14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ကျွန်မဘ၀ ဘာတွေ ရခဲ့သလဲ

 လောကမှာ လူဆိုတာသုံးမျိုးရှိတယ်။ ကိုယ့်အတွက်ချည်းပဲ ကိုယ်လုပ်သွားတဲ့သူ။ သူ့အကျိုး ကိုယ့်အကျိုးနှစ်မျိုးကို မျှတသင့်တင့်အောင် အစွန်းနှစ်ဖက်ကြားမှာ နေထိုင်လုပ်ကိုင်သွားတဲ့သူ။ သူတစ်ပါးတို့အတွက် သူတစ်ပါးတို့ရဲ့ ကောင်းကျိုးချည်းပဲ ပေးဆပ်နေထိုင်သွားတဲ့သူရယ်လို့ ပညာရှိတို့ရဲ့ ရေးသားခဲ့တဲ့စာပေတွေမှာ ဖတ်ခဲ့မှတ်ခဲ့ဖူးတာကို ပြန်သတိရမိပါတယ်။

 လောကရဲ့ လက်ရှိ မျက်မြင်ဒုက္ခတွေအတွက် ပေးဆပ်ကြရာမှာ ငွေကြေး ဥစ္စာရုပ်ဝတ္ထုပစ္စည်းတွေနဲ့ပတ်သက်ရင် အခြားသူတွေထက်ပိုပြီး မက်မော တွယ်တာလေ့ရှိတဲ့ အမျိုးသမီးတွေဟာ ယောက်ျားတွေထက်ပို ပြီး ပေးဆပ်မှုမှာ ပြတ်သားကြတာကို တွေ့ရပါတယ်။ ဥပမာ-ဗမာပြည်မှာ ပထမဦးဆုံး လူအိုရုံဆို တာကို စတင်တည်ထောင်သွားတဲ့ အမျိုးသမီးကြီး 'ဒေါ်ဦးဇွန်း' လိုမျိုးပေါ့။

အခုလည်း အဲဒီလို အမျိုးသမီး လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်တစ်ကားကို ကြည့်ခွင့်ရလိုက်ပါတယ်။ ဒါရိုက်တာ Joseph Ruben က ရိုက်ကူးပြီး ၂ဝ၁၇ ခုနှစ်၊ မတ် ၁ဝ ရက်မှာ အမေရိကန်နဲ့ နိုင်ငံတကာ ရုပ်ရှင်ရုံတွေမှာ ပြသခဲ့ပါတယ်။

အသက် ၂၃ နှစ်သာရှိသေးပြီး ချစ်လို့ကြိုက်လို့ကောင်းတဲ့အရွယ်။ မော်လို့ ကြွားလို့၊ ပျော်လို့ပါးလို့ကောင်းတဲ့ အရွယ်လေးမှာ ချမ်းသာကြွယ်ဝသူ မိဘနှစ်ပါးရဲ့ အချစ်ကို စွန့်လွှတ်ကျောခိုင်း၊ ဘိုးဘွားဘီဘင်များဆီက မိမိအတွက်ရရှိခဲ့တဲ့ စည်းစိမ်ဥစ္စာ၊ ငွေကြေးအားလုံးကို ထုခွဲရောင်းချပြီး ထရပ်ကားကြီး တစ်စီးအပြည့် ဆေးရုံသုံး လက်နက်ကိရိယာ ဆေးဝါးပစ္စည်းတွေနဲ့ မိမိနေထိုင်တဲ့ ကမ္ဘာရဲ့ အနောက်ကမ္ဘာခြမ်းဖြစ်တဲ့ တူရကီနိုင်ငံနဲ့ ရုရှားနိုင်ငံနှစ်ခုတို့ရဲ့ကြားက ခရစ်ယာန်ဆေးရုံဆီကို စွန့်စားထွက်ခွာလာပုံအကြောင်းပါ။ တကယ်တော့ ဒီဇာတ်လမ်းက ပထမကမ္ဘာစစ်အတွင်းက ခရစ်ယာန်သာသနာပြု နာ့စ်မလေး 'လီလီ'နဲ့ အော့တမန် စစ်တပ်က အစ္စလာမ်စစ်ဗိုလ် 'အစ္စမေးလ်လီ အွတ်' တို့ရဲ့ ရိုမန်တစ်ဆန်တဲ့ အချစ်ဇာတ်လမ်းလို့ ထင်မြင်ယူဆဖွယ်ရာရှိပေမယ့် တကယ်တော့ ရက်စက်တဲ့ စစ်ပွဲအကြောင်းပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက် တွေ့ဆုံပုံ၊ ဘာသာမတူဘဲ ချစ်မိကြိုက်မိသွားကြ ပုံတွေနဲ့ ကမ္ဘာစစ်ကြောင့် ပျက်စီးသွားကြရတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ဆေးရုံကြီးရဲ့ ဝေဒနာရှင်တွေအကြောင်းကို အကောင်းဆုံးရိုက်ချက်တွေနဲ့ ပြသသွားတာဖြစ်ပါတယ်။

