မောင်တောနှင့် ဘင်္ဂလားဒေ့ရှ်သို့ ကူးသန်းသွားလာနေသည့်လှေများ ကြံ့ခိုင်မှုအားနည်း(မောင်ကံ)

မောင်တောနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် သွားလာနေသည့် လှေများမှာ ကြံ့ခိုင်မှု အားနည်းနေကြောင်း ၇ ရက်ဗီဇာဖြင့် သွားလာနေသူများက ပြောသည်။
''လှေခက တစ်ယောက်ကို လေးထောင့်ငါးရာကျပ် ပေးရပါတယ်။ လှေက တစ်ခါတလေ အပေါက်တွေနဲ့ ကျပါတယ်။ ခေါင်းမိုးကလဲ မပါတော့ မြစ်ထဲမှာ အရမ်းဒုက္ခ ရောက်ပါတယ်။ လှေခဈေးကြီးပေးရသလို ခရီးသည်တွေ အတွက် ဘေးအန္တရာယ်ကိုလဲ ကြည့်သင့်ပါတယ်။''ဟု မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ ၇ ရက်ဗီဇာဖြင့် မကြာခဏ သွားလာနေသူ တစ်ဦးက ပြောပြသည်။ ထို့နောက်ဒေသတွင်း သွားလာနေကြသည့် လှေများ၌ပင် ခရီးသည်များအတွက် နေရာထိုင်ခင်း ချပေးမှုများမှာ ယခင်ထက် ပိုကောင်းလာပြီး တစ်ဖက်နိုင်ငံသို့သွားနေသည့် လှေများ၏နေရာထိုင်ခင်းချပေးမှုမှာ ပိုမိုကောင်း မွန်သင့်ကြောင်း နှိုင်းယှဉ်ပြသည်။ ''စစ်တွေ-ပေါက်တော၊ ရသေ့တောင်-စစ်တွေသွားနေတဲ့ လှေတွေတောင်မှာ ခေါင်မိုးနဲ့ထိုင်ခုံတွေနဲ့ သပ်သပ်ရပ်ရပ် ရှိနေပါပြီ။ တခြားနိုင်ငံကိုသွားတဲ့ ကိုယ်ဘက်ကလှေတွေလဲ သပ်သပ်ရပ်ရပ်ကလေး လုပ်ဖို့လိုလာပါပြီ''ဟု ဆက်လက်ပြောပြသည်။
မောင်ကံ