| |
Untitled Document
|
|
|
|
အိပ်မက်ပမာ ရေပွက်အလား
ဗြဟ္မဏ လင်မယား နှစ်ဦးတို့၌ နှစ်အတန်ကြာမှ သားလေးတစ်ယောက် ရခဲ့သည်။ သားကလည်း သိတတ်၏။ အိုမင်းလာသော မိဘနှစ်ပါးကို လယ်လုပ်ကျွေးမွေး ပြုစုရ၏။ တစ်နေ့လယ်တွင်းထဲ၌ သားငယ်ပိုးထိသည်။ မိဘနှစ်ပါး ရောက်လာချိန်၌ သေဆုံးခဲ့ပြီဖြစ်၏။ ဗြဟ္မဏ မိခင်အိုက ငိုကျွေးသည်။ ဗြဟ္မဏ ဖခင်အိုက မငို။ ဗြဟ္မဏ ဖခင်ကပြော၏။ ညက သူအိပ်မက်မက်သည်။ အိပ်မက်ထဲ၌ သူသည်ဘုရင်၊ သားခုနစ်ယောက်ရှိ ၏။ သားများသည်လိမ္မာသည်။ ရုပ်ရည်ချောမောသည်။ မိဖုရားမှာ ယခု ဗြဟ္မဏမကြီးပင်ဖြစ်၏။ ညက အိပ်မက်အတွက် သူမငို။ ယခုနေ့လယ် အိပ်မက်အတွက်လည်း သူငိုရန်မလိုဟု ဆိုသည်။ အိပ်မက်ဆိုသည်မှာ အမှန်တကယ် မဟုတ်။ ခေတ္တခဏဟု ဆိုရမည်။ အချိန်ကလေး တစ်ခုသာ တည်ရှိခဲ့သည်။ အိပ်မက်မက်နေရာမှ နိုးလာသည့်အခါ အိပ်မက်ကို မျှော်မှန်းနေဖို့ မလိုဟု သိကြသည်။ ညက သားခုနစ်ယောက် အတွက် ငိုရန်မလို။ မငိုခဲ့သော ဗြဟ္မဏအိုသည် ယခု သားတစ်ယောက်တည်း အတွက်လည်း ငိုရန် မလိုဟု ဆိုလိုဟန်တူပါ၏။ တစ်ည တာနှင့် တစ်ဘဝတာနှစ်ခုကို ထပ်တူပြုလိုက်သော ဖြစ်ရပ်လေးတစ်ခုပင်။ အိပ်မက်မက်နေသော ကာလ၌ လူတို့သည် ဖြစ်လိုရာဖြစ်နိုင်၏။ မိမိကိုယ်ကို ရှင်ဘုရင်ဟုလည်း ထင်မြင်နိုင်၏။ မိုးပေါ်၌လည်း ပျံနိုင်၏။ မြေအတွင်း၌လည်း ပုန်းခိုနိုင်၏။ အရာအားလုံး မိမိသဘောကျ၊ ကျေနပ်စရာဖြစ်၍ ကျေနပ်နိုင်ပါ၏။ သို့သော် ထိုအိပ်မက်မှ နိုးလာသည့်အခါ...။ အိပ်မက်မှ မနိုးသောသူ လောက၌မရှိ။ သိဒ္ဓတ္ထမင်းသားသည် အသက် ၂၉ နှစ်အရွယ်တွင် အိပ်မက်မှ လန့်နိုးခဲ့သည်။ အိပ်မက်မှ စောစီးစွာနိုးခဲ့သူ။ နောက်ကျမှ နိုးလာသူဟုသာ ရှိသည်။ အဘယ်ကြောင့် ဆိုသော် တစ်ခုတည်းသော အဖြေရှိပါ၏။ အိပ်မက်ဖြစ်နေ၍...။ ဘဝသည် အိပ်မက်လေလား။ အစစ်အမှန်လေလား။ တစ်ခဏတာလေလား ဆိုသည်ကို ယခုလောလောဆယ်၌ ကိုယ်တိုင်သိနိုင်သည့် လက်တွေ့ အပြုအမူလေးတစ်ခု ရှိပါ၏။ မိမိ ဖတ်သန်းခဲ့ရသော ဘဝနောက်ကြောင်းကို ပြန်ပြောင်းတွေးကြည့် ကြည့်ပါ။ ငယ်စဉ်ကစ ကျောင်းသား ဘဝဖြစ်ရပ်များကို ရုပ်ပုံများဖြင့် တစ်ခုပြီးတစ်ခု၊ ပြန်မြင်နိုင်၏။ ရုတ်ခြည်း။ ယခုမရှိတော့။ ပျောက်သွား သည်။ ဘဝကို ခရီးရှည်ပမာ၊ ဝေးလွန်း၊ ကြာလွန်းသည် ယူဆခဲ့သည်။ ယခု ပြန်ကြည့်လျှင် အိပ်မက်လေးများ တန်းစီကာ မက်ခဲ့သည့်အလား။ ဓာတ်ပုံအယ်ဘမ် တစ်ရွက်ပြီး တစ်ရွက်လှန်လိုက် သကဲ့သို့ အကြည့်တစ်ချက်၊ အရှိုက်တစ်ခါမျှလောက်သာ။ တစ်ခဏတာများ....။ အိပ်မက်တွင်းမှ ရှင်ဘုရင်ဘဝကို ဗြဟ္မဏအဘိုးအိုသည် မမက်မော။ မက်မောနေ၍လည်း မရမှန်း သိသည်။ သို့သော် နေ့လယ် နေခင်းမက်နေသည့် ဖစ်ရပ်ကိုလည်း အိပ်မက်ဟုသာ သဘောထားသည်။ သတ်မှတ်သည်။ မက်မော၍မရမှန်း ဗြဟ္မဏအဘိုးအို သိသည်။ သိသည်ဟုသာမန်စကား နှင့်ပြော၍မရ။ သိသည့်စိတ်အတိုင်း လက်တွေ့ကျင့်သုံးသည်။ အိပ်မက်အတွင်းမှ ရှင်ဘုရင်သည် ထိုအချိန်၊ ထိုတစ်ခဏ၌ ဘုရင်ကဲ့သို့ ပြုမူသည်။ အိပ်မက်မှ နှိုးလာသော်လည်း သံလျက်တစ်ကိုင်ကိုင် ဖြစ်နေပါက ရေမြေပိုင်စိုး မင်းတရားဟု မိမိကိုယ်မိမိထင်နေပါက ဘေးမှ လူများက ပြောမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော်... ဇာတ်ကလည်း ပေါင်းသွားပြီ။ ကန့်လန့်ကာ ကားလိပ်ကလည်းကျခဲ့ပြီ။ သို့သော်သံလျက်ကိုင်ကာ ပွဲခင်းထဲ လျှောက်လှမ်းနေသူ အဖြစ်မျိုး... ဖြစ်နေ၍ ... အိပ်မက်ကို အိပ်မက်ဟု မထင်သူ၊ အိပ်မက်ကို အစစ်ဟု ထင်နေသူ... ဟိုမှာတစ်ဘက်ကမ်းသို့ ရောက်နေသူသာ....။
မောင်ဈေးကွက် |
| |
|
|
|
|
|
Untitled Document
|
|
|