လယ်ယာစီးပွားသတင်း ဆယ်နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂ဝဝဝ ပြည့်နှစ် ဇူလိုင် ၇ ရက်တွင် စတင်ထုတ်ဝေခဲ့သည့် လယ်ယာစီးပွား သတင်းဂျာနယ် ဆယ်နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးရုံး စုဝေးခန်းမ(ဓမ္မာရုံ)တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ စာပေလောကသားများ တက်ရောက်ကြပြီး တာဝန်ရှိသူများနှင့် လယ်ယာစီးပွားသတင်း အယ်ဒီတာချုပ်တို့က ဆရာတော် သံဃာတော်များကို ဝါဆိုသင်္ကန်းကပ်လှူ၍ လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ကြသည်။
ထိုနောက် လယ်ယာစီးပွားသတင်းတွင် အဆက်မပြတ် ရေးသားနေသော အသက် ၈၉ နှစ်ရှိ စာရေးဆရာကြီး ပါရဂူနှင့် အသက် ၈၇ နှစ်ရှိ စာရေးဆရာကြီး သောကြာဦးမောင်ကလေးတို့အား စိုက်ပျိုးရေးစီမံကိန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအေးနှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦးတို့က ငွေသားဖြင့် ပူဇော်ကန် တော့ကြရာ ဆရာကြီးပါရဂူက လယ်သမား သားသမီးဖြစ်ပြီး လယ်ယာခွင်တွင် မွေးဖွားကြီးပြင်းလာရသူ မိမိ အနေနှင့် ယခုကဲ့သို့ လယ်ယာစိုက်ပျိုးရေး အကျိုးပြုအသိပေးမှုကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်း ပြောကြားသည်။
စိန်ရွှေလှိုင်