ငါးမြစ်ချင်း ပို့ကုန်
ငါးမြစ်ချင်းဟာ ရေချိုမွေးမြူရေးငါး ဖြစ်ပါတယ်။ ငါးမြစ်ချင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသ၊ ကူဝိတ်၊ ကာတာစတဲ့ နိုင်ငံတွေကို တင်ပို့ရောင်းချနေရကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချို ငါးတင်ပို့ရာမှာ ငါးမြစ်ချင်းဟာ အများဆုံး အရေအတွက်မှာ ပါမြဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရေချိုငါးမွေးမြူရေး လုပ်ငန်းတွေ မရှိသေးတဲ့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့နိုင်ဖို့ ရေချိုငါးမွေးမြူရေး လုပ်ငန်းဒေသ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်း မွေးမြူရေးကန်တွေက ငါးတွေကို တင်ပို့နေရတာ ဖြစ်ပါတယ်။ အအေးခန်း သင်္ဘောတွေနဲ့ ရန်ကုန်ကစစ်တွေကို သယ်လာပြီး စစ်တွေမှာ သတင်းပို့ အစစ်ဆေးခံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တင်ပို့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုငါးနဲ့ ရေငန်ပုစွန် ငါးစုံကလေးခြောက်တွေ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ ၂ဝ၁ဝ ခုနှစ် ဧပြီလမှ မေလကုန်အထိ ရေထွက်ပစ္စည်းတွေ တင်ပို့တဲ့အတွက် မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းက အမေရိကန်ဒေါ်လာ ဝ.၈၆၆ သန်းဖိုးနဲ့ စစ်တွေနယ်စပ်စခန်းက အမေရိကန်ဒေါ်လာ ၁.၁၃၃ သန်းရရှိခဲ့ကြောင်း သိရှိရပါတယ်။
ကျွန်းသားငမန်း