အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ယနေ့ဈေးကွက်ထဲက စာတစ်အုပ်

ဈေးကွက်ထဲတွင် မဂ္ဂဇင်းဝတ္ထု စုစည်းမှုအသစ် တစ်အုပ်အဖြစ် တွေ့ရပြီး ရသစာပေ တပ်မက်သော ပရိသတ်တို့ ကျေနပ်စေလောက်သည့် ဝတ္ထုတို ၂၄ ပုဒ်ကို ၂ဝဝ၉ ခုအတွင်း မဂ္ဂဇင်းဝတ္ထုများမှ စိစစ်ရွေးချယ် ထားခြင်းဖြစ်သည်။ စီစဉ်သူ မောင်ခိုင်လတ်၏ အမှာစာတွင် မိမိအကြိုက် ဝတ္ထုတိုများကို စုစည်းထားခြင်းဖြစ်ပြီး အကောင်းဆုံးဟု မဆိုလိုကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ရွှေအမြုတေ၊ နွယ်နီနှင့် ရနံ့သစ်တို့မှ ၃ပုဒ်စီ၊ ချယ်ရီ၊ ပေဖူးလွှာ၊ ပိတောက်ပွင့်သစ်၊ ဗြူတီ၊ မဟေသီနှင့် ပန်းအလင်္ကာတို့မှ ၂ ပုဒ်စီနှင့် စတိုင်သစ်၊ ရုပ်ရှင်တေးကဗျာ၊ Health For All မှ ၁ ပုဒ်စီ တို့ကို စုစည်းထားရာ စီစဉ်သူ၏စာဖတ်အားနှင့် စေတနာကို တွေ့ရသည်။

စုစည်းမှုကို ကိုလှိုင်ကြည်ဝင်း၏ ဆက်ကန်ဆက်ကန် ဖြင့်ဖွင့်ထားသည်။ ရွာသာရွာတွင် တိုက်နယ်တွင်း သောင်းချီပြီး ဆုပေးမယ့် ဘော လုံးဖလားလုပွဲအတွက် နည်းပြရော အုပ်ချုပ်သူရော ကပ္ပတိန်နေရာကိုပါ ဇွတ်ယူထားသော ကိုခင်မောင်တစ်ယောက် လူအား ငွေအားအာဏာ အားသုံးပြီး အဓိကနေရာက ကစား နေကျပေမယ့် မမျှော်လင့်ဘဲ ဝမ်းလျှောပြီး ဖိုင်နယ်ပွဲမှာ အရန်လူဖြစ်နေခိုက် ကွင်းထဲက လူနာသွား၍ သူကလူစားလဲဖို့ ဟန်ပြင်နေချိန် ပရိသတ်ကြီးက နာနေသူကို ဝိုင်းအားပေးကြတာက 'ဆက်ကန်၊ ဆက်ကန်'တဲ့။ ကိုယ့်အသင်းမှာ မကစားနိုင်တဲ့သူ ရှိနေခြင်း သုံးမရသူ ရှိနေတာထက်တော့ တော်သေးတယ်လို့ လူတွေခံစားရပုံက လောကကြီး၏ ကမောက်ကမ ဖြစ်ရပ်များကို ဘောလုံးပွဲနဲ့ ထပ်တူပြု သရုပ်ဖော်သွားသော စာရေးသူ၏ အနုပညာနှင့် အတတ်ပညာကို လှစ်ပြနေသည်ဟု ဆိုရမည်။

ကြည်မွေ့အိမ်၏ ရက်လည်တွင် မူးရူးဒုက္ခပေးနေသော လင်ဖြစ်သူ သေဆုံးသွားသည့် ရက်လည် မတိုင်ခင် အသုဘ ဖဲဝိုင်းဖြင့် အသက်ဆက်နေရသည့် မုဆိုးမကလေး၏ 'ရက်လည်ပြီးရင် ငါတော့ဒုက္ခ'ပဲဆိုသည့် ဘဝအမောမှာ ဒီလိုဘဝတွေ ရှိနေပါသေးသည်ဟု မြင်သာအောင် ထုတ်ဖော်ပြလိုက်နိုင်ပါသည်။

