18-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1046
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

ချာရာဏသီတို့တိုင်းပြည်

ကိုဦးဆွေ

ဥရောပတိုင်းနိုင်ငံတွေမှာ စက်မှု တော်လှန်ရေးကြီး ဆင်နွှဲပြီးနေချိန် အထိ ချာရာဏသီမှာတော့ လူနဲ့ လူ ချင်း အရိုင်းအစိုင်းတွေလို သတ်ဖြတ် နေတုန်းပါပဲ။ အဲဒီလို လူအချင်းချင်း အလွယ်တကူ ရက်ရက်စက်စက် သတ်ဖြတ်တာတွေကို အရိုင်းအစိုင်း တွေရဲ့ လက္ခဏာလို့ သတ်မှတ်မယ်ဆို ရင် ချာရာဏသီတိုင်းနိုင်ငံကြီးဟာ အရိုင်းခေတ်က မလွတ်သေးဘူးပေါ့။

အရိုင်းခေတ်ထဲက ချာရာဏသီစာစုထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ လူအချင်းချင်း ရက်ရက်စက်စက် သတ် မှုဖြတ်မှု၊ အုပ်စုအားကိုး နိုင်ထက်စီးနင်းသတ်မှုဖြတ်မှု၊ လက်နက်အားကိုး သတ်မှုဖြတ်မှု၊ ဘာမဟုတ်တဲ့ ကိစ္စလေးကို အကြောင်းပြုပြီး လူလူချင်းသတ်တဲ့အထိဖြစ်သွားတဲ့ လူသတ်မှုတွေကို အခြေတည်ပြီး ရေး သားတင်ပြထားတဲ့ စာစုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ကြတဲ့ ချာရာဏသီတိုင်းနိုင်ငံကြီး အနေနဲ့ ကတော့ လူအချင်းချင်း အဲဒီလို သတ်ဖြတ်နေတာတွေဟာ စိတ်မကောင်းစရာတွေ၊ မဖြစ်သင့်မဖြစ် ထိုက်တာတွေလို့ ဆိုထားပါတယ်။

'ချာရာဏသီရဲ့ သမိုင်းကြောင်း ကို ပဒေသရာဇ်ခေတ်ကစပြီး လေ့လာမယ်ဆိုရင်လည်း အာဏာရဖို့အရေး ဖအေဘုရင်ကိုလည်းသတ်ဖို့ ဝန်မလေးခဲ့ကြ၊ ဦးလေးအိမ်ရှေ့စံကိုလည်း လုပ်ကြံဖို့ ဝန်မလေးခဲ့ကြ။ ၁၈ ရာစု၊ ၁၉ ရာစုတွေကတည်းက ရိုင်းခဲ့ကြတဲ့ ချာရာဏသီသားတွေဟာ ၁ဝ ရာစုမှာလည်း ရိုင်းခဲ့ကြသလို ၂၁ ရာစုမှာလည်း ရိုင်းနေကြဆဲပါပဲ' လို့ စာရေးသူက ချာရာဏသီရဲ့ သမိုင်း မသစ်သေးတဲ့ အရိုင်းခေတ်ကို ထောက်ပြထားပါတယ်။

လူ့အဖွဲ့အစည်းအတွင်းမှာ အယူအဆ သဘောထားတွေဟာ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဘယ် သောအခါမှ ထပ်တူကျမှာမဟုတ်တာကြောင့် အယူအဆမတူတိုင်း သတ်နေကြမယ်ဆိုရင်တော့ ချာရာဏသီ လူ့အဖွဲ့အစည်းကြီးဟာ ဘယ်တော့မှ သာယာလာမှာ မဟုတ်ဘူးလို့လည်း ကောက်ချက်ချထားပါတယ်။

အယူအဆမတူတိုင်း၊ ယုံကြည်မှုကွဲပြားတိုင်း လက်နက်အားကိုး၊ အုပ်စုအားကိုးဖြေရှင်းတတ်တဲ့ အရိုင်းခေတ်ကြီးကနေ လွန်မြောက် ဖို့အတွက် ချာရာဏသီတိုင်းသူပြည်သားတွေဟာ တွေ့ဆုံညှိုနှိုင်း ဖြေရှင်းတဲ့ ဓလေ့ကို ပြုစုပျိုးထောင်ကြဖို့လိုတယ်။ ဓားနဲ့မဖြေရှင်းဘဲ စကားနဲ့ဖြေရှင်းဖို့ ချာရာဏသီသားတွေ လေ့လာသင်ယူရဦးမယ်လို့ ဆိုထားပါတယ်။

