ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်သတင်း
ဆန်ပို့ကုန်
ဇွန်လ ၁၃ ရက်နေ့က ၁၉ ရက်အတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ် ရေးဇုန်ကနေ တရုတ်နိုင်ငံကို အမေရိကန်ဒေါ်လာ ၃.၂၂၈၄ သန်းဖိုးရှိ ဆန် ၇၆၉၇ တန်နဲ့ ကောက်ညှင်းဆန် ၁၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ဆန်ကွဲလည်း ၃၈ တန်ခန့်တင်ပို့ခဲ့ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်ထက် ဆန်ကွဲ ပိုပို့လာနိုင်ပြီး၊ ကောက်ညှင်းဆန်ကတော့ ယခုအပတ်မှ စတင်တင်ပို့လာတာ တွေ့ရပါတယ်။ ဒါ့အပြင် တာချီလိတ်နယ်စပ်ကတစ်ဆင့် ကောက်ညှင်းစပါး ၄၆၇ တန် ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။
ပဲမျိုးစုံပို့ကုန်
ယခုတစ်ပတ် ဇွန် ၁၁ ရက်မှ ၁၅ ရက်အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၉၁ဝဝ ကျော်သာ တင်ပို့ခဲ့တဲ့အတွက် လွန်ခဲ့တဲ့ သီတင်းပတ် တင်ပို့မှုတန် ၁၂ဝဝဝ ကျော်ထက် လျော့ကျတင်ပို့ခဲ့ပါတယ်။ ပြည်ပအဝယ် လျော့ကျခဲ့တဲ့အတွက် ယခုလို တင်ပို့မှုကျဆင်းလာရတာဖြစ်ပါတယ်။ လက်ရှိ ရောင်းဝယ်မှုအခြေအနေအရ လာမယ့်သီတင်းပတ်တွေမှာတော့ မတ်ပဲတင်ပို့ မှုပုံမှန်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ယခုတစ်ပတ်မှာ ပဲစင်းငုံတင်ပို့ မှုဟာ စံချိန်တင်တိုးလာပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ် အတွင်း တန်ချိန် ၁၂ဝဝဝ ခန့်သာ တင်ပို့နိုင်ခဲ့ပေမယ့် ယခုတစ်ပတ်မှာ တန်ချိန် ၁၄၅ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ လာမယ့်သီတင်း ပတ်တွေမှာလည်း တင်ပို့မှုဆက်လက်အား ကောင်းနိုင်ပါတယ်။ ရန်ကုန်တိုင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက် မှာ ပဲစင်းငုံကို ပြည်ပဝယ်လက်တွေက အဝယ်သွက်နေပါတယ်။ ဒါပေမယ့် ကုန်သည်တွေက လက်ကျန်နည်းလာနေတဲ့ အတွက် ဈေး ပိုမိုတက်လာမယ်လို့ ခန့်မှန်းပြီးရောင်းချမှုနည်းလာတာတွေ့ရပါတယ်။
ပြောင်းပို့ကုန်
ဇွန်လ ၁ဝ ရက်ကနေ ၁၆ ရက်နေ့အတွင်း ပင်လယ်ရေကြောင်းကနေ ပြောင်း ၂၇၅ တန် တင်ပို့ခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း တင်ပို့ခဲ့မှုမရှိဘဲ ယခုသီတင်းပတ်မှာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဗီယက်နမ် ကို ၄၅ တန်နဲ့ စင်္ကာပူကို တန် ၂၃ဝ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တန်ချိန် ၄၆ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ ၂၇၅-၂၉၅ နဲ့ ပေါက်ဈေးရှိပါတယ်။ မူဆယ်ကို ပြောင်းဖူးစေ့အဝင် နည်းနေပါတယ်။ တစ်နေ့ကို ပျမ်းမျှကားအစီး ၂ဝ လောက်သာ အဝင်ရှိနေ တယ်လို့သိရပါတယ်။
နှမ်းပို့ကုန်
နှမ်းဟောင်းလက်ကျန်တွေ နည်းလာပြီဖြစ်လို့ ပြည်ပကို နှမ်းတင်ပို့မှု လျော့ကျလျက်ရှိပေမယ့် ဆက်လက်တင်ပို့မှုတွေ ရှိနေ ပါတယ်။ ပင်လယ်ရေ ကြောင်းကနေ ဇွန်လ ၁၁ ရက်က ၁၅ ရက်အတွင်းမှာ နှမ်းစုစုပေါင်း တန်ချိန် ၅၆ဝ ကျော် တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ တောင်ကိုရီးယား၊ စင်္ကာပူနဲ့ မလေးရှားတို့ပဲဖြစ်ပါတယ်။ နယ်စပ်မူဆယ်ကနေ ယခုတစ်ပတ် အတွင်း နှမ်းအနက် ၂၁၇ တန်၊ နှမ်းဖြူ တန် ၆ဝဝ ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၉၈ တန်ခန့် တင်ပို့ခဲ့ပါတယ်။
သရက်သီးပို့ကုန်
ဇွန်လ ၁၃ ရက်ကနေ ၁၉ ရက်အတွင်း မူဆယ်နယ်စပ်ကနေ တရုတ်နိုင် ငံကို သရက်သီးမှည့် ၃၁၃၈ တန်တင်ပို့ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်ကလဲ တန် ၈ဝ ခန့်တင်ပို့ခဲ့ပါတယ်။ ဒါ့အပြင် မူဆယ်နယ်စပ်ကနေ သရက်ပြား ခြောက် ၉၃ တန်ကိုလည်း တင်ပို့ခဲ့ပါတယ်။ မူဆယ်ကိုတစ်နေ့ပျမ်းမျှ ၁၅ ကီလိုဂရမ်ပါတဲ့ သရက်သီးဂျပ်ဖာ ၁ဝဝဝဝ ဝန်းကျင်အဝင်ရှိပြီး အိတ်စွပ် သရက်သီးတွေ ဈေးကောင်းနေတယ်လို့သိရပါတယ်။
Ref: commercejournal.com
မောင်သုံးသပ်