ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ငဝန်မြစ်ကမ်းပေါ်မှ အောင်သိဒ္ဓိစေတီတော်
ငဝန်မြစ်ကြောင်း စက်လှေဖြင့် စုန်ဆင်းလာသူတိုင်းသည် ပုသိမ်ခရိုင် သာပေါင်းမြို့နယ်သို့ ရောက်လျှင် လက်ယာ ဘက်မြစ်ကမ်း တစ်နေရာ တွင် အောင်သိဒ္ဓိစေတီတော်လေးကို ရွှေရောင်တဝင်းဝင်းဖြင့် ဖူးတွေ့နိုင် ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ခြမ်းဒေသတွင် ရခိုင်ရိုးမ တောင်တန်းတောင်စွယ်များ၊ ရေနက်ကွင်းများ ကို ကျောထောက်နောက်ခံ ပြု၍ တည်ထားသော ထိုစေတီလေး သည် ဆီဆေးပန်းချီကားတစ်ခုနှင့် တူသလို ဆေးရောင်စုံ ဓာတ်ပုံ တစ်ခု နှင့်လည်း တူပါသည်။ ငဝန်မြစ်ဘေး ကုန်းမို့မို့ပေါ်တွင် တည်ထားသော ထိုစေတီလေးသည် သဘာဝပန်းချီ ကားဖြစ်ပြီး ဖူးမြင်ရသူတိုင်းကို အမော ပြေစေပါသည်။
အောင်သိဒ္ဓိစေတီတော် တည် ထားသည့်နေရာသည် ကွင်းပေါက် ကျေးရွာဖြစ်ပြီး ရွာသူရွာသားများ၏ စုပေါင်းအားဖြင့် ရွာဦးတွင် တည်ထား ခြင်း ဖြစ်ပါသည်။ အောင်သိဒ္ဓိစေတီ တော် တည်ဆောက်ရေးလုပ်ငန်း အဆင့်ဆင့်တွင် ကိုယ်တိုင် ပါဝင် ဆောင်ရွက်ခဲ့ သည့် ဆန်စပါးကုန်သည် ကိုချိုကြီးနှင့် တွေ့သောအခါ သမိုင်း နောက်ခံနှင့် ပတ်သက်သော အချက် အလက်များ သိရှိခဲ့ရပါသည်။ ကွင်း ပေါက်ရွာသား ကိုချိုကြီးက ''ကျွန် တော်တို့ ကွင်းပေါက်ကျေးရွာအုပ်စု မှာ ကွင်းပေါက်၊ လက်ခုပ်၊ ကြာကန်၊ တင်းကုတ် ကြီးကျေးရွာတွေ ပါဝင်ပြီး အုပ်စုတစ်ခုလုံး အိမ်ခြေ ၁ဝဝဝ ရှိ ပါတယ်။ ကွင်းပေါက်ရွာမှာတော့ အိမ်ခြေ ၂ဝဝ လောက် ရှိပါ တယ်။ အောင်သိဒ္ဓိစေတီတော်ဟာ ရှေး ဟောင်းစေတီဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဘိုးဘွားမိဘတွေ အစဉ်အဆက် ကိုး ကွယ်ခဲ့ပါတယ်'' ဟု ရှင်းပြသည်။
ကွင်းပေါက်ရွာသားကြီး ဦးစိန် ဝင်းအား တွေ့ဆုံမေးမြန်းသောအခါ အောင်သိဒ္ဓိစေတီတော်၏ သမိုင်း ဟောင်း များ ပြန်လည် ရုပ်လုံးကြွ ပေါ်လာခဲ့ပါသည်။ ဦးစိန်ဝင်းက ''အောင် သိဒ္ဓိစေတီ မတည်မီ အဲဒီဘုရားကုန်း မှာ ကိုးတောင်ပြည့်စေတီလေး တည် ခဲ့ဖူးတယ်။ အဲဒီစေတီတည်တာကို ကျွန်တော်တို့ မမီပေမယ့် လူကြီးသူမ တွေ ပြောပြလို့ သိရပါတယ်။ ဆရာ တော်ကြီးတွေရဲ့ သြဝါဒအရ အန္တရာယ်ကင်း ကိုးတောင်ပြည့်စေတီ တည်ဖို့ ရွာမြောက်ဘက်မှာ ရှိတဲ့ ဘုရားကုန်းကို ရှင်းတဲ့အခါ မမျှော် လင့် ဘဲ ရှေးဟောင်းအုတ်ရိုးတွေ အုတ် ကျိုးတွေ တွေ့ရတယ်။ အဲဒီနေရာ ဟာ ကျွဲတွေ၊ နွားတွေ ကျောင်းတဲ့ စားကျက်ပါ။ အုတ်ကျိုးတွေတွေ့ တော့ ဘုရားဟောင်းရှိနိုင်တယ်။ စေ တီမရှိတော့ပေမယ့် ဌာပနာတိုက် ရှိ နိုင်တယ်ဆိုပြီး ဆက်တူးကြတယ်။ ဒီနေရာမှာ ရှေးဟောင်းဘုရားစေတီ ရှိမယ်လို့ ထင်တဲ့အတွက် တစ်ရွာလုံး အုန်းအုန်းကျွက်ကျွက် တူးကြတယ်။ အဲဒီလို ဆက်တူး တဲ့အခါ ရုပ်ပွားတော် တစ်ဆူရဲ့ ဦးခေါင်းတော် ပေါ်လာပါ တယ်။ ဦးခေါင်းတော်ရဲ့ အရွယ်ပမာ ဏကို ကြည့်တဲ့အခါ ရုပ်ပွားတော်ရဲ့ ဥာဏ်တော်ဟာ ငါးတောင် ခြောက် တောင်လောက် ရှိမယ်လို့ ရွာလူကြီး တွေ ခန့်မှန်းကြပါတယ်။ ဆက်တူး တော့ တင်ပျဉ်ခွေ ဘုရားရုပ်ပွားတော် သုံးဆူကိုတွေ့တော့ ပေါ်တော်မူဘုရား ဆိုပြီး တစ်ရွာလုံး ပျော်ခဲ့ကြတယ်။ အဲဒီရုပ်ပွားတော်တွေဟာ မြေအောက် မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ အတွက် ကိုယ်လုံးတော်မှာ အုတ်တွေ ပဲ့ကျနေတယ်လို့ သိရပါတယ်။ ထူး ခြားချက်ကတော့ ရုပ်ပွားတော်သုံးဆူ စလုံး အနောက်မြောက်ဘက်ကို မျက် နှာမူနေခြင်းဖြစ်ပါတယ်။ အဲဒီနေရာမှာ ရှေးဟောင်းအုတ်တွေ တွေ့ရပြီး မွန် စာရေးထားတဲ့အုတ်တွေလည်း ပါ တယ်လို့ အဘဦးလှမောင်က ပြောဖူး ပါတယ်'' ဟု ရှင်းပြသည်။
ယခုအခါ အသက်အရွယ် အို မင်းနေသော ဦးလှမောင်သည် ကိုယ် တိုင် ရှင်းမပြနိုင်တော့ဘဲ ငြိမ်သက်စွာ ထိုင်နေပါသည်။ ထိုစဉ်က ငယ်ရွယ် ပျိုမျစ်သော ဦးလှမောင်သည် ဘုရား ကုန်း တူးဖော်ရာတွင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ဦးလှမောင်၏ စကားများသည် အောင်သိဒ္ဓိစေတီ တော်၏ သမိုင်းနောက်ခံအချက် အလက်များ ဖြစ်နေပါသည်။ ဘုရား ရုပ်ပွားတော်သုံးဆူ တူးဖော်တွေ့ရှိ သော သတင်းပြန့်ပွားသောအခါ ကွင်းပေါက် ဆရာတော် ဦးဥတ္တမက ညီဖြစ်သူ ဦးပဏ္ဍိတကို စေလွှတ်၍ ထိုနေရာ ကို ရာဇမတ်များ ကာရံခိုင်းပါ သည်။