ဇာတ်လမ်းအစကို အမေရိကန်သူ နာ့စ်မလေး 'လီလီ' က သူတွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ အကြောင်းကို ပြန်ပြောတဲ့ စကားသံနဲ့ စတင်ထားပါတယ်။ ''ကျွန်မရဲ့ ခရီးရှည်ကြီး စွန့်စားသွားခဲ့ ရပုံအကြောင်းကို ပြောပြပါ့မယ်။ ကျွန်မသွားခဲ့တဲ့ နေရာ၊ အဲဒီကို ဘယ်လိုသွားခဲ့တယ်ဆိုတာ၊ လမ်းခရီးကြမ်းမှာ ကျွန်မဘာတွေ တွေ့မြင်ခဲ့တယ်ဆိုတာတွေကိုပေါ့လေ။ အဲဒီတုန်းက ကျွန်မက ကမ္ဘာကြီးကို ပြောင်းလဲနိုင်မယ်လို့ ထင်ခဲ့တာ၊ တကယ်တော့ ကမ္ဘာကြီးက ကျွန်မကို ပြောင်းလဲပစ်ခဲ့တယ်''

 အချိန်ကာလက ၁၉၄၁ ခုနှစ်၊ အမေရိကန်နိုင်ငံ ဖိလာဒလ်ဖီးယား ပြည်နယ်ထဲမှာ 'လီလီ'ဆိုတဲ့ အမျိုးသမီးလေးဟာ ဆေးရုံမှာ သူနာပြုအဖြစ် တာဝန်ထမ်းဆောင်နေတုန်း၊ လူမည်းတစ်ယောက်လွန်သွားထိုးမိတဲ့ ဒဏ်ရာ ကြီးနဲ့ အရေးပေါ်ရောက်လာလို့ သူမက ကုသပေးမလို့လုပ်တုန်း၊ လူဖြူလူမည်းခွဲခြားမုန်းတီးတဲ့ ဆရာဝန်တွေက မောင်းထုတ်ပစ်လိုက်လို့ လူနာမှာမသေသင့်ဘဲ သေသွားရရှာတယ်။ မိန်းကလေး လီလီဟာ ဒီအဖြစ်အပျက်တွေကိုကြည့်ပြီး အသားအရောင် ခွဲခြားဆက်ဆံတဲ့ လူဖြူဆေး ရုံက ဆရာဝန်တွေကို သူမအတော် စိတ်ကုန်နေပါတယ်။

ဒီအချိန်ဟာ ဥရောပမှာ စစ်ဖြစ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ရုရှားနယ်စပ်နဲ့နီးတဲ့ တူရကီရဲ့ နယ်နိမိတ် အစွန်တောင်ကြားတွေထဲက 'အနာတိုလီးယား'ဆိုတဲ့ နယ်မြေထဲမှာ အမေရိကန်လူမျိုး ဒေါက်တာဝူးဒရပ်ဖ်တို့ လင်မယားနှစ်ယောက်က နိုင်ငံတကာက သံတမန် စည်းကမ်းနဲ့အညီ လူမျိုးမရွေး ဘာသာမရွေးကျန်းမာရေး ကုသနိုင်ဖို့အတွက် သာသနာပြုဆေးရုံတစ်ခုကို တည်ထောင်ခဲ့ကြပါတယ်။ စစ်ဖြစ်နေတဲ့ ကြားထဲမှာမြို့တွေ၊ နိုင်ငံတွေနဲ့ အဆက်အသွယ်မရနိုင်တဲ့ နေရာဖြစ်တာကြောင့် ခေတ်မီဆေးဝါးစောင့် ရှောက်မှု မရရှိတဲ့အတွက် ဒေါက်တာ ဝူးဒရပ်ဖ်ရဲ့ ဇနီးအပါအဝင် ဒေသခံ လူနာတော်တော်များများဟာ အဆုတ်ယောင်တိုက်ဖွိုက်ရောဂါနဲ့ သေဆုံးကြ ရတယ်။