ခင်ခင်ထူး၏ မေတ္တာစာ၌ အဝေးရောက်မြေး၏ စာနှင့်ငွေကို လူကြုံသွားပေးနေကျ အကျိုးဆောင် သူအဖို့ မြေးသေဆုံးသွားခြင်းကို အဘွားအား ပြောရခက်ပြီး စာအတု ရေးကာ အဘွားကို ဖတ်ပြသည့်အခါ အဘွားက စာအတုမှန်း သိသွားပုံကို သိမ့်မွေ့စွာ တင်ပြထားသည့် အနု ပညာမြောက် စာတစ်ပုဒ် ဖြစ်သည်။

စုမီအောင်၏ ဘယ်တော့မှ မအိပ်တဲ့ရပ်ကွက်တွင် ခေတ်ပြိုင် ဆူညံညများကို စာရေးသူက လွတ်လပ်ပွင့်လင်းစွာ မျှဝေပေးထားသည်။ ညိုနှင်းအိမ်က မိမိ၏လူနာ ကလေးငယ်မှာ မိမိပေးလိုက်သော ဓာတ်မီးလေးကို ရေထဲမှ လိုက်ဆယ်ရင်း သေဆုံးသွားသည်ကို ကြေကွဲကာ အလွမ်း စက္ကူငှက် ကလေးခေါက်ဖြစ်သော ဆရာဝန်မလေးအကြောင်း ဖွဲ့သလို ဆရာနေဝင်းမြင့်က အိမ်ရှင်ကို မသိရဘဲ အိမ်ငှားများ ဆင်းချည်တက်ချည် မမြဲလွန်းလှသော အဝေရာတော အိမ်ကြီးအကြောင်း ပြောပြထားသည်။

နီရင့်ရင့်၏ ..ကန္တရအိပ်မက် တောအုပ် ဇာတ်ကောင်က သူ့ရောဂါအတွက် ရဲတိုက်ဝတ္ထုထဲက ဆရာဝန် မျိုးပင့်လာပေးသူက သူ့ရဲတိုက် စာအုပ်ကို ဆရာဝန်ကို လက်ဆောင်ပေး လိုက်တဲ့အခါ 'ခင်ဗျား အင်ဒရူးမေဆန်ကို ကျုပ်ဆီခေါ်လာတာလား၊ ကျုပ်ဆီက ပေးလိုက်တာလား' ဆိုသည့်အပြောက ထိမိလှသလို မောင်လူခင်၏ သူ့ရုပ်ပုံလွှာကိုရော ပုဂံဆည်းဆာ အလှကိုပါ ချယ်မှုန်းနိုင်ခဲ့သော်လည်း သူ့ဆည်းဆာအလှကို ဖော်ပြချယ်မှုန်းနိုင်စွမ်း မရှိဆိုသည့် တစ်ခုသော နေဝင်ဆည်းဆာ ဝတ္ထု နိဂုံးသတ်က ဝတ္ထုကို ပိုမိုသေသပ် လှပသွားစေပါသည်။ အလားတူ ဆရာမြင့်သန်း၏ ကားဂိတ်တွင် ဖတ်ရသည့် မရှိတော့တဲ့ ကားဂိတ်က ဘယ်ကိုသွားကြမှန်း မသိတဲ့လူတွေ ဘယ်ကိုသွားကြမှန်း မသိဘူးဆိုတဲ့ အကြောင်းကို သေသွားလို့မရှိတဲ့ လူကို ပေးစရာအဖြေ လိုသလား ဆိုသည်မျိုးက ရသမြောက် ခံစားချက်ကို ပေးနိုင်ပါလိမ့်မည်။