ကွင်းပေါက်ကျေးရွာသား ဦး တင်ဝင်းက ''ရှေးဟောင်းဘုရား တွေ့ တဲ့သတင်း တစ်နယ်လုံး သိသွားတဲ့ အခါ ဘုရားဖူးတွေ ရောက် လာတာ ပွဲတော်တစ်ခုလိုပဲ စည်ကားခဲ့ပါတယ်။ ကျွန်တော်တို့ရွာကိုလည်း အားလုံးက ဘုရားပေါ် ကွင်းပေါက်လို့ ပြောင်း လဲ ခေါ်ကြတယ်။ ဘယ်သူမှ မတိုက် တွန်းဘဲ အားလုံးရဲ့ပါးစပ်ဖျားမှာ ဘုရားပေါ်ကွင်းပေါက်ဆိုတဲ့ အမည် တွင်သွားပါတယ်'' ဟု ပြောပြပါ သည်။ ကွင်းပေါက်ကျေးရွာသား ဦး လှမြင့်ကလည်း ''အဲဒီတုန်းက ရုပ် ပွားတော်ကြီးသုံးဆူနဲ့အတူ မြေဆီမီး ခွက် ၆ဝ ကျော် ၇ဝ လောက် တွေ့ပါ တယ်။ ဓာတ်တော်ကြုတ်တွေလည်း တွေ့တဲ့အတွက် ရှေးဟောင်းစေတီ တစ်ဆူရဲ့ ဌာပနာ တိုက်ဖြစ်ကြောင်း အခိုင်အမာပြောနိုင်ခဲ့ပါတယ်။ ဓာတ် တော်ကြုတ်တွေက ငွေသားဖြစ်ပြီး မွန်အက္ခရာ၊ မွန်စာတွေ ရေး ထားပါ တယ်။ ဘုရားတည်တဲ့ သက္ကရာဇ်နဲ့ ဒါယကာအမည်လည်း ပါနိုင်ပါ တယ်။ ဒါပေမယ့် အဲဒီဌာပနာပစ္စည်း တွေကို ပြန်ဌာပနာပြီး ကိုးတောင်ပြည့် စေတီလေး တည်တယ်လို့ သိရပါ တယ်။ အဲဒီအချိန်တုန်းက မွန်စာပေ နှံ့စပ်သူလည်း မရှိ၊ စနစ်တကျ မှတ်တမ်း တင်နိုင်သူလည်းမရှိတော့ သမိုင်း အထောက်အထားတွေ ပျောက်သွား ပါတယ်။ ခုအချိန်မှာ သမိုင်းဟောင်း နဲ့ ပတ်သက်ပြီး တစ်ဆင့်စကားပဲ ပြောနိုင်ပါတော့တယ်'' ဟု ရှင်းပြ ပါသည်။
ကွင်းပေါက်ကျေးရွာတွင် တည် ထားသော သမိုင်းနောက်ခံကို ရွာခံလူ ကြီးမိဘများ၏ စကားနှင့်အညီ ပြန် လည်စိစစ်သော အခါ စေတီသုံးဆူနှင့် ခေတ်သုံးခေတ် ပါဝင်နေကြောင်း တွေ့ရပါသည်။ ပထမဆုံးစေတီမှာ မွန်ဘုရင်များခေတ်တွင် တည် ထားသောစေတီဖြစ်ပြီး အထောက်အထား မှာ မွန်စာပါသော အုတ်ချပ်များ၊ မွန် စာပါသော ဓာတ်တော်ကြုတ်များ ဖြစ်ပါ သည်။ မြေအောက်ဌာပနာတိုက် တူးဖော်၍ တွေ့ရှိသော ရုပ်ပွားတော် ကြီးသုံးဆူမှာ အခိုင်မာဆုံး အထောက် အထား ဖြစ်ပါသည်။
ကွင်းပေါက်ရွာဦးတွင် မွန်များ ကောင်းစားစဉ် တည်ထားခဲ့သည့် ပထမဆုံးစေတီသည် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ပျက်စီး ယိုယွင်း ကာ သမိုင်းဆက် ပြတ်သွားသော် လည်း ''ဘုရားလေးငယ်ငယ်၊ ကိုး တောင်ပြည့်တည်၊ငယ်သာငယ် ကယ် ဆယ်မည့် ဘုရား''ဟူသော တဘောင် နှင့်အညီ ကိုးတောင်ပြည့်စေတီလေး တည်ရန် စီစဉ်သောအခါ မမျှော်လင့် ဘဲ ပြန်လည်ပေါ် ထွန်းလာခဲ့ပါသည်။
