22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

 

တောရပုဂ္ဂိုလ်ကျော်

သံဘိုဆရာတော်၏ စကားဆန်းပုံပြင်များ

ရွှေမင်းဝန်ဦးဘုန်းမြင့်

 လောကမှာ မပြုသင့်မပြုထိုက်၊ မပြောသင့်မပြောထိုက်၊ မတွေးသင့်မတွေးထိုက်၊ မကြံသင့်မကြံထိုက်တာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ပုံဝတ္ထုတွေပမာပြပြီး ဟောကြားဆုံးမခဲ့တဲ့ တောရပုဂ္ဂိုလ်ကျော် သံဘိုဆရာတော်ကြီးရဲ့ သြဝါဒတွေကို စုစည်း ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ကို ပြုစုရေးသားသူ ဆရာရွှေမင်းဝန်ဦးဘုန်းမြင့်ဟာ ငယ်စဉ်အခါက မင်းတုန်းမင်းလက်ထက်ကို ကောင်းစွာသိမီလိုက်သူ သက်တော် ၈ဝ အရွယ် ဆရာတော်ကြီး တစ်ပါးနဲ့ကြုံတွေ့ခဲ့ရပြီး ဆရာတော်ကြီးပြောပြတဲ့ သံဘို ဆရာတော်ကြီးရဲ့ စကားဆန်းပုံပြင်အကြောင်းတွေ၊ ဥပမာ သင်္ဂဟဝစနက္ကမကျမ်းမှ အချက်အလက်တွေ၊ စစ်ကြိုခေတ်ဂျာနယ်၊ မဂ္ဂဇင်းအချို့မှာဖော်ပြခဲ့တဲ့ သံဘို ဆရာတော်ကြီးအကြောင်း အချက်အလက်တွေကိုမူတည်ပြီး 'သံဘိုဆရာတော်၏ စကားဆန်းပုံပြင်များ' စာအုပ်ကို ပြုစုရေးသားထားခြင်းဖြစ်တယ်လို့ စာအုပ်အမှာစာမှာ ဆိုထားပါတယ်။

သံဘိုဆရာတော်ကြီးဟာ ပုဂံမင်းလက်ထက်၊ ပုဂံမင်းကိုးကွယ်တဲ့ ဆရာတော်တစ်ပါးဖြစ်ခဲ့ပေမယ့် ဘုရင်မင်းမြတ် ကပ်လှူတဲ့ အဆောင် အယောင်တွေကို စွန့်ပစ်ပြီး တောရဆောက်တည်ခဲ့တာကြောင့် ဗန်းမော်ဆရာတော်၊ သင်္ဂဇာဆရာတော်စတဲ့ ထင်ရှားကျော်ကြားတဲ့ မင်းဆရာတွေကတောင် ချီးကျူးလေးစား ခံရတဲ့ ပုဂ္ဂိုလ်မြတ်ဖြစ်တယ်လို့ ဆိုထားပါ တယ်။

ဒီစာအုပ်မှာ ရဟန်းပရိသတ်၊ လူပရိသတ်တွေက သူတို့အတွေးထဲမှာ မရှင်းမလင်းဖြစ်နေတဲ့အကြောင်းအရာတွေကို မေးလျှောက်ကြတဲ့အခါ သံဘိုဆရာတော် ကြီးက ဥပမာပုံဝတ္ထုတွေနဲ့တကွ ပရိသတ်အမြင် ရှင်းလင်းကြည်လင်သွားအောင် ဒိုးခနဲ ဒေါက်ခနဲ ဟောပြောဆုံးမထားတာတွေကို ဖတ်ရမှာဖြစ်ပါတယ်။ ပရိသတ်ရဲ့အမေး၊ ဆရာတော်ကြီးရဲ့ ပုံဝတ္ထုနဲ့တကွ ဖြေရှင်းတဲ့အဖြေတွေကိုဖတ်ရင်း စာဖတ်သူကိုယ်တိုင် တရား နာပရိသတ်ထဲ ရောက်သွားသလို ရှုပ်နေတဲ့အတွေးတွေ ရှင်းလင်းသွားစေမယ့်၊ နောက်နေတဲ့ခေါင်းတွေ ကြည်သွားစေမယ့်စာအုပ်လို့ ဆိုနိုင်ပါ တယ်။