နတ်မှူး၏ လူကြိုက်များလှသော ဖိနပ်ပုံပြင်တွင် သမိုင်း၏ အထင်ကရ ပုဂ္ဂိုလ် ဦးရာဇတ်ကို ဇာတ်ကောင်ပြုထားရာ တကယ် ဖြစ်ခဲ့သလားဟု ထင်မှတ်မှားစရာ ဖြစ်လိမ့်မည်။ သို့သော် ဟစ်တလာကို ဂျူးအဘိုးကြီး မွေးစားခဲ့သည်ဆိုသော ကြံကြံဖန်ဖန် စိတ်ကူးမျိုးပင် ဖန်တီး ရေးဖွဲ့ပြီး ဘာသာပြန်လိုလို လုပ်တတ်သော ဆရာနတ်မှူး၏ အကြောင်းသိ ပရိသတ်ကမူ တိုင်းမရှင်း ခလုတ်နှိပ် ကစားထားပုံကို ခံစားရရှိနိုင်လိမ့်မည် ထင်ပါသည်။

မာန်(တောင်လုံးပြန်)ကတော့ နေ့စဉ် ကြုံတွေ့ရတတ်သည်မျိုးကို လှလှပပ သွက်သွက်လက်လက် နှစ်သက်ဖွယ်ဖြစ်အောင် ခြေနှစ်ချောင်း တိုက်ပွဲအဖြစ် တင်ပြထားသည်။ မြူမြူ၏ ငှက်နှင့်လူကတော့ အက်ဆေးဆန်ဆန်ဖြင့် တွေးစရာလေးများ ချန်ရစ်သည်။ စာရေးသူမုန်းသော ကျီးများက အနှစ်တစ်ရာ အသက် ရှည်သည်ဟုဆိုသည်။ သူမျှော်နေသော ဆွစ်ဆွစ်မြည် ငှက်ကလေးများ ကပေါ်မလာသေး။ ကောင်းကင်မှာတော့ ကျီးကန်းအုပ်များက မုန်ညင်းစေ့များ ကြဲပက်ထားသလို..ဟုဆို သည်။

ဆရာမြတ်သင်း၏ လမ်းတိုင်း ကမန္တလေးမြို့သို့ ဦးတည်နေကြသည်ဆိုသော ဝတ္ထုက ကိုလိုနီခေတ်ဦးမှ ပုံရိပ်များကို ယနေ့ခေတ်အထိ ဆွဲခေါ်ကာ သက်ဝင်ခံစားစေနိုင်သည်။ ဒီဝတ္ထုကို စာမူအဖြစ် ဖတ်ခွင့်ရပြီး မိမိမဂ္ဂဇင်းတွင် ထည့်ဖို့စီစဉ်ခဲ့သော်လည်း သူ့အထက်ကလူက မကြိုက်သဖြင့် ထည့်ခွင့်မရခဲ့ကြောင်း အယ်ဒီတာတစ်ဦးက ရင်ဖွင့်သည်ကို ကြားရသည့်အခါ ဒီဝတ္ထုမျိုး မကြိုက်နိုင်သူမှာ အမျိုးသားစိတ် ခေါင်းပါးလွန်း လှ၍လားဟု တွေးချင်စရာ ဖြစ်မိသည်။

အဖြူရောင်(ရွှေ)၏ မိသားစု ပဋိပက္ခဖွဲ့ ဗြဟ္မာ့ဦးခေါင်းတွင် အတ္တ အလွန်ကြီးသူက ရေကာတာကြီး သဖွယ်ရှိလေသော် လောကကြီးအတွင်း ပေးဆပ်လိုသူတို့အတွက် စီးဆင်းခွင့်မသာပဲ ထိုရေကာတာကြီး ပြိုကျမည့်နေ့ကိုသာ စောင့်ဆိုင်းနေရ ပုံကို မြင်ရပါသည်။

မျက်စိမကောင်းလှသဖြင့် စာမရေးသာရှာသူ ဆရာမောင်သာပို၏ ဘကြီးသိုက်ရဲ့နောက်နွားတွင် စာရေးသွက်ပြီး သရော်သံ သဲ့သဲ့ကြောင့် ပြုံးရသည်။ ဝှေ့တတ်သည့်နွားကို ဘယ်လိုပြုပြင်ဖို့ စီစဉ်ထားသေးလဲ ဆိုသည့် အမေးကို အမဲခြောက်ဆီ မေးငေါ့ပြပုံကို ပြုံးမိရရင်း ဆရာ့ လက်ရာများကို လွမ်းရပါသည်။

