နှစ်ကျိပ်ရှစ်ဆူဘုရား ပွဲတော်
ချောင်းဝိုင်းကြီးကျေးရွာသည် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ထဲတွင် ပါဝင်သော ကျေးရွာကြီး တစ်ရွာ ဖြစ်သည်။ ကြည့်မြင်တိုင်ဘက်ကမ်းမှ စက်လှေ သို့မဟုတ် သမ္ဗာန်ဖြင့်ကူး လျှင်ရောက်နိုင်ပါသည်။ ထိုကျေးရွာ အလယ်တွင် ချောင်းငယ်တစ်ခုက ပိုင်းခြားထားသောကြောင့် တောင် ဘက်ကမ်း၊ မြောက်ဘက်ကမ်းဆိုပြီး အပိုင်း နှစ်ပိုင်းခြားထားသလိုဖြစ်နေ သည်။
ရွာထိပ်နှစ်ဘက်စလုံး၌ ရွာဦးစေ တီတစ်ဆူစီနှင့် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းစီ ရှိကြသည်။ မြောက်ဘက်ကမ်းကျောင်းမှာ ရှေးဘိုးဘွားတို့တည်ဆောက် လှူဒါန်းထားခဲ့သော သက်တမ်းနှစ် ၁ဝဝကျော်ရှိ ကျောင်းတော်ကြီးဖြစ်သည်။ ကျောင်းထိုင်ဆရာတော်မှာ နယ်လှည့် ဓမ္မကထိက ကမ္မဋ္ဌာနစရိယအောင် စကြာမိုးကုတ် တိုက်ခွဲဆရာတော် ဦးအဂ္ဂဝံသ ဖြစ်သည်။
ရှေးဘိုးဘွား လက်ထက်ကတည်းက ချောင်းဝိုင်းကြီးကျေးရွာတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည် ပူဇော်ပွဲကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် ၁ဝ၆ ကြိမ်တိုင် ဖြစ်ခဲ့ပြီဖြစ်သည်။
ချောင်းဝိုင်းကြီးကျေးရွာ တောင်ဘက်ကမ်း နှစ်ကျိပ်ရှစ်ဆူဘုရားလှည့် ပွဲကို နှစ်စဉ် တန်ခူးလဆန်း ၁ဝ ရက် တွင်လည်းကောင်း၊ မြောက်ဘက် ကမ်း နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို နှစ်စဉ်တန်ခူးလဆန်း ၁၄ ရက်တွင် သတ်မှတ်လည်းကောင်း ကျင်းပလေ့ ရှိသည်။
နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲဟူ သည် ပွင့်တော်မူပြီးဖြစ်သော
၁။ တဏှင်္ကရာ
၂။ မေဓင်္ကရာ
၃။ သရဏင်္ကရာ
၎။ ဒီပင်္ကရာ
၅။ ကောဏ္ဍည
၆။ မင်္ဂလ
၇။ သုမန
၈။ ရေဝတ
၉။ သောဘိတ
၁ဝ။ အနောမဒဿီ
၁၁။ ပဒုမ
၁၂။ နာရဒ
၁၃။ ပဒုမုတ္တရ
၁၄။ သုမေဓာ
၁၅။ သုဇတ
၁၆။ ပီယဒဿီ
၁၇။ အတ္ထဒဿီ
၁၈။ ဓမ္မဒဿီ
၁၉။ သိဒ္ဓတ္ထ
၂ဝ။ တိဿ
၂၁။ ဖုဿ
၂၂။ ဝိပဿီ
၂၃။ သိခီ
၂၄။ ဝေဿဘူ
၂၅။ ကကုသန်
၂၆။ ကောဏဂုံ
၂၇။ ကဿပ