မယားက သျှောင်ကိုဆွဲပြီးပါးရိုက်ခံရသော ဆေးသမားအကြောင်းပုံဝတ္ထုမှာတော့ စကြဝဠာဟူသမျှမှာ သဗ္ဗညုတဥာဏ်တော်ရှင်ဖြစ်တဲ့ ဘုရားပွင့်မပွင့်၊ ၃၁ ဘုံဟာ စကြဝဠာ တိုင်းမှာရှိမရှိ ပြဿနာမေးလျှောက်ချက်ကို ကြံကြံဖန်ဖန်လျှောက်တွေးပြီး ထင်ရာမြင်ရာ လုပ်တတ်သူ ဆေးဆရာတစ်ယောက် ဒုက္ခရောက်ရပုံအကြောင်းနဲ့ ပမာပြပြီး ဆရာတော် ကြီး ဟောကြားဖြေရှင်းထားတာကိုဖတ်ရမှာဖြစ်ပါတယ်။

 လောကမှာ မဆိုစလောက်ကိစ္စ လေးအတွက် ငြင်းခုန်ရင်းခိုက်ရန် ဒေါသဖြစ်ခြင်း၊ အမှုပြဿနာဖြစ်ခြင်း တွေကို ရှောင်ကြဉ်ကြဖို့အတွက်တော့ 'ဆေးလိပ်တိုတစ်တိုကြောင့် ဒုက္ခဖြစ်ရသော ခရီးသွားသုံးယောက်အကြောင်း' ပုံဝတ္ထုနဲ့ ပမာပြ ဟောကြား ထားပါတယ်။

ဖိုးခေါင်စံကျေးရွာက မယ်ဘုံလုံးအကြောင်း ပုံဝတ္ထုမှာတော့ လောကမှာ သူတစ်ပါးအပြစ်ကို မဆိုခင်ကိုယ့်အပြစ်ကို ကိုယ်ကိုယ်တိုင်ပြန်လည်ဆင်ခြင် သင့်ကြောင်းကို ဟောကြားဆုံးမထားပါတယ်။

အလားတူလောကမှာ ဟိုဟာမှန်နိုး ဒီဟာဟုတ်နိုးသို့လောသို့လောတွေးပြီး အချိန်မကုန်စေဖို့အတွက် ချည်ပါသား ငကတ်နဲ့ငကျယ်အကြောင်း ပုံဝတ္ထု၊ ဘယ်အရာကိုမဆို စဉ်းစားချင်းချိန်ပြီးမှ ယုံကြည်ဖို့အတွက် ဥုံဘယံနတ္ထိမန္တာန်နှင့် လှေသူကြီးအကြောင်း ပုံဝတ္ထု၊ လောကမှာပြောသင့်ပြောထိုက် ဖြေသင့်ဖြေထိုက်တဲ့ ကိစ္စတွေကို အလေးဂရုပြုပြောဆိုဖြေကြားဖို့အတွက် တိတ်တိတ်နေထောင်တန်သည် ဆိုသော စကားအကြောင်း ပုံဝတ္ထုစတဲ့ လောကီလောကုတ္တရာဆိုင်ရာ ပြဿနာတွေကို ဆိုင်ရာဆိုင်ရာပုံ ဝတ္ထုလေးတွေနဲ့ ရှင်းလင်းဟောကြား ထားတဲ့ စကားဆန်းပုံပြင် ၂၅ ပုဒ်ကို စုစည်းတင်ပြထားပါတယ်။

 တောရပုဂ္ဂိုလ်ကျော် သံဘိုဆရာတော်ဘုရားကြီးရဲ့ ထေရုပ္ပတ္တိအကျဉ်းနဲ့အတူ လောကသရဖူ စာအုပ်တိုက်ကနေ တန်ဖိုး ၁၅ဝဝ ကျပ် နဲ့တတိယအကြိမ်အဖြစ် ထုတ်ဝေ ဖြန့်ချိလိုက်ပါပြီ။

 

ညီမလေးသို့ ပေးစာများ

ဟမ်စိုင်း (ဆေးမန်း)

လူတိုင်းမှာ ပင်ကိုမျက်နှာနဲ့ မျက်နှာဖုံးမျက်နှာဆိုပြီး မျက်နှာနှစ်မျိုးရှိတယ်။ မြင်အောင်ကြည့်တတ်ပါစေညီမလေး။ ဖြူစင်တယ်ဆိုတာအမြင်မှာလှပေမယ့် အလွယ်တကူ စွန်းထင်းလွယ်လို့ လူတကာကအရောင်ဆိုးချင်ကြတယ်။ ရိုးသားမှု ဆိုတာ အကောင်းဆုံးဂုဏ်ပါပဲ။ ဒါပေမယ့် ရိုးသားမှုနဲ့အတူ 'အ'တာပေါင်းပြီး 'ရိုးအ'တာကတော့ မကောင်းဘူး ကွ။ 'ရိုးအ'တဲ့လူက အရာရာမှာ အရှုံး ချည်းပဲ။