ကဗျာဆရာ ဗပိုးသစ်(တော်ခရမ်း)ကို ဝတ္ထုရေးဖြစ်အောင် လှုံ့ဆော်လိုက်ပုံပေါ်သော နာဂစ်ကြောင့် ဖြစ်တည်လာပုံရသည့် မီးဇာအို၏ မငြိမ်းသောမီးမှာ ဖတ်သူ့ရင်ကို လှုပ် ခတ်စေနိုင်စွမ်းပါသည်။ တတိယနာမ် စားမှ ရုတ်တရက် ပထမနာမ်စား တင်ပြပုံသို့ ပြောင်းသွားပုံမှာ ယနေ့လို ရေးဟန်ရောထွေးသော ကာလတွင် အပြစ်ကြီးဟု မဆိုနိုင်သော်လည်း ဝတ္ထုကို အလှပျက်သွားစေသည်ဟု ထင်သည်။

ပန်းရိပ်ဖြူ၏ ပြတင်းပေါက် များနှင့်အိမ်ကား အက်ဆေးဆန်ဆန် လှပစွာရေးဖွဲ့ထားသည့် သင်္ကေတ ဝတ္ထုဟန်နွယ်သော နှစ်သက်ဖွယ် ဝတ္ထုလေးတစ်ပုဒ်ဖြစ်သည်။ ငယ်စဉ်တည်းက ပြတင်းပေါက်များကို ငတ်မွတ်ခဲ့သူ တစ်ဦးအတွက် မြို့သစ်တွင် ပြတင်းပေါက်များကို ပိုင်ခွင့်ရလို့မှ ဝမ်းသာမဆုံးသေးခင် သံဆန်ခါကွက် များဖြင့် ဆို့ပိတ်ခြင်းခံလိုက်ရပုံကို ခံစားမျှဝေထားသည်။ စာရေးသူတင် ပြသော 'ကျွန်မသည်..'ကို 'ကျွန်မ တို့သည်..' ဟု ခံစားဖတ်ရှုနေမိပါ သည်။

ဝေယံဘုန်း၏ မှဲ့တစ်ခု၏ အနုပညာမှာ မှဲ့တစ်ခုကြောင့် ကံဆိုးသည်ဟု အများသတ်မှတ်မှုကို ရုန်းထွက်နိုင်စွမ်းမရှိရှာ သူလေးတစ်ဦး အကြောင်း မေတ္တာဖွဲ့ဖြစ်သည်။

လဲ့ဝင်းကြည်(ချို)က အနားစွန်းတို့၏ ဆုံမှတ်ဖြင့် ကံအကျိုးပေး ဆိုးလှသူလေး တစ်ဦးအကြောင်း ရေးဖွဲ့ထားသည်။ ဒီဝတ္ထု၏ ထူးခြားချက်က ကိုရီးယားကားတွေလိုမဟုတ်ဘဲ

ဗီလိန်မပါလှဘဲ ဇာတ်နာစေနိုင်စွမ်းဖြစ်သည်။

ဆရာမက အရူးမလေးတစ်ဦး ဘဝမျှဝေထားပေမယ့် ဆရာဦးဆွေ (ဒဿနိက)ကတော့ ဥမ္မတ္တက ချင်ခြင်း ဆိုသည်မှာ အလွယ်တကူ ဖြည့်ဆည်းနိုင်ဖို့ မဖြစ်နိုင်ဟုဆိုသည်။ ဆရာက ရူးတယ်ဆိုတာ လွယ်တယ်မှတ်လို့လားဟု ဆိုထားရာ ''ဟုတ်ပဆရာ၊ ပါရမီရှိမှဆိုတာ ကျွန်တော်တို့ (စာဖတ်သူများ) သဘောပေါက်ဖို့ ကောင်းတာပါပဲ''ဟု လှမ်းပြောချင် နေမိသည်။

