မကွေးနှမ်းကတော့ မိုးလိုနေပြီ
အညာမှာ မိုးရွာရဲ့လား။ မကွေးကော...။ ပခုက္ကူ....။ ကျောက်ပန်းတောင်း ....။ ဟင့်အင်း ....။ မိုးလိုနေတယ်။
ရွာတွေမှာ မိုးရွာ၊ မရွာ သတင်းက ဖုန်းဆက်ရင်။ မေးနေကျ။ အသိချင်ဆုံးသတင်း။ ရန်ကုန်၊ တောင်ကြီး၊ မန္တလေးအနယ်နယ်အရပ်ရပ်က အညာမှာမိုးရွာလား.... တဲ့။
စာရေးသူတို့ မကွေးတိုင်းတစ်တိုင်းလုံးမှာ မိုးမြေပဲ၊ မိုးနှမ်းများ စိုက်ပျိုးပြီးစီးမှုက ၆ဝ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ။ လက်ရှိအနေအထားအရ ပျမ်းမျှပြောရရင် ကောင်းမွန်ကြပါတယ်။ မကွေးဆီအိုးကြီးရဲ့ အသည်း နှလုံးဖြစ်တဲ့ ကန်ပြားတိုက်နယ်၊ သစ်ရာကောက်တိုက်နယ်၊ မကြီးကန်တိုက်နယ်၊ မိကျောင်းရဲ(မြင်ကွန်း)တိုက် နယ်၊ ညောင်ကန်တိုက်နယ်၊ ရှေ့တန်းစခန်းနယ်မြေများမှာ မြေပဲ၊ နှမ်းများကောင်းကြသော်လဲ မိုးပြတ်နေတဲ့အတွက် အတော်လေးစိုးရိမ်စရာရှိနေပါတယ်။ ဒီအချိန်က နှမ်းခင်းများ ပွင့်ဖူးဆင်ချိန်ဖြစ်လို့ ထယ်ရေးကြောင်း ရေဝပ်သွားအောင် မိုးရွာဖို့ အထူးပဲလိုအပ်နေပါတယ်။ ဒါမှသာ အမြစ်ကလိုအပ်တဲ့ ဓာတ်မြေသြဇာများကို အားပါးတရ တစ်ဝကြီး စားသုံးနိုင်မှာဖြစ်ပါတယ်။ သီးယှဉ်းဝင်ချိန်၊ ပွင့်ဖူး ဆင်ချိန်မှာ မိုးရေအလုံအလောက် ရရှိဖို့ သိပ်လိုအပ်နေပါတယ်။
ယခုသတင်းရေးချိန် ဇူလိုင် ၁၅ ရက်နေ့အထိတော့ နေပူလိုက်၊ အုံ့ခေါင်လိုက်နဲ့ ရွက်ရေသောက် မိုးလေး တောင်ရွာမပြရှာဘူး။ မိုးကိုမှမျှော်ပြီး စိုက်ပျိုးရတဲ့ တောင်သူတို့ရဲ့ဘဝဟာ တကယ်တော့ မလွယ်ရေးချမလွယ် ပါဘူးတဲ့။ မိုးဘာကြောင့် မရွာသလဲ။
ရွာက တောင်သူကိုငြိမ်းမောင်ကတော့ ''တောင်သူလုပ်ရတာ မလွယ်ဘူးဗျာ။ မျိုး၊ ပေါင်းထိုးခ၊ ထွန်ယက်ခ၊ ဓာတ်မြေသြဇာ။ သိန်းပေါင်းများစွာ ရင်းနှီးစိုက်ပျိုးရတာ။ နှမ်းပေါ်ချိန်ကျ နှမ်းဈေးကမရှိ။ ကုန်သည်ပွဲစားတွေ ဖြတ်တဲ့ဈေးနဲ့ ရောင်းပြန်လာရတဲ့ဘဝ။ ကိုယ့်ယာ ကိုယ့်မြေကို ချစ်တဲ့စိတ်နဲ့သာ ယာလုပ်ရတာ။ နှစ်ပတ် လည်တွက်ကြည့်တော့ ရှုံးကြတယ်။ တောင်သူနာလန် မထူရင် ဆယ်နှစ်လိုက် မမီဘူး။ မိုးကခေါင်တော့ နှမ်းထမင်းတောင် စားရပါ့မလား''တဲ့။ စာရေးသူတို့ မကွေးမြို့နယ် အနေအထားအရ နှမ်းကောင်းပေမယ့် မိုးခေါင်လို့ နှမ်းထွက်မှာ စကားပြောတော့မယ်။ သည်ကြားထဲမှာ တစ်ပတ်အတွင်း မိုးရွာရင်တော့ မျှော်လင့်စရာပါပဲ။ အကယ်၍သာ တစ်ပတ်အတွင်း မိုးရိပ်မပြရင်တော့ မကွေးဆီအိုးကြီးအတွက် စောင့်ကြည့် သတင်းယူရမှာ ဖြစ်ကြောင်းပါ ခင်ဗျား။
မကွေးဝင်းမောင်