds of radio by gerge growကို အခြေပြုပါတယ်။ 

ထူးရွှေမောင်(အလင်းသစ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.