၂၈။ ဂေါတမ အစရှိကုန်သော မြတ်စွာဘုရားရှင်တို့၏ ဂုဏ်တော် အနန္တ၊ ကျေးဇူးတော်အနန္တ၊ တန်ခိုးတော် အနန္တတို့ကို ဦးထိပ်ထားကာ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ခြင်းဖြစ်ပြီး မကောင်းသော ဘေးအန္တရာယ် ခပ်သိမ်းကင်းရှင်းခြင်း၊ မကောင်းဆိုး ရွားများ မနှောင့်ယှက်နိုင်ခြင်း၊ ရာသီဥတု မျှတစေခြင်း၊ ကောက်ပဲသီးနှံတို့ အောင်မြင်ဖြစ်ထွန်းစေခြင်း၊ ရွာသူရွာ သားအပေါင်းတို့ ကျန်းမာသက်ရှည် စွာနေထိုင်နိုင်၍ ဥစ္စာပစ္စည်းပေါများ ကြွယ်ဝစေခြင်း စသောကောင်းကျိုး ချမ်းသာများကို ခံစားကြရကြောင်း အလေးအနက် ယုံကြည်ထားကြသည်။
ဘုရားပွဲတော် ဖြစ်မြောက်ရေး အကျိုးတော်ဆောင်များအဖြစ် ဦးသိန်းဆွေ၊ ဦးတင်အုန်း၊ ဦးမောင်မြ၊ ဦးမြလှိုင်တို့က ဦးဆောင်ကြသည်။
ဘုရားပွဲတော် ကျင်းပသည့် နေ့ရက်၊ ညနေအချိန်မှစ၍ ရွာတွင်းရှိ အိမ်တိုင်းတွင် ကောက်ညှင်းပေါင်း၊ ကောက်ညှင်းဆီထမင်း၊ ကောက်ညှင်းဆနွင်းမကင်း၊ ဆန်ဆနွင်းမကင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ မုန့်လက်ဆောင်း၊ ပေါင်မုန့် အုန်းနို့ဆမ်း၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ လက်ဖက်သုပ်၊ ပဲကြမ်းကြော်သုပ်၊ နို့ဆန်ပြုတ်၊ ကြက်သား ဆန်ပြုတ်၊ ဘဲသားဆန်ပြုတ် အစရှိ သော မိမိတို့နှစ်သက်ရာ အစားအစာ များဖြင့် အိမ်တိုင်းစေ့ ကျွေးမွေးဧည့်ခံ လေ့ရှိသည်။ ဘုရားပွဲတော်သို့ လာရောက်သော ဧည့်သည်များမှာ ရွာအနီး ဝန်းကျင်မှလည်းကောင်း၊ ရန်ကုန် ဘက်မှလည်းကောင်း၊ နယ်မှလည်း ကောင်းရောက်ရှိလာကြပြီး ရွာခံအိမ်နှင့် သိသည်ဖြစ်စေ၊ မသိသည် ဖြစ်စေ မိမိအိမ်သို့ ရောက်လာသမျှသော ဧည့်သည်ကို အိမ်ရှင်က ဖော် ရွှေပျူငှာစွာဧည့်ဝတ်ပြုကြသည်။ တစ် အိမ်တက်ဆင်း စားသောက်နေကြ သည်မှာလည်း နိဗ္ဗာန်ဈေးကြီးအလား ကြည်နူးစရာမြင်ကွင်းတစ်ခုပါ။ ရွာရှိ အိမ်တိုင်းစေ့ဘုရားပွဲမလှည့်ခင် မုန့် မကုန်သည့်အိမ်ဟူ၍မရှိပါ။
ရွာရှိ ယောက်ျားကြီးငယ်လတ် တို့သည် ဘုရားပွဲတွင် ပါဝင်လှည့် လည်ရန်အတွက် ရွာဦးကျောင်းသို့ ညနေ ခြောက်နာရီလောက်တွင် စုရုံးရောက်ရှိကြရသည်။ လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ကြရသည်။ ဘုရားပွဲ ဦးဆောင်ကျင်းပရေး ကော်မတီက ရွာလမ်းတစ်လျှောက် လျှပ်စစ်မီးများ ထိန်လင်းစွာ ထွန်းညှိထားကြသည်။ ယခင် လျှပ်စစ်မီး စက်များ မပေါ်ခင်တုန်းက