ရိုးသားသူသာဖြစ်ပါစေ၊ ရိုးအသူမဖြစ်ပါစေနဲ့ ခေါင်းစဉ်အောက်က ကောက်နုတ် ချက်ဖြစ်ပါတယ်။ ရိုးသားဖြူစင်တဲ့အပြင် 'အ'လည်း အတာကြောင့် ရိုးအတာကို အခွင့် ကောင်းယူပြီး သူတစ်ပါးရဲ့ အလိမ်ခံခဲ့ရသူ သူ့အဖေအကြောင်း သူ့ညီမလေးကို ပြောပြရင်း ရိုးသားတာကောင်းပေမယ့် 'အ'တော့ မ'အ'စေနဲ့ လို့ သူ့ညီမလေးအတွက် သတိပေး ရေးသားထားတာဖြစ်ပါတယ်။

သူ့အဖေအလိမ်ခံခဲ့ရသလိုအလိမ်မခံရဖို့၊ ရိုးအတဲ့လူမဖြစ်ဖို့အတွက် အားလပ်တဲ့ အချိန်တွေမှာ စာများများဖတ်ရမယ်။ ဦးနှောက်ဥာဏ်ဖွံ့ဖြိုးပြီး 'လူအ' မဖြစ်စေဖို့ သုတစာပေတွေများများဖတ်ရမယ်။ နှလုံးသားတွေ နူးညံ့ယဉ်ကျေးစေဖို့ ရသစာပေတွေ များများဖတ်ရမယ်။ ညီမလေးရဲ့ဘဝမှာ ရိုးသားသူသာဖြစ်ပါစေ။ ဘယ်တော့မှ ရိုးအတဲ့သူ မဖြစ်ပါစေနဲ့လို့ ဆိုထားပါတယ်။

တိရစ္ဆာန်နဲ့တူသောသူ ခေါင်းစဉ်အောက်မှာတော့ အလကားနေရင်း သက်မဲ့ပစ္စည်းတွေနဲ့တုပြိုင်ပြီး ရန်ဖြစ်နေတဲ့သူ၊ ဒေါသဖြစ်နေတဲ့သူ မဖြစ်ဖို့အတွက် သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး သူ့ညီမလေးကို သတိပေးရေးသားထားတာပါ။ စာအုပ်ပုံထဲက လိုချင်တဲ့ စာအုပ်ရှာမရတဲ့အခါ၊ ဆိုင်ကယ်သော့ အလွယ်တကူရှာမတွေ့တဲ့အခါ၊ လမ်းမှာ ဆိုင်ကယ်ဘီးပေါက်၊ ဆိုင်ကယ်ဆီပြတ်တဲ့အခါ သက်မဲ့ပစ္စည်းတွေအတွက် ဒေါသထွက်တာ၊ စိတ်တိုတာတွေ မကြာခဏဖြစ်ရပါသတဲ့။ ဒါပေမယ့် 'သက်မဲ့အရာဝတ္ထု တွေနဲ့ ရန်ဖြစ်နေတဲ့သူဟာ အလွန်ကိုမိုက်မဲတဲ့လူ၊ တိရစ္ဆာန်နဲ့တူသောသူ' ဆိုတဲ့ စာသားလေးကို ဖတ်ရပြီးတဲ့အချိန်မှာတော့ သူ့ကိုယ်သူရှက်မိပါသတဲ့။ သက်မဲ့ပစ္စည်း တွေဆိုတာ အသိဥာဏ်ရှိတဲ့ လူသားတွေထားရာနေရာမှာ နေရတာကြောင့် အဲဒီစာ သားလေးကို ဖတ်မိကတည်းက စည်းကမ်းတကျ မထားတတ်တဲ့၊ မလုပ်တတ်တဲ့ သူ့အကျင့်ကို အရင်ပြင်လိုက်ပြီး သက်မဲ့ပစ္စည်းတွေကြောင့် ဒေါသထွက်မလို ဖြစ်တိုင်းလည်း အဲဒီစာသားလေးကိုတိုးတိုးလေး ရေရွတ်လိုက်မိတယ်လို့ သူ့ညီမလေးကို ဝေမျှထားပါတယ်။