ရှေးဟောင်း ဘုရားကုန်းကို ရှင်း လင်းပြီးနောက် မူလဌာပနာတိုက် ဟောင်းကို ပြုပြင်မွမ်းမံကာ အပေါ်မှ ငုံ၍ ကိုးတောင်ပြည့်စေ တီလေး တည် ခြင်းသည် အောင်သိဒ္ဓိစေတီ၏ ဒုတိ ယခေတ် ဖြစ်ပါသည်။ ကိုးတောင် ပြည့်စေတီလေး တည်ရာ တွင် ရှေး ဟောင်း ဘုရား ပေါ်တော်မူဘုရားများ ကို အကြောင်းပြု၍ ပါဝင်ကုသိုလ် ယူသူ အလွန်များပြားခဲ့ပါသည်။ ကွင်းပေါက်ရွာဦးတွင် ဆရာတော် ကြီး များ၏ သြဝါဒ ခံယူ၍ ကိုးတောင် ပြည့်စေတီတည်ချိန်တွင် တင်းကုတ် ကြီး၊ ကြာကန်၊ လက်ခုပ်၊ ခေနံရွာ များ၌လည်း ကိုးတောင်ပြည့်စေတီ တစ်ဆူစီ တပျော်တပါး တည်ခဲ့ကြ ပါသည်။ ကိုးတောင်ပြည့်စေတီများ တည်ချိန်တွင် လုပ်အားပါဝင်ခဲ့သော ကွင်းပေါက်ရွာသူ ဒေါ်သန်းက ထို ဘုရားစေတီများကို ကောဇာသက္က ရာဇ် ၁၂၉၂ ခုနှစ်တွင် တည်ခြင်းဖြစ် ကြောင်း ပြောခဲ့သော် လည်း ယခုအခါ ဒေါ်သန်းကွယ်လွန်သွားသဖြင့် ထပ်မံ မေးမြန်းရန် မဖြစ်နိုင်တော့ပါ။ ကွင်း ပေါက်ဘုရားသည် လက်ခုပ်ကုန်း ဘုရား ထက် တစ်နှစ်စောကြောင်း၊ တစ်ပြိုင်တည်း တည်ခြင်းမဟုတ် ကြောင်း ရွာလူကြီးများက တစ်ညီ တစ်ညွတ် ပြောခဲ့ကြပါသည်။
ကွင်းပေါက်ရွာဦး ရှေးဟောင်း ဘုရားကုန်းတွင် ဒုတိယမြောက် တည်ထားကိုးကွယ်သော ကိုးတောင် ပြည့်စေတီလေး သည် နှစ်ပေါင်း ၆ဝ ကျော်၊ ၇ဝ ခန့် ကြာသောအခါ လေ ဒဏ်မိုးဒဏ် သဘာဝဘေးရန်များ ကြောင့် ပျက်စီးယိုယွင်းလာခဲ့ပါ သည်။ ထို့ကြောင့် ကွင်းပေါက်ရွာ သားများ စုပေါင်းတိုင်ပင်ကာ ကိုး တောင်ပြည့်စေတီလေးကို ငုံ၍ စေတီ သစ်တစ်ဆူ တည်ထားပူဇော်ရန် ဆုံး ဖြတ်ခဲ့ကြပါသည်။ အမာခံကျေးရွာ သား ၃၅ ဦး ပါဝင်သော အကျိုး ဆောင်အဖွဲ့နှင့် ရွာသူရွာသားများသည် ၁၃၅၉ ခုနှစ် နယုန် လပြည့်ကျော် ၁၂ ရက်တွင် အောင်သိဒ္ဓိစေတီတော်ကို အောင်မြင် စွာ အုတ်မြစ်ချပြီး ၁၃၆ဝ ပြည့်နှစ် နယုန်လဆန်း ၁ ရက်မှစ၍ ပထမ၊ ဒုတိယ၊ တတိယ ပစ္စယံများ တည်ထားပြီး တတိယပစ္စယံတွင် သတ္တဌာနပုံတော်များ၊ ရုပ်ပွားဆင်းတု တော် ၆ဝ၊ ရွှေပန်း ခိုင်၊ ငွေပန်းခိုင်များ ထည့်၍ ဌာပနာပိတ်ခဲ့ပါသည်။
