ဆန်ပိုဒေသမှ ဆန်များကိုသာ ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပြု
ပြည်ပဈေးကွက်သို့ ဆန်စပါး တင်ပို့ရောင်းချနေကြတဲ့ ကုမ္ပဏီတွေဟာ ဆန်စပါး စိုက်ပျိုးရာဒေသတွေက ပိုလျှံထွက်ရှိလာတဲ့ ဆန်စပါးတွေကိုသာ ဝယ်ယူတင်ပို့ကြရမှာ ဖြစ်တယ်လို့ ဇူလိုင်လဆန်းမှာ ပြုလုပ်ခဲ့တဲ့ ဆန်စပါး လုပ်ငန်းအသင်းရဲ့ ဆွေးနွေးပွဲမှာ အသင်းဥက္ကဋ္ဌက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဈေးကွက်တွေကို ဆန်တင်ပို့ရောင်းချရာမှာ ပြည်ပ ပို့ကုန် ဆန်တွေကို ဆန်ပိုမြို့နယ်တွေက ဝယ်ယူခဲ့ကြောင်း အထောက်အထားတွေ တင်ပြဖို့ လိုအပ်သလို လက်ဝယ်ရှိဆန် ပမာဏကိုလဲ ကြေညာရန်လို အပ်တယ်လို့ သိရပါတယ်။ ဆန်တွေကို ပြည်ပဈေးကွက်တွေဆီ တင်ပို့ရာမှာ ရန်ကုန်မြို့ ဘုရင့်နောင် ဈေးကွက်က ဝယ်ယူတင်ပို့တာကိုလဲ ခွင့်မပြုဘူးလို့ သိရပါတယ်။ ပြည်ပကို ဆန်တင်ပို့ရာမှာ မျှမျှတတဖြစ်စေဖို့ ဌာနဆိုင်ရာနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆောင်ရွက်ပေးလျက် ရှိပါတယ်။ လက်ရှိမှာ ပြည်ပကို ဆန်တင်ပို့မှု ပမာဏ မြင့်တက်လာစေရန် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ထဲမှာ ပြည်ပကို တန်ချိန် သိန်းဂဏန်းအထိ တင်ပို့ခဲ့ပြီးဖြစ်တယ်လို့ လဲ သတင်းရရှိပါတယ်။
မင်းသစ္စာလှိုင် (ကဒုံကနိ)