ရွှေကရုဏာဆေးပေးခန်း ဖွင့်လှစ်ချိန်မှ ယခုနှစ် နှစ်ဆန်းပိုင်းအထိ လူနာပေါင်း တစ်သောင်းကျော်ကို အခမဲ့စမ်းသပ်ကုသနိုင်ခဲ့
ရွှေကရုဏာဆေးပေးခန်းကို ၂ဝ၁ဝ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်လှစ်ချိန်မှ ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့အထိ ရောဂါဝေဒနာရှင် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်လူနာပေါင်း ၁၁ဝ၂၇ ဦးအား အခမဲ့စမ်းသပ်ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါဆေးခန်းသည် စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်အတွင်း ရှိ ရွှေစေတီဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တွင်တည်ရှိ ကာ ရခိုင်ပြည်နယ်အတွင်းရှိ ဆင်းရဲနွမ်းပါး သည့် အခြေခံလူတန်းစားများ၏ ကျန်းမာရေးချို့တဲ့နေမှုတို့ကို အခမဲ့ ကူညီ ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းသိရသည်။
''ဆေးခန်းမှာ တစ်နေ့ကို လူနာ ၁ဝဝ ကနေ ၁၅ဝ အထိ လာရောက် ကုသကြပါတယ်။ တစ်ခါတလေ ၂ဝဝ နီးပါးလောက် ရောက်လာတတ်ကြ ပါတယ်။ စဖွင့်ကတည်းကနေ ဒီနေ့ထိ လူနာပေါင်း ၁၁ဝ၂၇ ယောက်ကို အခမဲ့စမ်းသပ်ကု သပေးနိုင်ခဲ့ပါပြီ'' ဟု ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပသည့် ရွှေကရုဏာဆေးပေးခန်း နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဆေးခန်း နာယကဖြစ်သူ ဦးမောင်ထွန်းကျော်က ပြောသည်။
ဆေးခန်းကို လာရောက်ကြသည့် အများစုမှာဆင်းရဲနွမ်းပါးသူများဖြစ်ကြ ကြောင်း။ ဆေးခန်းတွင် ဆရာဝန် ၂ဝ ဦးတို့က ကုသိုလ်ပြုလုပ်အားဒါန ပြုပေးနေကြပြီး ဆေးခန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူးနေ့တို့တွင် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီထိ ဖွင့်လှစ်ကြောင်းနှင့် ဆေးခန်းအတွက် လိုအပ်သည့် ဆေးဝါးပစ္စည်းများ၏ ထက်ဝက်ခန့်ကို စစ်တွေမြို့ရှိ ဆေးကုမ္ပဏီများမှ လစဉ်လာရောက်လှူဒါန်းကြကြောင်းလည်း သိရသည်။
မာန်ယုကျော်(ရွှေဝမြေ)