ဒီစာအုပ်ထဲမှာပါတဲ့ စာစုတွေဟာ မင်းမသိဗြဟ္မဒတ်၊ ပြည်မသိဗာရာဏသီဆိုတဲ့ ဆိုရိုးစကားထဲက ဗာရာဏသီကို စာရေးသူက ချာရာဏသီလို့ သရော်တော်တော် ပြောင်းလဲခေါ်ဝေါ်သုံးစွဲရင်း ဒီကနေ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး လူမှုရေးတွေထဲက အမြီးအမာက်မတည့် အံချော်နေတဲ့ အကြောင်းအရာတွေကို ချာရာဏသီ ပြည်ထဲကအကြောင်းအရာတွေ ပမာ သရော်ရေးဖွဲ့ထောက်ပြထားတာဖြစ်ပါတယ်။

ချာရာဏသီနွေဦး စာစုမှာတော့  ပြည်ထောင်စုသမ္မတ ချာရာဏသီနိုင်ငံက ဘုရင်မင်းမြတ်ကိုယ်တိုင် အာဏာလွှဲအပ်ထားခြင်းခံရတဲ့ ချာရာဏသီနိုင်ငံတော် အဂတိလိုက်စားမှု စုံစမ်းဖော်ထုတ်ရေးအဖွဲ့ ဥက္ကဋ္ဌဟာ ဗာလာနံနိုင်ငံက SFC Bank (Save For Customer Bank) ဘဏ်ရဲ့ ဘဏ်ဥက္ကဋ္ဌ ရုံးခန်းထဲရောက်သွားပြီး ညှိနှိုင်း ကြပုံအကြောင်းကို ရုပ်ရှင်ရိုက်ကွင်း တစ်ခု ရိုက်ကူးနေတဲ့ပမာ ရေးထားတင်ပြထားတာကို တွေ့ရမှာပါ။

ချာရာဏသီနိုင်ငံတော်ဟာ မြေပေါ်မြေအောက် သယံဇာတတွေ ပေါကြွယ်ဝပေမယ့် အာဏာရှင် လူတစ်စုနဲ့ အပေါင်းအပါလက်တစ်ဆုပ်စာ လူတစ်စု ကိုယ်ကျိုးရှာအကျင့်ပျက်ခဲ့တာကြောင့် ချာရာဏသီပြည်သူတွေခမျာ အဓမ္မသိမ်းပိုက်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သူတွေ၊ ထွန်ယက်စရာ လယ်ယာမြေပျောက်ရတဲ့ တောင်သူကြီး တွေများလာပုံအကြောင်း၊ ဆင်းရဲမွဲတေမှုကြောင့် စာသင်ခန်းကို အဝေးကသာမျှော်ခွင့်ရပြီး လမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ ကလေးတွေ၊ လုပ်ငန်းခွင်ဝင်နေရတဲ့ လူမမည်တွေ၊ ဆေးကုစရိတ် မတတ်နိုင်လို့ ဝေဒနာ ကြိတ်မှိတ်ခံရင်း အသေခံသွားကြသူတွေ၊ မိသားစုဝမ်းရေးအတွက် ခန္ဓာကိုယ်ရောင်းစားနေရတဲ့ မိန်းမငယ်တွေ၊ အိမ်နီးချင်းနိုင်ငံတွေကိုသွားပြီး ပြည့်တန်ဆာလုပ်ရတာတွေ၊ အိမ်ဖော်လုပ်ရတာတွေ စတဲ့စတဲ့ချာရာ ဏသီပြည်သူတွေရဲ့ ဒုက္ခအဖုံဖုံအကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥက္ကဋ္ဌက ဘဏ်ဥက္ကဋ္ဌကို ပြောပြ အသနားခံရင်း သူ့ဘဏ်ထဲမှာအပ်ထားတဲ့ ချာရာဏသီနိုင်ငံက ထိပ်တန်းအရာရှိကြီးတွေနဲ့ သူတို့ အပေါင်းအပါတွေရဲ့ ဘဏ်စာရင်း တောင်းခံပုံအကြောင်း ဖြစ်ပါတယ်။

ချာရာဏသီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥက္ကဋ္ဌကလည်း အရင်အစိုးရ လက်ထက်က ဗိုလ်ချုပ်ဖြစ်ပါသတဲ့။ ဒါကြောင့် စာရင်းတွေဖော်ဖို့ ဘဏ်ဥက္ကဋ္ဌကို ချော့မော့ပြော မရတဲ့အဆုံး၊ နားထင် သေနတ်နဲ့တေ့ ခြိမ်းခြောက်ပေမယ့်လည်း ကာစတန်မာကို သစ္စာမဖောက်ဘူး၊ အသေခံမယ်၊ လုပ်ချင်ရာလုပ်လို့သာ တင်းခံ နေပါသတဲ့။ ဒီတော့မှ စာရေးသူက အဂတိတိုက်ဖျက်ရေး ဥက္ကဋ္ဌရဲ့ ရုပ်လုံးကိုဖော်ပြလိုက်တာပါ။ ဘဏ်ရဲ့ သစ္စာစောင့်ထိန်းမှု ဘယ်လောက်ခိုင်မာသလဲဆိုတာ သိချင်လို့ ချော့တစ်ခါ ခြောက်တစ်လှည့် သွေးတိုး စမ်းမိတာ တောင်းပန်ကြောင်းပြောရင်း သူ့မှာပါလာတဲ့ ချာရာဏသီနိုင်ငံက တွင်းထွက်ရတနာတွေကို အဲဒီ ဘဏ်မှာ အပ်ခဲ့ပါသတဲ့။

အာဏာရှင်တွေရဲ့ ရုပ်လုံးကြွလာအောင် အာဏာရှင်တွေ၊ အရာရှိကြီးတွေပြောခဲ့တဲ့ အမြီးအမောက် မတည့် နိုင်ငံကျော်စကားတွေနဲ့ သရော်ရေးဖွဲ့ထားတာကို တွေ့ရမှာပါ။ အာဏာရှင်ခေတ် နှစ်ခြောက်ဆယ်လောက်အတွင်း အမျိုးသားရေး စရိုက်လက္ခဏာတစ်ခုလို အရာရှိကြီးငယ်တွေကြား ကျင့်သုံးနေကြတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို မီးမောင်းထိုး တင်ပြထားတာဖြစ်ပါတယ်။

ကျောက်ခဲနဲ့ ထုသတ်မယ် စာစုကတော့ တရားကိုနတ်စောင့်တယ်ဆိုတာ ယုံတမ်းစကားလိုဖြစ်နေတဲ့ ချာရာဏသီတိုင်းပြည်ရဲ့ တရားဥပဒေအကြောင်း၊ တရားသူကြီးတွေအကြောင်း သရော်ရေးဖွဲ့ထားတာကို တွေ့ရမှာပါ။

ဒီစာအုပ်မှာ သရော်စာ စာစု ၂၁ ပုဒ်ပါဝင်ပါတယ်။ ဟိုဘက်ခေတ်မှသည် ဒီဘက်ခေတ်အထိ အစိုးရ အဖွဲ့အစည်းတွေရဲ့လစ်ဟာမှုတွေကို သရော်စာဟန်နဲ့ ထောက်ပြထားတဲ့ စာစုတွေဖြစ်ကြောင်းတွေ့ရမှာပါ။

တန်ဖိုး ၁ဝဝဝ ကျပ်နဲ့ ဖြန့်ချိ လိုက်ပါပြီ။

 

အရသာမတူသော ပန်းသီးများ ရှုမဝမဂ္ဂဇင်းဝတ္ထုတိုများ

တင့်ဇော်

၁၉၇၁ ခုနှစ်ထုတ် ရှုမဝမဂ္ဂဇင်းကစလို့ ရှုမဝမဂ္ဂဇင်း ရပ်နားသွားတဲ့ အချိန်အထိ ရှုမဝမဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဝတ္ထုတိုတွေကို စုစည်းထုတ်ဝေ ထားတာဖြစ်ပါတယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်အစစအရာရာ ရှားပါးမှုတွေနဲ့ကြုံရတဲ့ မြန်မာပြည်သူလူထုရဲ့ဘဝ၊ မှားယွင်းတဲ့ စနစ်ကြီးအောက်မှာ ရုန်းကန်လှုပ်ရှားရင်း ရင်နင့်ဖွယ်ရာ အဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ရသူ ပြည်သူတွေရဲ့အကြောင်း ဖွဲ့ဆို မှတ် တမ်းပြုထားတဲ့ ဝတ္ထုတိုတွေ ဖြစ်ပါတယ်။