ဒီအဖြစ်တွေကို တတ်နိုင်သမျှ အကူအညီပေးဖို့ အဲဒီဆေးရုံက လက်ထောက် ဆရာဝန် 'ဂျု့ဒီ'က လာရောက်ဟောပြောတာနဲ့ကြုံလို့ ဒေါက်တာ 'ဂျု့ဒီ' တို့ရဲ့ လုပ်ရပ်ကို သဘောကျပြီး လီလီဟာ သူမရဲ့ရည်ရွယ်ထားတဲ့ စိတ်ကူးကို ချက်ချင်း အကောင်အထည်ဖော်ပါတော့ တယ်။

သူမရရှိတဲ့ ဘိုးဘွားအမွေတွေကို ဆေးဝါးလက်နက် ကိရိယာတွေဝယ်ပြီး ထရပ်ကားကြီးနဲ့ အမေရိကန်ကနေ အဲဒီကမ္ဘာ့တစ်ဖက်ခြမ်းမှာရှိတဲ့ နေရာကို သွားဖို့ပြင်ပါတော့တယ်။ အသက် ၆ဝ ကျော်အရွယ်တွေဖြစ်ကြတဲ့ မိခင်နဲ့ ဖခင်က အန္တရာယ်များပြီး နုနယ်တဲ့ မိန်းကလေးတစ် ယောက်အတွက် ဒီနေရာမျိုးဆီကို သွားဖို့ခွင့်မပြုနိုင်ကြောင်း အမိန့် ထုတ်ပေမယ့် မရဘူး။ သူမဇွတ်ထွက် ခဲ့တယ်။

 ဆေးဝါးနဲ့ လက်နက်ကိရိယာတွေ အပြည့်တင်ထားတဲ့ ထရပ်ကားကြီးကို သင်္ဘောကြီးနဲ့တင်ပြီး အမေရိကန်ကနေ ထွက်ခဲ့တယ်။ လမ်းခရီးမှာ နှစ်လတိတိကြာမြင့်ပြီးမှ သင်္ဘောကြီးဟာ တူရကီရဲ့ 'အစ္စတန်ဘူ' ဆိပ်ကမ်းကို ရောက်လာရပါတယ်။

ဂါရီဆွန်တောင်ကြားထဲမှာရှိတဲ့ ခရစ်ယာန်သာသနာပြု ဆေးရုံရှိတဲ့နေရာကို ရောက်ဖို့ အော့တမန်စစ်တပ်က အစ္စလာမ်စစ်ဗိုလ်လေး အစ္စမေးလ်လီအွတ် တနန့်ဘယ်လီ ရဲ့ အကူအညီနဲ့ ရထားနဲ့ သယ်ယူလာခဲ့တယ်။ ရှေ့ဆက်ဖို့အတွက် ရထားလမ်းမပေါက်တဲ့ နေရာတွေကို ဖြတ်ဖို့အတွက် တောင်ကြောတွေကို ဖြတ်သန်းပြီး မြင်းတွေနဲ့ ဆွဲခဲ့ကြရာမှာ လမ်းမှာ အာမေနီယမ်သူပုန်တပ်က ဝင်ရောက်လုယက် တိုက်ခိုက်လို့ မြင်းတစ်စီးနဲ့ နှစ်ယောက်သား အသက်လုပြီးပြေးရင်း မစ်ရှင်းသာသနာ ပြု ဆေးရုံရှိရာ ဂါရီဆွန်တောင်ကြားကို ရောက်လာခဲ့ပါတယ်။ ဒီအရပ် ဒီဆေးရုံကို မရောက်ခင် လမ်းခရီး ဖြတ်သန်းတဲ့ ကာလတစ်လျှောက်နေ့တွေ ညတွေမှာ အစ္စလာမ် စစ်ဗိုလ် လေးရဲ့ ကတိတည်မှု၊ ယုယကြင်နာမှု၊ ယောက်ျားပီသတဲ့ စည်းကမ်းချက်တွေ နဲ့ အခွင့်အရေးမယူဘဲ စောင့်ရှောက်မှုတွေကြောင့် အမေရိကန်သူ ခရစ် န်မလေး လီလီဟာ အစ္စလာမ်စစ်ဗိုလ်လေးအပေါ် သံယောဇဉ်တွယ်သွားပါတယ်။ အစ္စလာမ်စစ်ဗိုလ် လေးကလည်း ဘာသာမတူတာကို သိသိနဲ့ ချစ်နေမိပါတယ်။

