ပဲဈေးကွက်သို့ အလွန်အကျွံဝင်ရောက်ဈေးကစားခြင်းများ မပြုလုပ်သင့်ဟုဆို
ပြည်ပအဝယ်လိုက်ပြီး ဈေးပြန်တက်လာသော ပဲဈေးကွက်အတွင်းသို့ အလွန်အကျွံဝင်ရောက်ဈေးကစားခြင်းမျိုး မပြုလုပ် သင့်ကြောင်း မြန်မာနိုင်ငံ ပဲနှမ်းကုန်သည်ကြီးများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးမင်းကိုကိုဦး က ပြောကြားသည်။
လက်ရှိပြည်တွင်း ပဲမျိုးစုံဈေးနှုန်းများ တောက်လျှောက်မြင့်တက်လျက်ရှိ ပြီး ထိုသို့မြင့်တက်လာရခြင်းမှာ အိန္ဒိယနိုင်ငံ၌ မိုးခေါင်ပြီး ပဲအထွက်လျော့ နည်းသည့်အတွက် မြန်မာနိုင်ငံမှပဲများ ပြန်လည်ဝယ်ယူခြင်းနှင့် လက်ရှိပဲဈေး ကွက်အတွင်းသို့ ပြည်တွင်း ကုန်သည်များက ဝင်ရောက်ကစားခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။
''အခု ပဲဈေးကွက်က အိန္ဒိယအဝယ်လိုက်ပြီး ဈေးတက်လာတာ ဖြစ်တယ်။ ဒီလိုဈေးတက်လာတာက အိန္ဒိယနိုင်ငံမှာ မိုးခေါင်ပြီး ပဲအထွက်နည်းလို့ မြန်မာပြည်ကပဲတွေကို ပြန်ဝယ်တဲ့အတွက် ဈေးတက်လာတာဖြစ်တယ်။ နောက်ပြီးပဲဈေးကွက်အလား အလာကောင်းနေ တယ်လို့ မျှော်မှန်းပြီး ပြည်တွင်းကုန်သည်တွေက ဝယ်ယူသိုလှောင်လို့လည်း ဈေးတက်လာတာ ဖြစ်တယ်။ ဒီနေရာမှာ ပြောချင်တာကတော့ ပြည်ပအဝယ်လိုက်ပြီး ဈေးရနေတဲ့ အချိန်မှာ ပြည်ပကို တင်ပို့နိုင်ဖို့လိုတယ်။ ကုန်သည်တွေအနေနဲ့ ဝယ်လှောင်ပြီး ဈေးကစားမယ်ဆိုရင် ပြည်ပတင်ပို့မှုထိခိုက်ပြီး အခွင့်အရေးတွေ လက်လွတ်ဆုံး ရှုံးသွားမှာ စိုးရိမ်ရတယ်''ဟု မြန် မာနိုင်ငံ ပဲနှမ်းကုန်သည်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးမင်းကိုကိုဦးက သုံးသပ်ပြောကြားသည်။
ယခုနှစ်ပဲပေါ်ချိန်တွင် ပဲဈေးများကျဆင်းမှုကြောင့် ပဲစိုက်တောင်သူများ တွက်ခြေမကိုက်ဖြစ်ခဲ့ရပြီး လက်ရှိပဲဈေးတက်ချိန်တွင် လည်း တောင်သူအများစု ထံတွင် ပဲများမရှိတော့ဘဲ လှောင်လက်သမားများသာ အကျိုးအမြတ်ပိုမိုရရှိသွား ကြောင်း၊ တောင်သူ များ အနေဖြင့် ယခုကဲ့သို့သော အခြေအနေမျိုးမကြာခဏ ကြုံတွေ့ရလေ့ရှိကြောင်း သုံးခွမြို့နယ်အတွင်းရှိပဲတီစိမ်း စိုက် တောင်သူ တစ်ဦးက ဆိုသည်။
လက်ရှိပြည်ပသို့အများဆုံးတင်ပို့သည့် မတ်ပဲဈေးနှုန်းများမှာ ဇွန်လအတွင်း FOB တစ်တန် အမေရိကန်ဒေါ်လာ ၅ဝဝ ဈေးရှိပြီး ဇူလိုင် ၂ဝ ရက်နေ့တွင် FOB တစ်တန် အမေရိကန်ဒေါ်လာ ၇၃ဝ မှ ၇၅ဝ အတွင်းသို့ ဈေးနှုန်းမြင့် တက်လာကြောင်း၊ ပဲဈေးနှုန်း များမှာ ၂ဝဝ၉ ခုနှစ်အတွင်းက ယခုကဲ့သို့ ဈေးနှုန်းကျဆင်းခဲ့ဖူးပြီးယင်းနှစ်ကုန်ပိုင်း တွင် ဈေးနှစ်ဆကျော်ခုန်တက် ခဲ့ဖူး ကြောင်း၊ ထိုကြောင့် ယခုနှစ်ကုန်ပိုင်းတွင်လည်း ပဲဈေးနှုန်းမြင့်တက်လာနိုင်ဖွယ် ရှိကြောင်း ကုန်သည်အများစုက ခန့်မှန်းပြီး ယခုကဲ့သို့ ဝယ်ယူသိုလှောင်ခြင်း များပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
ဝေယံမြင့်