စိတ်မညစ်ဖို့ နှစ်ဆတိုးပြီးကြိုးစားပါ ခေါင်းစဉ်အောက်မှာတော့ တစ်ယောက်ယောက်ရဲ့ မနာလိုခြင်းကိုခံနေရလို့ စိတ်ညစ်နေတယ်ဆိုတဲ့ ညီမလေး အတွက်အားပေးစကား၊ သတိပေးစကားပြောထားတာပါ။ မနာလိုစိတ်ဖြစ်ရခြင်း အကြောင်းအရင်းတွေကို လေအေးအေးကလေးနဲ့ ရှင်းပြရင်း တစ်ယောက်ယောက်က ညီမလေးအပေါ် မနာလိုဖြစ်နေပြီလို့သိလိုက်ရင် စိတ်ညစ်မနေဘဲ 'ငါ ဒီ ထက်နှစ်ဆ ကြိုးစားဖို့လိုနေပြီ'လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရမယ်၊ ဒါ့အပြင် မနာလိုသူတွေကို သနားစိတ် ထားနိုင်တဲ့အဆင့်ထိ ကြိုးစားရမယ်လို့ ဆိုထားပါတယ်။

ကိုယ့်ရဲ့အပြစ်၊ သို့မဟုတ် မှားယွင်းမှုကို အရင်ရှာပါ ခေါင်းစဉ်အောက်မှာတော့ အစ်ကိုဖြစ်သူက သူ့ညီမလေးကို သူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကလေးတစ်ခု အကြောင်းပြောပြရင်း ပတ်ဝန်းကျင်ကိုအပြစ် မြင်စိတ်တွေဖျောက်ဖို့ အသိပေးထား ပါတယ်။ လူအများစုဟာ ပြဿနာတစ်ခုခု၊ ဒါမှမဟုတ်အဆင်မပြေတဲ့ ကိစ္စတစ်ခုခု ကြုံလာတိုင်း ကိုယ့်ဘေးနားက လူတွေကို အပြစ်မြင်တဲ့ မျက်လုံး၊ သံသယစကားတွေနဲ့ စွပ်စွဲတတ်ကြတယ်။ ကိုယ်တိုင်ကျတော့ ၁ဝဝ ရာခိုင်နှုန်းအမှန်လို့ လက်ခံထားပြီး ကိုယ်လည်းမှားနိုင်တယ်ဆိုတာ မေ့နေတတ်ကြတယ်။ ဒါကြောင့် အဆင်မပြေတဲ့ ပြဿနာတစ်ခုခုကြုံတိုင်း ကိုယ့်ဘေးနားကလူတွေကို အရင်အပြစ်မတင်ဘဲ ကိုယ့်အမှားကို အရင်ရှာပါရမယ်၊ ငါလည်းမှားနိုင်တာပဲဆိုတဲ့အတွေးကို ခေါင်းထဲ ထည့်ထားရမယ်လို့ဆိုထားပါတယ်။

ဒီစာအုပ်မှာ အစ်ကိုကြီးက ညီမလေးဆီကို လောကအကြောင်း လူ တွေအကြောင်းသိအောင်၊ လူမှုဘဝ ပတ်ဝန်းကျင်မှာကိုယ်ကျင့်သီလကောင်းမွန်ပြီး ပညာÓဏ်ဗဟုသုတနဲ့ ပြည့်စုံတဲ့လူသားတစ်ယောက်အဖြစ် ရှင်သန်နိုင်အောင်၊ အရာရာကို အကောင်းမြင်ရှုထောင့်ကကြည့်ပြီး လွတ်လပ်ပေါ့ပါးငြိမ်းချမ်းပျော်ရွှင်တဲ့ ဘဝကို ရှာဖွေနိုင်အောင်၊  တစ်ပါးသူရဲ့ဘဝအထွေထွေ၊ အပြစ်အထွေထွေကို စာနာခံစား၊ နားလည်ခွင့်လွှတ်တတ်တဲ့ နှလုံးသားနူးညံ့သူလေးဖြစ်အောင် လေအေးအေးကလေးနဲ့ ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေး အသိပေး၊ သတိပေးစာ ရေးသား ပေးပို့ပုံမျိုး ရေးသားထားတဲ့ ပေးစာ ၅၄ ပုဒ်ပါဝင်ပါတယ်။ ပေါ့ပေါ့ပါးပါး ဖတ်ရင်း လေးလေးနက်နက်အတွေး ခွန်အားတွေ ရရှိစေမယ့် စာအုပ်လို့ ဆိုနိုင်ပါတယ်။

 စံညွှန်းဆု စာအုပ်တိုက်ကနေ တန်ဖိုး ၂ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.