 ကံဆိုးစွာပဲ သူမရောက်တဲ့ အချိန်ဒီအရပ်မှာ စစ်ဖြစ်နေပြီ။ အော့တမန်အင်ပါယာက ဂျာမနီဘက်ကနေ လေယာဉ်တွေနဲ့ ကူတိုက် ပေးတာတွေရှိသလို၊ ရုရှားအင်ပါယာကို  စစ်ကြေညာပြီး အရှေ့ဘက်က နေကျူးကျော်လာဖို့ရှိနေပါတယ်။ လီလီတို့ မစ်ရှင်းဆေးရုံရှိတဲ့ ရွာ ကလေးဟာ မြေပုံအရ ရုရှားတို့ရဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပါတယ်။ ရုရှားတွေဟာ ဒေသခံ 'အာ မန်နီယမ်' တွေရဲ့ လွတ်မြောက်မှုအတွက် ထွက်ပေါက်တစ်ခုလည်းဖြစ်ပါတယ်။ တူရကီနဲ့ အော့တမန်စစ်တပ်ဟာ ဒီအချိန်မှာ သူတို့ဘက်က ပိုင်တယ်၊ သာတယ်ဆိုပြီး အာမန်နီယမ် ပုန်ကန်သူတွေကို သတ်ဖို့ရှာကြတယ်။ တော်လှန်သူတွေက ပြန်တိုက် ကြတယ်။

အာမန်နီယမ် တော်လှန်သူတွေက မြို့လယ်ကိုသိမ်းပြီး နယ်စပ်ကို ဖြတ်ကျော်လာတဲ့ ရုရှားတွေ သူတို့နဲ့ လာမပေါင်းခင်အချိန်အထိ ထိန်းထားကြတယ်။ အာမန်နီယမ်ပုန်ကန်သူတွေက ရုရှားတွေနဲ့ပေါင်းပြီး တူရကီတွေရဲ့ အော့တမန်စစ်တပ်ကို တိုက်ကြတယ်။

တူရကီတွေက အာမန်နီယမ် အမျိုးသားတွေကို နေအိမ်တွေက ခေါ်ထုတ်ပြီး အော့တမန်စစ်တပ်မှာ အမှုထမ်းခိုင်းတယ်။ ဒီစစ်ကြီးကြောင့် လူတွေအားလုံး သွေးချောင်းစီးကုန်ကျတယ်။

အထက်အရာရှိက တာဝန်ပေးလို့ ရုရှားတွေရဲ့ လက်နက်တိုက်ကို ဖျက်ဆီးရမယ့် တာဝန်ကို အစ္စလာမ် စစ်ဗိုလ်လေးက ထမ်းဆောင်ခဲ့ရာမှာ ဒဏ်အပြင်းအထန်ရပြီး လီလီရဲ့ ရင် ခွင်ထဲမှာ သေဆုံးသွားရရှာပါတယ်။

ဘာတွေ ဘယ်လောက်သွေး ချောင်းစီးကာ ဆက်ဖြစ်နေပါစေ သူမရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ဟာ အသားကျသွားပြီမို့ ဒီအရပ်၊ ဒီလူတွေနဲ့ ဒီဆေးရုံကြီးဟာ သူမနဲ့ ခွဲခြားလို့ မရတော့လောက်အောင် ပြောင်းလဲသွားပြီမို့ အမေရိကန်ကို လီလီတစ် ယောက် ဒီတစ်သက်ဘယ်တော့ပြန် ဖြစ်မယ်ဆိုတာ မသေချာသလိုပါပဲဆိုပြီး ရုပ်ရှင်ကို အဆုံးသတ်လိုက်ပါ တယ်။

ဒီဇာတ်ကားပြီးတဲ့အခါ ရင်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစားမှုကတော့ ဘယ်တုန်းက ဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ် စစ်ဟာ မကောင်းဘူးဆိုတဲ့ အသိပါပဲ။ မိမိကတော့ တောသားအဖြစ်နဲ့ ကြီးပြင်းခဲ့ရတာဆိုတော့ ရွာမှာ ကျွဲတွေ၊ နွားတွေ ခွေ့တာကို အရင် ဆုံး မျက်လုံးထဲ မြင်ယောင်လာပါတယ်။ တင်းကုပ်ထဲမှာခွေ့ရင် အရင်ဆုံး ပျက်စီးရတာ သူတို့နေထိုင်တဲ့ တင်းကုပ်။ မြေပြင်ပေါ်မှာ ခွေ့ရင် အရင်ဆုံးပျက်စီးရတာက သူတို့ စားနေတဲ့ အစာဖြစ်တဲ့ မြက်ပင်တွေ။

ဒီလိုပဲ တစ်ဖက်နဲ့ တစ်ဖက်စစ် ဖြစ်ကြပြီဆိုရင် အရင်ဦးဆုံး ပျက်စီး ကြရတာဟာ မြို့တွေ၊ ရွာတွေ၊ ဆေးရုံ ဆေးခန်းတွေ၊ လူတွေနဲ့ အပြစ်မဲ့ ကလေးငယ်တွေ...။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.