အောက် လင်းဓာတ်မီးများကို သစ်ပင်များတွင် ချိတ်ဆွဲထွန်းညှိကြရသည်ဟု ဆို သည်။ ဘုရားပွဲ စတင်ကျင်းပချိန် ည ခုနစ်နာရီတွင် ရွာဦးကျောင်းဝန်း အတွင်းမှ တံမြက်စည်းလှည်းနတ်ကြီး ရှေ့ဆုံးမှကြွလာသည်။ ထိုနတ်ကြီးသည် လက်ကအုန်းလက် တံမြက်စည်းရိုး အရှည်တစ်ချောင်းကို ကိုင်ကာ နတ်သားမကိုဋ်ကို ဆောင်းထားပြီး ချိုင်းပြတ်အင်္ကျီပေါ်တွင် နတ်စလွယ်ကို ဆင်မြန်းထားပါသည်။ ပုဆိုးအစင်းကျားကို ခါးတောင်းကျိုက်ထားပြီး တံမြက်စည်းကို ဘေးတစ်ဘက်တစ်ချက်ဆီသို့ စည်းချက်ကျစွာ လှည်းပြီး ထွက်လာသည်မှာ အလွန်ကြည့်ကောင်းလှပေသည်။ ထိုနတ်မင်းအဖြစ် ရွာခံအသက်ကြီးပိုင်း ယောက်ျားကြီးများကသာ တာဝန်ယူရ၏။ ရိုးရာဘုရားပွဲတော်တွင် ပါဝင်သူ အားလုံးသည် ထိုနေ့အတွက် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းကြရသည်ဟုဆိုသည်။ တံမြက်စည်းလှည်းရခြင်း၏ အကြောင်းကား နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီကြွရာ လမ်းတစ်လျှောက်တွင် အမှိုက်သရိုက် အညစ်အကြေးတို့ ကိုပယ်ရှင်းရန်၊ ကိလေသာအညစ် အကြေးတို့ကို ပယ်ရှင်းရန်တာဝန်ယူ ထားခြင်းဖြစ်သည်ဟူသော အဓိပ္ပာယ် ကိုဆောင်ပါသည်။ တံမြက်စည်း လှည်းနတ်၏နောက်တွင် အင်္ကျီအဖြူ၊ ပုဆိုးအဖြူတို့ကို ဝတ်ဆင်ထားသည့် ကြေးတော်စည်ထမ်း နိဗ္ဗာန်ဆော် နှစ်ယောက်တို့က လိုက်ပါကြသည်။ ကြေးစည်တော် ထမ်းတို့နောက်တွင် စည်တော်အဖွဲ့။ စည်တော်အဖွဲ့၏ နောက်တွင် ခုနစ်ရက်သားသမီးများနှင့် ဝေနေယျသတ္တဝါတို့ အန္တရာယ် ကင်းစေရန်အလို့ငှာ အင်္ကျီအဖြူနှင့် ယောဂီပုဆိုးတို့ကို ဝတ်ဆင်ထားသော ဥပသကာ ငါးဦးတို့က အန္တရာယ် ကင်းပရိတ်တော်တို့ကို ရွတ်ဖတ်ပူ ဇော်ပြီးလိုက်ပါကြရသည်။ ထိုငါးဦး တို့၏နောက်တွင် နတ်ဝတ်တန်ဆာ ဆင်မြန်းထားသော နတ်သားနှစ်ပါးတို့က ခရုသင်းမှုတ်၍လည်းကောင်း၊ နတ်သား လေးပါးတို့က ယပ်တောင် ရှည်များကို ကိုင်ဆောင်၍လည်း ကောင်းလိုက်ပါလာကြသည်။
