24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
မီတာခမှ တစ်ဆင့်

၂ဝ၁၇-၂ဝ၁၈ ခုနှစ် ဘဏ္ဍာ ရေးစနစ် အမျိုးသားစီမံကိန်းဥပဒေ ကြမ်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်းရာ၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား တယူနစ်ရောင်းတိုင်း အစိုးရက ငွေ ၂၃ ကျပ် အရှုံးပေါ်နေ သည်ဟု ပြောကြား ခဲ့ပါသည်။ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ယခင်နှစ် ထက် လျှပ်စစ်ယူနစ် သန်းပေါင်း ၁၇ဝဝ ကျော် ပိုမိုသုံးစွဲမည်ဟု သိရ သည်။ လျှပ်စစ်ယူနစ်တိုးထုတ်တိုင်း အရှုံးလည်း ပိုလာမည်ဟု ဒုတိယဝန် ကြီး ဒေါက်တာထွန်းနိုင်က ပြော သည်။

ထိုသို့ ပြောအပြီးမှာပင် လျှပ်စစ် မီတာသုံးစွဲခများ သုံးဆတက်ကာ ကောက်ခံတော့မည်ဆိုသည့် သတင်း များ ပေါ်ထွက်လာခဲ့သည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်း ဧပြီလမှ စတင်ပြီး မီတာခ သုံးဆနီးပါးခန့် တိုး မြှင့်ကောက်ခံမည်ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒ နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက မဇ္ဈိမသို့ အတည် ပြု ပြောဆိုသည်ဟု မဇ္ဈိမသတင်း တွင် ဖော်ပြ သည်။

7 Day News ဂျာနယ်ကမူ ''မီတာခ သုံးဆတိုးကောက်မည်ဟု ဝန်ကြီးချုပ်က မပြောခဲ့ကြောင်း ရှင်း လင်း''ဟူသော ခေါင်းစီးဖြင့် 'ရန်ကုန် တိုင်း ဝန်ကြီးချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံသည့်ပွဲ တွင် မီတာခတိုးမြှင့်ကောက်ခံမည့် ကိစ္စကို ဝန်ကြီးချုပ် မပြောကြားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်' ဟု ဖော်ပြသည်။ ဒေါ်နီ လာကျော်က ကုန်သည်စက်မှု အ သင်းချုပ်တွင် မတ်လ ၃ ရက်က  ပြုလုပ်သည့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့ သည်ဟု ဆိုသည်။

''မီတာခတွေ သုံးဆတိုးကောက် မယ်ဆိုတာ အိမ်သုံးမီတာတွေ မဟုတ်ပါဘူး။ စက်ရုံကြီးတွေနဲ့ စက် မှုဇုန်တွေကို တိုးကောက်ဖို့ စဉ်းစားနေ တုန်းပဲ ရှိပါသေးတယ်။ မီတာခ တိုး ကောက်တယ်ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ ပြည်သူလူထုတွေ စီး ပွားရေး ကျဆင်းနေတဲ့ အချိန်မှာ မီတာခတက်လို့မရပါဘူး''ဟု ပြော ကြောင်းကိုလည်း သိရှိဖတ်ရှုရပါ သည်။

တိုးမည် မတိုးဟူသော အသံ တွေ ကျယ်ကျယ်လောင်လောင်ထွက် ပေါ်နေသလို သတင်းဌာနများက လည်း တိကျသေချာသော သတင်း ကို မထုတ်ပြန်ဘဲ တစ်စောင်လျှင် တစ်မျိုးရေးနေကြသဖြင့်လည်း ကောင်း၊ တစ်ဆင့်ကြား သတင်းကိုပင် ပုံကြီးချဲ့ကာ Facebook ပေါ်တွင် အတည်ပေါက် ဝင်ရောက်ရေးသား ကြသောကြောင့်လည်းကောင်း လူထု မှာ ယုန်ထင်ကြောင်ထင် ဖြစ်ကြရ သည်။

လျှပ်စစ်ဓာတ်အားခက ယခု လက်ရှိကောက်ခံသော နှုန်းထားမှာ တစ်ယူနစ်ကို ၃၅ ကျပ်ဖြစ်သည်။ သို့ သော် ယူနစ်တစ်ရာကျော် သွားလျှင် ဈေးတက်၍ သွားသည်။ ထို့ပြင် အိမ် သုံးမီတာ မဟုတ်သော လုပ်ငန်းသုံး မီတာများသည်လည်း တစ်ယူနစ်ကို ၇ဝ ကျပ်ပေးဆောင်ရမည်။ သူသည် လည်း ယူနစ်တစ်ရာကျော်လျှင် ဈေး တက်၍သွားသည်ပဲဖြစ်သည်။ မည် သို့ဆိုစေ ပျမ်းမျှအားဖြင့် လျှပ်စစ် တယူနစ်သုံးတိုင်း အစိုးရက ၂၃ ကျပ် ရှုံးနေသည်ဟု ဆိုသည်။