အောင်သိဒ္ဓိစေတီတော် တည် ထားပြီးစီးသောအခါ Óဏ်တော်အ မြင့် ၂၃ တောင်၊ ငှက်ပျောဖူးအမြင့် ၆ ပေ၊ ပစ္စယံအမြင့် ၈ ပေ ၅ လက်မ၊ ပန်းတင်ခုံအကျယ် ၄ ပေ ၁ လက်မ၊ ပန်းတင်ခုံအလျား ၁၅ ပေ၊ ပန်းတင် ခုံအောက်ခြေပတ်လည် ၁၂ဝ ပေ၊ ရင် ပြင်တော် အကျယ် ၁၂ ပေရှိကြောင်း သိရပါသည်။ ငဝန်မြစ်ကမ်းပေါ်ရှိ ရှေး ဟောင်းဘုရားကုန်းပေါ်တွင် တတိယ မြောက် တည်ထား ကိုးကွယ်သော အောင်သိဒ္ဓိစေတီတော်ကို ၁၃၆ဝ ပြည့် နှစ် တပေါင်းလဆန်း ၁၁၊ ၁၂၊ ၁၃ ရက်များတွင် သုံးညတိုင်တိုင် ဘုရား ပွဲတော် ကျင်းပပြီး ထီးတော်တင်ခဲ့ ကြောင်း ကျေးရွာလူကြီးများက အား ပါးတရ ရှင်းပြခဲ့ပါသည်။
ကွင်းပေါက်ကျေးရွာ ရှေး ဟောင်းဘုရားကုန်းတွင် မွန်ဘုရင်များ လက်ထက်မှစ၍ ဘုရားစေတီများ တည်ထားကိုးကွယ် ခဲ့သော် လည်း မွန် စာဖတ်နိုင်သူ မရှိသဖြင့် မူလဘုရား ဘွဲ့၊ ဘုရားဒါယကာနှင့် ဘုရားတည် သောနှစ်များ အတိအကျ မသိခြင်း မှာ သမိုင်း ဟာကွက် ဖြစ်ပါသည်။ သို့သော်လည်း ကောဇာသက္ကရာဇ် ၁၂၉၁ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၃၅၉ ခုနှစ်တွင် တတိယအကြိမ် ဘုရားစေတီများ ဆက်လက်တည် ထားကိုးကွယ်သဖြင့် ထိုဘုရားကုန်း တွင် ခေတ်အဆက်ဆက် ဘုရားစေ တီရှိပြီး သာသနာတော် ပွင့်လင်းခဲ့ သည်ဟု ပြောနိုင်ပါသည်။ ခေတ်သုံး ခေတ်တွင် ဘုရားစေတီသုံးဆူ တည် ထားခဲ့သော အောင်သိဒ္ဓိဘုရားကုန်း သည် ကွင်းပေါက်ကျေးရွာ၏ ဘူမိ နက်သန် သာသနာ့အောင်မြေဖြစ် ကြောင်း ထင်ရှားနေပါသည်။
အောင်သိဒ္ဓိစေတီ ရင်ပြင်ပေါ် တွင်ရပ်၍ အရှေ့ဘက် ငဝန်မြစ်ရေ အလျဉ်ကို ကြည့်ရသည်မှာ ကြည်နူး ဖွယ် ကောင်းသလို အနောက်ဘက် ရှိ ရေနက်ကွင်းကြီးကို ကျော်၍ ရိုးမ တောင်တန်း တောင်စွယ်များကို လှမ်း မျှော်ကြည့်ရသည်မှာလည်း လွမ်းမော ဖွယ် ကောင်းလှပါသည်။ ထိုဘုရား ကုန်းတွင် စေတီတည်ခဲ့သော ရှေး ခေတ်မွန်ဘုရင်၊ မွန်မြို့စားများသည် စေတီတည်သင့်သော အထွတ်အမြတ် နေရာကို မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့ သည်ဟု ဆိုနိုင်ပါသည်။ ခေတ်သုံး ခေတ်တွင် စေတီသုံးဆူ တည်ထား၍ ကိုးကွယ်နိုင်ခဲ့သော ထိုဘုရားကုန်း သည် ဒေသခံကျေးလက်ပြည်သူများ ၏ စည်းလုံးညီညွတ်မှုနှင့် သာသနာ တော် ထွန်းကားပြန့် ပွားမှုသည် သက်သေခံနေပါသည်။
ဘသန်းတင်