ယင်းနောက်တွင် အဝတ်ဖြူကို နှစ်လက်မခန့်ခေါက်၍ ခေါင်းတွင် ပတ်စည်းထားပြီး အင်္ကျီအဖြူလက် ရှည်နှင့် ပုဆိုးအဖြူတို့ကို ဝတ်ဆင် ထားသော ဥပသကာ ၂၈ ယောက်တို့က ဥာဏ်တော်အမြင့် ခုနစ်လက်မ ရှိသော ကျောက်ဆင်းတု တင်ပလ္လင် ခွေဘုရား ၂၈ဆူကို အနီရောင်ဆေး သုတ်ထားသော သစ်သားပလ္လင်ခုံ ထက်ဝယ်ပင့်ဆောင်၍ ရင်နှင့်အပ် ကာလက်ဖြင့်ပိုက်ပြီး ပင့်ဆောင်လာ ကြသည်ကို တွေ့မြင်ရသည်။ ၄င်းဥပသကာတို့၏နောက်တွင် နတ်သား မကိုဋ်ဆောင်း၊ အင်္ကျီအဖြူ လက်ရှည်၊ ပုဆိုးအစင်းကျားနှင့် ရင်ဘတ်တွင် ပဝါဘယ်ညာ နှစ်ဘက်ယှက်စည်းပြီး ပဝါစနှစ်ဘက်စုံချထားသော သပိတ် ပိုက် နတ်သား ၂၈ ဦးတို့ကို တွေ့မြင် ကြရသည်။ ၄င်းနောက်တွင် အိုးစည် ဒိုးပတ်ဝိုင်းဖြင့် ဦးရွှေရိုး၊ ဒေါ်မိုးတို့ ပါဝင် သီဆိုကခုန်ပြီး လိုက်ပါလာ ကြသည်။
ဘုရားပွဲတွင် လှူဒါန်းလိုသော အလှူရှင်အပေါင်းတို့က ရွာလမ်းမကြီး၏ ဘေးတစ်ဘက်တစ်ချက်တွင် စောင့်ဆိုင်းနေကြသည်။ လှူဖွယ်ပစ္စည်းအစုစု သို့မဟုတ် အလှူငွေတို့ကို မြသပိတ် သို့မဟုတ် နှစ်ဆယ့် ရှစ်ဆူဘုရားတို့၏ သစ်သားပလ္လင်ခုံ အတွင်းသို့လည်းကောင်း၊ သပိတ်တော် အတွင်းသို့လည်းကောင်း လှူဒါန်းနိုင်ကြပါသည်။
ဘုရားပွဲတော် လှည့်လည်ပြီးစီးပါကလည်း ရွာ၏အနောက်ဘက် ကျယ်ပြန့်သော လယ်ကွင်းတို့တွင် ရုပ်ရှင်၊ ဗီဒီယို ဇာတ်လမ်းများ၊ အငြိမ့်၊ ဇာတ်ပွဲများဖြင့် ညလုံးပေါက် ဧည့်ခံ ဖျော်ဖြေကြသည်။
အရုဏ်တက်ချိန် လေးနာရီအုန်း မောင်းခေါက်သံနှင့်အတူ နှစ်ကျိပ် ရှစ်ဆူဘုရားများအား ထပ်မံလှည့် လည်ပူဇော်ကြပြန်သည်။ ထိုအခါ ရွာရှိ သံဃာတော်မြတ်များအားလုံး သပိတ်နှင့်အတူ ဆွမ်းအလှူခံြ<ွကကြရပါ သည်။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်များနှင့် တပည့်သား သံဃာတော် မြတ်အပေါင်းတို့ကို လှူဒါန်းသော ဆွမ်းအလှူတော်ပွဲကြီးပင် ဖြစ်ပါသည်။ ဆွမ်း၊ ဆွမ်းဟင်းများ အချို ပွဲများကို ပြင်ဆင်၍ အရုဏ်တက်ချိန်၌ ကျေးရွာရှိ အလှူရှင်တို့က ကိုယ်တိုင်ကိုယ်ကျ လောင်းလှူကြသော ၁ဝ၆ ကြိမ်မြောက် ရိုးရာဘုရား ပူဇော်ပွဲနှင့် ဆွမ်းလောင်းလှူပွဲကြီးသည် နံနက်ခြောက်နာရီတွင် အောင်မြင်စွာ ပြီးဆုံးသွားပါသည်။
ယခုတင်ပြခြင်းသည် မြောက်ဘက်ကမ်း နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲသာ ဖြစ်ပါသည်။ တောင်ဘက်ကမ်း နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။
မကျော်(ကွန်ပျူတာ)