အိမ်သုံးမီတာနှင့် လုပ်ငန်းသုံး မီတာကို မည်သို့ခွဲပါသနည်း။ စက် အားကို မူတည်၍ ခွဲသလား။ ဝေါဟာ ရကို မူတည်၍ ခွဲသလား မသိပါ။ အမှန်တော့ လုပ်ငန်းများတွင် သုံး သော စွမ်းအားမြင့်မီတာ (ပါဝါမီတာ) နှင့် အိမ်သုံးရိုးရိုး မီတာကို ဆိုလိုရင်း ဖြစ်ပါသည်။ ပါဝါမီတာသုံးလျှင် မီတာခနှစ်ဆဆောင်ရမည်ဟု ရှင်း ရှင်းလင်းလင်းဖွင့်ဆိုရမည့်အစား 'လုပ်ငန်းသုံး'ဟု ဆိုလိုက်သဖြင့် လုပ် ငန်းလုပ်ကိုင်သော သူများ ရိုးရိုးမီတာ သာ တပ်ဆင်ထားသော်လည်း မီတာ ခနှစ်ဆပေးဆောင်နေရသည်မှာ ကာလကြာမြင့်ခဲ့ပြီ။ ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းတွဲများ၌ မြေညီ ထပ်တွင်  နေထိုင်သူများမှာ အိမ်ဆိုင် လေးဖွင့်လျှင်လည်း လုပ်ငန်းသုံးဟုဆို ကာ မီတာခနှစ်ဆ၊ မီးသုံးစရာမလို သော လုပ်ငန်းဖြစ်ပါစေ လုပ်ငန်း လုပ်၍ဟုဆိုကာ မီတာခနှစ်ဆ ဆောင်နေကြရသည်မှာ ကြာမြင့်လှ ပါပြီ။ ထိုနည်းတူ ရေခွန်၊ အမှိုက်ခွန် လည်း နှစ်ဆဆောင်နေကြရပေ သည်။ ဒါတွေက နိုင်ငံတော်ဘဏ္ဍာ ထဲဝင်သလား။ ကြားထဲမှာတင် ပျောက်သွားသလား မသိရပါ။ သည် မှာကြည့်လျှင် တစ်ယူနစ်ဝင်ငွေက ၃၅ ကျပ်မကတာကို တွေ့နိုင်ပါသည်။

မည်သို့ဆိုစေ ဝန်ကြီးဌာန၏ အဆိုအရ တစ်ယူနစ်ကို ၂၃ ကျပ် ရှုံးနေလေပြီ။ သို့ဆိုလျှင် မရှုံးရအောင် ၂၃ ကျပ် တိုးတောက်လိုက်ရုံပဲ မဟုတ်ပါလား။ မူရင်း ၃၅ ကျပ်တွင် ၂၃ ကျပ်တိုး၊ ၅၈ ကျပ်၊ ၆ဝ ကောက် လျှင် မရဘူးလား။ ၁ဝဝ ကျပ်ဆိုတော့ အမြတ်လေးဆယ်ပေးနေရပါပြီ။ ပြည်သူက အခွန်ဆောင်နေခြင်းဖြစ် ပါသည်။ အခွန်ကိုမှ ဝင်ငွေခွန်၊ ရေ ခွန်၊ မီးခွန်၊ အမှိုက်ခွန်၊ မြေခွန်၊ စံငှား ခွန်၊ စားသောက်ခွန် စသဖြင့် အခွန် ပေါင်းများစွာကို ဆောင်နေရသည်။ ထိုအခွန်ဆောင်ပြည်သူအတွက် အစိုးရက ဘာပြန်လုပ်ပေးသနည်း။

ကျန်းမာရေး စောင့်ရှောက်မှု လား။ ပညာရေးဝန်ဆောင်မှုလား၊ စားဝတ်နေရေး အာမခံချက်လား။ တရားဥပဒေစိုးမိုးရေးလား။ အခွန် ကောက်ထားပြီဆိုလျှင် အခွန်ထမ်း ပြည်သူကို အစိုးရက တာဝန်ယူရ မည့် ကိစ္စတွေအများကြီးရှိပါသည်။ အနိမ့်ဆုံးအနေဖြင့် လျှပ်စစ်ခွန် ကောက်လျှင် လျှပ်စစ်မီးအားပြည့်ဝဖို့ နှစ်ဆယ့်လေးနာရီ မီးမှန်ဖို့လိုပါသည်။ ရေခွန်ကောက်လျှင် သန့်ရှင်း သော ရေ ရဖို့၊ ရေမှန်မှန်ပေးဖို့လိုပါ သည်။ အမှိုက်ခွန်ကောက်လျှင် အချိန်မှန်အမှိုက်သိမ်းဖို့ သန့်ရှင်းရေး လုပ်ဖို့လိုပါသည်။

