ဂန္ထဝင်တေးသံရှင်ကြီး ဒေါ်မာမာအေးအသက် ၇ဝ ပြည့်မွေးနေ့ အမှတ်တရစာအုပ်ရောင်းချပွဲနှင့်ဂီတပွဲကျင်းပမည်
နိုင်ငံကျော်တေးသံရှင်ကြီး ဒေါ်မာမာအေး၏ အသက် ၇ဝ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် သူကိုယ်တိုင်ရေးသားထားသော ရင်ဖွင့်ကြည့်ပါ သူငယ် ချင်းအမည်ရှိ စာအုပ်မိတ်ဆက်ပွဲနှင့် ဂီတဖျော်ဖြေပွဲကို ဇူလိုင် ၂၅ ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဃနညအမေူ ဟိုတယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအမှတ်တရပွဲကို လင်းလွန်းခင် စာပေက စီစဉ်တင်ဆက်ခြင်းဖြစ်ပြီး ဒေါ်မာမာအေး၏ ရင်ဖွင့်ကြည့် ပါသူငယ်ချင်း စာအုပ်မှာ မဟေသီမဂ္ဂဇင်းတွင် အခန်းဆက်ဖော်ပြ ခဲ့သော ဆောင်းပါးများကို ပြန်လည်စုစည်းထုတ်ဝေခြင်းဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ မိတ်ဆက်ပွဲနှင့်ပတ်သက်၍ စီစဉ်တင်ဆက်သူ လင်းလွန်းခင် စာပေမှ ဦးသိန်းလွင်-ကျောက်ပုထိုး (တေးသံရှင်အေးလွင်အောင်)က ပြောပြ ရာတွင် ''ကျွန်တော်က အန်တီမာမာအေးရဲ့ အေးအဆိုသင်တန်းမှာ ၁၉၇၆ ခုနှစ်လောက်က တက်ခဲ့ဖူးပါတယ်။ အန်တီရဲ့ အနုပညာကျေးဇူးတွေကို အခုချိန်မှာ တတ်နိုင်သလောက် ပြန်လည်ပေးဆပ်ချင်တာကြောင့် ဒီပွဲကို စီစဉ်ဖြစ်တာပါ။ အစကတော့ အေးအဆိုသင်တန်းက ကျွန်တော်တို့ သူငယ်ချင်းတွေအကုန်လုံး စုစည်းပြီး ဖျော်ဖြေတင်ဆက်ဖို့ပါပဲ။ ဒါပေမယ့် လူစုလို့မရတာကြောင့် အခုလို စာအုပ်ထုတ်ဝေမိတ်ဆက်ပွဲမှာ အနုပညာရှင် တွေနဲ့ ဝါသနာရှင်တွေက ဝိုင်းဝန်း ဂုဏ်ပြု သီဆိုပေးလိုက်တဲ့သဘောပါ။ ဒီပွဲမှာ ရန်ပိုင်စိုး၊ ရွှေယမင်းဦး၊ စိမ်းလဲ့လဲ့၊ ယဉ်ဝေယံထွန်း၊ မောင်စိမ်းမြ၊ အေးလွင်အောင် စတဲ့ ဂီတနဲ့ ပတ်သက်တဲ့လူတွေပါသလို၊ စာပေ ဘက်ကလည်း ချစ်ဦးညို၊ ရွှေမင်းသား၊ မောင်သာချို၊ ရွှေကူမေနှင်းစတဲ့ စာရေးဆရာ၊ ဆရာမ တွေကလည်း ဂုဏ်ပြုသီဆိုပေးမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ အနုပညာရှင် တွေအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်သီချင်းတွေကို သီဆိုရမှာ မဟုတ်ဘဲ အန်တီ မာမာအေးရဲ့ သီချင်းတွေကိုပဲ အမှတ်တရပြန်လည် ဂုဏ်ပြုသီဆိုကြရမှာပါ''ဟု ပြောသည်။
ယခုထုတ်ဝေလိုက်သော ရင်ဖွင့်ကြည့်ပါသူငယ်ချင်းစာအုပ်မိတ်ဆက်ပွဲတွင် ဆရာ ချစ်ဦးညို၊ ဗိုလ်ကလေး တင့်အောင်၊ ရွှေ ကူမေနှင်း၊ ဒေါ်သန်းသန်းမြ (မြသဲဖြူ)တို့က ဒေါ်မာမာအေးအမှတ်တရ ဂုဏ်ပြုစကားများ ပြောကြားမည် ဖြစ်ပြီး စာအုပ်ကိုလည်း ကျပ်သုံးထောင်ဖြင့် အဆိုပါနေ့တွင် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
မောင်ဘစီ