နတ်ရေကန် ဝတ္ထုတိုကတော့ နို့ မထွက်တဲ့ မိခင်ကြောင့် အာဟာရပြတ်လု ကလေးငယ်အတွက် နို့မှုန့်ဘူး ဝယ်မရတဲ့ ဒုက္ခနဲ့ ကြုံနေရသူ အောက်တန်းစာရေးကလေး တစ်ယောက်ရဲ့ ဘဝအကြောင်းကတစ်ဆင့် လက်သင့်ရာစားတော်ခေါ်တတ်တဲ့၊ အရာရှိအချင်းချင်းဝေစားမျှစား လုပ်တတ်တဲ့၊ နိမ့်ကျသူ လူများစု အပယ်ခံဘဝရောက်ရတဲ့ ခေတ်ကြီးတစ်ခေတ်အကြောင်း တင်ပြထားတာပါ။ တကယ်နို့မှုန့်ဘူးလိုအပ်နေတဲ့ အောက်တန်းစာရေးလေးအတွက်ကတော့ နို့မှုန့်ဘူးဝယ်ယူခွင့် လက်မှတ်ထုတ်မပေးဘဲ အရာရှိရဲ့အက်  ဇင်းရှင်းခွေးအတွက်တော့ နို့မှုန့်ဘူး အလွယ်တကူရပုံအကြောင်းကို ဝတ္ထုတိုအတတ်ပညာနဲ့ နတ်ရေကန်ကို ပမာပြုပြီး လှပစွာရေးဖွဲ့ထားတာကို တွေ့ရမှာပါ။

တစ်ကိုက်နှင့်နှစ်တောင့်ထွာ ဝတ္ထုတိုကတော့ နိုင်လွန်တို့၊ တက်ထရွန်တို့ ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံ မှာ အထည်စတွေ မကြာခဏပျောက်နေတာကြောင့် စိစစ်ဖမ်းဆီးရင်း တက်ထရွန်တစ်ကိုက်ခိုးသူ အလုပ်သမားတစ်ဦးကို စက်ရုံဥပဒေအရ အလုပ်ထုတ်ပစ်ခဲ့ပေမယ့် အဲဒီလို အလုပ်ထုတ်ပစ်ဖို့ စီရင်ချက်ချခဲ့သူ စက်ရုံမန်နေဂျာကိုယ်တိုင်က သူ့မယားငယ်အတွက် အထည်စတွေ ခိုးယူနေတာကိုတော့ အရေးယူသူမရှိ ဖြစ်နေပုံအကြောင်းကို တင်ပြထား တာပါ။ အထည်စတစ်စအတွက် ဘဝပျက်ရ၊ အကျင့်ပျက်ချစားကြတဲ့ ခေတ်ကြီးကို မြင်မိစေမှာပါ။

ဒီကနေ့ ကုန်တိုက်တွေ၊ ဈေးဝယ်စင်တာတွေ၊ စတိုးဆိုင်တွေမှာ လိုအပ်တဲ့ ကုန်ပစ္စည်းကို အလွယ်တကူ ဝယ်ယူလို့ရနေချိန်မျိုးမှာ တစ်ခေတ်တစ်ခါက ကလေးနို့မှုန့်ဘူး၊ ဘော့ပင်တစ်ချောင်း၊ တက်ထရွန်တစ်ကိုက် စတာတွေကို ပြည်ပကနေ ဘယ်လိုမှောင်ခိုတင်သွင်းရတယ်ဆိုတဲ့ အဖြစ်မျိုး ဒီကနေ့ လူငယ်တွေသိရင် ယုံ တမ်း စကားလို့ ထင်ကြပါလိမ့်မယ်။ ဒီအဖြစ်တွေကို ကိုယ်တိုင်ကြုံခဲ့၊ တွေ့ခဲ့၊ မြင်ခဲ့ရရင်း ထိခိုက်ခံစားခဲ့ရသမျှ အတွေ့အကြုံတွေကို အရင်းပြုပြီး ဒီ ဝတ္ထုတွေကို ရေးပါတယ်လို့ စာရေးသူက အမှာစကားဆိုထားပါတယ်။ ခေတ် တစ်ခေတ်ရဲ့ သမိုင်းကို တစ်ထောင့်တစ်နေရာကနေ ပြောပြထားတဲ့ဝတ္ထုတို စုစည်းမှုဖြစ်တဲ့အပြင် တချို့ ဝတ္ထုတွေဟာ ဒီကနေ့ခေတ်နဲ့ ချိန်ထိုး ပြီး ခံစားနိုင်တဲ့ အကြောင်းအရာတွေဖြစ်ကြောင်း တွေ့ရမှာပါ။

လင်းလွန်းခင်စာပေကနေ တန် ဖိုး ၃၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.