အခွန်ကောက်တော့မည်ဆို လျှင် နိုင်ငံတကာ သတ်မှတ်ချက်တွေ ကို ချပြလာလေ့ရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွင်တော့ နိုင်ငံ တကာ နှုန်းစံများကို မသိကျိုးကျွန်ပြု ထား၍မရပါ။ ကျွန်တော်တို့ ကိုယ့် ပိုက်ဆံဖြင့်ကိုယ် စားသောက်ဆိုင် တစ်ခုခု၌ သွားရောက် စားသုံးပါက အခွန်ဆောင်ရပါသည်။ ငွေရှင်းပြေ စာပေါ်တွင် ကုန်ကျငွေ၏ ရာခိုင်နှုန်း အလိုက် ကျသင့်သော အခွန်ကို ထည့်သွင်းကာ တောင်းခံကြပါသည်။ သို့သော် တာဝန်ယူမှုရှိပါရဲ့လား။ တရုတ်မှ ကြက်၊ ငှက် တုပ်ကွေး ရောဂါပိုးပါဝင်နိုင်ခြေရှိသော ကြက်ဥ များ မြန်မာနိုင်ငံတွင်း ဒလဟောဝင် နေသည်ဟု ဆိုသည်။ စားသောက် ဆိုင်များကို မရောက်ဟုမပြောနိုင် သည့်အတွက် မည်သူတွေက စား သောက်ဆိုင်များသို့ ဝင်ရောက်စစ် ဆေးပါသနည်း။ ဆီသန့်သလား၊ အေး ခဲအသားသုံးသလား၊ သန့်ရှင်းရေးနှင့် ညီညွတ်သလား မည်သူမျှ မစစ်ဆေး ပါ။

ကျွန်တော်ကိုယ်တိုင် စား သောက်ဆိုင်ဖွင့်ဖူးသည်မို့ ပြောနိုင် ခြင်းဖြစ်သည်။ ဂက်(စ) အသုံးပြု သော်လည်း မီတာခနှစ်ဆပေးရ သည်။ ရေပိုမသုံးသော်လည်း ရေခွန် နှစ်ဆပေးရသည်။ ကိုယ့်ဘာသာ ကိုယ်ပစ်ရသော အမှိုက်အတွက် အ မှိုက်ခွန်နှစ်ဆပေးရသည်။ ဘာစစ် ဆေးရေးမှမလာ။ ငွေကောက်သူ တွေပဲလာသည်။ မီးပျက်လျှင် အ ကြောင်းကြားစရာမရှိ။ ရေမလာ လည်း ထို့အတူ။

အခွန်ကောက်လျှင် တာဝန်ယူရမည်။ ဖုန်းငွေဖြည့်ကတ် သုံးလျှင် တောင် လေခွန်ပေးနေရသည်။ သို့ သော် ၄-၂-၂ဝ၁၇ နေ့ က အော်ရီဒူး ဖုန်းကတ် ကိုင်ဆောင်သူတွေ နာရီနှင့် ချီကာဖုန်းဆက်မရ။ အထွက်လည်း မရ၊ အဝင်လည်း မရ။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအစရှိသဖြင့် အရေးကိစ္စတွေ နှောင့်နှေးပျက်စီးကြ ရသည်။ မည်သူတာဝန်ယူပေးပါသ လဲ။ မည်သူမျှ တာဝန်မယူဘဲ  အခွန် ဘာကြောင့် ကောက်နေပါသလဲဟု မေးလျှင်ရော ဖြေမည့်သူရှိပါရဲ့လား။

အခွန်ထမ်း ပြည်သူတွေက ရှိ ခြင်း၊ မရှိခြင်း ဆင်ခြေကိုမျှ ပေးခွင့် မရဘဲ အစိုးရကောက်ခံသော အခွန် ပေါင်းစုံကို တာဝန်ကျေအောင်  ထမ်း ဆောင်ပေးသွင်းကြသည်။ အသက်ရှူ ခွန်ကောက်ခံမည်ဆိုလျှင်တောင် ပေးကြမှာပါ။ သို့သော် အခွန်ထမ်း ပြည်သူအတွက် မည်သူတာဝန်ယူမှု၊ တာဝန်ခံမှုရှိသလဲ။ အရောင်တင်မှုန့် တောင် စိတ်ချလက်ချ မသုံးစွဲရဲသေး ကြပါ။

မီတာခ တက်မှာလား၊ ၂၃ ကျပ် တက်ပါ။ အိမ်သုံးမီတာနှင့် လုပ်ငန်း သုံးမီတာ သေချာကွဲပြားအောင်လုပ် ပါ။ မီတာမဖတ်ဘဲ ရမ်းကောက်၍ ခြောက်ဆလောက်ပေးရတာမျိုးဖြစ် လျှင် တာဝန်ယူဖြေရှင်းပါ။ မီးအား ပြည့်ပါစေ။ မီးမှန်မှန်လာပါစေ။ ပြည်သူက တာဝန်ကျေပြီး ပြည်သူအ ပေါ် တာဝန်မကျေလျှင် ပြည်သူက ဒဏ်ခတ်ပါလိမ့်မည်။

ဝါဆိုကိုဦး (တောင်ကြီး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.