မိုးသက်ဟန်၏ မော်ဒန်ဆန်ဆန် ရေးဖွဲ့သည့် အိပ်မက်မြို့က တွေးစရာများပေးသလို မင်းဝေနိုင် (ဟင်္သာတ)၏ လူသားသစ်တွင် ရေတစ်မျိုးတည်း သောက်ရုံဖြင့် အဆင်ပြေနေသူအား လက်ဖက်ရည် တိုက်စရာမလို၊ လက်ဖက်ရည်ဖိုး ပေးစရာ မလိုသည်မို့ လူပုံတူ ပွားရမည်ဆိုသည့် အတွေးက နှစ်သက်ဖွယ် ဖြစ်သည်။ နီဟိန်းမော်၏ အသားတံ ဆိပ်မပါတဲ့လူသည် တင်စားချက်ရော ဇာတ်ကောင်စရိုက်ပါ ပီပြင်လှသည့် ဝတ္ထုမျိုးဖြစ်ပါသည်။ အပြစ်ရှာ ပြောရလျှင်တော့ ရှေ့နေများ နှုတ်ဖြင့်မလျှောက်လဲကြရတော့ပဲ လျှောက်လဲချက်ကို ရေးတင်ရသည့်ကာလမျိုးမှာ ယင်းဝတ္ထုက အလိုအလျောက် ခေတ်နောက်ကျသလို ဖြစ်သွားရတာ ပဲရှိပါသည်။

မိချမ်းဝေ၏ နှင်းဆီရိုင်းတို့က ခုန်ခြင်းကတော့ ဆရာမ၏ ဟန်အတိုင်း လုပ်ငန်းခွင်အသေးစိတ်ရေး ဖွဲ့မှုများနှင့်အတူ ခေတ်ပြိုင် ပုံရိပ် များကို ပီပီပြင်ပြင် လှမ်းမြင်ခွင့်ပေးပါသည်။ စာဖတ်သူအများစုနှင့် အလှမ်းကွာသော တစ်နေရာမှ ခေတ်ပြိုင်ဖြတ် သန်းနေသော ရေပူစီးကြောင်းအချို့က စာဖတ်သူရင်ကို ဟပ်စေနိုင်ပါ လိမ့်မည်။

၂ဝဝ၉ ခုနှစ်မဂ္ဂဇင်းများမှ စိတ်ကြိုက်ရွေးချယ်ထားသည်ဆိုသော ယခုဝတ္ထုတိုများသည် ရှင်ဘုရင့်ပုဆိုး ပိုးချည်းဟု ဆိုနိုင်ပါသည်။ ဆရာမြတ်သင်း၏ ဝတ္ထုကိုအားကျ ပြီးဆိုရလျှင် ရသဝတ္ထုတိုင်းသည် သစ္စာ တရားဆီ ဦးတည်နေကြသည်ဟု ပြောချင်ပါသည်။ သို့သော် ဆရာဦးဆွေ(ဒဿနိက)က ရူးတယ်ဆိုတာ လွယ်တယ်မှတ်လို့လားဟု ဆိုသည့်တိုင် ကိုယ်လုပ်တာ ကိုယ်အဟုတ် မှတ်တတ်သော ပုထုဇဉ်သဘာဝ အတိုင်း ဟစ်တလာသည်လည်း လမ်းများကို ဘာလင်မြို့ကိုဦးတည်ကာ ဖောက်စေခဲ့သည်ကို သတိရကာ ပြုံးမိပါသည်။

ရသစာပေကို မြတ်နိုးတန်ဖိုးထားပုံရသော ခါကာဘိုစာပေမှ ထုတ်ဝေသူလက်သစ် ဦးသန်းထွဋ်ကိုလည်း ကလောင်နု ကလောင်လတ်တို့၏ ဝတ္ထုတို စုစည်းမှုများကိုပါ မကြာခဏ ထုတ်ဝေပေးဖို့ အားနာပါးနာ တောင်းဆိုရင်း စာပေလောကမှ လက်ကမ်းကြိုဆိုလိုက်ပါသည်။ ။

ရီနေနိုင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.